ပျက်စီးနေသောနန်းတော်
Vol. 133 Ch. 1984
ဆူဇီမိုနှင့် ထျန်ကျစ်ရီသည် ကျင့်ကြံသူများစွာ၏ လမ်းကြောင်းအတိုင်း လိုက်ပါလာခဲ့၏။
နေ့တစ်ဝက်ခန့် လျှောက်လှမ်းပြီးနောက် သူတို့သည် ရှေ့တည့်တည့်မှာ ကြီးမားသောအဆောက်အအုံတစ်ခုကို တွေ့မြင်လိုက်ရ၏။
အဲ့ဒါက နန်းတော်တစ်ခုနှင့် တူလေသည်။ အဲ့ဒါက ယိုယွင်းပျက်စီးနေသော်လည်း ၎င်း၏ ခမ်းနားထည်ဝါမှုကို အဝေးကနေပင် တွေ့မြင်နိုင်၏။
သူတို့သည် တစ်စုံတစ်ရာကို ရှာဖွေနေသည့်အလား နန်းတော်၏ ပတ်လည်မှာ ကျင့်ကြံသူအချို့က ရစ်ဝဲနေကြပြီဖြစ်၏။
ကျင့်ကြံသူများထဲမှ အများစုသည် ခန်းမထဲသို့ ဝင်ရောက်သွားကြပြီဖြစ်သည်။
ဆူဇီမိုနှင့် ထျန်ကျစ်ရီက နန်းတော်ရှေ့သို့ အကြမ်းဖျင်းတစ်ချက်ကြည့်လိုက်သော်လည်း ဘာကိုမှ ရှာဖွေမဖော်ထုတ်နိုင်ပေ။
သူတို့နှစ်ယောက်က အပြင်ဘက်မှာ အချိန်ဖြုန်းမနေဘဲ နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့ကြ၏။
သူတို့၏ ရှေ့မှာ အစိမ်းရောင်ကျောက်တုံးများခင်းကျင်းထားသည့် အလွန်တရာကျယ်ဝန်းသော လေးထောင့်ကွင်းတစ်ခုရှိနေ၏။ အဲ့ဒီမှာ ဆေးပင်စိုက်ခင်းများနှင့် ပိုင်းခြားထားသော ကျောက်သားလမ်းသွယ်တချို့လည်းရှိလေသည်။
သို့သော်လည်း ဆေးပင်စိုင်ခင်းထဲမှာ မည်သည့်အင်မော်တယ်ဆေးပင်မှ မရှိတော့ဘဲ ညှိုးခြောက်နေသော အရွက်တချို့သာလျှင် ကျန်ရစ်တော့၏။
ဆေးပင်စိုက်ခင်း၏ မြေဆီလွှာကပင်လျှင် ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာဖြင့် တိုက်စားခံထားရပြီး ထူးဆန်းသောစိမ်းဖန့်ဖန့်အရောင်ဖြင့် တောက်ပနေ၏။
ကွင်းက အရမ်းကိုကြီးမားပြီး ဆူဇီမို၏ အမြင်အာရုံနှင့်ပင်လျှင် သူက အဆုံးသတ်ကို မတွေ့မြင်ရပေ။
သူတို့နှစ်ယောက်က ကျောက်သားလမ်းသွယ်တစ်လျှောက် ဆေးပင်စိုက်ခင်းများကို ဖြတ်ကျော်ခဲ့ပြီး ဆက်တက်လာခဲ့၏။
လမ်းတစ်လျှောက်မှာ ကွင်းထဲမှာ လျှောက်လှမ်းနေကြသော ကျင့်ကြံသူအချို့နှင့် ကြုံတွေခဲ့ရ၏။
“ဒီနန်းတော်က အရင်တုန်းက အင်မော်တယ်ဧကရာဇ်ရဲ့ ယာယီဂေဟာတွေထဲက တစ်ခုဖြစ်လိမ့်မယ်... ဒီနေရာမှာ ရတနာတစ်ခုခုများရှိမလား ငါသိချင်မိတယ်”
