စိတ္တဇ (၄)
Vol. 2 Ch. 64
ညဆယ့်တစ်နာရီထိုးတဲ့အထိ ဆက်တိုက်အဆူခံရပြီးတဲ့ နောက်မှာတော့ နက်ဆန်က ကျွန်မတို့ကို ပြန်လွှတ်ပေးတယ်။ အဝတ်ပေါ်က သွေးကွက်တွေအကြောင်းမေးသေးပေမဲ့ အကင်သွားစားရင်းပေလာတာလို့ပဲ ဖြေလိုက်ပါတယ်။ တကယ်လို့ ကျွန်မ ခြုံခိုတိုက်ခိုက်ခံရတဲ့အကြောင်းကိုသာ သူသိသွားရင် မနက်မိုးလင်းတဲ့အထိ ဆူလို့ပြီးတော့မှာကို မဟုတ်ဘူး။
ကျွန်မတို့ကို ဆူလို့ပြီးသွားတဲ့နောက်တော့ နက်ဆန်က ဟိုတယ်ကနေ ပြန်ထွက်သွားပါတယ်။ သူပြောတာတော့ မကောင်းဆိုးဝါးကောင်ကို ဆက်ပြီးလိုက်ရှာဦးမယ်တဲ့။ ကျွန်မလည်း တခြားလုပ်စရာမရှိတာနဲ့ အိုလီရာနာနဲ့အတူတူ အဖော်စပ်ပြီးတော့ အိပ်လိုက်တော့တယ်။
...
ဒေါက်... ဒေါက်... ဒေါက်...
တံခါးခေါက်သံကြားတဲ့အတွက် ကျွန်မထလိုက်တယ်။ ဒါပေမဲ့ တံခါးတစ်ဖက်ကလူက အလျင်လိုနေပုံရပြီးတော့ တံခါးကိုနောက်တစ်ကြိမ် ပြင်းပြင်းထပ်ခေါက်ပြန်တယ်။
ဒေါက်... ဒေါက်... ဒေါက်...
“ဟုတ်... လာပြီလာပြီ။” ကျွန်မ အိပ်ချင်မူးတူးနဲ့ ပြန်ထူးရင်း နာရီကိုကြည့်လိုက်တော့ မနက်သုံးနာရီပဲရှိသေးတာရယ်။ ဘယ်လိုလူက သူတစ်ပါးအိပ်ချိန်ကြီး လာနှောင့်ယှက် နေရတာလဲ။
ကျွန်မတံခါးဖွင့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် မျက်လုံးပြူးသွားတယ်။ မျက်နှာပေါ်မှာ သွေးစက်တွေ ပေကျံနေတဲ့ နာတာရှာက ခေါင်းငိုက်စိုက်ကျနေတဲ့ နက်ဆန်ကို ကုန်းပိုးထားတယ်။
“သူဒဏ်ရာရလာတယ် မြန်မြန်...” ဒဏ်ရာဆိုတာကြားတာနဲ့ ကျွန်မထိတ်လန့်သွားပြီး အိုလီရာနာကို အိပ်ရာပေါ်ကနေ ချက်ချင်းဆွဲဖယ်ကာ နက်ဆန်ကို အိပ်ရာပေါ်တင်ပေးဖို့ ပြောလိုက်ပါတယ်။ အိုလီရာနာကတော့ ကြမ်းပြင်ပေါ်ကို ပစ်ချခံလို့ ဒေါသထွက်နေပေမဲ့ ကျွန်မအတွက် နက်ဆန်က ပိုအရေးကြီးပါတယ်။
