← Chapters

ခြိမ်းခြောက်မှု

Vol. 133 Ch. 1988

ခြိမ်းခြောက်မှု

Vol. 133 Ch. 1988

ထျန်ကျစ်ရီသည် ဗလာနယ်မိုးကြိုးကျင့်စဥ်ကို သိရှိထားပြီး သူမသည် မိုးကြိုးဧကရာဇ်နှင့် ပတ်သက်ဆက်နွယ်မှုတချို့ ရှိကောင်းရှိနေနိုင်၏။

မိုးကြိုးဧကရာဇ်သည် နှစ်ပေါင်းသိန်းချီကြာအောင် ဖိနှိမ်ခံခဲ့ရ၏။ ထျန်ကျစ်ရီက ငယ်ရွယ်သေးပြီး သူမက မိုးကြိုးဧကရာဇ်၏ အရိုက်အရာဆက်ခံသူတစ်ယောက်မဖြစ်နိုင်ပေ။ သို့သော်လည်း မိုးကြိုးဧကရာဇ်၏ အရိုက်အရာဆက်ခံသူ၏ တပည့်တစ်ယောက်ဖြစ်နိုင်၏။

ဤပတ်သက်ဆက်နွယ်မှုကြောင့် ဆူဇီမိုသည် ထျန်ကျစ်ရီကို တမလွန်စစ်သားများကြားမှာ ပိတ်မိ၍ မသေစေလိုပေ။

ထျန်ကျစ်ရီကလည်း အလွန်တရာပါးနပ်လေသည်။

တမလွန်စစ်သားများနှင့် ခဏကြာတိုက်ခိုက်ပြီးနောက် သူမက တစ်စုံတစ်ရာလွဲမှားနေသည်ကို ခံစားလိုက်ရ၏။ သူမက ရှေ့တိုးရမလား နောက်ဆုတ်ရမလား တွေဝေတုံ့ဆိုင်းနေစဥ်မှာပင် ဆူဇီမို၏ အသံက ထွက်ပေါ်လာခဲ့၏။

သူမက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လေထဲသို့ခုန်တက်ကာ ရှေ့သို့ပြေးဝင်သွားလိုက်၏။

လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် သူမသည် အမြဲတမ်း တစ်ယောက်တည်းသာနေခဲ့ပြီး သူမငယ်ရွယ်စဥ်ကတည်းက မည်သည့်အပေါင်းအသင်းမိတ်ဆွေမှ မရှိခဲ့ပေ။

သူမ၏ မိဘနှစ်ပါးက စောလျင်စွာ သေဆုံးခဲ့ပြီး သူမသည် သူမ၏ ဆရာကလွဲလျှင် မည်သူ့ကိုမှ မယုံကြည်ခဲ့ပေ။

သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ သူမသည် ဆူဇီမိုနှင့် အချိန်တိုအတွင်းသိရှိပြီးနောက် ဖော်မပြတတ်သော ယုံကြည်ရသည့်အာရုံခံစားမှုတစ်ခုကို ရရှိလာခဲ့၏။

အဲ့ဒါက ဆဋ္ဌမမြောက်အာရုံတစ်ခုကဲ့သို့ဖြစ်၏။ ဤလူက သူ့ကို ထိခိုက်အောင်လုပ်လိမ့်မည် မဟုတ်ပေ။

ထို့ကြောင့် သူမက ဆူဇီမို၏ အသံကို ကြားရပြီးနောက် လုံးဝတွေဝေတုံ့ဆိုင်းမနေခဲ့ပေ။

တကယ်ပင်... လေထဲမှာ ခုခံမှုအဟန့်အတားက သိသိသာသာလျော့ကျသွား၏။

ဒါ့အပြင် အပေါ်စီးကနေကြည့်ရှုရင်း ထျန်ကျစ်ရီသည် ခန်းမ၏ အဆုံးတွင် ကြောက်စရာကောင်းသောမြင်ကွင်းကို တွေ့မြင်လိုက်ရ၏။

သိပ်သည်းများပြားသော ပဲစေ့များက လိမ့်ဆင်းလာနေပြီး သိပ်သည်းပြင်းထန်သော ဆိုးယုတ်အော်ရာများနှင့်အတူ ကြောက်စရာကောင်းသော ပုံရိပ်များအဖြစ် အသွင်ပြောင်းလဲလာနေ၏။

