← Chapters

ပဲစေ့စစ်သားများ

Vol. 133 Ch. 1987

ပဲစေ့စစ်သားများ

Vol. 133 Ch. 1987

ထိုအသံသည် ကျောက်စိမ်းပန်းကန်ပြားပေါ်သို့ ပုလဲလုံးများ ကျဆင်းလာသည့် အသံကဲ့သို့ ဖြစ်၏။

အဲဒါက တခြားတစ်နေရာမှာသာဆိုလျှင် ထိုအသံက သာယာနာပျော်ဖွယ်ကောင်းနေပေလိမ့်မည်။ သို့သော်လည်း ဧကရာဇ်ဂူသင်္ချိုင်း၏ စွန့်ပစ်ထားသော ခန်းမထဲမှာ ထိုအသံက အနည်းငယ် ကြောက်စရာကောင်းနေ၏။

လူတိုင်းသည် အသံလာရာဘက်သို့ လှမ်းကြည့်ပြီး လမ်းခင်းကျောက်အရွယ် ပဲစေ့များက ခန်းမ၏ ရှေ့မှာ ရှိသော ကျောက်လှေကားထစ်များကနေ လိမ့်ဆင်းလာသည်ကို တွေ့မြင်လိုက်ရ၏။

တစ်ချက်ကြည့်ရုံဖြင့်​ ပဲစေ့များက သိပ်သည်းများပြားပြီး အနည်းဆုံး အရေအတွက်ထောင်ချီက ကျောက်သားလှေကားထစ်များကနေ လိမ့်ဆင်းလာနေ၏။

“အဲဒါ ဘာတွေလဲ”

“အဲဒီ ပဲစေ့တွေရဲ့ ပတ်လည်မှာ တစ္ဆေတစ်ကောင် လှည့်ပတ်နေသလိုပဲ”

လူတိုင်းက သတိအနေအထားပြင်ထားလိုက်ကြ၏။

လေထဲမှာ ယွင်ထင်က မျက်မှောင် အနည်းငယ်ကြုတ်ပြီး သူ၏ မျက်လုံးနှစ်ဖက်က အတွေးနက်စွာဖြင့် တဖျပ်ဖျပ်လက်သွား၏။

အင်မော်တယ်နိုင်ငံတစ်နိုင်ငံ၏ မင်းသားတစ်ပါးအနေဖြင့် သူသည် တော်ဝင်မိသားစု၏ မျိုးဆက်သွေးကို ပိုင်ဆိုင်ထား၏။ သူက ငယ်ရွယ်သော်လည်း အတွေ့အကြုံနှင့် ဗဟုသုတကြွယ်ဝလေသည်။

“ဖြစ်နိုင်တာက…”

ယွင်ထင်က တီးတိုးရေရွတ်လိုက်၏။

ဖျောက်..ဖျောက်..

ပဲစေ့များက ကျင့်ကြံသူများ၏ ရှေ့သို့ ရောက်မလာခင်မှာပင် သူတို့က ကြေမွသွား၏။

အဲဒီနောက် ချက်ချင်းပင် အဝါရောင် မြူခိုးများက ပဲစေ့များထဲကနေ တလိပ်လိပ် ထိုးထွက်လာပြီး လူတိုင်း၏ ရှေ့မှောက်မှာ မကောင်းဆိုးဝါးဆန်ဆန် ပုံရိပ်များအဖြစ် အသွင်ပြောင်းလဲသွား၏။

သူတို့ထဲမှ အချို့က စုတ်ပြတ်သတ်နေသော ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ပိန်လှီနေသော မျက်နှာများရှိကာ မြင်းမြီးကျာပွတ်များကို ကိုင်ဆွဲထား၏။

သူတို့ထဲမှ အချို့သည် လက်တစ်ဖက်ကို ဆုံးရှုံးထားပြီး ကျန်လက်တစ်ဖက်က ဆေဘာတစ်လက်ကို ကိုင်ဆွဲကာ ဒယီးဒယိုင် လျှောက်လှမ်းလာနေ၏။