“ဒီနေရာမှာ သေချာပေါက်ရတနာတွေရှိခဲ့တာပေါ့... ကံဆိုးတာကတော့... အဲ့ဒါတွေက ဒီမှာရှိတဲ့ကျိန်စာတွေနဲ့ နှစ်ပေါင်းများစွာကြာအောင် တိုက်စားခံခဲ့ရပြီးတော့ အခုအကုန်လုံးက ပျက်စီးနေပြီ”
“ဘယ်ဘက်နဲ့ညာဘက်က ဘေးဘက်ခန်းမတွေမှာ ရှားရှားပါးပါးရတနာတွေ၊ ဆေးလုံးတွေနဲ့ ဓမ္မရတနာတွေရှိနေတယ်လို့ ငါကြားမိတယ်... ကံဆိုးတာကတော့ အဲ့ဒါတွေထဲ ဘယ်ဟာကိုမှ သုံးစားမရတော့ဘူး”
“အဲ့ဒါကြောင့်သာ မဟုတ်ရင် ဒီနန်းတော်ထဲမှာရှိတဲ့ မြက်ပင်တစ်ပင်ချင်းစီကတောင် အံ့မခန်းရတနာတစ်ခုဖြစ်နေလိမ့်မယ်”
“ငါတို့က လောလောဆယ်မှာ ပင်မခန်းမထဲကို မဝင်ရောက်နိုင်သေးဘူးဆိုမှတော့... ဒီနေရာမှာဆက်ပြီး ရှာဖွေကြတာပေါ့... ငါတို့ကံကောင်းလို့ မပျက်စီးသေးတဲ့ရတနာတစ်ခုခုကို တွေ့မယ်ဆိုရင်... မဆိုးဘူး”
ဆူဇီမို၏ နားက လှုပ်ခတ်သွားပြီး ကွင်းထဲမှ တီးတိုးပြောဆိုသံတချို့ကို ကြားလိုက်ရ၏။
နန်းတော်၏ အပြင်ဘက်မှာရှိသော ကျင့်ကြံသူများသည် သူတို့၏ ကံကိုစမ်း၍ ရတနာအချို့ကို ရှာဖွေလိုနေခြင်းဖြစ်ပေလိမ့်မည်။
သို့သော်လည်း ထိုလူများပြောသည့် လောလောဆယ်မှာ ပင်မခန်းမထဲကိုမဝင်ရောက်နိုင်သေးဘူးဆိုတာ ဘာကိုပြောတာလဲ သူမသိပေ။
သူတို့နှစ်ယောက်က ရှေ့သို့ဆက်လျှောက်လာခဲ့ပြီး သိပ်မကြာခင် သူတို့သည် ကွင်းတစ်ခုလုံးကို ဖြတ်ကျော်လာခဲ့၏။
လေးထောင့်ကွင်း၏ အဆုံးသတ်မှာ နန်းတော်၏ ပင်မခန်းမရှိနေ၏။ ထောင်နှင့်ချီသော ကျင့်ကြံသူများက ခန်းမ၏ ရှေ့မှာ စုဝေးနေကြပြီး ပင်မခန်းမတံခါးကို စိုက်ကြည့်နေကြ၏။
သူတို့ထဲမှ အချို့က ခပ်တိုးတိုးဆွေးနွေးပြောဆိုနေကြ၏။
သူတို့နှစ်ယောက်သည် တစ်ချက်ကြည့်ဖို့အတွက် ရှေ့သို့တက်လာခဲ့ပြီး ပင်မခန်းမ၏ ဝင်ပေါက်ဝမြေပြင်မှာ ခပ်ဖျော့ဖျော့တောက်ပနေသော ရှုပ်ထွေးပွေလီသည့် အင်းကွက်များရှိနေသည်ကို တွေ့မြင်လိုက်ရ၏။
“အဲ့ဒါက ဝင်္ကပါတစ်ခုပဲ”
ထျန်ကျစ်ရီက တီးတိုးရေရွတ်လိုက်၏။
ဆူဇီမိုက ခေါင်းညိတ်၍ ပင်မခန်းမရှေ့မှာရှိသော ဝင်္ကပါကို ခဏကြာစိုက်ကြည့်လိုက်ပြီး သူ၏ ခေါင်းထဲမှာ မူးဝေလာခဲ့၏။
ဝင်္ကပါက အရမ်းကိုရှုပ်ထွေးပြီး ဝင်္ကပါအစီအရင်အပေါ် သူ၏ အောင်မြင်ပေါက်မြောက်မှုအရ အဲ့ဒါကို လုံးဝ မဖြေရှင်းနိုင်ပေ။
