← Chapters

နတ်ဆိုးဘုရင်အား ကြိုဆိုခြင်း

Vol. 2 Ch. 28

နတ်ဆိုးဘုရင်အား ကြိုဆိုခြင်း

Vol. 2 Ch. 28

လောဖုန်း ဖြစ်ပျက်နေသည့် မျက်နှာအမူအရာကိုကြည့်ကာ အဘိုးအို ပိုပို၍ ဝမ်းသာအားရ ဖြစ်သွားသည်။

" လူငယ်လေး ..ငါတို့လို အဘိုးကြီးတွေက ဘာမှမဆိုင်တဲ့သူတွေကို အချည်းနှီး သတ်ပစ်ချင်တာ မဟုတ်ဘူးကွ ။ ရှန်းဝူနန်းတော်ကို စော်ကားခဲ့တဲ့ တကယ့်တရားခံက လောထျန်းဆိုတဲ့ မျိုးမစစ်လေးဆိုတာလဲ ငါတို့က သိထားပြီးသား "

" ဒီတော့ မင်းတို့သာ လောထျန်းရဲ့ခေါင်းနဲ့ မင်းတို့ရဲ့ ပိုင်ဆိုင်မှုတွေအားလုံး ငါတို့သုံးယောက်ကို ပေးမယ်ဆိုရင် မင်းတို့ လောမိသားစုက ကျန်တဲ့သူတွေကို သွားခွင့်ပေးမယ်  "

အဘိုးကြီးက ထိုသို့ပြောပြီးသည်နှင့် နောက်လှည့်လိုက်သည်။

ချက်ချင်းပင် တင်းချန်နှင့် ဆံနီဝိဥာဥ် ထံမှလည်း အစွမ်းထက်သော ကိုယ်အရောင်ဝါတစ်ခု ထွက်လာသည့်အတွက် လောမိသားစုဝင်များ နောက်ဆုတ်လိုက်ကြရသည်။

" အခု မင်းတို့ကို စဥ်းစားဖို့အချိန် ၁၅ မိနစ်ပေးမယ် ။ သေမလား အသက်ဆက်ရှင်မယ့်လမ်းကို ရွေးမလားဆိုတာကတော့ မင်းတို့သဘောပေါ့ကွာ "

အဘိုးအိုက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

သူ့စိတ်ထဲ၌မူ လောမိသားစုက အသက်ရှင်မည့် လမ်းကိုသာ ရွေးချယ်ကြလိမ့်မည်ဟု ထင်နေ၏ ။

လောထျန်းတစ်ယောက်တည်းကို စတေးလိုက်ရုံဖြင့် သူတို့အားလုံး အသက်ဆက်ရှင်နိုင်ကြလိမ့်မည် မဟုတ်ပါလား ။

သို့သော် ....

" အဘိုးကြီး .. ကျုပ်တို့လောမိသားစုကို ဘယ်လိုလူတွေလို့ ခင်ဗျား ထင်နေတာလဲ ။ လောထျန်းဆိုတာ ကျုပ်တို့ လောမိသားစုရဲ့ သခင်လေးပဲ ။ ဒီလိုမဟုတ်ဘဲ သူက အသက်ရှစ်ဆယ်အရွယ် အဘွားကြီးတစ်ယောက် ဒါမှမဟုတ် ၊ တံခါးစောင့်တစ်ယောက်ပဲ ဖြစ်နေရင်တောင် ကျုပ်တို့က ဘယ် လောမိသားစုဝင်ရဲ့ အသက်ကိုမှ စတေးမှာ မဟုတ်ဘူး "

အကြီးအကဲက ဒေါသတကြီး ပြောလိုက်သည်။

" အမှန်ပဲ ။ လောမိသားစုဆိုတာ သံမဏိလို ခိုင်မာတဲ့ မိသားစုတစ်ခုပဲ ။ မိသားစုရဲ့ သစ္စာဖောက်တွေကပဲ အသက်ဆုံးရမှာ "