သူမက အောက်ဘက်မှာ တမလွန်စစ်သားများနှင့် ဆက်လက်၍ တိုက်ခိုက်နေမည်ဆိုလျှင် သူမအနေဖြင့် ရှေ့သို့ပြေးတက်ဖို့နေနေသာ ခန်းမထဲကနေပြေးထွက်ဖို့ပင် လွယ်ကူတော့မည်မဟုတ်ပေ။

“ကျောက်စိမ်းအဆောင်ရဲ့အလင်းရောင် လွှမ်းခြုံထားတဲ့နေရာကိုရောက်အောင်သွား”

ဆူဇီမို၏ အသံက နောက်တစ်ဖန်ထွက်ပေါ်လာ၏။

ထျန်ကျစ်ရီက အာရုံစိုက်၍ ကြည့်လိုက်ပြီး ထိုနေရာက တကယ်ပင်ထူးဆန်းနေသည်ကို တွေ့မြင်လိုက်ရ၏။ အစက ပေါ်ထွက်လာသော ပဲစေ့များဖြစ်စေ... ဆင့်ခေါ်ထားသော တမလွန်စစ်သားများဖြစ်စေ သူတို့သည် ထိုနေရာကို စိုးရိမ်ပူပန်စွာဖြင့် ရှောင်ကွင်းနေပုံရ၏။

“သွားကြတာပေါ့”

အချိန်တိုအတွင်းမှာပင် ဆူဇီမိုက ထျန်ကျစ်ရီ၏ ဘေးသို့ ရောက်ရှိလာပြီး သူ၏ လက်ကို ဆန့်ထုတ်ပေးလိုက်၏။

ဆူဇီမို၏ လှုပ်ရှားမှုနည်းစနစ်က စွမ်းအားကြီးမားပြီး သူမကိုပါ သူနှင့်အတူခေါ်ဆောင်သွားချင်ကြောင်း ထျန်ကျစ်ရီက သိလိုက်၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ဆူဇီမို၏ ဆန့်ထုတ်ထားသော ထိုလက်ဖဝါးကို ကြည့်ပြီး ထျန်ကျစ်ရီ၏ မျက်နှာက အနည်းငယ်နီမြန်းလာ၏။ သူမက သူမ၏ ခေါင်းကို အနည်းငယ်ငုံ့ပြီး သူ၏ အကြည့်ကို အလိုလိုရှောင်လွှဲလိုက်၏။

သိပ်မကြာခင် ထျန်ကျစ်ရီ၏ စိတ်က တည်ငြိမ်လာပြီး သူမ၏ ခေါင်းကို အမူအရာကင်းမဲ့စွာမော့လိုက်၏။

“ငါ့ရဲ့အစွမ်းအစနဲ့ဆို... အဲ့ဒီကို ငါ့ဘာသာငါရအောင်သွားနိုင်တယ်.... ယွင်ထင်နဲ့အခြားသူတွေကလည်း တစ်ခုခုထူးခြားနေတာကို သတိထားမိသွားပြီ... သူတို့နင့်ကိုကျော်တက်မသွားစေနဲ့”

ထိုအခိုက်အတန့်မှာ တမလွန်စစ်သားများ၏ ရှေ့မှာရှိသော ယွင်ထင်ကလည်း လေထဲသို့ ရောက်ရှိလာခဲ့၏။ တစ်ချက်ကြည့်ရုံနှင့် ထိုပဲစေ့စစ်သားများက ဘယ်လောက်ကြောက်စရာကောင်းသလဲဆိုတာကို သူက ရှာဖွေတွေ့ရှိသွား၏။

တစ်ချိန်တည်းမှာပင် ယန်ယန်းအင်မော်တယ်နိုင်ငံ၏ ဖန်းရွှမ်၊ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်း၏ ပညာရှင်တချို့နှင့် အခြားသောဂိုဏ်းများနှင့် အဖွဲ့အစည်းများမှ ပြိုင်စံရှားတချို့ကလည်း လေထဲသို့ရောက်ရှိလာခဲ့၏။

သူတို့အားလုံးသည် မဟူရာအမြုတေနယ်ပယ်မှာ အထွတ်အထိပ်ပညာရှင်များဖြစ်ပြီး ဤကဲ့သို့သော အန္တရာယ်နှင့်ကြုံတွေ့ရပြီးနောက် တစ်စုံတစ်ရာလွဲမှားနေသည်ကို ချက်ချင်းနီးပါးပင် သတိထားမိလိုက်ကြ၏။

