← Chapters

အခန်း (၃၀၃)

Vol. 21 Ch. 303

အခန်း (၃၀၃)

Vol. 21 Ch. 303

သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် လူငယ်ကျင့်ကြံသူ၏ ဖိနှိပ်မှုကို ရင်ဆိုင်ရင်း ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။

ထိုခဏမှာပင် ထက်မြက်သော ဓားဆန္ဒ တစ်ခုသည် လူငယ်ကျင့်ကြံသူ၏ အရှိန်အဝါကို မမြင်နိုင်လောက်အောင် ပျော်ဝင်သွားစေခဲ့သည်။

"သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့် ကျင့်ကြံသူရဲ့ အရှိန်အဝါကို တခြား မူလဘူတ နယ်ပယ်အဆင့် ကျင့်ကြံသူတွေကို ခြောက်လှန့်ဖို့ အတွက်ပဲ မင်းသုံးလို့ရမယ်"

လူငယ်ကျင့်ကြံသူ၏ အရှိန်အဝါဖြင့် ဖိနှိပ်မှုကို ခပ်လွယ်လွယ် ဖြေရှင်းလိုက်ပြီးနောက် ကျန်းချန်က ခနဲ့လိုက်၏။

"ငါ့ရှေ့မှာတော့ ဒါက ပြောရလောက်အောင် မထိုက်တန်ဘူး"

ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပာယ်။

ဤသည်မှာ မည်သည့် ကိုယ်ခံပညာကိုမဆို လွှမ်းမိုးနိုင်သော စွမ်းရည် တစ်ခု ဖြစ်သည်။

ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်သော မည်သူမဆို နယ်ပယ်အဆင့်မှ ယူဆောင်လာသော အရှိန်အဝါဖြင့် ဖိနှိပ်မှုကို အလွယ်တကူ ဖြေရှင်းနိုင်၏။

ယင်းမှာ ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်သောသူများအဖို့ သာလွန်သော တိုက်ခိုက်ရေးစွမ်းအားများ ရှိကြပြီး နယ်ပယ်အဆင့်ကို ကျော်လွန်၍ တိုက်ခိုက်နိုင်သည့် အရေးပါသော အကြောင်းရင်း တစ်ခုလည်း ဖြစ်သည်။

"မင်းရဲ့ ဓားဆန္ဒ အရှိန်အဝါက ထက်မြက်သားပဲ"

လူငယ်ကျင့်ကြံသူ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ပြင်းထန်စွာ တိုက်ခိုက်လိုသော ဆန္ဒများ ထုတ်လွှတ်နေ၏။

"ဒီနေ့.. ငါ လမ်ပမ်က မင်းရဲ့ ဓားဆန္ဒ ဘယ်လောက် အင်အားကြီးလဲဆိုတာ ကြည့်ရှုရသေးတာပေါ့"

"မင်း မကြည့်ရှုတာက ပိုကောင်းမယ်လို့ ငါအကြံပြုချင်တယ်.. ငါသာ မင်းနေရာမှာဆိုရင် တော်ဝင်မိသားစု ဘိုးဘွားမြေကနေ ချက်ချင်း ထွက်ခွာမိမှာပဲ"

ကျန်းချန်က လူငယ်ကျင့်ကြံသူကို စူးစိုက်၍ ကြည့်ပြီး အထက်စီးဆန်စွာ ပြောဆိုလိုက်သည်။

"ငါရဲ့ ဓားဆန္ဒနဲ့ မင်းရဲ့ ခွေးခေါင်းကို တစ်ချက်တည်း ခုတ်ဖြတ်ဖို့က ငါ့အတွက် ပြဿနာမဟုတ်ဘူး

"ငါ... ငါ မှားယွင်းပြီး ကြားမိတာလား"

"သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဦးရှေ့မှာ မောက်မာရဲတဲ့ မူလဘူတ ကိုယ်ခံပညာရှင်တွေ ထဲမှာ ကျန်းချန်က သမိုင်းထဲ ပထမဆုံး ဖြစ်လောက်တယ်"

တော်ဝင်မိသားစု ဘိုးဘွားမြေ အပြင်ဘက်၌ လူတိုင်းသည် ကျန်းချန်၏ စကားများကြောင့် တစ်ဖန် တုန်လှုပ်သွားကြသည်။

"ဓားတစ်ချက်တည်းနဲ့ သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့် ကျင့်ကြံသူကို သတ်ပစ်မယ်ဆိုပါလား"

"ဒါက မူလဘူတ နယ်ပယ်အဆင့် ကိုယ်ခံပညာရှင်တစ်ဦး လုပ်ဆောင်နိုင်တဲ့ ကိစ္စရော ဟုတ်ရဲ့လား"

"ကောင်လေး မောက်မာလှချည်လား"