သူတို့ထဲမှ တချို့သည် မျက်နှာတစ်ခြမ်း မရှိသော်လည်း သူတို့က ကြမ်းကြုတ်ခက်ထန်နေကြဆဲဖြစ်၏။

ထိုပုံရိပ်များ အားလုံးမှာ တူညီသော အချက်တစ်ချက် ရှိနေ၏။ သူတို့၏ မျက်တွင်းပေါက်များက နီရဲ၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုနှင့်အတူ ထူးဆန်းသော အနီရောင်အလင်းတောက်တောက်တစ်ခု ဖြာထွက်နေခြင်းပင်။

“အဲဒါက တမလွန်စစ်သားတွေပဲ… သူတို့က တမလွန်စစ်သားတွေ”

“ငါတို့က ငါတို့လာတဲ့ လမ်းမှာ တမလွန်စစ်သားတွေကို မတွေ့ခဲ့တာ မထူးဆန်းတော့ဘူး… သူတို့ အကုန်လုံးက ဒီခန်းမထဲမှာ ပိတ်မိနေတာပဲ”

“အဲဒီ တမလွန်စစ်သားတွေက ဘာလို့ ပဲစေ့တွေထဲကနေ ထွက်လာတာလဲ”

အံ့အားတသင့် ရေရွတ်သံများက လူအုပ်ကြားထဲကနေ ဆက်တိုက်ထွက်ပေါ်လာ၏။

ထောင်နှင့်ချီသော တမလွန်စစ်သားများက ခန်းမထဲမှာ ပေါ်ထွက်လာပြီး ထကြွသောင်းကျောင်းနေသော ဆိုးယုတ်အော်ရာတစ်ခုနှင့်အတူ လူတိုင်း၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်၏။

အဲဒါက တကယ်ကို တုန်လှုပ်စရာကောင်း၏။

“ဟဟား..”

လေထဲမှာ ယွင်ထင်၏ အမူအရာက တည်ငြိမ်နေ၏။ သူက ထိုမြင်ကွင်းကို ခန့်မှန်းမိပြီးသား ဖြစ်သည့်ပုံပင်။ သူက ရယ်မောလိုက်၏။

“ဒီနန်းတော်ထဲမှာ ပဲစေ့ကို စစ်သားအဖြစ် ပြောင်းလဲတဲ့ ဒီနတ်ဘုရားစွမ်းအားကို ငါက မြင်တွေ့နေရပြီပဲ”

ထိုစကားက ရုတ်ရုတ်သဲသဲဖြစ်သွားစေ၏။

ပဲစေ့များကို စစ်သားများအဖြစ် ပြောင်းလဲခြင်းက အန္တိမ နတ်ဘုရားစွမ်းအားတစ်ခု ဖြစ်၏။

လက်ရှိကျင့်ကြံသူများ၏ ကျင့်ကြံမှုနယ်ပယ်များက မြင့်မားခြင်း မရှိဘဲ သူတို့အများစုက အောက်ဘုံမှ တက်လှမ်းလာကြသူများ ဖြစ်၏။ သူတို့သည် အဲဒါကို တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။

အလွန်ဆုံး သူတို့သည် ဒဏ္ဍာရီအချို့မှာသာ အဲဒါကို ကြားဖူးခဲ့၏။ အဆင့်မြင့်အင်မော်တယ်များသည် ပဲစေ့လက်တစ်ဆုပ်စာနှင့်အတူ တစ်ခဏချင်းမှာ ကောင်းကင်ဘုံစစ်သားများကို ဆင့်ခေါ်နိုင်သည်ဟု ဆိုလေသည်။