“ဘယ်လိုဖြစ်လာတာလဲ။” ကျွန်မက သွေးအထွက်လွန်ပြီး သတိရှိတယ်ဆိုရုံပဲရှိတော့တဲ့ နက်ဆန်ကို စစ်ဆေးနေရင်းကနေ မေးလိုက်တယ်။ မကြာခင်မှာပဲ သူ့ဝမ်းဗိုက်နေရာမှာရှိနေတဲ့ ပြတ်ရှရာတစ်ခုကို သွားတွေ့တယ်။ ဆေးရုံကိုခေါ်သွားရမယ့် ဒဏ်ရာမျိုးဆိုပေမဲ့ နက်ဆန်တစ်ကိုယ်လုံးက ဖြူဖျော့နေပြီ ဖြစ်ပြီးတော့ အသက်မသေစေချင်ရင် သွေးတိတ်အောင် ချက်ချင်းချုပ်မှ ရတော့မှာ။
“ငါ့ကိုကာကွယ်ရင်း ဖြစ်သွားတာပဲ။” နာတာနာက သူ့လက်တွေကိုသူ ငုံကြည့်ရင်းနဲ့ ပြောလိုက်ပါတယ်။ သူ့လက်တွေခြေတွေမှာလည်း ဓားရှရာတွေရှိနေပြီး အတော်လေး ထိခိုက်ထားပုံပဲ။ ဒါပေမဲ့ နက်ဆန်လောက် အရေးတကြီးကုသဖို့ လိုအပ်နေတာမျိုးမဟုတ်ဘူး။
ကျွန်မလည်း အရေးမကြီးတာတွေ ဆက်မမေးတော့ဘဲ ဆေးသေတ္တာကိုဖွင့်ကာ ခွဲစိတ်ခန်းသုံးအပ်နဲ့ပိုးသတ်ပြီး အပ်ချည်ကို အသင့်ပြင်လိုက်တယ်။ အဲဒီနောက် ဒဏ်ရာ အနီးတစ်ဝက်ကို အရက်ပျံနဲ့သန့်ရှင်းရေးလုပ်ရင်း နက်ဆန်ပါးစပ်ထဲ စောင်ထည့်ပေးလိုက်တယ်။
“နည်းနည်းတော့နာမယ်နော်။”
အဲဒီနောက်တော့ ကျွန်မဒဏ်ရာကို စချုပ်ပါတယ်။ ကံသီတယ်ပဲပြောရမလား။ ဒဏ်ရာက အတော်လေး နက်တယ်ဆိုပေမဲ့ အတွင်းအင်္ဂါတွေကို ထိခိုက်မသွားဘူး။ ခက်ခက်ခဲခဲ ကြိုးစားပြီးတဲ့နောက်မှာတော့ ဒဏ်ရာကို ချုပ်လို့ပြီးသွားပြီဖြစ်ပြီး သွေးလည်းတိတ်သွားပါပြီ။
“ရှင်ဘာလို့ သူ့ကိုဆေးရုံခေါ်မသွားရတာလဲ။” ကျွန်မ လည်း စိတ်ကိုဒုံးဒုံးချလို့ အိပ်ရာဘေးမှာ ထိုင်ချလိုက်ရင်း မေးတယ်။ နက်ဆန်ကတော့ ဒဏ်ရာအရှိန်နဲ့ အိပ်ပျော်နေပြီ။
“ငါတို့တိုက်ပွဲကနေပြီး ထွက်ပြေးလာခဲ့ရတာ။ အဲဒီသရဲက အချိန်အတော်ကြာတဲ့အထိ နောက်ကနေဆက်လိုက်နေ တုန်းပဲ။ နက်ဆန်က ငါတို့ဟိုတယ်ကိုပြန်ဆုတ်ရင် နင်တို့ဆီက အကူအညီရနိုင်လို့ပြောလို့ ဒီကိုပြေးလာခဲ့တယ်။ ဟိုတယ်နား မရောက်ခင် မျက်ခြေဖြတ်နိုင်ခဲ့ပေမဲ့ အခုမှဆေးရုံကိုသွားဖို့ နောက်ကျသွားပြီလေ။ ဒီတော့ နင့်တာဝန်ဖြစ်လာတော့တာပဲ။”
နာတာရှာက ကျွန်မတို့ကို ဖြစ်ခဲ့တဲ့အကြောင်းတွေ ပြန်ပြီး ပြောပြပေးပါတယ်။ ကျွန်မလည်း သူ့လက်က ဒဏ်ရာကို သန့်ရှင်းရေးလုပ်ပြီး ပက်တီးစည်းပေးလိုက်တယ်။
