← Chapters

လောမိသားစု အရေးအခင်း

Vol. 2 Ch. 27

လောမိသားစု အရေးအခင်း

Vol. 2 Ch. 27

ပျောင်ပိုင်တစ်မြို့လုံး ပရမ်းပတာ ဖြစ်နေသည်။

" မင်းတို့ ကြားပြီးပြီလား ၊ ကောင်ကင်ထိန်းချုပ်အဆင့် အစွမ်းထက်ကျင့်ကြံသူ သုံးယောက် ပျောင်ပိုင်မြို့ကို ရောက်နေတယ်တဲ့ "

" ကောင်းကင်ထိန်းချုပ်အဆင့် .. ဟုတ်လား .. ? နောက်နေတာလား .. ဒီလို အစွမ်းထက် ကျင့်ကြံသူကြီးတွေက ပျောင်ပိုင်မြို့ကို ဘာလာလုပ်ကြတာလဲ "

" ငါက မင်းကို ဘာလို့ လိမ်ပြောရမှာလဲကွ ။ အဲ့ကျင့်ကြံသူတွေကို ငါ့ဦးလေးကိုယ်တိုင် မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာ ။ သူတို့ထဲက တစ်ယောက်က နတ်ဆိုးဝိဥာဥ်နန်းတော်က လူသတ်သမားလို့လဲ ကြားတယ် "

" ဘာ ... နတ်ဆိုးဝိဥာဥ်နန်းတော် .. ? တစ်ခါက ဒုတိယတန်းဂိုဏ်းသုံးခုကို ဖျက်ဆီးပစ်ခဲ့တဲ့ နတ်ဆိုးဝိဥာဥ်နန်းတော်လား "

" ဟုတ်တယ် သူတို့ပဲ "

" မင်း ငါ့ကို နောက်နေတာများလား .. ။ အဲ့ဒီအဖွဲ့က လူတွေက ငါတို့ ပျောင်ပိုင်မြို့ကို ဘာလာလုပ်ကြတာလဲ ။ ဒီလူတွေက တစ်မြို့လုံးကို သတ်ပစ်ဖို့များ ကြံစည်နေကြတာလား "

" မဟုတ်ဘူးကွ .  ငါ့ဦးလေးပြောတာတော့ သူတို့က လောမိသားစုကို လာကြတယ်ဆိုလားပဲ "

" လောမိသားစု ဟုတ်လား .. လောမိသားစုက သူတို့ကို တားနိုင်ပါ့မလား "

" ဟားဟား ..  နောက်နေတာလားကွ ၊ လောမိသားစုမှာ အစွမ်းအထက်ဆုံးသူတောင် စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်ပဲ ရှိတာ ။ ကောင်းကင်ထိန်းချုပ်အဆင့် ၃ ယောက် မဆိုထားနဲ့ ၊ တစ်ယောက်တည်းနဲ့တောင် သူတို့ တစ်မိသားစုလုံးကို အ​ပြတ်ရှင်းပစ်လိုက်လို့ရတယ် "

" ဒါဆို လောမိသားစု ဖျက်ဆီးခံရတော့မှာပေါ့ကွာ "

" ဒါပေါ့ကွ ၊ ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူ သုံးယောက်ပေါင်းလိုက်ရင် လောမိသားစု မပြောနဲ့ ပျောင်ပိုင်မြို့ တစ်မြို့လုံးကိုတောင် ဖျက်ဆီးပစ်လိုက်လို့ရတယ် "

စားသောက်ဆိုင်တစ်ခုအတွင်း လူများစွာပင် သူတို့ကြားထားသည့် သတင်းများကို တီးတိုးပြောနေကြသည်။

ထိုစဥ် ပျောင်ပိုင်မြို့ လီမိသားစု အိမ်တော်၌ ....