ယခု ကျင့်ကြံသူများက အဲဒါကို ကိုယ်တိုင်မြင်တွေ့နေရပြီး ဆင့်ခေါ်လိုက်သော စစ်သားများက ကောင်းကင်ဘုံစစ်သားများ မဟုတ်ဘဲ တမလွန်စစ်သားများသာ ဖြစ်နေသည်ကို တွေ့မြင်လိုက်ရ၏။

“သတ်.. သတ်.. သတ်”

ထောင်နှင့်ချီသော တမလွန်စစ်သားများက ဟိန်းဟောက်လိုက်ပြီး နီရဲနေသော မျက်လုံးများနှင့်အတူ ကျင့်ကြံသူများထံသို့ ပြေးဝင်လာ၏။

ယွင်ထင်က အကြောက်အလန့် ကင်းမဲ့နေပြီး ရယ်မောလိုက်၏။

“ဒါက ခင်ဗျားရဲ့ နောက်ဆုံးစမ်းသပ်ချက်ပဲ ဖြစ်ရမယ်.. ဟုတ်တယ်မလား”

“ဒီဆိုးယုတ်သက်ရှိတွေက တခြားသူတွေကိုပဲ တားဆီးနိုင်လိမ့်မယ်.. ကျုပ်ကိုတော့ မရဘူး… ကျုပ်က အဲဒီကျောက်စိမ်းအဆောင်ကို​ သေချာပေါက် အရယူမှာ”

ထိုသို့ သူပြောလိုက်သည့်​ ခဏမှာပင် ယွင်ထင်က ရှေ့မှာ ရှိသော တမလွန်စစ်သားများထံသို့ ပြေးဝင်သွား၏။

နှစ်ဖက်စလုံးက မထိတွေ့ခင်မှာပင် ယွင်ထင်က သူ၏ လက်ချောင်းနှစ်ချောင်းကို ညင်သာစွာ ပူးကပ်ပြီး ရှေ့သို့ အသာဝှေ့ယမ်းလိုက်၏။

ရှီး..

အလျှံညီးညီး အလင်းတစ်တစ်ခုက ယွင်ထင်၏ ဓားလက်ညှိုးကနေ ပစ်လွင့်ထွက်ပေါ်လာ၏။ အဲဒါက အရမ်းကို ထက်ရှပြီး တမလွန်စစ်သားများကြားမှာ ကြီးမားသည့် အပေါက်တစ်ခုအဖြစ် ဆုတ်ဖြဲပစ်လိုက်၏။

ရှေ့မှာ ရှိသော တမလွန်စစ်သားများက ဓားအလင်းတန်းဖြင့် အလယ်ကနေ နှစ်ပိုင်းလှီးဖြတ်ခံလိုက်ရ၏။

ဓားချီက အစစ်အမှန် ဓားတစ်လက်ထက်ပင် ပို၍ထက်ရှနေ၏။

ယွင်ထင်က လှုပ်ရှား၍ အထဲသို့ တစ်ယောက်တည်း ဝင်ရောက်သွား၏။

“အရှင်မင်းသား.. သတိထား”

ကျိရွှမ်အင်မော်တယ်နိုင်ငံမှ ကျင့်ကြံသူများစွာက အော်ဟစ်၍ ရှေ့သို့ ပြေးတက်လာကြ၏။

သို့သော်လည်း အဲဒီမှာ တမလွန်စစ်သားများက အတောမသတ် ရှိနေပြီး ယွင်ထင်၏ ပုံရိပ်က သိပ်မကြာခင် နစ်မြုပ်ပျောက်ကွယ်သွား၏။ အပေါက်က ပြန်လည်ပိတ်ဆို့သွားပြီး ယွင်ထင်သည် အခြားသော ကျင့်ကြံသူများနှင့် ပိုင်းခြားခံလိုက်ရ၏။

