လေဟာနယ်ဖြတ်ကျော်ဓား
Vol. 133 Ch. 1990
စောစောက ဖန်းရွှမ်၏ အကောက်ကြံမှုကနေ သူသည် စဉ်းလဲသော မြေခွေးအိုတစ်ကောင်ဆိုတာကို ပြသလိုက်၏။
သူသည် လူအိုကြီးကောကို အကွက်ချကြံစည်ခဲ့ရုံသာမက ဆူဇီမိုကိုပါ သူ၏ လက်နက်အဖြစ် အသုံးချခဲ့၏။
သူက ပြဿနာကို ရှင်းထုတ်ရင်း သူသည် လက်သည်တရားခံအဖြစ်ကနေပါ ရှောင်လွှဲနိုင်ခဲ့၏။
သူက ယန်ယန်းအင်မော်တယ်နိုင်ငံသို့ ပြန်ရောက်လျှင်တောင် သူက အပြစ်ပေးခံရလိမ့်မည် မဟုတ်ပေ။
အနည်းငယ်ကြန့်ကြာပြီးနောက် ဆူဇီမိုသည် သူ၏ တောင်ပံများကို တဖျပ်ဖျပ်ခတ်ကာ ကျောက်စိမ်းအဆောင်ရှိရာသို့ ဆက်လက်၍ ပြေးလွှားလိုက်၏။
ထိုအခိုက်အတန့်မှာ ကြေမွသွားသော ပဲစေ့များက ပို၍များလာပြီး စွမ်းအားကြီးမားသော သက်ရှိများအဖြစ် အသွင်ပြောင်းလဲလာခဲ့၏။
နောက်ပိုင်းမှာ သူတို့အားလုံးနီးပါးသည် အဆင့်ကိုး မဟူရာအင်မော်တယ်များ သို့မဟုတ် ကမ္ဘာမြေအင်မော်တယ် တမလွန်စစ်သားများပင် ဖြစ်လာခဲ့၏။
ကြီးမားသော ပင်လယ်သတ္တဝါတစ်ကောင်က လွင့်မျောလာပြီး ၎င်း၏ ပါးစပ်ကို ဖွင့်ဟကာ ခန်းမတစ်ခုလုံးနီးပါးကို ဝါးမျိုလိုက်၏။
ဆူဇီမိုက ရှောင်တိမ်းခြင်း မရှိဘဲ ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲကာ ရှေ့သို့ ပြေးဝင်သွား၏။
ပင်လယ်သတ္တဝါက ဆူဇီမိုကို ဝါးမျိုလိုက်လေသည်။
ဆူဇီမိုက သူ၏ ခြေလှမ်းကို လုံးဝ မရပ်တန့်ခဲ့ပေ။ ထိုအစား သူက ပို၍ ကြမ်းကြုတ်ခက်ထန်စွာဖြင့် ပြေးဝင်သွားပြီး ပင်လယ်နေသတ္တဝါ၏ ကြီးမားသော ခန္ဓာကိုယ်ကို ထိုးဖောက်ချင်လေသည်။
ထိုအခိုက်အတန့်မှာ ယွင်ထင်က အခြားလူများ၏ ရှေ့ကနေ အပြတ်အသတ် ဦးဆောင်နေ၏။
ဆူဇီမိုသည် ဤပင်လယ်နေသတ္တဝါနှင့် အချိန်ဖြုန်းမနေလိုပေ။
ဖောက်.. ဖောက်.. ဖောက်..