" ဘာ .. ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူ သုံးယောက်က လောမိသားစုကို ဖျက်ဆီးပစ်ကြတော့မယ် ၊ ဟုတ်လား "

လီမိသားစု၏ ခေါင်းဆောင် လီချန်စစ်က ရုတ်တရက် ထရပ်ကာ ပြောလိုက်သည်။

" ဟုတ်တယ် ၊ ကျုပ် မျက်စိနဲ့ကို သေချာမြင်ခဲ့တာ ။ သူတို့က လောမိသားစုဆီ တိုက်ရိုက်သွားပြီး မိသားစုတစ်စုလုံးကို ဖျက်ဆီးပစ်ဖို့ ခြိမ်းခြောက်နေကြတယ် "

အဘိုးအိုတစ်ယောက်က ပြောသည်။

" ဟား ဟား .. ကောင်းတယ် .. သိပ်ကောင်းတယ် ။ လောဖုန်း .. မင်းက ငါတို့မိသားစုကို ဖိနှိပ်နေခဲ့တာ နှစ်တွေ တော်တော်ကြာခဲ့ပြီ ။ ခုတော့ ဒီလိုရက်မျိုး ရောက်လာပြီပေါ့ကွာ ။ မိသားစုဝင်တွေအားလုံးကို လူစုထားကြဖို့ အကြောင်းကြားလိုက်ပါ။ ကျင့်ကြံသူတွေက လောမိသားစုကို စပြီးတိုက်ခိုက်တာနဲ့ သူတို့မိသားစုပိုင်တဲ့ အဆောက်အဦးတွေ လုပ်ငန်းတွေအားလုံးကို သိမ်းပိုက်ရမယ် "

လီချန်စစ်က ညွှန်ကြားလိုက်သည်။

အမှန်တွင်မူ ထိုအတွေးမျိုး ရှိနေသည်မှာ လီ မိသားစုတစ်စုတည်း မဟုတ်ပေ။ ပျောင်ပိုင်တစ်မြို့လုံးရှိ ကြီးကြီးသေးသေး မိသားစုများအားလုံးပင် လောမိသားစု၏ ပိုင်ဆိုင်မှုများကို လက်ဦးရယူကာ အပိုင်သိမ်းရန် အသင့်ဖြစ်နေကြသည်။

ဝေလငါးကြီးတစ်ကောင် သေသွားလျှင် သူ့အသားများကို ရေထဲမှ အခြားသက်ရှိများက ဝိုင်းဝန်းစားသောက်လေ့ရှိသည် မဟုတ်ပါလား ။

လောမိသားစုသည် ပျောင်ပိုင်မြို့တွင် ကြီးမားသော မိသားစုကြီးတစ်ခုဖြစ်သည်။

သို့ဖြစ်ရာ သူတို့မိသားစု ဖျက်ဆီးခံလိုက်ရသည်နှင့် သူတို့၏ ပိုင်ဆိုင်မှုများကို အမဲဖျက်သလိုဖျက်ရန် စောင့်ဆိုင်းနေကြသည်မှာ မဆန်းပေ။

တစ်ချိန်တည်းမှာပင် လောမိသားစု အိမ်တော်၌ ....

ဓားရှည်ကြီး ဆယ့်နှစ်ချောင်းက လေထဲတွင် ဝဲပျံနေကာ လောမိသားစု အိမ်တော်တစ်ခုလုံးအပေါ် ဖုံးအုပ်ထားလျက် ရှိသည်ဲ။

တင်းချန်က အပေါ်စီးမှနေ၍ လောမိသားစုအား အေးစက်စက် မျက်နှာဖြင့် ငုံ့ကြည့်နေ၏။

" လောမိသားစုကတော့ ကျုပ်လက်ချက်နဲ့ ချောင်ပိတ်မိသွားပြီ။ ယင်ကောင်တစ်ကောင်တောင် ပျံမထွက်နိုင်တော့ဘူး "

သူက ပေါ့ပေါ့ပါးပါး ကိစ္စတစ်ခုအလား ပြောလိုက်သည်။

" ဟား ဟား .. ညီလေး တင်းက အလုပ်လုပ်တဲ့နေရာမှာ ဘာပြစ်ချက်မှ မရှိပါလားကွ "

အဘိုးကြီးက ထူးဆန်းသောအပြုံးဖြင့် ချီးကျူးလိုက်သည်။

ဘုန်း ..

