← Chapters

အခန်း (၃၀၇)

Vol. 21 Ch. 307

အခန်း (၃၀၇)

Vol. 21 Ch. 307

ခန်းမထဲ၌ ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင် လူတိုင်းသည် မှင်တက်နေရာကနေ ပြန်လည် အသိဝင်လာကြ၏။

ကျန်းချန်ကို ကြည့်နေသည် သူတို့၏ အကြည့်များတွင် အံ့သြ ထိတ်လန့်မှုများကို ဖုံးဖိမရခဲ့ပေ။

ဤတစ်ကြိမ်တွင် ကျန်းချန် စိန်ခေါ်ရန် ကြိုးစားနေသူသည် နဂါးစာရင်း၌ နံပါတ်တစ် အဆင့်ရှိသော မူဖုန်း ဖြစ်သည်။

ကျန်းချန်က နဂါးစာရင်းမှာ နံပါတ်၉ အဆင့်ရှိသည့် မုန့်ယန်ကို အနိုင်ယူနိုင်တာနဲ့ပဲ ကမ္ဘာပေါ်မှာ မရှုံးနိုင်တော့ဟု အထင်ရောက်နေပါသလော။

မူဖုန်း။

ဤသည်မှာ သူတို့ ယန်ဟွမ် ကျောင်းတော်၏ ဒဏ္ဍာရီတစ်ခုပင် ဖြစ်သည်။

လွန်ခဲ့သော တစ်နှစ်ကျော်က မူဖုန်းသည် မူလဘူတနယ်ပယ် အဆင့်၉ အင်အားနှင့် သူနားလည်ခဲ့သော ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပာယ် နှစ်ခုကို အားကိုး၍ နဂါးစာရင်း၏ ပထမနေရာကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။

နဂါးစာရင်း၌ ပထမနေရာကို မူဖုန်း ရယူပြီးခါစတွင် နဂါးစာရင်း၏ ထိပ်တန်းကျောင်းသား အတော်များများသည် မူဖုန်းကို စိန်ခေါ်ခဲ့ကြ၏။

သို့သော်လည်း နောက်ဆုံးတွင် သူတို့အားလုံးသည် မူဖုန်း၏ အလွယ်တကူ အနိုင်ယူခြင်းကိုသာ ခံခဲ့ရ၏။

အချိန်ကြာလာသည်နှင့်အမျှ မူဖုန်းသည် ယန်ဟွမ် ကျောင်းတော်၏ ဒဏ္ဍာရီ တစ်ပါး ဖြစ်လာခဲ့သည်။

ယခု နောက်ထပ် တစ်နှစ်ကြာသွားပြီ ဖြစ်၍ မူဖုန်း၏ အင်အားက မည်မျှအထိ ကြောက်စရာကောင်းသော အဆင့်သို့ ရောက်ရှိနေမှန်း မည်သူမျှ မသိနိုင်ပေ။

ကျန်းချန်အနေဖြင့် မူဖုန်းကို စိန်ခေါ်ခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးနေသည်နှင့် မခြားနားဟု သူတို့ ထင်မြင်မိသည်။

ထို့ကြောင့် ကျန်းချန် စိန်ခေါ်မည့်သူက နဂါးစာရင်း၏ နံပါတ်တစ် မူဖုန်း ဖြစ်နေသည်ကို သိလိုက်သည်နှင့် အချိန်အတော်ကြာ မှင်တက်သွားခဲ့ခြင်း ဖြစ်သည်။

အကြီးအကဲလန်က ကျန်းချန်ကို ခပ်တင်းတင်း စိုက်ကြည့်လိုက်သည်။

"ကျန်းချန်.. နဂါးစာရင်းရဲ့ ထိပ်ဆုံးကျောင်းသား မူဖုန်းကို စိန်ခေါ်ချင်တာ သေချာပါတယ်နော်"

"သေချာပါတယ်.. ပြဿနာရှိလို့လား"

ကျန်းချန်က ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်သည်။

"ပြဿနာမရှိပါဘူး.. နဂါးစာရင်းရဲ့ ထိပ်တန်းကျောင်းသားတစ်ဦးအနေနဲ့ မင်းက နဂါးစာရင်းရဲ့ နံပါတ်တစ် အဆင့်ကို စိန်ခေါ်ဖို့ အပြည့်အဝ အရည်အချင်း ပြည့်မီပါတယ်.. မင်း ဆုံးဖြတ်ထားပြီးပြီ ဆိုတော့ ငါ မူဖုန်းကို အသိပေးထားလိုက်မယ်.. မနက်ဖြန် မနက် ၈ နာရီ သိုင်းစင်မြင့်မှာ တွေ့ဆုံကြတာပေါ့"

အကြီးအကဲလန်က ကျန်းချန်ကို လေးနက်စွာ ကြည့်လိုက်ပြီး တိုက်ရိုက် ပြောဆိုလိုက်သည်။

"နားလည်ပါပြီ"

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ခန်းမထဲရှိ မရေတွက်နိုင်သော အကြည့်များအောက်မှာပင် မစ်ရှင်ခန်းမထဲမှ ထွက်လာခဲ့သည်။