“ငါနဲ့ငါ့အဖွဲ့က နက်ဆန်နည်းတူပဲ မြို့လမ်းတွေထဲမှာ လူစုခွဲပြီး အဲဒီစိတ္တဇသရဲကို လိုက်ရှာနေခဲ့ကြတာ။ ဒါပေမဲ့ အဲဒီကောင်က မှောင်ရိပ်ကိုသေချာအသုံးချပြီး ငါတို့ အဖွဲ့ဝင်အများစုကို သတ်ဖြတ်နိုင်ခဲ့တယ်။ ငါကိုယ်တိုင် သေပြီလို့ထင်တဲ့အချိန်မှာ နက်ဆန်ရောက်လာပြီး အဲဒီ အကောင်နဲ့ယှဥ်တိုက်ခဲ့တယ်။”
ကျွန်မ မျက်မှောင်ကြုတ်လိုက်မိတယ်။ နက်ဆန်က အတော် သန်မာတယ်လို့ဆိုနိုင်တဲ့ သူတစ်ယောက်ပါ။ မော်လီမရှိလို့ အားနည်းနေရင်တောင် သူ့ကိုယ်သူကာကွယ်နိုင်စွမ်း ရှိနေဆဲပဲ။
“နက်ဆန်က ဒီလောက်လွယ်လွယ်လေးနဲ့ ရှုံးမယ်လို့ ကျွန်မ မထင်ဘူးနော်။” ကျွန်မ ပြောလိုက်တော့ နာတာရှာကလည်း ခေါင်းကိုညိတ်လိုက်ပြီး
“ငါပြောခဲ့သား။ ငါ့ကိုကာကွယ်ဖို့လုပ်ရင်း ဒဏ်ရာရသွား တာပါလို့။”
နာတာရှာက ဒဏ်ရာရပုံအသေးစိတ်ကို ပြောပြတယ်။
...
မှောင်မိုက်ပြီးကျဥ်းမြောင်းတဲ့ နောက်ဖေးလမ်းကြား လေးတစ်ခု။
မြေပြင်ပေါ်မှာ သွေးတွေအများကြီးအိုင်ထွန်းနေပြီး။ အနောက်တိုင်းဝတ်စုံဝတ်ဆင်ထားတဲ့ အေးဂျင့်တချို့ ဒဏ်ရာတွေနဲ့ လဲကျသေဆုံးလို့။
ထန်း.... ထန်း... ထန်း...
သားခုတ်ဓားမကြီးကိုကိုင်ထားပြီး မျက်နှာကိုသေချာ မမြင်ရတဲ့ ကိုယ်ဗလာကျင်း ဂျင်းဘောင်းဘီနဲ့ရန်သူကို နက်ဆန်က စုံတွဲဓားကိုကိုင်ပြီး တိုက်ခိုက်နေခဲ့တယ်။ စိတ္တဇလူသတ်သမားသရဲက ခွန်အားအရာမှာ နက်ဆန်က ပိုသန်မာပြီး ဓားချင်းထိတွေ့ချိန်တိုင်းမှာ မီးပွားတွေ ဖြာထွက်လာပြီး ပတ်ဝန်းကျင်မှာရှိနေတဲ့ ပြတင်းပေါက် မှန်တွေတောင်မှ တသိမ့်သိမ့်တုန်ခါနေလေရဲ့။
ရန်သူက ခွန်အားသာပေမဲ့ နက်ဆန်က ဓားရေးမှာပိုပြီး ကျွမ်းကျင်မှုမြင့်တယ်။ သူက ရန်သူ့တိုက်စစ်တွေကို အသာအယာခုခံပြီး ဆက်တိုက်ဆိုသလို တန်ပြန်တိုက်စစ် များစွာကို အသုံးပြုကာ တိုက်ခိုက်နေခဲ့ပါတယ်။ ဒါပေမဲ့ တိုက်ပွဲအချိန်က ကြာပြီဖြစ်လို့ သက်လုံအားလည်း ကျ လာခဲ့တယ်လေ။