" အဘိုးကြီး ခင်များအကြံကို လက်လျှော့လိုက်စမ်းပါ ။ ကျုပ်တို့ ဘယ်တော့မှ လက်နက်ချ အညံ့ခံမှာမဟုတ်ဘူး "

" မျိုးမစစ်တဲ့ အဘိုးကြီး ..  #$? &#  "

လောမိသားစုက မျိုးစုံသော စကားလုံးများဖြင့် အဘိုးကြီးကို ဆဲဆိုနေကြသည်မှာ အချိန်ပင် အတန်ငယ်ကြာသွားသည်။

အဘိုးကြီးမှာ ထိုအခြင်းအရာကိုကြည့်ကာ အံ့သြမှင်သက်နေ၏။

ယခုကဲ့သို့ အခြေအနေမျိုးဖြင့် သူ လုံးဝ မကြုံခဲ့ဖူးပါချေ။

လောမိသားစုအား သူ နားမလည်နိုင် ဖြစ်သွားရသည်။

မိမိတို့၏ အသက်ကို ရွေးချယ်ရန် အခြေအနေ ရှိနေပါလျက် ထိုသူများက အဘယ့်ကြောင့် အသက်ချမ်းသာပေးရန်  မတောင်းဆိုဘဲ ဆဲရေးတိုင်းထွာနေရသနည်း ။

ထို့အပြင် ဆဲရေးနေသည့် စကားလုံးများကလည်း စုံလင်လှ၏။

စစ်စစ်ပေါက်ပေါက် ဆဲရေးနိုင်ကြသည့် ထိုလောမိသားစုကို သူအံ့ဩမိပါသည်။

လောမိသားစုသည် ဦးနှောက်မပါသည့် ညီအကိုများဟုပင် ပြော၍ ရပေသည်။

" ဟေ့ အဘိုးကြီး ... ခင်ဗျားပြောခဲ့တဲ့ ခင်ဗျားပဲ ကြည့်စီစဥ်မယ် ဆိုတာ ဒါလား  ။ ကျုပ် သဘောအရတော့ ဒီကောင်တွေကို ချက်ချင်းပဲ သတ်ပစ်လိုက်ချင်တယ်။ ကျုပ်တို့ တစ်ခုခုလိုရင်တောင် ဒီလူတွေ သေသွားမှ ကျုပ်တို့ဘာသာ  ဝင်ရှာလို့ ရတာပဲ "

တင်းချန်က အဘိုးအိုအား မျက်လုံးပင့်ကြည့်ကာ ပြောလိုက်သည်။

အဘိုးအိုမှာလည်း မျက်နှာအလွန်ပျက်နေပြီး အေးစက်စက်ပြောလိုက်၏ ။

" ကောင်းပြီလေ ၊ မင်းပြောတဲ့အတိုင်း လုပ်ကြတာပေါ့ "

ဘုန်း

သူက စကားဆုံးသည်နှင့် အေးစက်စက်မျက်နှာဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။

" လောမိသားစု .. မင်းတို့က သေချင်နေမှတော့လဲ ငါက မင်းတို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရမှာပေါ့ ။ ပုရွက်ဆိတ်လောက်ပဲ အဆင့်ရှိတဲ့ မင်းတို့လို ကောင်တွေကများ ရှန်းဝူနန်းတော်ကို စော်ကားရဲနေသေးတယ် ။ မင်းတို့ကောင်တွေက တော်တော်လေး တုံးအကြတာပဲ "

သူတို့ရှေ့တွင် ရှိနေကြသည့် ကျင့်ကြံသူ သုံးယောက်၏ အစွမ်းထက်သော ကိုယ်အရောင်ဝါကိုကြည့်ကာ ပထမအကြီးအကဲ ၏ မျက်နှာ ဖြူရော်သွားသည်။

" လောဖုန်း .. မိသားစုထဲက လူငယ်လေးတွေအားလုံး ထွက်သွားကြပြီလား "