အပြင်ဘက်အစပ်မှာ ရပ်နေသော ကျင့်ကြံသူများသည် တမလွန်စစ်သားများအတွင်းမှာ တလိပ်လိပ် ထိုးတက်နေသော ဓားချီကိုသာ တွေ့မြင်နေရ၏။ အဲဒါဖြတ်သွားသော နေရာတိုင်းမှာ တမလွန်စစ်သားများက ကျွမ်းထိုးမှောက်ခုံဖြစ်၍ ပြတ်တောက်သွားသော ခြေလက်များက လွင့်ပျံထွက်လာ၏။

ယန်ယန်းအင်မော်တယ်နိုင်ငံ၏ လူအိုကြီးကောနှင့် ဖန်းရွှမ်က သူတို့နောက်ဘက်မှာ ရှိသော လူတိုင်းကို ဦးဆောင်ပြီး ရှေ့သို့ ပြေးဝင်လာကြ၏။

အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ကျင့်ကြံသူများကလည်း ရှေ့သို့ ပြေးတက်လာကြ၏။

အခြားသော ကျင့်ကြံသူများကလည်း တစ်ယောက်ပြီးတစ်ယောက် လှုပ်ရှားလိုက်ပြီး တမလွန်စစ်သားများထံသို့ ပြေးဝင်လာကြ၏။

တမလွန်စစ်သားများ၏ အဟန့်အတားကို အရင်ဆုံး ချိုးဖျက်နိုင်သည့်သူက ကျောက်စိမ်းအဆောင်ကို ရရှိဖို့ အခွင့်အရေး ပိုများပေလိမ့်မည်။

တမလွန်စစ်သားများမှာ သိပ်သည်းပြင်းထန်သော ဆိုးယုတ်အော်ရာများ ရှိသော်လည်း သူတို့၏ ကျင့်ကြံမှုနယ်ပယ်များက အကန့်အသတ်ရှိပြီး သူတို့အားလုံးနီးပါးက မဟူရာအင်မော်တယ်များ ဖြစ်၏။

တကယ်ဆို အဲဒီမှာ လူတိုင်းအတွက် ခြိမ်းခြောက်မှုများစွာ မရှိသော အဆင့်နိမ့် မဟူရာအင်မော်တယ်များပင် ပါဝင်နေ၏။

ဒါ့အပြင် ထိုတမလွန်စစ်သားများမှာ သိသာထင်ရှားသော အားနည်းချက်များ ရှိနေ၏။

အမြုတေစိတ်ဝိညာဉ်တစ်ခု မရှိဘဲ သူတို့သည် မည်သည့် နတ်ဘုရားစွမ်းအားများ သို့မဟုတ် လျှို့ဝှက်အတတ်ကိုမှ မထုတ်ဖော်နိုင်ပေ။

သူတို့သည် သူတို့၏ ယိုယွင်းပျက်စီးနေသော ကိုယ်ကာယအပေါ်သာ မှီခိုနေခြင်းဖြစ်၏။

ဆူဇီမိုက ချက်ချင်း မတိုက်ခိုက်ပေ။ ထိုအစား သူက ဘေးကနေ အေးစက်စွာ စောင့်ကြည့်နေ၏။

အင်မော်တယ်ဧကရာဇ် ချန်ထားရစ်ခဲ့သည့် နောက်ဆုံးစမ်းသပ်ချက်က တကယ်ပင် စစ်သားများအဖြစ် အသွင်ပြောင်းလဲနိုင်သော ပဲစေ့များသာဖြစ်သည်ဆိုလျှင် အဲဒါက အတော်​လေး ရိုးရှင်းနေပေလိမ့်မည်။

ဆူဇီမို၏ နားက လှုပ်ခတ်သွားပြီး ခန်းမထဲရှိ ဆူညံပွက်လောရိုက်နေသော အသံများကြားမှာ ခပ်ဖျော့ဖျော့ အသံတချို့ကို ကြားလိုက်ရ၏။