လေထဲမှာပျံသန်းရခြင်းက တိုက်ခိုက်ဖို့နေနေသာ အမြုတေချီပမာဏများစွာကို ကုန်ဆုံးစေလေသည်။ ထို့ကြောင့် ကျင့်ကြံသူအများစုသည် မြေပြင်ပေါ်ကနေ တမလွန်စစ်သားများနှင့် တိုက်ခိုက်ဖို့ကို ရွေးချယ်ကြမည်ဖြစ်၏။

သို့သော်လည်း ယွင်ထင်ကဲ့သို့ ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများသည် မည်သည့်ငဲ့ကွက်ထိန်ချန်မှုမှ မရှိပေ။ သူတို့က သူတို့၏ နတ်ဘုရားစွမ်းအားများကိုထုတ်ဖော်ပြီး ကျောက်စိမ်းအဆောင်ရှိရာသို့ လေထဲကနေ ပျံသန်းလာ၏။

ယွင်ထင်က ထက်ရှသောဓားတစ်လက်အသွင် ပြောင်းလဲသွားပုံရပြီး ရှေ့ဆုံးကနေ အမြန်ဆုံးနှုန်းဖြင့် ပြေးတက်သွား၏။

ယန်ယန်းအင်မော်တယ်နိုင်ငံမှ လူအိုကြီးကောနှင့် ဖန်းရွှမ်ကလည်း နောက်ကနေအနည်းငယ်ခွာ၍ လိုက်ပါသွား၏။

သူတို့နောက်မှာ အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ပညာရှင်များရှိလေသည်။

ထျန်ကျစ်ရီက ဆူဇီမိုကို ညင်သာစွာတွန်းထုတ်လိုက်ပြီး လောဆော်လိုက်၏။

“မြန်မြန်သွားတော့... ငါ့ကိုအရေးလုပ်မနေနဲ့”

​ဆူဇီမိုက သူမကိုပါ ခေါ်ဆောင်သွားမည်ဆိုလျှင် သူ၏ အရှိန်အဟုန်က သေချာပေါက်လျော့ကျ၍ နောက်ကျကျန်ရစ်ခဲ့မည်ကို သူမသိထား၏။

ထိုအချိန်ကျလျှင် သူတို့နှစ်ယောက်က ထိုနေရာသို့ ရောက်ရှိသွားမည်ဆိုလျှင်တောင် မည်သည့်အရာကိုမှ ရရှိတော့မည် မဟုတ်ပေ။

ဆူဇီမိုက ခဏမျှစဥ်းစားတွေးတောပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

“ဂရုစိုက်ဦး”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ဆူဇီမို၏ နောက်ဘက်မှာ ဧရာမရွှေရောင်တောင်ပံတစ်စုံက ပေါ်ထွက်လာခဲ့၏။

ရွှေရောင်တောင်ပံများ၏ နောက်ဘက်မှာ ထွင်းဖောက်မတတ်ကြည်လင်၍ အတော်အတန်သေးငယ်သော တောင်ပံတစ်စုံက ပေါ်ထွက်လာ၏။

ဧရာမရွှေငှက်တောင်ပံများနှင့် ဆန်းကြယ်တောင်ပံများက တစ်ချိန်တည်းမှာ ပစ်လွင့်ထွက်ပေါ်လာ၏။

ရွှစ်...

ဆူဇီမိုသည် ရွှေရောင်အလင်းတန်းတစ်ခုအသွင် ပြောင်းလဲပြီး လျှပ်စီးလိုအမြန်နှုန်းဖြင့် ပြေးတက်သွား၏။

ထိုစဥ်မှာပင် ရှေ့မှာရှိသော ယွင်ထင်နှင့် အခြားသူများက ပြဿနာတချို့နှင့်ကြုံတွေ့လာရ၏။

ခန်းမ၏ အဆုံးနားမှာ ဆင့်ခေါ်ထားသောတမလွန်စစ်သားများက ပို၍ကြောက်စရာကောင်းပြီး ပို၍ကြမ်းကြုတ်ခက်ထန်လာ၏။

အစက တမလွန်စစ်သားများက လေထဲမှာပျံသန်းနိုင်စွမ်း မရှိခဲ့ပေ။

သို့သော် ယခု... ရန်လိုခက်ထန်သော စိတ်ဆန္ဒတစ်ခုနှင့်အတူ လေထဲကနေပိတ်ဆို့ထားသော တမလွန်စစ်သားတချို့နှင့် ကြမ်းကြုတ်ငှက်များ ပေါ်ထွက်လာခဲ့ပြီဖြစ်၏။