သို့သော်လည်း ထိုအခိုက်အတန်မှာ လူငယ်အမျိုးသားတစ်ယောက်က ပင်မခန်းမရှေ့ရှိ ဝင်္ကပါအစပ်မှာ မတ်တတ်ရပ်နေ၏။
ထိုလူ၏ အမူအရာက မြင့်မားသောစိတ်ဝိညာဥ်နှင့်အတူ ယုံကြည်မှုရှိနေ၏။ မကြာမကြာဆိုသလို... သူက ရပ်တန့်လိုက် စဥ်းစားလိုက် သို့မဟုတ် အရှိန်တင်လိုက်၊ သူ၏ လက်ချောင်းများကိုဝေ့ယမ်းလိုက်နှင့် ဝင်္ကပါထဲသို့ အမြုတေချီစိတ်ဝိညာဥ်အလင်းများကို ပို့လွှတ်နေ၏။
အဲ့ဒါသည် ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ မင်းသားငယ်ယွင်ထင်ဖြစ်၏။
ယွင်ထင်က လှုပ်ရှားမှုတစ်ကြိမ်ပြုလုပ်လိုက်တိုင်း ဝင်္ကပါက အနည်းငယ် တုန်ခါ၍တောက်ပလာတတ်၏။
ဒါ့အပြင် ဝင်္ကပါ၏ အလင်းရောင်ကလည်း သိသိသာသာမှေးမှိန်လာနေ၏။
ယွင်ထင်က ဝင်္ကပါကိုဖြေရှင်းနေခြင်းပင်။
ဤနှုန်းထားနှင့်ဆိုပါက ဝင်္ကပါပျက်ပြယ်သွားဖို့ အချိန်တစ်ခုသာ လိုပေလိမ့်မည်။
ယွင်ထင်က အရမ်းကိုသန်မာသည်ကို ဆူဇီမိုက ခံစားမိလိုက်၏။
တကယ်ဆို... သူသည် ထိုလူ့ထံမှ အန္တရာယ်အငွေ့အသက်တစ်ခုကိုပင် ခံစားနေရ၏။
အသက်နှစ်နှစ်ရာကျော်မှာ အဆင့်-၉ မဟူရာအမြုတေနယ်ပယ်ကို ရောက်အောင်ကျင့်ကြံနိုင်ဖို့ဆိုသည်မှာ ဤလူတွင် မြင့်မြတ်သောအဆင့်အတန်းနှင့် အကန့်အသတ်မဲ့အရင်းအမြစ်များရှိနေမည်ဆိုလျှင်တောင် သူ၏ ပါရမီအရည်အချင်းက တကယ့်ကိုကြောက်စရာကောင်းနေမှ ရပေမည်။
ပို၍ပင်ကြောက်စရာကောင်းသည့်အရာမှာ အစီအရင်ဝင်္ကပါများအပေါ် ဤလူ၏ အောင်မြင်ပေါက်မြောက်မှုကလည်း အရမ်းကို နက်ရှိုင်းနေခြင်းဖြစ်၏။
လူတစ်ယောက်၏ ခွန်အားမှာ အကန့်အသတ်ရှိလေသည်။ သူတို့က နှစ်နှစ်ရာကျော်ကြာအောင် စိတ်ရောကိုယ်ပါနှစ်မြှုပ်ပြီး ကျင့်ကြံမည်ဆိုလျှင်တောင် သူသည် အဆင့်-၉ မဟူရာအမြုတေနယ်ပယ်သို့ ရောက်ရှိချင်မှရောက်ရှိနိုင်ပေလိမ့်မည်။
သို့သော် ဤလူကတော့ အစီအရင်ဝင်္ကပါများကိုကျင့်ကြံဖို့ပင် သူ၏ စိတ်အာရုံကို ခွဲပေးနိုင်ခဲ့၏။
“ငါတို့က ပင်မခန်းမရဲ့ အဓိကဝင်ပေါက်ကနေ ဘာလို့ဖြတ်ကျော်ရမှာလဲ တခြားဝင်ပေါက်တွေ မရှိတော့ဘူးလား... ဒီခန်းမက ယိုယွင်းပျက်စီးနေပြီး ပြိုကျတော့မယ့်ဆဲဆဲဖြစ်နေပြီ... အဲ့ဒါက ငါ့ဆီက ထိုးချက်တစ်ချက်ကိုတောင် ခံနိုင်ပါ့မလား”
လူအုပ်ထဲမှ ကျင့်ကြံသူတစ်ယောက်က တီးတိုးရေရွတ်လိုက်၏။
“ဟဟား...”