သူက လေသံတိုးတိုးဖြင့် မေးလိုက်သည်။

" သူတို့အားလုံးကို ဆဋ္ဌမအကြီးအကဲ ဦးဆောင်ပြီး လှို့ဝှက်လမ်းကနေ ခေါ်ထုတ်သွားပြီ။ သူတို့အပြင်ရောက်သွားပြီဆိုရင် ကျုပ်တို့ လောမိသားအတွက် မျှော်လင့်ချက် ရှိပါသေးတယ်။ ပြီးတော့ ထျန်းလေးလဲ ရှိသေးတယ်လေ "

" ဟုတ်တယ် .. လောထျန်းလဲ ရှိသေးတာပဲ "

အကြီးအကဲများမှာ သေမင်းနှင့် ရင်ဆိုင်ရန် အသင့်ဖြစ်နေကြ၏ ။

ဘုန်း ...

ကောင်းကင်ဘုံ ကိုးထပ်အပေါ်မှ တိမ်တိုက်မဲကြီးများက ပျောင်ပိုင်မြို့ပေါ်သို့ ဖိနှိပ်လာပြီး မြို့တစ်ခုလုံးကို ဖျက်ဆီးပစ်တော့မည့်အသွင် ရှိနေသည်။ လေထဲတွင် ကျယ်လောင်သော မိုးကြိုးသံများလည်း ထွက်ပေါ်လာ၏ ။

" အိုး .. သနားစရာ ပါလားကွာ ။ ကြည့်ရတာ နတ်မင်းကြီးက မင်းတို့အားလုံးကို သေခိုင်းနေပြီနဲ့တူတယ်။ မင်းတို့ထဲက ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့သူက အသက်ဆက်ရှင်နိုင်လိမ့်မယ် ၊ စစ်နတ်ဘုရားကို ဆန့်ကျင်တဲ့သူကတော့ သေပေါ့ကွာ "

အဘိုးအိုက စကားဆုံးသည်နှင့် သူ့လက်ထဲမှ တောင်ဝှေးကို ကိုင်မြှောက်လိုက်သည်။

ဝှီ

တောင်ဝှေးအပေါ်တွင် ကြောက်မက်ဖွယ် စွမ်းအင်တစ်ခု စုစည်းလာပြီး အချိန်မရွေး တိုက်ခိုက်တော့မည့်အလား ဖြစ်နေသည်။

သို့သော် ......

ထိုအချိန်တွင် လောရုံက အပေါ်သို့ မော့ကြည့်လိုက်ရာ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အံ့သြတကြီး ဖြစ်သွားပြီး ပြောလိုက်သည်။

" ကြည့်ပါဦး .. အဲ့ဒါ ဘာကြီးလဲ "

" ဟင် "

အားလုံးလည်း မော့ကြည့်လိုက်ကြသည်။

ထိုအချိန်တွင် အားလုံး၏ ခေါင်းပေါ်မှ အမဲရောင် တိမ်တိုက်များက နှစ်ခြမ်းကွဲသွားပြီး ထိုတိမ်တိုက်မဲများကြားမှ လူရိပ်တစ်ခု ဖြည်းညင်းစွာ ဆင်းသက်လာသည်။

ထိုလူရိပ် ပျံသန်းလာသည့် နေရာရှိ တိမ်တိုက်များနှင့် မြူမှုန်များက ရုတ်ချည်း လွင့်ပါးပျောက်ကွယ်သွား၏။

ထိုလူရိပ်က သူတို့နှင့် ပေပေါင်းရာချီ ဝေးကွာနေသေးသည့်တိုင် ဖိနှိပ်စွမ်းအင်တစ်ခုကို အားလုံး ရင်ထဲမှ ခံစားမိလိုက်ကြသည်။