ယွင်ထင်နှင့် အခြားသူများသည် ရွေးချယ်စရာမရှိဘဲ သူတို့၏ ခြေလှမ်းများကိုရပ်တန့်ပြီး တမလွန်စစ်သားများနှင့် ဆန့်ကျင်တိုက်ခိုက်ရ၏။ ထိုသို့ဖြင့် သူတို့၏ အလျင်အဟုန်က လျော့ကျသွားလေသည်။

ဆူဇီမိုကတော့ သူသည် ဧရာမရွှေငှက်၏ အဆုံးစွန်အလျင်အဟုန် နတ်ဘုရားစွမ်းအားပေါ်မှီခိုပြီး သူက လမ်းတစ်လျှောက်မှာ တမလွန်စစ်သားများနှင့်ကြုံတွေ့ရသည်ဆိုလျှင်တောင် သူက သူတို့ကို လွယ်ကူစွာဖြတ်ကျော်သွားနိုင်၏။

အချိန်အများစုမှာ တမလွန်စစ်သားများသည် အချိန်မီမတုံ့ပြန်နိုင်ဘဲ နောက်ပိုင်းမှသာ အဲ့ဒါကို နားလည်သဘောပေါက်သွား၏။

အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းမှ ကတုံးပြောင်ကိုယ်တော်က သူ၏ ရွှေရောင်လက်သီးကိုလွှဲယမ်းပြီး တမလွန်စစ်သားတစ်ယောက်နှင့် ဆန့်ကျင်တိုက်ခိုက်နေ၏။

ရုတ်တရက်ဆိုသလို... ။

သူ၏ နားထဲမှာ စူးရှသောလေပြင်းတိုက်ခတ်သံတစ်ချက် ထွက်ပေါ်လာ၏။

ထို့နောက်ချက်ချင်း... သူသည် သူ၏ ဘေးကနေ ရွှေရောင်အလင်းတစ်ခု ဖြတ်သန်းသွားသည်ကို သူ၏ မျက်လုံးထောင့်ကနေ တွေ့မြင်လိုက်ရ၏။

“အဲ့ဒါဘာပါလိမ့်”

ကိုယ်တော်က တုန်လှုပ်သွား၏။

“အဲ့ဒါ... မဟာကျင်းအင်မော်တယ်နိုင်ငံက ဆူဇီမိုပဲ”

သက်လတ်ပိုင်းအရွယ်တာအိုပညာရှင်က သူ့ကိုမှတ်မိသိရှိသွား၏။

အရင်တုန်းက ဤလှုပ်ရှားမှုနည်းစနစ်ဖြင့် ရေကန်ကိုဖြတ်ကျော်ခဲ့သော ဆူဇီမို၏ ပုံရိပ်က သူ၏ စိတ်ထဲမှာ စွဲထင်နေ၏။

“သူက ငါ့ကိုကျော်တက်သွားတာပဲ”

သံမဏိမျှော်စင်လိုလူက ဟိန်းဟောက်၍ သူ၏ လမ်းမှာရှိသော တမလွန်စစ်သားများကို တွန်းဖယ်ထုတ်ကာ ဆူဇီမိုနောက်သို့ တစ်ဟုန်ထိုးပြေးလိုက်သွား၏။

အခြားတစ်ဘက်မှာ... အကြီးအကဲကောနှင့် ဖန်းရွှမ်က တစ်လမ်းလုံးတိုက်ခိုက်ပြီး ယွင်ထင်နောက်ကနေ လိုက်ပါလာ၏။

လေထဲမှာပျံသန်းရခြင်းသည် အစကတည်းက အားအင်ကြီးမားစွာ ကုန်ခန်းစေ၏။

လူအိုကြီးကောသည် သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ရောက်ရှိနေခဲ့ပြီဖြစ်၏။

သူ၏ အမြုတေစိတ်ဝိညာဥ်က သန်မာသော်လည်း သူ၏ စိတ်ဝိညာဥ်အသိစိတ်တိုက်ခိုက်မှုများက တမလွန်စစ်သားများနှင့်ရင်ဆိုင်ရချိန်မှာ သုံးစားမရဖြစ်နေ၏။

သူသည် တိုက်ခိုက်ရင်း ခြေကုန်လက်ပန်းကျကာ သည်းထန်စွာ မောဟိုက်လာပြီဖြစ်၏။

အစကတော့... သူသည် ဖန်းရွှမ်နှင့်အတူပူးပေါင်းပြီး ယွင်ထင်နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာနိုင်၏။ သို့သော်ယခု... လူအိုကြီးကော၏ သွေးချီက အားနည်းလာပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားကလည်း ကြီးမားစွာလျော့ကျလာခဲ့၏။