ချက်ချင်းပင် ဘေးလက်ကနေ လှောင်ပြောင်ထေ့ငေါ့သံတစ်သံက ထွက်ပေါ်လာ၏။
“အဲ့ဒါဆိုလည်း မင်းကြိုးစားကြည့်လိုက်လေ… ပင်မခန်းမကို အဟန့်အတားအချုပ်အနှောင်တွေနဲ့ ဝိုင်းပတ်ထားတာ... မင်းအတင်းဝင်ဖို့ကြိုးစားရင် သေချာပေါက်သေရလိမ့်မယ်”
“ဟိုမှာလဲကျနေတဲ့အလောင်းတွေကို မင်းမမြင်ဘူးလား”
ပထမပြောလိုက်သည့်လူက မှင်တက်သွားပြီး ဆက်၍မပြောဆိုတော့ပေ။
“ဝင်္ကပါကို ချေဖျက်တာက အမြုတေစိတ်ဝိညာဥ်အပေါ် အားအင်အတော်လေးကုန်ခန်းစေတယ်... ဒီမင်းသားက တကယ့်ကို ရဲတင်းတာပဲ... သူက စွမ်းအင်ပြတ်လပ်ပြီးတော့ အန္တရာယ်နဲ့ကြုံတွေ့ရမှာ မကြောက်ဘူးလား”
“သူ့မှာ ဘယ်လိုအဆင့်အတန်းရှိလဲ မင်းမသိဘူးလား... ဧကရာဇ်ဂူသင်္ချိုင်းထဲမှာရှိတဲ့ လူတိုင်းနီးပါးက နိမ့်ကျတဲ့အဆင့်အတန်းကိုပဲ ပိုင်ဆိုင်ထားကြတယ်... ဘယ်သူက သူ့ကိုထိပါးရဲမှာလဲ... နောက်ပြီး သူ့ရဲ့ အမြုတေစိတ်ဝိညာဥ်က အားအင်ကုန်ခန်းပြီး ချိနဲ့သွားမယ်ဆိုရင်တောင် သူက သူနဲ့အဆင့်တူချင်းကြားမှာ ပြိုင်ဘက်ကင်းနေဦးမှာပဲ”
လူအုပ်ကြီးထဲမှာ ဖန်းရွှမ်က အရာရာတိုင်းကို အေးစက်စွာကြည့်ပြီး သူက သရော်ပြုံးပြုံးလိုက်၏။
“ဘာပဲပြောပြော ဒီလူက ငယ်ရွယ်လွန်းသေးတော့ သူ့ကိုယ်သူအထင်ကြီးလွန်းနေတယ်... သူက ဘယ်လိုထိန်ချန်ထားရမလဲဆိုတာတောင် မသိဘူးပဲ”
ဆူဇီမိုက ခဏမျှစောင့်ကြည့်ပြီးနောက် လူအုပ်ကြီးထဲကနေထွက်လာခဲ့၏။
“ရှင်ဘယ်သွားမလို့လဲ”
ထျန်ကျစ်ရီက မေးမြန်းလိုက်၏။
ဆူဇီမိုက ပြန်ပြောလိုက်၏။
“ဒီဝင်္ကပါကို အချိန်တိုအတွင်းမှာ ချေဖျက်နိုင်ဦးမှာ မဟုတ်ဘူး... ငါက ဘေးဘက်ခန်းမတွေကိုသွားပြီးတော့ ရှာဖွေလိုက်ဦးမယ်”
“ငါတော့မလိုက်တော့ဘူး”
ထျန်ကျစ်ရီက လှုပ်ရှားမလာခဲ့ပေ။
သူမက ဝင်္ကပါပျက်ပြယ်သည့်အခါ ခန်းမထဲသို့ချက်ချင်းဝင်ရောက်ပြီး အခွင့်အလမ်းကိုချိန်ဆဖို့ ပြင်ဆင်ထားလေသည်။
ဆူဇီမိုက ခေါင်းညိတ်၍ ဘေးဘက်ခန်းမတစ်ခုစီသို့ လှည့်ထွက်သွားခဲ့၏။
ဘေးဘက်ခန်းမထဲမှာ မည်သည့်အဟန့်အတားမှ မရှိပေ။ တံခါးကပွင့်နေပြီး အထဲမှာက ရှုပ်ပေပွနေ၏။ ကျင့်ကြံသူများစွာက အဲ့ဒါကို မွှေနှောက်ရှာဖွေထားခဲ့သည်မှာ သိသာနေ၏။
အစကတော့... ဘေးဘက်ခန်းမထဲမှာ နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများစွာကို နေရာချထားလေသည်။