​ပျောင်ပိုင်မြို့မြောက်ပိုင်း လမ်းမတစ်ခုပေါ်ရှိ လောမိသားစု ပိုင်ဆိုင်သော ဆိုင်တစ်ခုရှေ့တွင် ရှိနေသည့် လီမိသားစုခေါင်းဆောင် ၊ လီချန်စစ် ကလည်း ခေါင်းမော့ကြည့်လိုက်ရာ ထိုလူရိပ်ကို တွေ့သွားသည်။ သူ့လည်ချောင်း ရုတ်တရက်ခြောက်သွားပြီး တစ်ကိုယ်လုံး တုန်ယင်သွား၏။

" ဒါ .. ကောင်းကင်ထိနိးချုပ်အဆင့်က နောက်ထပ် ကျင့်ကြံသူတစ်ယောက်လား ။ ကြောက်စရာ ကောင်းလိုက်တဲ့ ကိုယ်အရောင်ဝါပဲကွာ "

" မဟုတ်ဘူး သခင်ကြီးရဲ့ ၊ ကောင်းကင်ထိန်းချုပ်အဆင့်ရဲ့ ကိုယ်အရောင်ဝါက ဒီလောက်အစွမ်းမထက်ဘူး ။ ဒီလူက .. ထုံရွှယ်အဆင့်မှာပဲ ဖြစ်ရမယ် "

" ထုံရွှယ်အဆင့် .. ဟုတ်လား .. ကြည့်ရတာ လောမိသားစုက တကယ့်ကြောက်စရာလူကိုမှ သွားရန်စမိတယ်နဲ့တူတယ်။ ဒီတစ်ခါတော့ လောမိသားစု သေရတော့မှာပေါ့ကွာ "

လီချန်စစ်မှာ အစောကထက် ပို၍ ဝမ်းသာပျော်ရွှင်သွားသည်။

တစ်ဖက်ရှိ လောမိသားစု အိမ်တော်တွင်မူ ...

လောဖုန်းနှင့် အခြားသူများက လူရိပ်ကိုကြည့်ကာ ကြောက်ရွံ့တုန်လှုပ်သွားကြသည်။

ကောင်းကင်ထိန်းချုပ်အဆင့် ကျင့်ကြံသူ သုံးယောက်နှင့် ရင်ဆိုင်နေရစဥ်တွင်ပင် သူတို့အတွက် မျှော်လင့်အနည်းငယ် ရှိသေးသည်ဟု ယူဆထားခဲ့ကြသော်လည်း ယခုတွင်မူ ထိုကောင်းကင်ထိန်းချုပ်အဆင့်က ဘာမှ မဟုတ်တော့ချေ။

ထိုလူရိပ်ကို သူတို့ မည်သို့ တိုက်ခိုက်ရပါမည်နည်း ။

တစ်ဖက်မှ ကျင့်ကြံသူ သုံးယောက်မှာလည်း လေထဲမှ လူရိပ်ကို ကြည့်ကာ ထိတ်လန့်တုန်လှုပ်သွားကြသည်။

" တော်တော်ကြောက်စရာကောင်းတဲ့ ကိုယ်အရောင်အဝါပဲ .. ဒီလူက သာမာန် ထုံရွှယ်အဆင့်တော့ မဟုတ်နိုင်ဘူး "

အဘိုးအိုက ပြောကာ သက်ပြင်းချလိုက်သည်။

" ဟုတ်တယ် ၊ ကျုပ် တွေ့ခဲ့ဖူးတဲ့ ထုံရွှယ်အဆင့် သခင်ကြီးအများစုကတောင် ဒီလိုအစွမ်းထက်တဲ့ ကိုယ်အရောင်ဝါ မရှိကြဘူး ။ ဒီလူက ရှန်းဝူနန်းတော်ကလား နတ်ဆိုးဝိဥာဥ်နန်းတော်ကလား "

တင်းချန်က မေးလိုက်သည်။

" နတ်ဆိုးဝိဥာဥ်နန်းတော်က မဟုတ်ဘူး "