ပင်လယ်နေသတ္တဝါ၏ အစာအိမ်ထဲမှာ အသံဗလံများ ဆက်တိုက်ထွက်ပေါ်လာ၏။
ရွှေရောင်အလင်းတန်းက ပင်လယ်နေသတ္တဝါ၏ ဦးခေါင်းထဲကနေ ဝင်ရောက်ပြီး ၎င်း၏ ရင်ဘတ်နှင့် ကိုယ်တွင်းအင်္ဂါများကို ထိုးဖောက်နေ၏။
နောက်ပိုင်းမှာ ဆူဇီမို၏ ခွန်အားက လျော့ကျလာခဲ့၏။
ကံကောင်းထောက်မစွာဖြင့် သူသည် ပင်လယ်နေသတ္တဝါ၏ ခန္ဓာကိုယ်ထဲမှာ ရောက်ရှိနေပြီး သူ့ကို အခြားသူများက မတွေ့မြင်နိုင်ပေ။ ဆူဇီမိုသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ လျှို့ဝှက်ချက် ရှာဖွေဖော်ထုတ်ခံရမည်ကို စိုးရိမ်ပူပန်နေစရာ မလိုတော့ဘဲ သူ၏ သွေးချီကို လှည့်ပတ်လိုက်၏။
ဘုန်း…
သူ၏ သွေးချီကို လှည့်ပတ်ရင်း ဆူဇီမိုသည် အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုကို တစ်ဖန်ထုတ်ဖော်ကာ မိုးကြိုးလျှပ်စီးကဲ့သို့ ပင်လယ်နေသတ္တဝါကို ထိုးဖောက်ဖြတ်ကျော်သွား၏။
ဆူဇီမိုက ဖန်းရွှမ်ကို တစ်ဖန်ကျော်တက်သွားပြီး အရှေ့မှာ ရှိသော ယွင်ထင်နောက်သို့ ပြေးလိုက်သွား၏။
ဖန်းရွှမ်က စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူလုပ်နိုင်တာ ဘာမှမရှိပေ။
ပဲစေ့များကို စစ်သားများအဖြစ် ပြောင်းလဲခြင်း နတ်ဘုရားစွမ်းအားအောက်မှာ ကျင့်ကြံသူများကြားတွင် အစစ်အမှန် ပြိုင်စံရှားများနှင့် ပြန်ဝင်စား မွန်းစတားများက ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။
ထိုအခိုက်အတန့်မှာ ပြိုင်စံရှားများကို အကြမ်းဖျင်း အုပ်စုများ ခွဲခြားထားနိုင်၏။
ရှေ့ဆုံးကနေ ဦးဆောင်နေသည်က ကျိရွှမ်အင်မော်တယ်နိုင်ငံ၏ မင်းသားယွင်ထင် ဖြစ်၏။
သူ၏ ခန္ဓာကိုယ်က သန်မာပြီး သူ၏ ထိုးချက်၊ ကန်ချက် တစ်ချက်ချင်းစီက အလွန်တရာ ထက်ရှသော အနားစောင်းတစ်ခုကို ပိုင်ဆိုင်ထား၏။
သူ၏ လမ်းကြောင်းမှာ ပိတ်ရပ်နေနိုင်သော တမလွန်စစ်သားများက မရှိသလောက်နီးပါးပင်။
တကယ်တော့ တမလွန်စစ်သားများက ပိုမိုသန်မာလာပြီး သူ၏ အလျင်အဟုန်ကလည်း လျော့ကျလာခဲ့၏။
ဒုတိယက ဆူဇီမိုဖြစ်၏။
ဆူဇီမို၏ နည်းလမ်းက ပို၍ပင် ပြင်းထန်ကြမ်းတမ်းပြီး ခက်ထန်လွန်းနေ၏။ သူက သူ၏ အရှိန်အဟုန်ကို လျှော့ချခြင်း မရှိဘဲ ရှေ့သို့ ပြေးတက်သွားပြီး သူနှင့် ယွင်ထင်အကြား အကွာအဝေးက တဖြည်းဖြည်း ကျဉ်းမြောင်းလာခဲ့၏။
တတိယက ဖန်းရွှမ်နှင့် ထျန်ကျစ်ရီဖြစ်၏။
သူတို့နှစ်ယောက်စလုံးမှာ မတူညီသော နည်းလမ်းများ ရှိပြီး အမျိုးမျိုးသော နတ်ဘုရားစွမ်းအားများကို ထုတ်ဖော်ပြသနေ၏။
ဖမ်းရွှမ်၏ ခွန်အားက မာကြောခက်ထန်ကာ ကြမ်းကြုတ်ပြီး ထျန်ကျစ်ရီ၏ လှုပ်ရှားမှု နည်းစနစ်က ပေါ့ပါးဖျတ်လတ်ကာ ကြိုတင်ခန့်မှန်း၍ မရနိုင်ပေ။