ထိုအချိန်တွင် ဆံနီဝိဥာဥ်က သူ့ဓားကို မြှောက်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

သို့သော်

" ညီလေး ဆံနီဝိဥာဥ် ၊ ခနလောက် စောင့်ပါဦးကွာ "

အဘိုးကြီးက အလောတကြီး တားလိုက်သည်။

" ဟင် .  ခင်ဗျားက ကျုပ်ကို ဘာဖြစ်လို့ တားချင်နေတာလဲ "

ဆံနီဝိဥာဥ်က အဘိုးကြီးအား မျက်နှာသေဖြင့်ကြည့်၍ မေးလိုက်သည်။

ထိုလူသည် တုံးအသည့်အထဲ ပါသည်ကို အဘိုးကြီး သိထား၏ ။

သူတို့ချင်း သဘောထား မတိုက်ဆိုင်လျှင်ပင် ထိုလူက တိုက်ခိုက်လာမည့် သဘောရှိပေသည်။

ထို့ကြောင့်သူက ချက်ချင်းပင် လက်ကာ၍ ရှင်းပြလိုက်သည်။

" မဟုတ်ပါဘူးကွာ ၊ ကျုပ် မင်းကို တားနေတာ မဟုတ်ပါဘူး ။ လောမိသားစုက အစွမ်းမထက်ပေမယ့် ချမ်းသာကြွယ်ဝတဲ့ပုံပဲလို့ ကျုပ် တွေးလိုက်မိလို့ပါ ။ မင်းရဲ့ အဲ့ဒီဓားနဲ့ဆို တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ ဘယ်လောက်ပျက်စီးသွားမလဲ ပြောလို့မရဘူးလေ "

" ကျုပ် စိတ်ကူးတာက ဒီလို .. လောမိသားစုကို တန်ဖိုးရှိတဲ့ပစ္စည်းတွေအရင် ထုတ်ခိုင်းလိုက်မယ်။ ပြီးမှ သူတို့ကို သတ်ပစ်ပြီး ပစ္စည်းတွေကို ကျုပ်တို့ချင်း ဝေပုံကျ အညီအမျှ ခွဲယူကြတာပေါ့ ၊ဘယ်လိုလဲ "

သူက ထိုသို့ပြောပြီးသည်နှင့် ကျန်နှစ်ယောက်အား မျက်လုံးပင့်၍ ကြည့်လိုက်သည်။

တင်းချန်က မျက်မှောင်ကြုံ့သွားကာ

" အဲ့လိုလုပ်တာက နည်းနည်းတော့ လွန်တယ်လို့ မထင်ဘူးလား "

ဟု ပြောသည်။

သို့သော် အဘိုးအိုက ဂရုမစိုက်ဟန်ဖြင့် ဆက်ပြော၏ ။

" မင်းက ဒါကို အောက်တန်းကျတယ်လို့ ထင်ရင်တော့လဲ ပစ္စည်းတွေကို ကျုပ်နဲ့ ဆံနီဝိဥာဥ် နှစ်ယောက်တည်းပဲ ခွဲယူရုံပေါ့ "

တင်းချန်၏ မျက်နှာထား ချက်ချင်းပြောင်းသွားသည်။

" ဘာဖြစ်လို့လဲ "

အဘိုးအိုက ဇောချွေးပြန်သွားဟန်တူသော တင်းချန်ကိုကြည့်ကာ ရယ်မောလိုက်၏။

" ဒါဆိုလဲ ထားလိုက်ပါကွာ ။ မင်းတို့နှစ်ယောက်က ဘာမှပြောစရာမလိုဘူး ။ ကျုပ်ပဲ အဲ့ကိစ္စကို ကိုင်တွယ်လိုက်မယ် ။ အားလုံးပြီးသွားတဲ့ အချိန်ကျရင် မင်းတို့က ဒီလူတွေကို နှုတ်ပိတ်ပြီး သတ်ပစ်တဲ့အတွက်ပဲ တာဝန်ခံရုံပဲ "