နောက်တစ်နေ့ မနက် ရှစ်နာရီတွင် ကျန်းချန်သည် ယန်ဟွမ်ကျောင်းတော်၏ သိုင်းစင်မြင့်ပေါ်၌ အချိန်မှန် ပေါ်ထွက်လာခဲ့သည်။

ကျန်းချန်က နဂါးစာရင်း၏ ထိပ်ဆုံးကို စိန်ခေါ်သော သတင်းကို ကြားကြားချင်း မည်သူမှ ထိုသတင်းကို မယုံကြည်ခဲ့ပေ။

နဂါးစာရင်း၏ နံပါတ်တစ် ဖြစ်လာကတည်းကပင် မူဖုန်းသည် ပြိုင်ဘက်များကို အေးအေးဆေးဆေး အနိုင်ယူခဲ့သူ ဖြစ်၏။

"ကျန်းချန်က ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတယ်"

"ရလဒ်က ဘယ်လိုထွက်လာမလဲ ဆိုတာ အလွယ်လေး ခန့်မှန်းလို့တောင် ရတယ်"

ရင်ပြင်ရှိ လူတိုင်းသည် သိုင်းစင်မြင့်ပေါ်မှ ကျန်းချန်ကို ကြည့်ရင်း ပြောဆိုဝေဖန်နေခဲ့ကြ၏။

လူတိုင်း စကားပြောဆိုနေသော အချိန်မှာပင် အဖြူရောင် ပုံရိပ်တစ်ခုသည် ရင်ပြင်ကို ဖြတ်ကျော်ပြီး အဖြူရောင် လေဆင်နှာမောင်း ကဲ့သို့ လျှပ်တစ်ပြက် ပေါ်ထွက်လာခဲ့သည်။

မျက်တောင်တစ်ခတ်အတွင်း အဖြူရောင် ပုံရိပ်သည် ပြိုင်ပွဲစင်မြင့်ပေါ်သို့ ပေါ့ပါးစွာ ကျရောက်သွားခဲ့၏။

စင်မြင့်ပေါ်တွင် ရုတ်တရက် ပေါ်ထွက်လာသောသူမှာ အသက် နှစ်ဆယ်ဝန်းကျင် ရှိပြီး အဖြူရောင် အဝတ်အစားဝတ်ဆင်ထားသော လူငယ်တစ်ဦး ဖြစ်သည်။

အဖြူရောင် အဝတ်အစားဝတ် လူငယ်သည် အလွန်ချောမောခန့်ညားသူ ဖြစ်၏။

သူ၏ မျက်လုံးထဲတွင် နတ်အလင်းတန်းတစ်ခု ရှိနေပုံရသည်။

သူ၏ လှုပ်ရှားမှုတိုင်းသည် ပြိုင်ဘက်ကို ကြီးမားသော ဖိအားများ ပေးစွမ်းနိုင်၏။

ဤအဖြူရောင်ဝတ် လူငယ်သည် ယန်ဟွမ် ကျောင်းတော်၏ ဒဏ္ဍာရီ တစ်ပါး ဖြစ်ပြီး နဂါးစာရင်း၏ ထိပ်ဆုံးမှ ပါရမီရှင်လည်း ဖြစ်သည်။

မူဖုန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ စင်ပေါ်၌ ရပ်နေခဲ့သည်။

သူက သူ့ရှေ့မှ ကျန်းချန်ကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်သည်။

"ငါ့ကို စိန်ခေါ်တဲ့ ကျန်းချန်ဆိုတာ မင်းလား"

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောဆိုလိုက်သည်။

"ဟုတ်တယ်.. မင်းရဲ့ နဂါးစာရင်း နံပါတ်တစ် အဆင့်အတန်းကို လိုအပ်လို့ပဲ"

"ဟားဟား... နဂါးစာရင်းရဲ့ နံပါတ်တစ် ဖြစ်ချင်ရင် မင်းမှာ အဲဒီ စွမ်းရည်မျိုး ရှိမရှိပေါ်မှာပဲ မူတည်တယ်.. မင်းက ယန်ဟွမ်ကျောင်းတော်ကို ဝင်လာတာ တစ်လပဲ ရှိသေးပေမဲ့ နဂါးစာရင်းရဲ့ ထိပ်ဆုံး ဆယ်ယောက်ထဲကို ရောက်ရှိလာတယ်လို့ ငါ ကြားသိရတယ်.. ဒီစွမ်းဆောင်ရည်ကြောင့် မင်းက ရှားပါးတဲ့ ပါရမီရှင်တစ်ဦး ဆိုတာ သေချာသလောက်ပဲ.. မင်းရဲ့စွမ်းရည် ဘယ်လောက်ကောင်းမွန်လဲဆိုတာ ငါ ကြည့်ချင်တယ်"

မူဖုန်းက စကားဆုံးသည်နှင့် လက်သီးကို ဆုပ်လိုက်ပြီး ကျန်းချန်ဆီသို့ ပစ်သွင်းလိုက်သည်။

သူက အင်အားကြီးမားသော လက်သီးချက်ကို အသုံးပြုကာ ကျန်းချန်ကို တစ်ကွက်ထဲဖြင့် အပြတ်ဖြတ်ရန် ကြိုးစားလိုက်ခြင်းပင်။

အခန်း(၃၀၇) ပြီး၏

All Chapters