ဖန်းရွှမ်သည် ထျန်ကျစ်ရီထက် ရှေ့သို့ နည်းနည်းကြိုရောက်နေ၏။
အင်မော်တယ်ဂိုဏ်း လေးဂိုဏ်းမှ ပြိုင်စံရှားများက စတုတ္ထအုပ်စု ဖြစ်လေသည်။
သူတို့လေးယောက်သည် ဆူဇီမို၊ ယွင်ထင်နှင့် အခြားနှစ်ယောက်ထက် နောက်ကျသော်လည်း သူတို့ကြား အကွာအဝေးက သိပ်ပြီး မကြီးမားပေ။ သူတို့က ထျန်ကျစ်ရီနှင့် မတိမ်းမယိမ်း အကွာအဝေးမှာ ရှိလေသည်။
သူတို့နောက်မှာက အတော်ဆုံး ကျင့်ကြံသူတချို့ ရှိကြ၏။ သူတို့က ပြန့်ကျဲ၍ သီးခြားစီခွဲ၍ တိုက်ခိုက်နေကြ၏။ ထိုလူများသည်လည်း လေထဲမှာ ရှိနေကြသော်လည်း သူတို့သည် တမလွန်စစ်သားများ၏ အဟန့်အတားကို ဖြတ်ကျော်ဖို့နေနေသာ သူတို့က အသက်ရှင်လျက် လွတ်မြောက်နိုင်လျှင်ပင် အလွန်တရာ ကံကောင်းလှပြီဖြစ်၏။
လေထဲမှာ ပျံသန်းခြင်းက အမြုတေချီကို ကြောက်စရာကောင်းလောက်အောင် ကုန်ခမ်းစေလေသည်။
သူတို့သည် ပကတိ ထိပ်တန်းပြန်ဝင်စား မွန်းစတားများ မဟုတ်သရွေ့ သူတို့သည် အဲဒါကို ဖြတ်ကျော်နိုင်စရာ အကြောင်းမရှိပေ။
ဧကရာဇ်ဂူသင်္ချိုင်းထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူများစွာ ရှိသော်လည်း အနည်းအကျဉ်းကသာလျှင် အမှန်တကယ် ရှေ့သို့ ရောက်လာနိုင်ကြ၏။
လိမ္မာပါးနပ်သော ကျင့်ကြံသူအချို့က အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သွားပြီး ခန်းမထဲကနေ ထွက်ပြေးဖို့ ပြင်ဆင်နေကြပြီဖြစ်၏။
သို့သော်လည်း တမလွန်စစ်သားများက မရေမတွက်နိုင်အောင် ရှိနေပြီး သူတို့အနေဖြင့် ထွက်ပြေးလွတ်မြောက်နိုင်ဖို့က မဖြစ်နိုင်သလောက်နီးပါးပင်။
ယွင်ထင်က ကျောက်စိမ်းအဆောင်နှင့် ပို၍ ပို၍ နီးကပ်လာနေ၏။ သူက အဲဒါနှင့် ပေနှစ်ရာပင် မကွာဝေးတော့ပေ။
သူသည် ထိုပေနှစ်ရာကို ဖြတ်ကျော်လိုက်သည်နှင့် သူက ကျောက်စိမ်းအဆောင်၏ အလင်းရောင် ရှိရာသို့ ရောက်ရှိနိုင်တော့မည် ဖြစ်၏။
ထိုအကွာအဝေးက သူ့အတွက် အသက်ရှူချိန် အနည်းငယ်မျှသာ ဖြစ်လေသည်။
ကျောက်စိမ်းအဆောင်က သူ၏ လက်တစ်ကမ်း အကွာအဝေးမှာ ရှိနေလေပြီ။
နောက်ဆုံးမှာတော့ ယွင်ထင်၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုက ခိုတွဲလာခဲ့၏။
သူက သူ၏ခြေလှမ်းကို ရပ်တန့်ခြင်း မရှိဘဲ လှည့်ကြည့်လိုက်၏။ သူက နောက်ကနေ လိုက်ပါလာသော ဆူဇီမိုကို ကြည့်ပြီး သူ၏ လက်ညှိုးကို ထောင်ကာ အူမြူးအားရစွာဖြင့် သူ၏ရှေ့မှာ ညင်သာစွာ ဘယ်ညာယမ်းပြလိုက်၏။
ဆူဇီမိုက သူဆိုလိုသည့် အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သဘောပေါက်သွား၏။
ယွင်ထင်က ပြောလိုက်၏။