တင်းချန်မှာ ရှူးရှူးရှားရှား ဖြစ်သွားသော်လည်း မည်သို့မှ ဆက်မပြောဘဲ တိတ်တိတ်နေလိုက်သည်။

ဆံနီဝိဥာဥ်ကလည်း ဓားကို ခနပြန်သိမ်းထားလိုက်၏။

" လောမိသားစု .. ထွက်လာခဲ့ကြ "

အဘိုးအိုက ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။

တစ်ဖက်ရှိ လောမိသားစု ခန်းမဆောင်ထဲ၌ ....

လောမိသားစုသည် ကျင့်ကြံသူ သုံးယောက် မြို့ထဲသို့ ရောက်နေသည်ကို သိထားကြပြီးဖြစ်သည်။

သို့သော် သူတို့ အိမ်တော်မှ ထွက်ခွာရန် ကြိုးစားသည့်အခါမှသာ တင်းချန်၏ ဓားများက အိမ်တော်တစ်ခုလုံးအား ဝန်းရံပိတ်ဆို့ထားသည်ကို သိခဲ့ရ၏ ။

ထိုအချိန်မှာပင် လေထဲမှ အဘိုးအို၏ အသံကို သူတို့ ကြားလိုက်ကြရသည်။

မကြာမီပင် လောဖုန်းဦးဆောင်သော လောမိသားစုမှ အကြီးအကဲ ဆယ်ယောက်ကျော် ဝင်းထဲရှိ မြေကွက်လပ်သို့ ထွက်လာကြသည်။

" လောမိသားစုကို လာလည်တဲ့ အကိုကြီးက ဘယ်သူများလဲခင်ဗျာ ။ ခန်းမထဲကို ဝင်ပြီးထိုင်ဖို့ ကျုပ် ဖိတ်ခေါ်ပါတယ် "

လောဖုန်းက အပြုံးဖြင့် ဆိုသည်။

အဘိုးအိုက လင်းဖုန်း၏ စကားကို ကြားသည်နှင့် တဟားဟား လှောင်ရယ်လိုက်သည်။ထို့နောက် သူက

" ခန်းမထဲ ဝင်ထိုင်ဖို့ မလိုပါဘူး ။ မင်းက လောမိသားစုရဲ့ ခေါင်းဆောင်လား "

ဟု မေးသည်။

လောဖုန်း ခေါင်းညိတ်ပြလိုက်၏ ။

" ဟုတ်ပါတယ် "

အဘိုးအိုက ခြံဝင်းထဲသို့ ဝေ့ဝဲကြည့်ကာ မေးခွန်းထုတ်လိုက်သည်။

" လောထျန်းဆိုတဲ့ မျိုးမစစ်လေးက ဘယ်သူလဲ "

" အဘိုးကြီး ခင်ဗျား စကားပြောတာ ကြည့်ပြောနော် "

လောရုံက ဒေါသတကြီး ရှေ့ထွက်လာကာ မာန်လိုက်သည်။

" ဟင် .. မင်းက လောထျန်းလား ၊ သေစမ်းကွာ "

အဘိုးကြီးက ​ပြောပြောဆိုဆိုပင် သူ့အား လက်ညိုးညွှန်လိုက်သည်။

" ဟာ ..အခြေနေ မဟန်ဘူး "

လောဖုန်းနှင့် အခြားသူများ ထိတ်လန့်သွားကာ လောရုံကို တားရန် အမြန်ကြိုးစားလိုက်ကြသော်လည်း နောက်ကျသွားခဲ့ပြီဖြစ်သည်။

ဝုန်း ..