အဲ့ဒီမှာ ဆေဘာများ၊ လှံများ၊ ဓားများ၊ လှံပုဆိန်များ၊ ခေါင်းလောင်းများ၊ ဒယ်စောက်များ၊ ကြေးမုံများ၊ သာမန်လက်နက်များနှင့် မျိုးနွယ်စုအမျိုးမျိုးမှ ဓမ္မရတနာများ… အားလုံးက ရှိနေခဲ့၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာအများစုက နေရာတိုင်းမှာ ပြန့်ကျဲနေခဲ့ပြီဖြစ်၏။ အတိအကျဆိုရလျှင် ထိုအရာများကို နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများဟုပင် မခေါ်ဆိုနိုင်တော့ပေ။
ဧကရာဇ်ဂူသင်္ချိုင်းကျိန်စာ၏ တိုက်စားမှုအောက်မှာ ထိုနတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများက သတ္တုပျက်များဖြစ်နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်၏။
တကယ်ဆို... ထိုနတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများ၏ အဆင့်များက မြင့်မားခြင်းမရှိပေ။ အနည်းဆုံးတော့... သူတို့သည် အသိစိတ်ရှိဓမ္မရတနာများအဆင့်မှာ ရှိမနေပေ။
အကြောင်းမှာ ငရဲဖိနှိမ်မီးဖိုကနေ မည်သည့်တုံ့ပြန်မှုမှ ရှိမလာသောကြောင့်ဖြစ်၏။
အဲ့ဒီမှာ ပျောက်ဆုံးနေသော ဓမ္မရတနာအချို့ကို ရှာဖွေချင်သော ကျင့်ကြံသူအချို့က ဘေးဘက်ခန်းမထဲမှာ ကျန်ရှိနေကြဆဲ ဖြစ်၏။
တကယ်ဆို... ကျင့်ကြံသူအချို့သည် ဓားကျိုးတစ်လက်အတွက်ပင် တိုက်ခိုက်ခဲ့ကြ၏။
ဂရုတစိုက်ရှာဖွေကြည့်ရင်း ဘာကိုမှ မတွေ့ရသည့်အခါ ဆူဇီမိုက မျက်နှာချင်းမှာရှိသော တခြားဘေးဘက်ခန်းမဆီသို့ လျှောက်လှမ်းလာခဲ့၏။
စောစောက ဘေးဘက်ခန်းမတွင်... နတ်ဘုရားလက်နက်များနှင့် ဓမ္မရတနာများပါဝင်ခဲ့ပြီး ဤဘေးဘက်ခန်းမမှာ အစက ဆေးလုံးများစွာကို ထည့်သွင်းသိမ်းဆည်းထားခဲ့၏။
ဘေးဘက်ခန်းမထဲရှိ ဆေးဗီရိုများက မြေပြင်ပေါ်မှာ လဲကျနေပြီး ပုလင်းများနှင့် ဖန်ဗူးများက အဲ့ဒီမှာပြန့်ကျဲနေ၏။
ပုလင်းများစွာကို အဖုံးလှပ်ထားပြီး အထဲမှာရှိသောဆေးလုံးများစွာက ထွက်ကျနေ၏။
ဆူဇီမိုသည် ကြုံရာကျပန်း ဆေးလုံးတစ်လုံးကို ကောက်ယူပြီး လက်ညှိုးလက်မကြားမှာညှပ်ကာ ပွတ်ခြေလိုက်၏။
နှစ်ပေါင်းများစွာကြာပြီးနောက် အထဲမှာရှိသော ဆေးအာနိသင်နှင့် စိတ်ဝိညာဥ်ချီများက ပျက်ပြယ်သွားခဲ့ပြီဖြစ်၏။
အဲ့ဒီမှာ အကောင်းပကတိဆေးလုံးများကျန်ရှိနေသည်ဆိုလျှင်တောင် သူတို့က ဧကရာဇ်ဂူသင်္ချိုင်းကျိန်စာဖြင့် စွန်းထင်းခံထားရပေလိမ့်မည်။ ထိုဆေးလုံးများကို စားသုံးခြင်းက ကိုယ့်ကိုကိုယ်သတ်သေခြင်းနှင့် ကွာခြားလိမ့်မည် မဟုတ်ပေ။
ဆူဇီမိုသည် ဘေးဘက်ခန်းမထဲမှာ လှည့်ပတ်ပြီး မည်သည့်အရာကိုမှ မတွေ့ရှိရသည့်အခါ ထွက်ခွာဖို့ပြင်ဆင်လိုက်၏။
သူက ယိုယွင်းပျက်စီးနေသော အပျက်အစီးပုံတစ်ခုဘေးကနေဖြတ်လျှောက်လာစဥ် ငရဲဖိနှိမ်မီးဖိုက လှုပ်ခတ်လာခဲ့၏။
။