“ငါက နံပါတ်တစ်ပဲ… မင်း ငါ့ကို မနိုင်ဘူး”
ဆူဇီမို၏ အမူအရာက တည်ငြိမ်နေပြီး သူ၏ အလျင်အဟုန်ကို ထိန်းသိမ်းထား၏။ သို့သော်လည်း သူ၏ မျက်လုံးထဲတွင် သရော်တော်တော် အကြည့်တစ်ခု ရှိနေ၏။
တစ်ချိန်တည်းမှာပင် ယွင်ထင်သည် ထက်ရှသော လက်နက်တစ်ခုက ထိုးဖောက်၍ ချက်ချင်းပင် ရောက်ရှိလာသည့်အလား စူးစူးရှရှ အသံတစ်သံကို ရုတ်တရက် ကြားလိုက်ရ၏။
ယွင်ထင်က ထိတ်လန့်သွား၏။
တိုက်ခိုက်မှုက ဆင်းသက်မလာခင်မှာပင် သူက သူ၏ နောက်ကျောကနေ စူးရှသော နာကျင်မှုကို ခံစားလာရ၏။
တိုက်ခိုက်လိုက်သောသူက သူ့ထက် များစွာပိုမိုသန်မာသည်ဟု အဓိပ္ပာယ်ရလေသည်။
တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ယွင်ထင်၏ ပုံရိပ်က ယိမ်းနွဲ့သွားပြီး ရုတ်တရက် ဝေဝါးသွား၏။ သူ၏ ပုံရိပ်က အမျိုးအမည် မသိသော လေဟာနယ်တစ်ခုထဲသို့ ထွက်ပြေးလွတ်မြောက်သွားသည့်အလား ဖျော့တော့သွားပြီး ဤလောကကနေ ပျောက်ကွယ်သွားလေသည်။
လေဟာနယ်ဖြတ်ကျော်ဓား…
အထက်ဘုံလောကတစ်ခုလုံးမှာပင် ထိုလျှို့ဝှက်အတတ်ကို ထိပ်တန်းလှုပ်ရှားမှု နည်းစနစ်များထဲမှ တစ်ခုဟု ဆိုနိုင်ပြီး အဲဒါက အာကာသ၏ တာအိုနှင့် နည်းစနစ်ကို ထိတွေ့နိုင်နေပြီဖြစ်၏
အလွန်တရာ အန္တရာယ်များသော အခြေအနေသို့ မကျရောက်သရွေ့ ယွင်ထင်က လေဟာနယ်ဖြတ်ကျော်ဓားကို ထုတ်ဖော်လိမ့်မည် မဟုတ်ပေ။
ဇီး..
ထက်ရှသော အရိုးလှံက လွဲချော်သွားခဲ့လေသည်။
ယွင်ထင်က လှည့်ကြည့်ပြီး တိုက်ခိုက်လိုက်သူကို တွေ့မြင်သောအခါ မျက်မှောင်ကြုတ်လိုက်၏။
သူတို့ ယခင် တွေ့ကြုံခဲ့သည့် ထိုသူများကို တမလွန်စစ်သားများဟု ခေါ်ဆိုမည်ဆိုလျှင် ယခု သူတို့ရှေ့မှာ ဤလူကို တမလွန်စစ်သူကြီးတစ်ယောက်ဟု သေချာပေါက် ခေါ်ဆိုရပေမည်။
ထိုလူမှာ ဦးခေါင်း မရှိဘဲ ကြိုးကြာတစ်ကောင်ကို စီးနင်းလာ၏။ အရိုးလှံတစ်လက်ကို ကိုင်ဆွဲထားပြီး သူ့ကို အစိုင်အခဲဖွဲ့လုနီးပါး ကြွယ်ဝသော ဆိုးယုတ်အော်ရာတစ်ခုက လွှမ်းခြုံထား၏။ ဤတမလွန်စစ်သူကြီးက အဆင့်-၇ ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ရောက်ရှိနေခဲ့လေပြီ။
သူ့ကို အဆင့်မြင့် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ဟုပင် ဆိုနိုင်ပြီဖြစ်၏။
ဤတမလွန်စစ်သူကြီးမှာ အမြုတေစိတ်ဝိညာဉ်တစ်ခု မရှိသောကြောင့် သူက နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို မထုတ်ဖော်နိုင်သော်လည်း စောစောက သူ ပြသလိုက်သော စွမ်းအားက ယွင်ထင်ကို သတ်ဖြတ်ဖို့အတွက် လုံလောက်နေ၏။
ယွင်ထင်၏ မာန်မာနနှင့်ပင်လျှင် သူက အရမ်းကို အာရုံစိုက်ထားရပြီး မဆင်မခြင် မပြုမူရဲပေ။