အချိန်အများစုမှာ ဖန်းရွှမ်က သူ့ကိုပင်ကူညီကာ ဂရုစိုက်ပေးနေရ၏။

လူအိုကြီးကောက ဖန်းရွှမ်၏ ဝန်ထုပ်ဝန်ပိုးဖြစ်လာခဲ့၏။

လူအိုကြီးကောသည် နောက်သို့လှည့်ကြည့်ပြီး ယန်ယန်းအင်မော်တယ်နိုင်ငံမှ အခြားသူများသည် တမလွန်စစ်သားများကြားမှာ ပိတ်မိနေသည်ကိုတွေ့မြင်လိုက်ရ၏။

ထိုအခိုက်အတန့်မှာ သူက နောက်သို့ဆုတ်ခွာချင်သည်ဆိုလျှင်တောင် နောက်ဆုတ်ဖို့အခွင့်အရေး သူ့မှာမရှိတော့ပေ။

တိုက်ပွဲနယ်မြေမှာ စူးစူးဝါးဝါး အော်သံများက ဆက်တိုက်ထွက်ပေါ်လာနေပြီး ကြားရသူတိုင်းကို ခေါင်းနားပန်းကြီးသွားစေ၏။

ကျင့်ကြံသူတစ်ယောက်သည် တမလွန်စစ်သားများ၏ နှစ်ပိုင်းဆွဲဖြဲခံလိုက်ရသည်ကို သူက မြင်တွေ့လိုက်ရ၏။

လူအိုကြီးကော၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွား၏။

“ဖန်းရွှမ်... မင်းငါ့ကိုထားခဲ့လို့ မရဘူးနော်”

တစ်စုံတစ်ရာကို အမှတ်ရသွားသည့်အလား လူအိုကြီးကောက တစ်ဘက်သို့ အလောတကြီးလှည့်ပြီး အသံကိုနှိမ့်၍ ခြိမ်းခြောက်လိုက်၏။

“ဧကရာဇ်ဂူသင်္ချိုင်းထဲကနေ ငါကပဲ မင်းကိုခေါ်ထုတ်ပေးသွားနိုင်မှာ... မင်းက ငါ့ကိုထားခဲ့ပြီးတော့ ကျောက်စိမ်းအဆောင်ကို တစ်ယောက်တည်း ယူသွားမယ်ဆိုရင် ငါကချက်ချင်းပဲသတင်းလှမ်းပို့လိုက်မယ်”

“အဲ့ဒီအချိန်ကျရင်... မင်းက အသက်ရှင်လျက်ပြန်ရောက်သွားမယ်ဆိုရင်တောင် မင်းက သေချာပေါက်သတ်ဖြတ်ခံရလိမ့်မယ်”

ဖန်းရွမ်က တမလွန်စစ်သားများနှင့် ဆန့်ကျင်တိုက်ခိုက်ရင်းပြောလိုက်၏။

“အဆင့်မြင့်အင်မော်တယ်... ခင်ဗျားက အတွေးလွန်နေတာပဲ... ခင်ဗျားပြန်ပါလာမှ အရှင်မင်းသားရဲ့ရှေ့မှာ ကျုပ်ရဲ့စွမ်းဆောင်ရည်အကြောင်း ခင်ဗျားက ပြောပေးနိုင်မှာပေါ့... ကျုပ်က ဘာလို့သစ္စာဖောက်ရမှာလဲ”

“အဲ့ဒါကို မင်းသိထားရင်ကောင်းတာပေါ့”

လူအိုကြီးကောက နှာတစ်ချက်မှုတ်လိုက်၏။ ထိုစဥ်မှာပင် သူတို့၏ နောက်ဘက်ကနေ ဆူဇီမိုလိုက်မီလာသည်ကို သတိထားမိသွားပြီး ဖန်းရွှမ်၏ အမူအရာက ပြောင်းလဲသွား၏။

“အဆင့်မြင့်အင်မော်တယ်... ကျုပ်တို့က အဲ့ဒီလူကိုတားရမယ်... ကျုပ်တို့ကို သူကျော်တက်သွားလို့ မဖြစ်ဘူး”

ဖန်းရွှမ်က ဟိန်းဟောက်၍ ချက်ချင်းပင် ရှေ့သို့ပြေးတက်သွား၏။

All Chapters