ဆံနီဝိဥာဥ်က လေးနက်သည့်အမူအရာဖြင့် ပြန်ဖြေသည်။

" ဒီလူက ရှန်းဝူနန်းတော်ကလဲ မဟုတ်ဘူး။ ရှန်းဝူနန်းတော်နဲ့ ပတ်သက်နေတဲ့ ထုံရွှယ်အဆင့် ကျင့်ကြံသူတွေအားလုံးကို ကျုပ် သိတယ်။ ဟင် .. ခန .. အဲ့လူကို ထပ်ကြည့်စမ်းပါဦး။ ဒါ လူမဟုတ်ဘူး သားရဲတစ်ကောင်ပဲကွ "

အဘိုးအိုက လေထဲမှ အရိပ်ကိုစိုက်ကြည့်နေရင်း ရုတ်တရက် ထပြောလိုက်သည်။

အခြားသူများလည်း အရိပ်ကို စိုက်ကြည့်လိုက်ကြပြီး အဘိုးအိုပြောသောစကားက အမှန်ဆိုသည်ကို သတိထားမိသွားကြသည်။

လေထဲမှ လူရိပ်မှာ အရပ် ၁၀ ပေကျော် ရှည်လျားပြီး လူခန္ဓာကိုယ် ၊ နွားခေါင်းနှင့် အလွန်အစွမ်းထက်ဟန် ရှိနေသည် ။ သူ့လက်ထဲတွင်လည်း တင်းပုတ်တစ်ခုကို ကိုင်ဆောင်ထားသေး၏။

" ဒီအရောင်ဝါက .. ကျုပ် မှတ်မိပြီ ။ ဒီကောင်က ထျန်းတန့်တောင်က နတ်ဆိုးဘုရင်ပဲ "

တင်းချန် အံ့သြတကြီး ရေရွတ်လိုက်သည်။

" ထျန်းတန့်တောင် .. ဟုတ်သားပဲကွ ၊ ဒီကောင်က ထျန်းတန့်တောင်က ငါးရောင်ခြယ်နတ်နွားပဲ ။ ဒီကောင်က ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ "

အဘိုးအိုက အံ့အားသင့်စွာ မေးလိုက်သည်။

ထျန်းတန့်တောင်မှ ငါးရောင်ခြယ် နတ်နွားကြီးသည် အလွန်တရာ အစွမ်းထက်ပြီး လူသားများကို စက်ဆုပ်ရွံရှာတတ်သူ တစ်ယောက် ဖြစ်သည်။

ယဲ့ဖုန်းနိုင်ငံတွင် ထိုသားရဲအား ပစ်မှတ်ထားသည့် ထုံရွှယ်အဆင့် အစွမ်းထက်ကျင့်ကြံသူ များစွာ ရှိခဲ့သော်လည်း နောက်ဆုံးတွင် ထိုလူများက အသက်ဆုံးသူဆုံး ၊ ဒဏ်ရာရသူရ ဖြစ်သွားကြသည်ချည်းပင် ။

ထို့ကြောင့်လည်း ယဲ့ဖုန်းနိုင်ငံတွင် ထျန်းတန့်တောင် အလယ်ပိုင်းဒေသမှာ လူများအတွက် တားမြစ်ထားသည့် ဒေသတစ်ခုဟုပင် ဆို၍ရသည်။

ယခု ငါးရောင်ခြယ်နတ်နွားကြီးကမူ ထိုတားမြစ်ဒေသ၏ ဘုရင်ကြီးတစ်ပါးဖြစ်သည်။

ထိုမျှ အစွမ်းထက်သူတစ်ယောက်က ပျောင်ပိုင်မြို့သို့ မည်သည့်အတွက်ကြောင့် ရုတ်တရက် ရောက်လာရသနည်း။

" သူက ဘာလို့ ဒီကို ရောက်နေတာလဲ ။အကို ထျန် ၊ ခင်ဗျားတို့ နတ်ဆိုးဝိဥာဥ်နန်းတော်နဲ့ ထျန်းတန့်တောင်ကြားမှာ အဆက်အစပ် တစ်ခုခုများ ရှိနေလို့လား "