အဲဒါက ပဲစေ့များ ခုန်တက်လာသော အသံဖြစ်၏။

ဆူဇီမိုက မျက်မှောင် အနည်းငယ်ကြုတ်ပြီး လေထဲသို့ ခုန်တက်ကာ အပေါ်စီးကနေ ကြည့်ရှုလိုက်၏။

ခန်းမ၏ အဆုံးမှာ ခုန်ပေါက်နေသော အရောင်လက်လက် ပဲစေ့များစွာ ရှိနေဆဲဖြစ်ပြီး သူတို့က ကျောက်လှေကားထစ်များကနေ လိမ့်ဆင်းကျလာနေ၏။

အဲဒီနောက် သူတို့က ကွဲထွက်သွားပြီး တမလွန်စစ်သားများအဖြစ် အသွင်ပြောင်းလဲသွား၏။

တကယ်ဆို ပဲစေ့အချို့သည် ဧရာမ ငှက်များ၊ တောကောင်များနှင့် အမျိုးမျိုးသော ထူးဆန်းသက်ရှိများအဖြစ်သို့ပင် အသွင်ပြောင်းလဲသွား၏။

တမလွန်စစ်သားများ၏ အရေအတွက်က လျော့ကျမလာရုံသာမက သူတို့က ကြောက်စရာကောင်းသော အမြန်နှုန်းဖြင့် ပို၍ပင် တိုးလာနေ၏။

ခန်းမ၏ အဆုံး၌ ပဲစေ့များက အတောမသတ်နိုင်အောင် ရှိနေ၏။

ဤအတိုင်းသာ ဆက်သွားလျှင် တမလွန်စစ်သားများ၏ အရေအတွက်က သောင်းချီ မဟုတ်တော့ဘဲ သိန်းချီ သို့မဟုတ် သန်းချီပင် ရှိလာပေလိမ့်မည်။

ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ နောက်ပိုင်းမှာ ပေါ်ထွက်လာသော တမလွန်စစ်သားများသည် ယခင်ကထက် ပို၍ သိသိသာသာ သန်မာလာသည်ကို ဆူဇီမိုက ရှင်းလင်းစွာ အာရုံခံမိနေ၏။ သူတို့၏ ခန္ဓာကိုယ်များက ပို၍ပင် ပြီးပြည့်စုံနေပြီး သူတို့၏ အော်ရာများက ပို၍ ကြောက်စရာကောင်းလာခဲ့၏။

ပဲစေ့များကနေ ကမ္ဘာမြေအမြုတေနယ်ပယ် တမလွန်စစ်သားများပင် ​ပေါ်ထွက်လာသည်ကို သူက တွေ့မြင်နေရပြီဖြစ်၏။

ဤနှုန်းထားနှင့်ဆိုပါက နောက်ပိုင်းမှာ အဆင့်ခြောက် သို့မဟုတ် အဆင့်ကိုး ကမ္ဘာမြေအင်မော်တယ်များ သို့မဟုတ် ကောင်းကင်အင်မော်တယ်အဆင့် တမလွန်စစ်သားများပင် ​ပေါ်ထွက်လာနိုင်၏။

တမလွန်စစ်သားများမှာ အမြုတေစိတ်ဝိညာဉ်များ မရှိဘဲ သူတို့၏ နတ်ဘုရားစွမ်းအားများနှင့် အင်မော်တယ်ပညာရပ်များကို မထုတ်ဖော်နိုင်ဘူးဆိုလျှင်တောင် ကမ္ဘာမြေနှင့် ကောင်းကင်အင်မော်တယ်များအဖြစ် သူတို့၏ ကိုယ်ကာယခွန်အားက လူတိုင်းကို သတ်ဖြတ်ပစ်ဖို့ လုံလောက်နေ၏။

တမလွန်စစ်သားများ အားလုံးကို သတ်ဖြတ်ဖို့က မဖြစ်နိုင်တော့ပေ။

ဒါ့အပြင် သူတို့သည် အဆုံးမဲ့ တမလွန်စစ်သားများကြားကနေ ကျောက်စိမ်းအဆောင်အတွက် တိုက်ခိုက်ကြရဦးမည်ဖြစ်၏။