လောရုံထံသို့ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး သူ့ခန္ဓာကိုယ် အဝေးသို့ လွင့်ထွက်သွား၏။

" လောရုံ "

သူတို့အားလုံး အော်ခေါ်လိုက်ကြသည်။

" ဟား ဟား .. ဒီလိုအချိန်မျိုးမှာတောင် မင်းက ငါ့ရှေ့မှာ မောက်မာရဲနေသေးတာကိုးကွ ။ နောက်ဘဝကျရင် ဒီထက်ပိုပြီး ဥာဏ်သုံးပေါ့ကွာ "

အဘိုးအိုက လှောင်ရယ်ကာ ပြောလိုက်သည်။

သို့သော် ....

" ကျုပ် .. ကျုပ် ဘာမှမဖြစ်ဘူး ၊ အဆင်ပြေတယ် "

လောရုံက မြေကြီးပေါ်မှ ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်သည်။ သူ့ရင်ဘတ်တွင် သွေးကွက်တစ်ခု ရှိနေသော်လည်း ၎င်းက အပါ်ယံ ဒဏ်ရာတစ်ခုသာ ။

" ဟင် .. ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ "

အဘိုးအို အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

သူ လောရုံအား လက်ညိုးဖြင့် ထိုးလိုက်စဥ်က သူ့အစွမ်းအပြည့်ကို အသုံးမပြုခဲ့ပေ။

သို့သော် သူသုံးခဲ့သည့် အစွမ်းက စိတ်ဝိဥာဥ်အသွင်ပြောင်းအဆင့်ရှိ လူတစ်ယောက်ကို သတ်ပစ်ရန်ပင် လုံလောက်ပေသည်။

သို့တိုင် ကိုယ်ခန္ဓာသန့်စင်ခြင်းအဆင့်မှ လူငယ်လေးက အပေါ်ယံဒဏ်ရာသာ ရခဲ့သည်တဲ့လား ။

မည်သို့ ဖြစ်နိုင်ပါမည်နည်း .. ။

" လောရုံ မင်း အဆင်ပြေတာ သေချာရဲ့လား "

အကြီးကဲတစ်ယောက်က မေးလိုက်သည်။

လောရုံက ဒဏ်ရာကို ပွတ်ကာ ပြန်ပြော၏ ။

" တကယ် အဆင်ပြေပါတယ်ဗျ ။ ဒီလူကြီးရဲ့ တိုက်ခိုက်စွမ်းအင်က သိပ်အစွမ်းမထက်ဘူးနဲ့တူတယ် "

အမှန်တွင်မူ အဘိုးကြီး၏ တိုက်ခိုက်မှုက အားမနည်းကြောင်းကို သူ မသိချေ။

သူသည် ကောင်းကင်ဘုံ ကိုယ်ခန္ဓာသန့်စင်ခြင်း ပညာရပ်အား လေ့ကျင့်နေခဲ့သောကြောင့် သူ့ခန္ဓာကိုယ်အစွမ်းက များစွာ တိုးတက်လာခဲ့ခြင်းဖြစ်သည်။

၎င်းက လောထျန်းနှင့် ယှဥ်ပါက မပြောပလောက်သည့်တိုင် အခြားသူများနှင့် ယှဥ်လျှင်မူ အတော်အတန် ကြောက်စရာကောင်းနေပြီဖြစ်သည်။

" မင်းတော့လား "

အဘိုးအို၏ မျက်နှာ ရုတ်ချည်း ပြောင်းလဲသွားသည်။

" အဘိုးကြီး ခင်ဗျားဘာလုပ်နေတာလဲ "

တင်းချန်က စိတ်မရှည်တော့ဟန်ဖြင့် မေးလိုက်သည်။

အဘိုးအိုက သူ့အရှက်ကို ဖုံးရန် ချောင်းအနည်းငယ် ဟန့်ပြီး အေးစက်စက် ပြောလိုက်သည်။

" အခုက ငါ မင်းကို သင်ခန်းစာ ပေးလိုက်တာပဲ ။ နောက်တစ်ခါ အဲ့လိုထပ်ပြောရင် မင်းကို အသေသတ်ပစ်မယ် "

