← Chapters

ကျောက်စိမ်းအဆောင် သဲလွန်စ

Vol. 133 Ch. 1983

ကျောက်စိမ်းအဆောင် သဲလွန်စ

Vol. 133 Ch. 1983

သံမဏိမျှော်စင်လိုလူ၏ ခြေလှမ်းတစ်လှမ်းချင်းစီက မြေပြင်ပေါ်မှာ နက်ရှိုင်းသော ခြေရာတစ်ခုစီကို ကျန်ရစ်ခဲ့စေ၏။

တစ်ခဏချင်းမှာပင် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ပညာရှင်သုံးဦးက နောက်သို့ဆုတ်ခွာသွားကြ၏။

တစ်ချိန်တည်းမှာပင် အပြာရောင်ဝတ်အမျိုးသမီး၏ သတ်ဖြတ်ကွက်က ဆင်းသက်လာခဲ့၏။

ဆူဇီမိုက လုံးဝလှည့်မကြည့်ပေ။ သူ၏ နောက်ကျောမှာ မျက်လုံးပါရှိသည့်အလား သူ၏ လက်နှစ်ချောင်းကိုပူးကပ်ပြီး ဓားကွက်တစ်ကွက်ကို ဆင့်ခေါ်ကာ သူ့နောက်ဘက်သို့ ဝေ့ယမ်းထုတ်လိုက်၏။

ဇီ...

ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကို စုဖွဲ့ပြီးနောက် အနည်းဆုံး ဓားချီတစ်ရာက တစ်ချိန်တည်းမှာ ပစ်လွင့်ထွက်ပေါ်လာပြီး ဓားတစ်လက်ကိုဖြစ်ပေါ်လာစေ၏။

ထိုဓား၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို အာရုံခံမိသွားပြီး အပြာရောင်ဝတ်အမျိုးသမီး၏အမူအရာက ရုတ်ချည်းပြောင်းလဲသွားကာ သူမ၏ ခြေလှမ်းကိုရပ်တန့်၍ နောက်သို့ဆုတ်လိုက်၏။

သူမသည် ရပ်တန့်ချင်သော်လည်း သူမက ခြေတစ်လှမ်းနောက်ကျသွားရ၏။

ချွင်... ချွင်.... ချွင်...

သတ္တုချင်းထိခတ်သံများထွက်ပေါ်လာပြီး အပြာရောင်ဝတ်အမျိုးသမီး၏ လက်သည်းချွန်ဆယ်ချောင်းက ကောင်းကင်သတ်ဖြတ်ခြင်းဓားချီဖြင့် ချိုးဖျက်ခံလိုက်ရ၏။

စိမ်းပြာရောင်သန်းနေသော လက်သည်းအပိုင်းအစများက မြေပြင်ပေါ်သို့ ပြန့်ကျဲကျဆင်းသွား၏။

အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ပညာရှင်များ၏ ဝန်းရံတိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုသည် စီးပိုးခြယ်လှယ်စွာ တန်ပြန်တိုက်ခိုက်ခဲ့ပြီး သူတို့လေးယောက်စလုံးကို နောက်ပြန်တွန်းလှန်ထုတ်နိုင်ခဲ့၏။

အခြားတစ်ဘက်မှတော့ ဖန်းရွှမ်နှင့်တိုက်ခိုက်နေသော ထျန်ကျစ်ရီက ယာယီအားဖြင့် စိတ်သက်သာရာရသွားခဲ့၏။

“ဟားဟားဟားဟား...”

