အခန်း (၃၀၆)
Vol. 21 Ch. 306
"ကောင်လေး.. ယန်ဟွမ် ကျောင်းတော်ကို တည်ထောင်ကတည်းက စစ်မှန်တဲ့ အဓိပ္ပာယ် ငါးခုလုံးကို အပြည့်အဝ နားလည်တဲ့ ပထမဆုံးလူက မင်းပဲရှိတယ်.. မင်းက တစ်နေ့ကျရင် ဘယ်လောက်အထိ အမြင့်ပျံနိုင်မလဲဆိုတာ ငါ အရမ်း သိချင်မိတယ်"
အဘိုးကြီး မိုရီက မှင်တက်နေရာကနေ ပြန်လည်သက်သာလာရန် အချိန်အတော်ကြာခဲ့၏။
ထို့နောက်တွင် သူက ကျန်းချန်ကို တအံတသြ ပြောဆိုလိုက်သည်။
"အကြီးအကဲက ချီးမွန်းလွန်းနေပါပြီ.. ကျွန်တော် စစ်မှန်တဲ့ အဓိပ္ပာယ် ငါးခုကို နားလည်နိုင်တာက အကြီးအကဲအပေါ်လည်း မူတည်ပါသေးတယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောဆိုလိုက်သည်။
"စစ်မှန်တဲ့ အဓိပ္ပာယ် ငါးခုကို အကြီးအကဲက ဒီနေရာမှာ စောင့်ရှောက်ပေးခဲ့တာလည်း အဓိကကျပါတယ်"
အဘိုးကြီး မိုရီက ခေါင်းကို ခါယမ်းလိုက်ပြီး ကျန်းချန်ကို မော့ကြည့်လိုက်သည်။
"မင်းအနေနဲ့ စစ်မှန်တဲ့ အဓိပ္ပါယ် သုံးခုကို နားလည်ဖို့အတွက် စစ်မှန်တဲ့ အဓိပ္ပာယ်ချိုင့်ဝှမ်းကို ဒီလောက်ထိ စိတ်အားထက်သန်စွာ လာရောက်ပုံထောက်ရင် ယန်ဟွမ်ကျောင်းတော်ကနေ ထွက်ခွာဖို့ စီစဉ်နေတာများလား"
"အကြီးအကဲက အရာအားလုံးကို အမှန်တကယ် သိရှိနေတာပဲ.. ကျွန်တော်က စစ်မှန်သော နဂါးနိုင်ငံသို့ သွားရောက်ဖို့ စီစဉ်ထားပါတယ်"
ကျန်းချန်က မဖုံးကွယ်ခဲ့ပေ။
"မင်းရဲ့ ပါရမီနဲ့ဆို ယန်ဟွမ် ကျောင်းတော်လို အရင်းအမြစ် ရှားပါးတဲ့ နေရာမှာ အမှန်တကယ် မနေသင့်ဘူး.. ဂိုဏ်းကြီးတွေကပဲ မင်း တိုးတက်လာဖို့အတွက် အကောင်းဆုံးနေရာ ဖြစ်နိုင်တယ်"
အဘိုးကြီး မိုရီက အနည်းငယ် စဉ်းစားလိုက်သည်။
"ယန်ဟွမ်ကျောင်းတော်ရဲ့ နဂါးစာရင်း နံပါတ်တစ် ကျောင်းသားက ထိုက်ရှဂိုဏ်းရဲ့ တပည့်ဖြစ်ဖို့ တိုက်ရိုက် အခွင့်အရေး ရှိတယ်"
"အကြီးအကဲ စကားက အမှန်ပဲလား"
ကျန်းချန်၏ မျက်လုံးထဲတွင် ရုတ်တရက် အံ့အားသင့်သော အရိပ်အယောင် တစ်ခု ပေါ်လာခဲသည်။
ယခုအခါတွင် ယန်ဟွမ်ကျောင်းတော်၏ နဂါးစာရင်းထဲမှ ပါရမီရှင်များတွင် သူ့ကို အန္တရာယ်ပြုနိုင်သောသူ မရှိသလောက်ပင်။
သူသာ ထိုက်ရှဂိုဏ်းဝင် ဖြစ်လာခဲ့လျှင် အဂ္ဂိရတ်ပြိုင်ပွဲကို ဝင်ပြိုင်ပြီးနောက်တွင် ထိုက်ရှဂိုဏ်းသို့ တစ်ခါထဲ ဝင်ရောက်နိုင်မည် ဖြစ်သည်။
ယန်ဟွမ်ကျောင်းတော်၏ နဂါးစာရင်း နံပါတ်တစ်က ထိုက်ရှဂိုဏ်း၏ တပည့်ဖြစ်ရန် အခွင့်အရေးရှိနေ၍ ဤအခွင့်အရေးကို သူ့အနေဖြင့် အရယူရပေမည်။
"နဂါးစာရင်းရဲ့ ထိပ်ဆုံးကို ရောက်ရင် ထိုက်ရှဂိုဏ်းဝင် ဖြစ်လာဖို့ အခွင့်အရေးရှိတယ်.. ဒါပေမဲ့ စမ်းသပ်မှုတော့ ရှိသေးတယ်.. သိရသလောက် ယန်ဟွမ်ကျောင်းတော်ကနေ ထိုက်ရှဂိုဏ်းထဲကို ဝင်ရောက်နိုင်ခဲ့တဲ့ နောက်ဆုံးတစ်ဦးက လွန်ခဲ့သော နှစ်သုံးဆယ်ကပဲ"