ဒီတော့ နောက်မှာရပ်နေခဲ့တဲ့ နာတာရှာကလည်း ကူညီပြီး တိုက်ခိုက်ပေးဖို့ ဆုံးဖြတ်လိုက်တာပေါ့။ နာတာရှာက မှော်နှင်တံနဲ့ စိတ္တဇသရဲကိုချိန်လိုက်တယ်။ သူ့ကျော နောက်ကနေ အဖြူရောင်ပုံရိပ်တစ်ခုထွက်လာပြီး အတောင်ပံပါတဲ့ နတ်သားတစ်ယောက်ရဲ့ပုံစံအဖြစ် ပြောင်းလဲသွားတယ်။ မှော်နှင်တံထိပ်က သလင်းကျောက်က ပိုတောက်ပလာပြီး နှုတ်ကနေ ဂါထာတစ်ခုကို ရွတ်ဆို လိုက်ပါတယ်။
“ဗင်တန်ဗရိုမိုတန်”
လေပြင်းတွေက နာတာရှာရဲ့မှော်နှင်တံထိပ်လာ လာစုစည်းပြီး လေလှိုင်းဓားသွားတွေအဖြစ် ပြောင်းလဲ လာတယ်။ ဒါပေမဲ့ အဲဒီဓားသွားတွေကို မပစ်လွှတ်ရသေးချိန်မှာပဲ နာတာရှာရဲ့နောက်မှာ မျက်နှာဖုံးတပ်ထားတဲ့ ဝတ်ရုံနက်လူတစ်ယောက်ပေါ်လာပြီး တောင်ပံပါနတ်သားကို လက်ကိုင်တံစဥ်လက်နက်နဲ့ ခုတ်ချဖို့ ရွယ်လိုက်တယ်။
“သတိထား...” နက်ဆန်က လှမ်းအော်ပြီး သူ့လက်ထဲက ဓားနဲ့ မျက်နှာဖုံးတပ်လူကို လှမ်းပစ်လိုက်တယ်။ ဒါပေမဲ့ ဓားက လေကိုထိသလိုသာဖြစ်သွားပြီး နံရံနဲ့တိုက်မိကာ ပြန်ပြုတ်ကျလာတယ်။
ကလန်...
“.....” တစ်ပြိုင်နက်တည်းဆိုသလိုပဲ စိတ္တဇသရဲရဲ့ဓားက နက်ဆန်ရဲ့ဝမ်းဗိုက် နံဘေးကိုခုတ်မိသွားတယ်။
...
“ပြောရရင် ရှင်အလစ်တိုက်ခံရတာကို ကာကွယ်ရင်းနဲ့ ဖြစ်သွားတာပေါ့။”
ကျွန်မက ပြောလိုက်တော့ နာတာရှာက ခေါင်းညိတ်ပြတယ်။
“အင်း၊ ငါ့အထင်တော့ အဲဒီမျက်နှာဖုံးနဲ့လူက ငါ့ရဲ့လေ နတ်ဘုရားခန္ဓာကိုယ်ကို ယူချင်နေတဲ့ပုံပဲ။”
ဒီတော့မှ နာတာရှာက လေကျောင်းတော်ရဲ့အဆက်အနွယ် တစ်ယောက်ဖြစ်ပြီးတော့ အစိုးရအတွက် အလုပ်လုပ်နေတဲ့ အေးဂျင့်တစ်ယောက်ဖြစ်မှန်း ကျွန်မသိခွင့်ရတော့တာပဲ။ တစ်ဖက်မှာတော့ ကျွန်မက ကျိန်စာအကြောင်းကိုတွေးပြီး ပိုစိတ်ပူလာမိတယ်။ ပထမ မော်လီအသတ်ခံလိုက်ရတယ်။ အခုတစ်ခါ နက်ဆန်ကိုယ်တိုင် ဒဏ်ရာရလာတယ်။ ဒါက ကျိန်စာကြောင့်များ ဖြစ်နေမလားပဲ။
“ဒီတော့ ရှင်ဘာဆက်လုပ်မယ် စဥ်းစားထားလဲ။” ကျွန်မက မေးလိုက်တော့...