ဆူဇီမိုက ဟားတိုက်ရယ်မော၍ သူတို့လေးယောက်ကို ငုံ့ကြည့်လိုက်၏။

“မဆိုးဘူးပဲ... မင်းတို့လေးယောက်က ငါ့လက်ထဲကနေ မထိမခိုက်လွတ်မြောက်နိုင်တယ်ဆိုတော့... တော်တော်စွမ်းတယ်ဆိုရမယ်”

“ဘယ်လောက်တောင်မောက်မာလိုက်သလဲ”

သက်လတ်ပိုင်းအရွယ်တာအိုပညာရှင်၏ အမူအရာက ညိုမည်းသွားပြီး အော်ငေါက်လိုက်၏။ သို့သော်လည်း အခြားသုံးယောက်က ပျက်ယွင်းနေသောအမူအရာများနှင့်အတူ အသံတိတ်နေကြ၏။

ဆူဇီမို၏ စကားလုံးများက တကယ့်ကို နားကြားပြင်းကပ်စရာကောင်းပြီး မောက်မာခက်ထန်နေ၏။

သို့သော်လည်း ဆူဇီမိုက လုံးဝလိမ်ညာနေခြင်းမဟုတ်သည်ကို သူတို့သုံးယောက်သိရှိထားကြ၏။

ကတုံးပြောင်ကိုယ်တော်က မဟာကစဉ့်ကလျားအမြုတေလက်ဝါးနှင့် ထိတွေ့ရိုက်ခတ်မိချိန်မှာပင် သူက တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိသွားပြီး အချိန်မီနောက်ဆုတ်ခဲ့သောကြောင့်သာ ဒဏ်ရာမရရှိခဲ့ခြင်းဖြစ်၏။

သူက နောက်ဆုတ်ဖို့ အနည်းငယ်နှေးကွေးသွားခဲ့လျှင် သူ၏ လက်နှစ်ဖက်စလုံးက မဟာကစဉ့်ကလျားအမြုတေလက်ဝါးဖြင့် အသားပျော့ဖတ်တစ်ခုဖြစ်သည်အထိ ကြိတ်ချေခံရပေလိမ့်မည်။

သံမဏိမျှော်စင်လိုလူသည် ဆူဇီမို၏ ထိုးချက်ကို ခုခံနိုင်ခဲ့သည့်အကြောင်းအရင်းမှာ သူသည် လျှို့ဝှက်အတတ်တစ်ခုကိုသုံးပြီး တစ်ဘက်လူ၏ တိုက်ခိုက်မှုကို မြေကြီးထဲသို့ လမ်းလွှဲနိုင်ခဲ့သောကြောင့်ဖြစ်၏။

ထို့ကြောင့်ပင်လျှင် မြေပြင်ပေါ်မှာ နက်ရှိုင်းသောခြေရာများ ကျန်ရစ်ခဲ့ခြင်းဖြစ်လေသည်။

အပြာရောင်ဝတ်အမျိုးသမီးကတော့ ပို၍ပင်အန္တရာယ်များခဲ့၏။

သူမသည် အဆိပ်တာအိုမှာ အထူးပြုပြီး သူမ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးစွမ်းအားက ကတုံးပြောင်ကိုယ်တော်နှင့် သံမဏိမျှော်စင်လိုအမျိုးသားထက် ပို၍နိမ့်ကျလေသည်။

စောစောက သူမ၏ ရှောင်တိမ်းမှုက အနည်းငယ်နှေးကွေးသွားခဲ့လျှင် သူမ၏ လက်နှစ်ဖက်သည် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီဖြင့် ဖြတ်တောက်ခြင်းခံရပေလိမ့်မည်။

သူတို့လေးယောက်သည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ လာခဲ့ကြပြီး သူတို့၏ ဂိုဏ်းများမှာ အနိမ့်ဆုံးအဆင့်အတန်းများရှိလေသည်။

သို့သော်လည်း အင်မော်တယ်ဂိုဏ်းများသို့ ဝင်ရောက်နိုင်သော ကျင့်ကြံသူများသည် အနိမ့်ကျဆုံး အစေခံများဖြစ်သည်ဆိုလျှင်တောင် သူတို့သည် အဆင့်တူများကြားမှာ များစွာသာလွန်သူများဖြစ်ပေလိမ့်မည်။

သူတို့လေးယောက်သည် ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ဤကဲ့သို့ ရက်စက်ကြမ်းတမ်းသောပုဂ္ဂိုလ်တစ်ယောက်နှင့် လာရောက်ကြုံတွေ့နေရ၏။

