အခန်း (၃၀၂)
Vol. 21 Ch. 302
ရှားရွှယ်က ရှားယဲ့ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။
ရှားယဲ့က ဧကရာဇ် တံဆိပ်ပြား အတွက် တိုက်ပွဲဝင်ရင်း ဖယ်ရှားခံလိုက်ရပြီဟု သူထင်ထားခဲ့သည်။
သို့သော် သူ၏ ညီတော်က နောက်ဆုံးအချိန်မှ ရောက်လာမည်ဟု မထင်ထားခဲ့ပေ။
"ငါက ဘာကြောင့် တော်ဝင်မိသားစု ဘိုးဘွားမြေမှာ မရှိနိုင်ရမှာလဲ.. ငါက တော်ဝင်မိသားစု ဘိုးဘွားမြေထဲကို ဝင်ရောက်လာကတည်းက ဧကရာဇ် တံဆိပ်ပြား အတွက် လုံးဝတိုက်ပွဲမဝင်ခဲ့ဘူး... မင်းတို့တွေရဲ့ ခရုနဲ့ ကမာ တိုက်ပွဲကို အမှောင်ထဲကနေပဲ စောင့်ကြည့်နေခဲ့တယ်"
ရှားယဲ့၏ နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ဘာလို့လဲဆိုတော့ အစကတည်းက အကျိုးအမြတ်ရရှိမဲ့ တံငါသည် ဖြစ်လာဖို့ စီစဉ်ထားလို့ပဲ"
"ခရုနဲ့ ကမာတိုက်ပွဲကို စောင့်ကြည့်ပြီး တံငါသည်က အကျိုးအမြတ် ရယူတဲ့ဗျူဟာ.. သတ္တမမင်းသားရဲ့ တွက်ချက်မှုက အရမ်း ကောင်းမွန်ပါတယ်.. ဒါပေမဲ့ ငါ့ရှေ့မှာ အမြတ်ထုတ်နိုင်တဲ့စွမ်းရည် မင်းမှာ မရှိဘူး"
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး သူ့ရှေ့မှ သတ္တမမင်းသားတို့လူစုကို ဂရုမစိုက်သည့်ဟန်ဖြင့် ပြောဆိုလိုက်သည်။
"ကျန်းချန်...မင်းက အကိုတော်ရှားလင်း အဖွဲ့ကို အနိုင်ယူနိုင်တာနဲ့ပဲ ဘယ်သူမှ မင်းကို မတားဆီးနိုင်ဘူးလို့ အထင်ရောက်မနေနဲ့.. တကယ်တမ်းပြောရရင် တော်ဝင်မိသားစု ဘိုးဘွားမြေထဲကို မဝင်ရောက်မီက အကိုတော်ရှားလင်းကို ငါ့ရဲ့ နောက်ဆုံးပြိုင်ဘက် ဖြစ်မယ်လို့ ထင်ခဲ့တယ်.. ဒါပေမဲ့ မထင်မှတ်ဘဲ မင်းက သူ့ရဲ့အဖွဲ့ကို နှိမ်နင်းလိုက်တယ်.. ဘာပဲဖြစ်ဖြစ်ပါ.. နောက်ဆုံးပြိုင်ဘက်က ဘယ်သူဖြစ်ဖြစ် အမှန်တကယ် အရေးမကြီးတော့ပါဘူး"
ရှားယဲ့က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။
"ဘာလို့လဲဆိုတော့ နောက်ဆုံးရလဒ်က တစ်ခုတည်း ရှိတာကြောင့်ပဲ.. အဲဒါက ဘာလဲ ဆိုတော့ ဒီမင်းသားက ဧကရာဇ် အကဲဖြတ်ခြင်းမှာ အနိုင်ရသူ ဖြစ်လာမယ် ဆိုတာပဲ"
တော်ဝင်မိသားစု ဘိုးဘွားမြေထဲသို့ ဝင်ရောက်လာကတည်းကပင် ရှားယဲ့သည် မည်သည့် တံဆိပ်ပြား ပြိုင်ပွဲတွင်မှ မပါဝင်ခဲ့ပေ။
သို့သော်လည်း တော်ဝင်မိသားစု ဘိုးဘွားမြေ၌ ဖြစ်ပျက်ခဲ့သော အရာအားလုံးကို လျှို့ဝှက်စွာ မြင်တွေ့ခဲ့ရသည်။
ထို့ကြောင့် ကျန်းချန် ပြသခဲ့သည့် ကြီးမားသော စွမ်းအားကို သူသည် အစောကတည်းကပင် ရှင်းရှင်းလင်းလင်း သိရှိခဲ့သည်။
သူသာ အသေအချာ မပြင်ဆင်ထားလျှင် ဤအချိန်တွင် ဧကရာဇ် တံဆိပ်ပြားအတွက် ကျန်းချန်နှင့် ယှဉ်ပြိုင်ရန် မည်ကဲ့သို့ ရဲရဲဝံ့ဝံ့ ထွက်လာပါမည်နည်း။
"ငါ့အထင်မမှားရင် မင်းက ဒီကောင့်ကို အားကိုးနေတာထင်တယ်"