“ကောင်မရှင်နာမင်းကြီးကို ဆက်သွယ်ပြီးတော့ တပ်ကူ ထပ်တောင်းရမယ်။ နက်ဆန်နဲ့ပေါင်းမယ်ဆိုရင် ငါတို့ အဲဒီကောင်ကို အနိုင်ယူနိုင်မှာပါ။”
ဒါပေမဲ့ ကျွန်မကတော့ ခေါင်းကိုသာ သွင်သွင်ခါယမ်း လိုက်ပါတယ်။
“ကျွန်မ ခွင့်မပြုနိုင်တော့ဘူး။ နက်ဆန်က အကောင်းဆုံး လုပ်ခဲ့ပြီးပြီ။ သူ့ကျိန်စာမပြယ်မချင်း တခြားကိစ္စတွေမှာ သူဝင်ပါတာမျိုး ကျွန်မခွင့်မပြုနိုင်ဘူး။”
“ဒါပေမဲ့ အဲဒီအကောင်ကိုဆက်လွှတ်ထားရင် သာမန်လူတွေ အတွက်အန္တရာယ်ရှိတယ်လေ။”
“သာမန်လူတွေကိုကာကွယ်ဖို့က ရှင်တို့ကောင်မရှင်ရဲ့ အလုပ်မဟုတ်လား။ ရှင်တို့ကိစ္စ ရှင်တို့ဘာသာဖြေရှင်းနိုင်အောင် ကြိုးစားပေါ့။”
နာတာရှာနဲ့ကျွန်မ အချေအတင်စကားများခဲ့ကြတယ်။ နောက်ဆုံးတော့ နာတာရှာက သက်ပြင်းအရှည်ကြီးကို ချရင်း “ကောင်းပြီလေ၊ နင်ပြောတာ အတိုင်းအတာတစ်ခုအထိ မှန်ပါတယ်။ အစကတည်းက ဒုက္ခရောက်နေပြီးသား နက်ဆန်ကို ငါမနှောင့်ယှက်သင့်တော့ဘူး။ သူနိုးလာရင် ငါ့ကို ကူစရာမလိုတော့ဘူးလို့ ပြောလိုက်ပါ။”
...
အဲဒီနောက်တော့ ကျွန်မနက်ဆန်ရဲ့အခြေအနေကို ဆက် စောင့်ကြည့်နေခဲ့ပြီး လိုအပ်တာတွေလုပ်ပေးခဲ့ပါတယ်။ ပြန်အိပ်ဖို့ကိုတောင် ကျွန်မသတိမရတော့ပါဘူး။ နောက် သိပ်မကြာခင်မှာပဲ လူက လုံးဝပင်ပန်းလာပြီး ထိုင်ခုံပေါ်မှာ အိပ်ပျော်သွားတော့တာပဲ။
ရုတ်တရက် ညည်းညူသံကြားလိုက်ရတဲ့အတွက် ကျွန်မ မျက်လုံးဖွင့်ကြည့်လိုက်တော့ အိပ်ရာပေါ်ကနေ အတင်း ထဖို့ကြိုးစားနေတဲ့ နက်ဆန်ကို မြင်လိုက်ရတယ်။
“ရှင်... ရပ်၊ အိပ်ရာပေါ်မှာ ဆက်လှဲနေ။ ရှင်ရထားတဲ့ ဒဏ်ရာက အကြီးကြီး။ အဲဒီလိုလှုပ်ရှားနေရင် ချုပ်ရိုး ပြန်ပွင့်လာလိမ့်မယ်။”
ကျွန်မက အတင်းတားတော့မှ သူရပ်သွားတယ်။ ဒါပေမဲ့ အနာရှိန်ကြောင့် ညည်းညူနေဆဲပဲ။ ကျွန်မလည်း သူ့ကို ဆေးတိုက်ဖို့သတိရပြီး ဖုန်းကိုဖွင့်ကာ အနီးအနားဆိုင် တစ်ဆိုင်ကနေ ကြက်စွပ်ပြုတ်မှာလိုက်တယ်။ သူ့အခြေအနေနဲ့ အစာမာမာတွေစားလို့မရဘူး။