လောဖုန်းက သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။

" သခင်ကြီးက ဘယ်သူလဲ ။ ကျုပ်တို့ လောမိသားစုက သခင်ကြီးကို ဘယ်လိုများ စော်ကားမိခဲ့လို့ သခင်ကြီးက လူငယ်လေးတစ်ယောက်ကို ချက်ချင်း တိုက်ခိုက်ရတာလဲ "

အဘိုးအိုက လောဖုန်းဘက် လှည့်ကြည့်ကာ အေးစက်စက် ပြန်ပြော၏ ။

" မင်း မေးရမှာက ဘယ်သူ့ကို စော်ကားလိုက်လို့လဲ လို့ မေးရမှာကွ ။ ဟား ဟား .. ငါ ပြောပြမယ် ။ ငါက ရှန်းဝူနန်းတော်က အရာရှိတစ်ယောက်ပဲကွ ။ အခု ငါက ရှန်းဝူနန်းတော်ကနေ မင်းတို့ လောမိသားစုကို ဖျက်ဆီးပစ်ဖို့ အမိန့်ရလို့ လာခဲ့တာပဲ "

" ဘာ .. ရှန်းဝူနန်းတော်က အမိန့် .. ရှန်းဝူနန်းတော် ဟုတ်လား "

လောဖုန်း မျက်နှာချင်ချင်း ပျက်သွားသည်။

လောမိသားစု၏ ဦးဆောင်သူတစ်ယောက်အနေဖြင့် ၎င်းက မည်သည့်အဓိပ္ပါယ် ဆိုသည်ကို သူ သိပေသည်။

ရှန်းဝူနန်းတော်အား သူတို့မိသားစု ဘယ်သောအခါမှ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။

သူတို့ရှေ့တွင် ရှိနေသည့် အဘိုးကြီးက ရှန်းဝူနန်းတော်မှ အရာရှိတစ်ဦးတဲ့လား .. ။

လန်ရှို့ ဖန်တီးသွားခဲ့သည့် အဖြစ်အပျက်က ကြီးမားသော ပြဿနာကြီးတစ်ခု ဖြစ်လာခဲ့လေပြီ။

လောဖုန်း ထိတ်လန့်တုန်လှုပ်နေသည်ကို ကြည့်ကာ အဘိုးအိုက ဂုဏ်ယူစွာ ပြုံးလိုက်သည်။

" ဟား ဟား .. ခုလို မင်းတို့ကို သတ်ပစ်ချင်နေတာ ငါတစ်ယောက်တည်း မဟုတ်ဘူးကွ ။ ဟိုနှစ်ယောက်ကို တွေ့လား ။ သူတို့ထဲက တစ်ယောက်က နတ်ဆိုးဝိဥာဥ်နတ်းတော်က လူသတ်သမား ဆံနီဝိဥာဥ် ထျန်ကျင်းပဲ ။ နောက်တစ်ယောက်ကတော့ ဓားသိုင်းသမား တင်းချန် လို့ခေါ်တယ် "

အဘိုးကြီးက ဂုဏ်ယူစွာ ပြောလိုက်သည်။

" နတ်ဆိုး ဝိဥာဥ်နန်းတော်က လူသတ်သမား .. တင်းချန် "

ထိုနာမည်ခုကို ကြားသည်နှင့် လောဖုန်း အူထဲအသည်းထဲမှ တုန်လှုပ်သွားရသည်။

ထိုနာမည် နှစ်ခုလုံးကို သူ ကြားဖူးပေသည်။

အထူးသဖြင့် နတ်ဆိုးဝိဥာဥ်နန်းတော်ပင် .. ။ ယဲ့ဖုန်းနိုင်ငံ၌ ထိုအမည်အား မသိသူ မရှိချေ ။

ထိုသို့သော လူက လောမိသားစုသို့ လာရောက်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့ပေ။

ကြည့်ရသည်မှာ လောမိသားစုသည် ကြီးမားသော ဘေးအန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည့်ဟန်ပင် ။

All Chapters