တင်းချန်က မေးလိုက်သည်။

ဆံနီဝိဥာဥ် ထျန်ကျင်း ခေါင်းယမ်းပြလိုက်၏ ။

" အမုန်းကလွဲပြီး ဘယ်လို ပတ်သက်မှုမျိုးမှ မရှိဘူး ။ ကျုပ်တို့ဆီက ထုံရွှယ်အဆင့် လူသတ်သမားနှစ်ယောက်က ထျန်းတန့်တောင်မှာ သေသွားခဲ့ရတာ "

တင်းချန် မျက်မှောင်ကြုတ်သွားကာ အဘိုးအိုကို ကြည့်၍ ထပ်မေးလိုက်သည်။

" ရှန်းဝူ နန်းတော်ကရော "

အဘိုးအိုက မုတ်ဆိတ်ကိုသပ်ကာ ပြန်ဖြေသည်။

" ကျုပ် မသိဘူးကွ ။ ဒါပေမယ့် ဘုရင် ရှန်းဝူက ယဲ့ဖုန်းနိုင်ငံထဲမှာ ရှိတဲ့ အစွမ်းထက်သားရဲတွေနဲ့ မိတ်ဆွေဖွဲ့ဖို့ ကြိုးစားနေတယ်လို့တော့ ကြားထားတယ် "

ထိုစကားကို ကြားသောအခါ တင်းချန်၏ ကြုံ့ထားသော မျက်ခုံးများ ပြေလျော့သွားပြီး အပြုံးဖြင့် ပြောလိုက်သည်။

" ဒါဆို မမှားနိုင်တော့ဘူး ။ ဘုရင် ရှန်းဝူက နတ်ဆိုးဘုရင်ကို နားချပြီး ကျုပ်တို့ကို လာကူညီဖို့ လွှတ်လိုက်တာပဲ ဖြစ်ရမယ် "

အဘိုးအိုက သူ့စကားကို သိပ်ယုံဟန် မတူချေ။

" ဟုတ်ပါ့မလားကွာ "

တင်းချန်က ပြုံးကာ ပြောလိုက်၏။

" တခြား ဘာများ ဖြစ်နိုင်လို့လဲဗျာ ။ ဒီနတ်ဆိုးဘုရင်က လောမိသားစုကို ကူညီဖို့ လာခဲ့တယ်ထင်လို့လား "

ထိုစကားကို ကြားသောအခါ အဘိုးအိုက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

ထျန်းတန့်တောင်၏ နတ်ဆိုးဘုရင်က လောမိသားစုသို့ လာမည်တဲ့လား .. ။

ထိုစကားမှာ လုံးဝပင် အဆက်အစပ် ရှိမနေသဖြင့် သူ ရယ်မောလိုက်ခြင်းဖြစ်သည်။

နတ်ဆိုးဘုရင်က ဘုရင် ရှန်းဝူ စိတ်ကျေနပ်စေရန် ပျောင်ပိုင်မြို့သို့ လာခဲ့ခြင်းပင် ဖြစ်ရပေမည်။

ဘုရင်ရှန်းဝူ မှလွဲ၍ ယဲ့ဖုန်းနိုင်ငံမှ အခြားမည်သူက သူလာလည်ရန် ထိုက်တန်ပါမည်နည်း။

ထိုအကြောင်းကို တွေးမိသွားသော အဘိုးကြီး၏ မျက်နှာတွင် အပြုံးများ ထပ်ပေါ်လာပြန်သည်။

" နတ်ဆိုးဘုရင်ကြီးကို ကြိုဆိုပါတယ်ဗျာ "

အဘိုးအိုက ဦးညွှတ်အရိုအသေပေးကာ ပြောလိုက်သည်။

စာစဉ်ပြီး၏

All Chapters