“နာတာရှာဘယ်မှာလဲ...” အဲဒီနောက်တော့ သူက ကျွန်မကို လူမမာလေသံနဲ့မေးလိုက်တယ်။ ကျွန်မလည်း မနေ့ညက ဖြစ်ခဲ့တဲ့အကြောင်းတွေကိုပြောပြီး နာတာရှာထွက်သွားပြီ ဆိုတဲ့အကြောင်းနဲ့ ကူညီစရာမလိုတော့တဲ့အကြောင်းကို ပြောပြီးတဲ့နောက် နက်ဆန်က အလောတကြီးနဲ့အိပ်ရာက ထဖို့လုပ်ပြန်တာပဲ။
“ရှင်ဘယ်လိုဖြစ်နေတာလဲ... ဒီလောက်ဒဏ်ရာတွေ အများကြီးနဲ့ကို။”
“အဲဒီမိန်းမအကြောင်း မင်းမသိပါဘူး။ ဒီအတိုင်းဆိုရင် သူတစ်ယောက်တည်း အဲဒီကောင်ကိုသွားရင်ဆိုင်ဖို့လုပ်ရင်း သေသွားလိမ့်မယ်။”
ကျွန်မလည်း ခေါင်းကိုစောင်းလိုက်မိတယ်။ သူက ဘာကိုဆိုလိုချင်တာလဲ။ နက်ဆန်က ကျွန်မနားမလည်မှန်း သိတော့ သက်ပြင်းချပြီးတော့ ပြောပါတယ်။
“မင်းငါ့အတွက်စိတ်ပူပြီး သူ့ကိုဒီလိုပြောလိုက်တာ မင်း အမှားတော့မဟုတ်ပါဘူး။ ဒါပေမဲ့ နာတာရှာက သူ့ရဲဘော် ရဲဖက်တွေအတွက်ဆိုရင် သိပ်ကိုဂရုစိုက်တတ်တဲ့သူပဲ။ တစ်ဖွဲ့လုံးအသတ်ခံရပြီးတဲ့နောက် လွယ်လွယ်နဲ့ပြန်ဆုတ်မှာ မဟုတ်ဘူး။ အဲဒီအကောင်ကို သူရအောင်နှိမ်နင်းဖို့ ကြိုးစားလိမ့်မယ်။”
ဒါပေမဲ့ နက်ဆန်ပြောတဲ့စကားက နာတာရှာပြောတာနဲ့ နည်းနည်း ကွဲလွဲမနေဘူးလား။ “သူပြောတော့ အကူရှာပြီး ရှင်နဲ့အတူတိုက်ဖို့ စီစဥ်ထားတယ်တဲ့။”
ကျွန်မက ပြောလိုက်တော့ နက်ဆန်က ခေါင်းခါပြတယ်။ “အဲဒါက ကောင်မရှင်အဖွဲ့ရဲ့မူဝါဒနဲ့ဆိုင်တယ်။ EUOCက ခွန်အားနဲ့အရင်းအမြစ် အကန့်အသတ်နဲ့ပဲရှိတဲ့ အဖွဲ့တစ်ခုပဲ။ နိုင်ဖို့မဖြစ်နိုင်တဲ့မစ်ရှင်တွေဆိုရင် သူတို့က နောက်ထပ် အဖွဲ့သစ်တွေမလွှတ်တော့ဘဲ ဘုရားကျောင်းနဲ့တခြား မှော်ကျောင်းတွေကိုပဲ လက်လွှဲ ပေးလိုက်တာမျိုး လုပ်တတ်တယ်။ သူတို့လူတွေကို ထပ်အသေခံမှာ မဟုတ်ဘူး။”