လူငယ်ကျင့်ကြံသူ လမ်ပမ်က ဒေါသတကြီး ရေရွတ်လိုက်သည်။

"မင်း ငါ့ကို ဓားတစ်ချက်တည်းနဲ့ ဘယ်လို သတ်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားလည်သော ပါရမီရှင်သည် အလွန်ကောင်းမွန်သော တိုက်ခိုက်ရေးစွမ်းအား ရှိသည်မှာ မှန်သော်လည်း သူ့ကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်ရန်မှာမူ ရိုးရှင်းစွာပြောရလျှင် မဖြစ်နိုင်သော ကိစ္စတစ်ရပ် ဖြစ်၏။

"မင်းကို အသက်ရှင်ဖို့ အခွင့်အရေးပေးခဲ့တယ်.. ဒါပေမဲ့ မင်းက တန်ဖိုးမထားခဲ့ဘူး.. ဒီလိုဆိုမှတော့ မင်းရဲ့ မျက်လုံးတွေကို ပြူးနေအောင် ဖွင့်ထားပြီး ငါမင်းကို ဓားတစ်ချက်တည်းနဲ့ဘယ်လို သတ်မလဲဆိုတာ ကြည့်နေ"

ကျန်းချန်က အေးစက်စက် ပြောဆိုလိုက်ပြီး နဂါးပျံ လျှို့ဝှက်နည်းစနစ်၊ လေဆန္ဒ နှင့် ဓားဆန္ဒ တို့ကို တစ်ပြိုင်နက်တည်း ထုတ်ဖော်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်း လမ်ပမ်ဘေးရှိ လေထုက ပုံပျက်သွားပြီး ထိုနေရာကနေ ကျန်းချန်က ထွက်ပေါ်လာသည်။

နောက်ထပ်တခဏတွင် ကျန်းချန်၏ ပုံရိပ်သည် လမ်ပမ်၏ အနောက်ဘက်ရှိ မီတာသုံးဆယ် အကွာ၌ တိုက်ရိုက် ပေါ်လာခဲ့၏။

သူ၏ လက်ထဲမှ ယန်လုံဓားက မြေပြင်ကို ထောင့်ဖြတ် ညွှန်ပြနေပြီး ဓားထိပ်ကနေ မြေပြင်ပေါ်သို့ အနီရောင် သွေးစက်များ တစ်စိမ့်စိမ့် ကျဆင်းနေခဲ့သည်။

တစ်ချိန်တည်းမှာပင် ပေါက်ကွဲသံတစ်သံသည် တိုက်ရိုက် ထွက်ပေါ်လာ၏။

လူတိုင်းသည် ပေါက်ကွဲသံ ထွက်ပေါ်လာသည့် နေရာကိုကြည့်လိုက်ရာ လမ်ပမ်က ခေါင်းပြတ်အလောင်း ဖြစ်သွားခဲ့ပြီး သွေးအိုင်ထဲ၌ လဲကျသွားသည်ကို တွေ့မြင်လိုက်ရသည်။

သူတို့ရှေ့မှ တုန်လှုပ်စရာကောင်းသော မြင်ကွင်းကို မြင်သောအခါ လူတိုင်းသည် အသက်ပင် မရှူနိုင်ကြပေ။

ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်များတွင် မယုံကြည်နိုင်လောက်အောင် အံ့သြထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်နေခဲ့၏။

သူတို့က ဓားဆန္ဒကို ကျန်းချန် နားလည်ထားမှန်း သိထားသော်လည်း ကျန်းချန်၏ တိုက်ခိုက်ရေး စွမ်းအားက ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အဆင့်ကို ရောက်ရှိနေမည်ဟု မထင်ထားခဲ့ပေ။

ဓားချက်တစ်ချက်။

ဤကောင်လေးသည် အမှန်တကယ်ပဲ ဓားချက် တစ်ချက်တည်း ထုတ်ပြီး သဘာဝစွမ်းအားဖွင့်ခြင်း နယ်ပယ် အဆင့် ကျင့်ကြံသူတစ်ဦးကို လုံးဝ ခေါင်းဖြတ်ပစ်လိုက်သည်။

"ကြောက်စရာကောင်းလိုက်တာ.. သိပ်ကို ကြောက်စရာကောင်းလွန်းတယ်"

လမ်ပမ်ကို ဓားတစ်ချက်တည်းဖြင့် သတ်ပစ်လိုက်ပြီးနောက်တွင် ကျန်းချန်၏ အကြည့်သည် မယုံနိုင်စရာကောင်းသော မျက်နှာဖြင့် သတ္တမမင်းသား ဆီသို့ တိုက်ရိုက် ကျရောက်သွားခဲ့၏

သူ၏ မောက်မာသော အသံသည် ချက်ချင်းပင် ကောင်းကင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့​သည်။

"သတ္တမမင်းသား.. တံငါသည်လို အကျိုးအမြတ်ကို ရိတ်သိမ်းဖို့က ငါ့ရှေ့မှာ အသုံးမဝင်ဘူးလို့ မင်းကို ငါ အစောကြီး ကတည်းက သတိပေးပြီးသားပဲ.. မင်းအနေနဲ့ ဒီကနေ ကိုယ့်ကိုယ်ကိုယ် ထွက်သွားမလား ဒါမှမဟုတ် ငါကိုယ်တိုင် ပို့ပေးရမလား"

အခန်း(၃၀၃) ပြီး၏

All Chapters