အခြားတစ်ဘက်မှာတော့ တိုက်ပွဲကိုစောင့်ကြည့်နေသောယွင်ထင်က တွေဝေရှုပ်ထွေးနေ၏။

စောစောက သူတို့လေးယောက်၏ ဝန်းရံတိုက်ခိုက်မှုကနေ သူသာလျှင် ဖြေရှင်းနိုင်မည်ဟု ပြောခဲ့၏။ ယခု... ဆူဇီမိုက အဲ့ဒါကိုဖြေရှင်းနိုင်ရုံသာမက သူက အားပါပြင်းထန်စွာတန်ပြန်တိုက်ခိုက်ခဲ့ပြီး အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ပညာရှင်များပင်လျှင် ဒဏ်ရာရစေလုနီးပါးဖြစ်ခဲ့၏။

အခြားတစ်ဘက်မှာတော့ ထျန်ကျစ်ရီနှင့် ဖန်းရွှမ်က အဆက်မပြတ်တိုက်ခိုက်နေပြီး အနိုင်ရလဒ်ကို ဆုံးဖြတ်နိုင်ဖို့ ခက်ခဲနေ၏။

ထျန်ကျစ်ရီသည် လုပ်ကြံသတ်ဖြတ်ခြင်းတာအိုကို ကျင့်ကြံထားသော်လည်း သူမ၏ ကိုယ်ကာယနှင့် မျိုးဆက်သွေးက တစ်မူထူးခြားပြီး သူမ၏ အ​ခြေခံအုတ်မြစ်က အလွန်တရာခိုင်မာနေ၏။

သူမက ပြိုင်စံရှားများ၊ ပြန်ဝင်စားမွန်းစတားများနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရမည်ဆိုလျှင်တောင် သူမက လုံးဝအရေးမနိမ့်ပေ။

တိုက်ခိုက်ချိန်ကြာမြင့်လေလေ ဖန်းရွှမ်က ပို၍ထိတ်လန့်လာလေလေဖြစ်၏။

သူသည် ကောင်းကင်ဘုံကပ်ဘေးလေးခုကို ဖြတ်ကျော်၍ တက်လှမ်းခဲ့ပြီး အောက်ဘုံမှာ ပြိုင်ဘက်ကင်းခဲ့လေသည်။

အထက်ဘုံလောကမှာပင် သူသည် သူ့ကိုယှဥ်နိုင်သည့်ပြိုင်ဘက်များနှင့် မကြုံတွေ့ခဲ့ဖူးပေ။

အစကတော့... သူ၏ မျက်လုံးထဲမှာ ယွင်ထင်၊ ဆူဇီမိုနှင့် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ပညာရှင်များကသာလျှင် သူ့ကိုခြိမ်းခြောက်နိုင်ကောင်း ခြိ​မ်းခြောက်နိုင်ပေလိမ့်မည်။

သူသည် ထျန်ကျစ်ရိကို လုံးဝအတည်အတံ့မှတ်ယူမထားခဲ့ပေ။

သာမန်ပုံစံနှင့် ဤအမျိုးသမီးက ဤမျှအထိ ကိုင်တွယ်ရခက်ခဲပြီး ကြောက်စရာကောင်းနေသည်ဆိုတော့…။

သူမ၏ တိုက်ခိုက်မှုများက ကြိုတင်ခန့်မှန်း၍ မရဘဲ သူတို့အားလုံးက သတ်ဖြတ်ကွက်များဖြစ်နေ၏။

သူသည် ဒဏ်ရာအပြင်းအထန် ရရှိလုနီးပါးဖြစ်သွားခဲ့သည့် အချိန်တချို့ပင်ရှိခဲ့၏။

“ဒီလူက ဘယ်ကနေရောက်လာတာလဲ”