အဲဒါကို ဖြေရှင်းဖို့အတွက် နည်းလမ်းတစ်ခု ရှိရပေမည်။

စီနီယာ အင်မော်တယ်ဧကရာဇ်က ​ရေစက်ပါသော လူတစ်ယောက်ကို စောင့်ဆိုင်းဖို့အတွင် ထိုရတနာကို ချန်ထားရစ်ခဲ့သည်ဆိုမှတော့ သူက ဖြစ်နိုင်သမျှ လမ်းကြောင်းများ အားလုံးကို ဖြတ်တောက်ထားစရာ အကြောင်းမရှိပေ။

ဆူဇီမိုက သူ၏ မျက်လုံးကို မှေးကျဉ်းပြီး အာရုံစိုက်၍ ကြည့်လိုက်၏။

ခန်းမ၏ အဆုံးမှာ ကျောက်စိမ်းအဆောင်က လေထဲမှာ လွင့်မျော၍ ဝင်းလက်တောက်ပနေ၏။

အလင်းရောင်များက ပြန့်ကျဲနေပြီး ခန်းမထဲမှာ နေရာလွတ်တစ်ခုကို ဖြစ်ပေါ်လာစေ၏။

ပဲစေ့များက ကျောက်လှေကားထစ်များအတိုင်း လိမ့်ဆင်းလာသော်လည်း သူတို့က အသိစိတ်ရှိသည့်အလား ထိုနေရာလွတ်ကို ကွေ့ပတ်လာခဲ့၏။

ဆူဇီမိုမှာ အစီအစဉ်တစ်ခု ရှိလာခဲ့ပြီဖြစ်၏။

“ငါက တမလွန်စစ်သားတွေရဲ့ အဟန့်အတားကို တတ်နိုင်သမျှ မြန်မြန်ဖြတ်ကျော်ပြီး ကျောက်စိမ်းအဆောင်ရဲ့အလင်း လွှမ်းခြုံထားတဲ့နေရာကို ရောက်အောင် သွားရမယ်.. ငါက အဲဒီတမလွန်စစ်သားတွေနဲ့ ငြိတွယ်နေလို့ မဖြစ်ဘူး”

ထိုသို့အတွေးဖြင့် ဆူဇီမိုက တိုက်ပွဲနယ်မြေကို စစ်ဆေးကြည့်ရှုပြီး ထျန်ကျစ်ရီကို ရှာဖွေလိုက်၏။

ထျန်ကျစ်ရီ၏ ဖုံးကွယ်ခြင်း နည်းစနစ်များက ပြောင်မြောက်သော်လည်း သူမသည် သိပ်သည်းများပြားသော တမလွန်စစ်သားများကြားမှာ သူမ၏ လမ်းကြောင်းကို ဖုံးကွယ်မထားနိုင်တော့ဘဲ တိုက်ပွဲနယ်မြေမှာ အဆက်မပြတ် တိုက်ခိုက်၍ ရှေ့သို့ ဖြည်းဖြည်းချင်း တက်လှမ်းနေ၏။

“ဒီနေရာမှာ ရှိတဲ့ တမလွန်စစ်သား အရေအတွက်က အဆုံးမရှိဘူး.. နောက်ပိုင်းမှာ ပေါ်ထွက်လာတဲ့ တမလွန်စစ်သားတွေက ပိုပြီးတော့ သန်မာလာနေတယ်.. အဲဒီမှာ ကြန့်ကြာမနေဘဲနဲ့ တတ်နိုင်သမျှမြန်မြန် ရှေ့ကို တက်ဖို့လုပ်.. လေထဲကနေ သွားတာက အဟန့်အတား အနှောင့်အယှက် ပိုနည်းလိမ့်မယ်”

ဆူဇီမိုက သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

All Chapters