အဲဒါက နောက်ဆုံး အဟန့်အတား ဖြစ်၏။ သူက ထိုတမလွန်စစ်သူကြီး၏ ဟန့်တားနှောင့်ယှက်မှုကို ဖြတ်ကျော်နိုင်သည်နှင့် သူက ကျောက်စိမ်းအဆောင်အလင်းဖြင့် လွှမ်းခြုံထားသော နေရာသို့ ရောက်ရှိနိုင်တော့မည် ဖြစ်၏။
ထိုကြန့်ကြာမှုနှင့်အတူ ဆူဇီမိုက နောက်ကနေ လိုက်မီလာခဲ့၏။
ဆူဇီမို၏ ရှေ့မှာလည်း အဆင့်မြင့် ကမ္ဘာမြေအင်မော်တယ် တမလွန်စစ်သူကြီးများ ရှိနေသည်ကို ယွင်ထင်က သူ၏ မျက်ဝန်းထောင့်ကနေ တွေ့မြင်လိုက်ရ၏။ ဒါ့အပြင် အဲဒီမှာ နှစ်ယောက်ဖြစ်ပြီး သူတို့က ဖိုခနောက်ဆိုင်ပုံစံဖြင့် နေရာယူထား၏။
ယွင်ထင်က စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
ဤကဲ့သို့ ကြောက်စရာကောင်းသော တမလွန်စစ်သူကြီးများနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုသည် အချိန်တိုအတွင်း သူ့ကို လိုက်မီလာနိုင်တော့မည် မဟုတ်ပေ။
သို့သော် မကြာခင် တစ်စုံတစ်ရာ လွဲမှားနေသည်ကို ယွင်ထင်က နားလည်သွား၏။
ကြောက်စရာကောင်းသော တမလွန်စစ်သူကြီးနှစ်ယောက်က ရှေ့တည့်တည့်လမ်းကနေ ပိတ်ဆို့ထားသော်လည်း ဆူဇီမို၏ အလျင်အဟုန်က လျော့ကျမည့် လက္ခဏာ မရှိဘဲ အလွန်တရာ မြန်ဆန်နေ၏။
“သွားပြီ.. အဲဒါ ဟိုလှုပ်ရှားမှု နည်းစနစ်ပဲ”
ယွင်ထင်သည် အဲဒါကို ကိုယ်တိုင် မတွေ့မြင်ဖူးခဲ့သော်လည်း သူသည် ကျင့်ကြံသူအချို့ထံမှ အဲဒါနှင့် ပတ်သက်၍ ပြန်ကြားခဲ့ရ၏။
ထိုကျင့်ကြံသူများ ပြောပုံအရ ဆူဇီမိုသည် တည်နေရာရွှေ့ပြောင်းခြင်းနှင့် ဆင်တူသော ထူးခြားသည့် လှုပ်ရှားမှု နည်းစနစ်တစ်ခုကို အသုံးချကာ ရေကန်ကို ဖြတ်ကျော်၍ ရောင်စဉ်ခုနှစ်သွယ် အင်မော်တယ်ဂျင်စင်းကို ခူးယူခဲ့သည်ဟု ဆို၏။
ထင်မှတ်ထားသည့်အတိုင်းပင်။
ဆူဇီမိုက တမလွန်စစ်သူကြီးနှစ်ယောက်၏ ဓားနှင့် ထိတွေ့တော့မည့်ဆဲဆဲမှာပင် သူ၏ ပုံရိပ်က ရုတ်တရက် ဖျတ်ခနဲ လက်သွား၏။
သူ ပြန်လည်ပေါ်ထွက်လာသည့်အခါ ဆူဇီမိုသည် တမလွန်စစ်သူကြီးနှစ်ယောက်ကို နောက်မှာ ချန်ထားရစ်ခဲ့လေပြီ။
အစစ်အမှန်နဂါးလျှပ်စီးကိုးချက်…
ရှေ့မှာ ရှိသော လမ်းကြောင်းက မည်သည့် အဟန့်အတားမှ မရှိဘဲ ချောမွေ့နေ၏။
ဆူဇီမိုက မလှမ်းမကမ်းတွင် ရှိသော ယွင်ထင်ကို ပြုံးစစဖြင့် လှည့်ကြည့်လိုက်၏။ သူက သူ၏ လက်ညှိုးကို ထောင်ပြီး သူ၏ ရှေ့မှာ ဘယ်ညာ ဝေ့ယမ်းပြလိုက်၏။
“မင်း…”
ယွင်ထင်က ဒေါသချောင်းချောင်းထွက်သွား၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် ဤကဲ့သို့ ရန်စမှုနှင့် အရှက်ခွဲမှုကို တစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။
“ဟားဟား”
ဆူဇီမိုက ဟားတိုက်ရယ်မော၍ လှည့်ထွက်သွား၏။