ဖန်းရွှမ်က စိတ်ထဲကနေကြိတ်၍ကျိန်ဆဲလိုက်၏။

ထိုစဥ်မှာပင် အစိမ်းရောင်အလင်းတစ်ခုက အဝေးတစ်နေရာကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ကောင်းကင်ထင်သို့ ပျံတက်သွား၏။

သို့သော်လည်း ၎င်းက အလျင်အမြန်ပျောက်ကွယ်သွား၏။

ကျင့်ကြံသူများစွာက တုန်လှုပ်သွားပြီး အတွေးနက်သွားကြလေသည်။

ဆူဇီမိုကလည်း အစိမ်းရောင်အလင်းကို တွေ့မြင်လိုက်ရ၏။

အဲ့ဒါက ကျောက်စိမ်းအဆောင်ဆိုတာလား။

သူတို့ထဲ မည်သူမှာမှ ကျောက်စိမ်းအဆောင်နှင့်ပတ်သက်သည့် သဲလွန်စများမရှိကြပေ။

အစိမ်းရောင်အလင်း၏ ရုတ်တရက်ပေါ်ထွက်လာမှုက လူတိုင်းထံမှာ ခန့်မှန်းချက်များ ထွက်ပေါ်လာစေ၏။

ခဏမျှငြိမ်သက်ပြီးနောက် ကျင့်ကြံသူများက ကျောက်စိမ်းအဆောင်ရှိရာဘက်သို့ ပြေးလွှားလိုက်ကြ၏။

“အရှင်မင်းသား... ကျုပ်တို့ရော ဘယ်လိုလုပ်မလဲ”

ကျိရွှမ်အင်မော်တယ်နိုင်ငံမှ ကျင့်ကြံသူတစ်ယောက်က ညင်သာစွာမေးလိုက်၏။

“အဲ့ဒီကို အရင်သွားကြည့်ကြတာပေါ့... ငါက ကျောက်စိမ်းအဆောင်ကိုရော ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကိုရော အရယူဖို့ ဆုံးဖြတ်ထားတယ်”

ယွင်ထင်က လေးနက်သောအကြည့်ဖြင့် ခဏမျှစဥ်းစားတွေးတောလိုက်၏။

“ကျောက်စိမ်းအဆောင်ကိုပဲ အရင်သွားရှာကြတာပေါ့... ငါတို့ဆူဇီမိုကို ပြီးမှပြန်လိုက်ရှာလို့ရတာပဲ”

ခဏမျှရပ်တန့်ပြီးနောက် သူက ပြုံးလိုက်၏။

“ငါ့အထင်တော့... ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ ငါကလွဲရင် သူ့ကို ဘယ်သူကမှတားနိုင်မှာ မဟုတ်တော့ဘူး”

“အရှင်မင်းသား... ခင်ဗျားသူ့ကို အထင်ကြီးလွန်းရာကျမနေဘူးလား”

ယွင်ထင်၏ နောက်ဘက်မှာရှိသောလူက သူပြောသည့်အဓိပ္ပါယ်ကို နားလည်သဘောပေါက်သွား၏။

ယွင်ထင်က အနည်းငယ်ခေါင်းညိတ်လိုက်၏။

“အဲ့ဒီလူက အရမ်းကို ပါရမီအရည်အချင်းရှိပြီးတော့... ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်ကိုလည်း ကျင့်ကြံထားတယ်... ငါတို့က ရေစက်ပါတယ်လို့ ပြောရမယ်”

“ဒါပေမယ့်... သူက အောက်ဘုံကနေတက်လှမ်းလာတာပဲ... မဟာကျင်းအင်မော်တယ်နိုင်ငံမှာ သူ့အနေနဲ့ ခြေကုပ်ရယူဖို့ မလွယ်ဘူး... သူက ငါ့နောက်ကို လိုက်ချင်တယ်ဆိုရင်... မိုးကောင်းကင်ကိုးလွှာမှာ သူ့ရဲ့နာမည်ကို တည်ဆောက်မှပဲရလိမ့်မယ်”