အဘိုးကြီး မိုရီက ကျန်းချန်ကို ပြုံး၍ ပြောဆိုလိုက်သည်။
"မင်းက ဒီလူရဲ့ အမည်ကို ရင်းနှီးမယ်ထင်တယ်.. သူကလည်း မင်းလိုပဲ လင်ယွင်ကျောင်းတော်က ရောက်လာတဲ့သူပဲ"
အဘိုးကြီး မိုရီ၏ စကားကို ကြားလျှင် ကျန်းချန်၏ မျက်လုံးတွင် အနည်းငယ် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
လွန်ခဲ့တဲ့ နှစ်သုံးဆယ်က လင်ယွင် ကျောင်းတော်ကနေ ရောက်လာသူ။
ကျန်းချန်သည် မစဉ်းစားဘဲ မနေနိုင်ခဲ့ပေ။
အဘိုးကြီး မိုရီ ပြောသည့်ပုဂ္ဂိုလ်က လင်ယွင်ကျောင်းတော်၏ ဒဏ္ဍာရီ ဖြစ်သည့် ရှစ်ရှင်းချီ ဖြစ်နိုင်ပေသည်။
ကျန်းချန်က ရှစ်ရှင်းချီအကြောင်း ပို၍ သိချင်လာခဲ့၏။
သူသည် ရှစ်ရှင်းချီ မည်မျှ မွန်းစတားဆန်သည်ကို သိရှိလိုခဲ့သည်။
အကြောင်းမှာ နှစ်သုံးဆယ်ကြာမြင့်ခဲ့သော်လည်း လင်ယွင် ကျောင်းတော်တွင် ဖြစ်စေ၊ ယန်ဟွမ် ကျောင်းတော်တွင် ဖြစ်စေ ရှစ်ရှင်းချီ၏ ဒဏ္ဍာရီက ပျံ့နှံ့နေဆဲ ဖြစ်သောကြောင့်ပင်။
အဘိုးကြီး မိုရီကို နှုတ်ဆက်ပြီးနောက်တွင် ကျန်းချန်သည် ယန်ဟွမ် ကျောင်းတော်၏ မစ်ရှင် ခန်းမဆီသို့ တိုက်ရိုက် သွားရောက်လိုက်သည်။
ခန်းမထဲရှိ အကြီးအကဲလန်က ခန်းမထဲကို လျှောက်ဝင်လာသော ကျန်းချန်ကို မြင်လျှင် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ပေ။
"ကျန်းချန်.. နောက်ကျနေပြီ.. ဘာကိစ္စရှိလို့လဲ"
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးပြီး ပြောဆိုလိုက်သည်။
"အကြီးအကဲလန်.. ကျွန်တော် မနက်ဖြန်ကျရင် နဂါးစာရင်းက ကျောင်းသားတစ်ဦးကို စိန်ခေါ်ချင်တယ်"
ကျန်းချန်၏ စကားများကို ကြားသောအခါတွင် မစ်ရှင်တာဝန်များကို လာရောက်ယူသော ခန်းမထဲရှိ ကျောင်းသားတချို့၏ အကြည့်သည် ကျန်းချန်ထံသို့ ရောက်ရှိလာခဲ့သည်။
"မင်း စိန်ခေါ်ချင်တဲ့ အဆင့်ကို ပြောပါ.. စည်းမျဉ်းများအရ မင်းက မင်းထက် အဆင့်မြင့်တဲ့ ကျောင်းသားတွေကိုပဲ စိန်ခေါ်နိုင်တယ်.. လဝက်ကြာ စိန်ခေါ်ခြင်း မခံရသေးတဲ့ ကျောင်းသားတွေကပဲ မင်းရဲ့ စိန်ခေါ်မှုကို ခြွင်းချက်မရှိ လက်ခံနိုင်လိမ့်မယ်"
အကြီးအကဲလန်က အေးစက်သော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။
"ကျွန်တော် နဂါးစာရင်းရဲ့ ထိပ်ဆုံးကို စိန်ခေါ်ချင်တယ်"
ကျန်းချန်က အပိုစကားများ မပြောဆိုဘဲ တိုက်ရိုက် ပြောဆိုလိုက်သည်။
သူ၏ လေးနက်သော အသံသည် ခန်းမထဲ၌ ပဲ့တင်ထပ်သွားခဲ့၏။
"ကျန်းချန်က တကယ်ပဲ နဂါးစာရင်းရဲ့ ထိပ်ဆုံးကို စိန်ခေါ်ချင်တာလား"
ကျန်းချန်၏ စကားကို ကြားလိုက်ရလျှင် ခန်းမတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
အခန်း(၃၀၆) ပြီး၏