ဒါက ဘာမှားလို့လဲလို့ ကျွန်မတွေးမိပြန်တယ်။ နောက်ဆုံးမှာ ဥရောပသမဂ္ဂအစိုးရအေဂျင်စီတစ်ခုက နှစ်ထောင်ချီပြီး တည်ရှိလာတဲ့ မှော်ကျောင်းတွေကို မယှဥ်နိုင်သေးဘူးလေ။ ဒါကြောင့် အောင်မြင်နိုင်ခြေရှိတဲ့သူကို လွှဲပေးတာ သဘာဝ ကျပါတယ်။
“ဒါပေမဲ့ ငါသာသူတို့မစ်ရှင်မှာ ဆက်ပါနေမယ်ဆိုရင်တော့ အောင်နိုင်ဖို့ဖြစ်နိုင်သေးတယ်ဆိုပြီး ဌာနချုပ်က မစ်ရှင်ကို ရှေ့ဆက်ခိုင်းလိမ့်မယ်။”
“နက်ဆန်၊ ကျွန်မ နားမလည်သေးဘူး။” ကျွန်မက အမှန်အတိုင်းပြောလိုက်တော့။
“နာတာရှာက သူ့အဖွဲ့ဝင်တွေအတွက် လက်စားချေဖို့ လုပ်နေတာ။”လို့ တိတိကျကျပြောလိုက်တယ်။
“ငါဝင်မပါလို့ EUOCက မစ်ရှင်ကိုဖျက်သိမ်းလိုက်တယ် ဆိုရင်တောင် သူက ပြန်သွားတော့မှာမဟုတ်ဘူး။ အဲဒီအစား အဲဒီမိစ္ဆာကောင်ကိုလိုက်ရှာပြီး သူသေကိုယ်သေ တိုက်လိမ့်မယ်။”
ကျွန်မက နာတာရှာနဲ့သိပ်ပြီးမရင်းနှီးပါဘူး။ ဒီကိစ္စက မကောင်းတဲ့ ကိစ္စတစ်ခုဆိုပေမဲ့ ကျွန်မရင်ထဲ ဘယ်လိုမှ မခံစားရတာကလည်း နည်းနည်းထူးဆန်းနေသလိုပါပဲ။ ခါတိုင်းဆိုရင် အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိမှာ။ နက်ဆန်ကို အခုကိစ္စမှာဝင်မပါစေချင်လို့ပဲ နာတာရှာ တစ်ခုခုဖြစ်သွားမှာကို စိတ်မကောင်းမဖြစ်မိတာလားပဲ။
“ဒီလိုဆိုရင်တောင် ရှင့်အခြေအနေနဲ့ သူ့ကိုမကူညီနိုင်ဘူး မဟုတ်လား။”
နက်ဆန်ရဲ့ဒဏ်ရာက အချိန်အတော်ကြာ အနားယူရမယ့် ဒဏ်ရာမျိုးပါ။ လောလောဆယ် သူကူညီချင်ရင်တောင်မှ နာတာရှာကို ကူညီလို့မရဘူးရယ်။
“အဲဒီလိုတော့မဟုတ်ဘူး။ ငါတို့မှာ အိုလီရာနာရှိတယ်။ ပြီးတော့ အဲဒီစိတ္တဇလူသတ်သမားတစ္ဆေကောင်ကို အားနည်းသွားအောင်လုပ်နိုင်မယ့် နည်းလမ်းတစ်ခုခု ရှိတယ်လို့ ငါယုံကြည်တယ်။”
“ဒီတော့ ကျွန်မတို့ဘာဆက်လုပ်ကြမလဲ။”
“အရင်ဆုံး နာတာရှာကိုလိုက်ရှာပြီးတော့ အစီအစဥ်တစ်ခု ဆွဲကြတာပေါ့။”
မော်လီ
https://mmxianxia.com/wp-content/uploads/2025/03/nx1.webp