ကျင့်ကြံသူက ပြုံးပြလိုက်၏။

“အရှင်မင်းသား... အထက်ဘုံလောကမှာ အောက်ဘုံက ကျင့်ကြံသူတွေကို ခင်ဗျားလိုမျိုးပြုမူဆက်ဆံတဲ့သူတွေက မရှိသလောက်နီးပါးပဲ.... သူက ခင်ဗျားရဲ့ တပ်သားသစ်စုဆောင်းခြင်းခံရမယ်ဆိုရင်တောင်မှ သူ့အတွက်ကံကောင်းလှပြီ”

ယွင်ထင်က ခေါင်းခါ၍ ပြုံးလိုက်၏။

“အဲ့လိုမျိုးပြောလို့မရဘူး... ဒီလိုမျိုး ပါရမီအရည်အချင်းနဲ့ တိုက်ခိုက်ရည်ခွန်အားရှိတဲ့ဘယ်သူမဆို ပြန်ဝင်စားမွန်းစတားတွေပဲ... သူတို့ကမာန်မာနကြီးတယ်... သူတို့ကိုတပ်သားသစ်စုဆောင်းဖို့ဆိုတာ မလွယ်ဘူး”

“ငါသူ့ကိုအနိုင်ယူပြီး သူ့ကိုလက်ခံယုံကြည်လာအောင်အရင်လုပ်ရမယ်... ပြီးတော့မှ သူ့ကို ငါ့လက်အောက်ကို ဆွဲသွင်းရမယ်”

ထိုသို့ပြောရင်း ယွင်ထင်က ဆူဇီမိုကိုတစ်ချက်ကြည့်ပြီး ကျိရွှမ်အင်မော်တယ်နိုင်ငံမှ ကျင့်ကြံသူများစွာကိုဦးဆောင်ကာ အစိမ်းရောင်အလင်းရှိရာဘက်သို့ ထွက်ခွာသွား၏။

“ဖန်းရွှမ်... အဲ့ဒီအမျိုးသမီးကိုထားလိုက်တော့... ငါတို့ကျောက်စိမ်းအဆောင်ကိုအရင်သွားရှာရမယ်... သူများတွေကို လက်ဦးရယူခွင့်ပေးလို့ မဖြစ်ဘူး”

လူအိုကြီးကော၏ အသံက ဖန်းရွှမ်၏ စိတ်ထဲသို့ ဝင်ရောက်လာ၏။

ဘန်း...

တိုက်ပွဲနယ်မြေမှာ... ဖန်းရွှမ်သည် ထျန်ကျစ်ရီနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီး နောက်သို့ဆုတ်ခွာလိုက်၏။ သူ၏ လက်သီးပေါ်မှ လျှပ်စီးများကို ဝေ့ယမ်းထုတ်ပြီး လှောင်ရယ်လိုက်၏။

“ငါမင်းနဲ့ဆက်ပြီး မကစားတော့ဘူး... ငါတိုနောက်တစ်ခေါက်ကျမှ ပြန်တိုက်ခိုက်ကြတာပေါ့”

“နောက်တစ်ခေါက်ဆို... နင်သေပြီပဲ”

ထျန်ကျစ်ရီက မှင်သေသေဖြင့် ပြောလိုက်၏။

“ဟားဟားဟားဟား”

ဖန်းရွှမ်က အော်ဟစ်ရယ်မောလိုက်၏။

“မင်းက ငါ့ကိုသတ်ချင်တာလား... မင်းက အဲ့ဒီအဆင့်ကိုရောက်ဖို့ အဝေးကြီးလိုသေးတယ်”

ထိုသို့ပြောလိုက်သည့်ခဏမှာပင် ဖန်းရွှမ်က လူအိုကြီးကောဘက်သို့လှည့်ဝင်သွားပြီး ယန်ယန်းအင်မော်တယ်နိုင်ငံမှ လူတိုင်းနှင့်အတူ ထွက်ခွာသွားလေသည်။

အစက ဆူဇီမိုနှင့်ရင်ဆိုင်နေသော အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ကျင့်ကြံသူများကလည်း နောက်သို့ဆုတ်ခွာချင်ကြ၏။