ကျန်းချန်က ရှားယဲ့ ဘေးမှ အနက်ရောင်ဝတ် လူငယ်ကို ကြည့်ပြီး ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။
"ဟုတ်တယ်.. ဧကရာဇ် အကဲဖြတ်ခြင်း ပြိုင်ပွဲ အတွက် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်ရှိတဲ့ လူငယ်ကိုယ်ခံပညာရှင်ကို နောက်ဆုံးမှာ ငါ ရှာဖွေတွေ့ရှိခဲ့တယ်"
ရှာယဲ့က ဂုဏ်ယူစွာ ပြုံးလိုက်သည်။
"ကျန်းချန်...မင်း ဘယ်လောက်ပဲ အစွမ်းထက်ပါစေ.. သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ ရှေ့မှာတော့ စကားထဲ ထည့်ပြောရလောက်အောင် မထိုက်တန်ဘူး"
--------------
"မထင်မှတ်ဘဲ သတ္တမမင်းသားရဲ့ တိုက်ပွဲဝင်ကျင့်ကြံသူက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူ ဖြစ်နေတယ်ဟ"
"ပြိုင်ပွဲ တစ်လျောက်လုံး သတ္တမမင်းသားက သိုသိုသိပ်သိပ် ဖုံးကွယ်ထားခဲ့တာပဲ"
"ဒီတစ်ကြိမ်တော့ ကျန်းချန်က သတ္တမမင်းသား လက်ထဲမှာ ကျရှူံးသွားဖို့များတယ်"
တော်ဝင်မိသားစု ဘိုးဘွားမြေ အပြင်ဘက်တွင် လူတိုင်းသည် အလင်းကန့်လန့်ကာ ထဲမှ ရုတ်တရက် အခြေအနေ ပြောင်းလဲမှုများကို ကြည့်ရင်း ခေါင်းကို သွင်သွင် ခါယမ်းကာ သက်ပြင်းချလိုက်ကြသည်။
ထိုသို့ လူတိုင်းက ကျန်းချန်နှင့် တတိယမင်းသား ကျရှုံးတော့မည်ဟု ထင်သောအချိန်တွင် ကျန်းချန်၏ မျက်နှာပေါ်၌ ခံစားချက်ကင်းမဲ့သော အမူအရာသာ ရှိနေခဲ့သည်။
သူက ရှားယဲ့ကို ပေါ့ပါးစွာ ကြည့်လိုက်သည်။
သူ၏ အထက်စီးဆန်သော အသံသည် ချက်ချင်းပင် ပဲ့တင်ထပ်သွားခဲ့၏။
"သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့်လား.. ငါ့မျက်လုံးထဲမှာတော့ ဘာမှမဟုတ်ဘူး"
ကျန်းချန်၏ မောက်မာသော စကားများကို ကြားလျှင် လူတိုင်းသည် အံ့သြသွားကြသည်။
ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်များတွင် မယုံကြည်နိုင်လောက်သော အံ့သြ တုန်လှုပ်မှုကို ဖော်ပြနေကြ၏။
"မူလဘူတ နယ်ပယ်အဆင့် ကျင့်ကြံသူက သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူကို ဂရုမစိုက်တဲ့ လေသံနဲ့ ပြောရဲတယ်"
"မောက်မာလိုက်တာ.. ဒါက သာမန် မောက်မာတာမျိုး မဟုတ်တော့ဘူး"
"ဟမ့်.. လွန်လွန်းလိုက်တာ... မင်းလို မူလဘူတအဆင့် ကျင့်ကြံသူ တစ်ဦးက ငါ့ရှေ့မှာ စကားပြောဆိုဖို့ အခွင့်အရေး ရှိမယ်ထင်လား.. ဒီနေ့ ငါက မူလဘူတနယ်ပယ် အဆင့် နဲ့ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကြားက ကွာဟချက် ဘယ်လောက် ကြီးမားတယ်ဆိုတာ မင်းကို ပေးသိမယ်"
ကျန်းချန်၏ မောက်မာသော စကားများသည် မင်းသားရှားယဲ့ ဘေးမှ အနက်ရောင်ဝတ် လူငယ်ကို ဒေါသထွက်စေခဲ့သည်။
သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကိုယ်ခံပညာရှင်၏ အင်အားကြီးမားသော အရှိန်အဝါသည် ချက်ချင်းဆိုသလို ကျန်းချန်အပေါ်တွင် သက်ရောက်လာခဲ့သည်။
အခန်း(၃၀၂) ပြီး၏