ဂိုဏ်းကနေ သူတို့ကိုပေးထားသည့်တာဝန်က ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းမဟုတ်ဘဲ ကျောက်စိမ်းအဆောင်ကိုရှာဖို့ဖြစ်၏။

သူတို့က ဆူဇီမိုနှင့် ဤနေရာမှာဆက်လက်တိုက်ခိုက်နေပြီး အဲ့ဒါကြောင့် အဓိကကျသောအရာကို လက်လွှတ်ရမည်ဆိုလျှင် သူတို့သည် ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းကို ရရှိနိုင်ခဲ့သည်ဆိုလျှင်တောင် သူတို့ပြန်ရောက်သည့်အခါ အပြစ်ပေးခံရပေလိမ့်မည်။

ထိုသို့အတွေးဖြင့် အင်မော်တယ်ဂိုဏ်း​လေးဂိုဏ်းမှ ပညာရှင်များက အကြည့်ချင်းဖလှယ်ပြီးနောက် တစ်ချိန်တည်းမှာပင် နောက်သို့ဆုတ်ခွာကာ သူတို့၏ ဂိုဏ်းများမှ အခြားသောကျင့်ကြံသူများနှင့်အတူ ထွက်ခွာသွားကြ၏။

ထျန်ကျစ်ရီက ဆူဇီမို၏ ဘေးသို့ ရောက်ရှိလာခဲ့၏။ ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်လာခဲ့သော မဟာကျင်းအင်မော်တယ်နိုင်ငံမှ လူတစ်ရာရှိခဲ့၏။ သို့သော် ယခု... သူတို့သာလျှင် ကျန်ရစ်တော့လေသည်။

“လူတိုင်းမှာ တာညီတဲ့ရည်ရွယ်ချက်ရှိနေတဲ့ပုံပဲ... အဲ့ဒါက ဟိုကျောက်စိမ်းအဆောင်ပဲ”

ဆူဇီမိုက တီးတိုးရေရွတ်လိုက်၏။

ထျန်ကျစ်ရီကလည်း တိတ်တဆိတ်သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။

ဆူဇီမိုက အတွေးနက်စွာဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။

“ဒီလောက်ဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေအများကြီးကို ဆွဲဆောင်နိုင်အောင် အဲ့ဒီကျောက်စိမ်းအဆောင်ရဲ့ မူလဇာစ်မြစ်နဲ့ လျှို့ဝှက်ချက်က ဘာပါလိမ့်”

“အဲ့ဒီဂိုဏ်းတွေနဲ့ အဖွဲ့အစည်းတွေရဲ့မျက်လုံးထဲမှာ အဲ့ဒါက ရောင်စဥ်ခုနှစ်သွယ် အင်မော်တယ်ဂျင်ဆင်းထက်တောင် အများကြီးပိုပြီး အရေးပါနေတယ်”

ထျန်ကျစ်ရီက ပြောလိုက်၏။

“ဒီလိုမျိုးလျှို့ဝှက်ချက်တစ်ခုကို ယွင်ထင်လိုအဆင့်အတန်းနဲ့လူကပဲ သိနိုင်လိမ့်မယ်လို့ ငါထင်တယ်”

“ငါတို့လည်း သွားကြည့်ကြတာပေါ့”

ဆူဇီမိုက လေးနက်သောအသံဖြင့် ပြောလိုက်၏။

မင်းသားယွမ်ကျော၏ မှာကြားမှုမရှိလျှင်တောင် သူသည် ကျောက်စိမ်းအဆောင်က ဘယ်လိုပုံစံရှိမလဲ၊ ၎င်း၏ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ သူက တွေ့ချင်မြင်ချင်နေ၏။

ထျန်ကျစ်ရီက တစ်စုံတစ်ရာပြောဆိုခြင်း မရှိဘဲ ဆူဇီမို၏ နောက်ကနေ တိတ်တဆိတ်လိုက်ပါလာခဲ့၏။

All Chapters