အခန်း (၃၀၈)
Vol. 21 Ch. 308
"လက်သီးဆန္ဒပါလား"
မူဖုန်း၏ လက်သီးချက်ကို မြင်လျှင် ကျန်းချန်က ပါးစပ်ကနေ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
ထို့နောက် သူက လက်သီးကို ဆုပ်လိုက်ပြီး သူ၏ အင်အားကြီးမားသော လက်သီးဖြင့် မူဖုန်း၏ လက်သီးကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
"ဝုန်း"
လက်သီးဆန္ဒ ပါဝင်သော လက်သီးနှစ်လုံးသည် လေထဲတွင် တိုက်မိသွားပြီး မမြင်နိုင်သော လေလှိုင်းများသည် ချက်ချင်းပင် အရပ်ရပ်သို့ ပျံ့နှံ့သွားခဲ့သည်။
ဤကဲ့သို့ ဖြစ်လာမည်ဟု မထင်ထားသော မူဖုန်းသည် လေလှိုင်းကြောင့် တိုက်ရိုက် တုန်ယင်သွားပြီး ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့သည်။
ထိုအခိုက်တွင် နေရာမှာပင် ငြိမ်သက်စွာ ရပ်နေသော ကျန်းချန်ကို မြင်လျှင် အဆုံးသတ်၌ သူ၏ မျက်လုံးထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ပေါ်လာခဲ့၏။
"မူဖုန်းကို ကျန်းချန်က လက်သီးတစ်ချက်တည်းနဲ့ တကယ်ပဲ နောက်ဆုတ်သွားစေတာလား.. ဒါ... ဘယ်လို အခြေအနေလဲဟ"
ပြိုင်ပွဲစင်မြင့် ပေါ်မှ ထူးဆန်းသော မြင်ကွင်းကို ကြည့်နေကြသော လူတိုင်းသည် မျက်လုံးများ ကျွတ်ကျလုမတတ် တုန်လှုပ်သွားကြသည်။
မူဖုန်းသည် နဂါးစာရင်း၏ ထိပ်တန်းပါရမီရှင်ဖြစ်ပြီး သိုင်းဆန္ဒနှစ်မျိုးကို နားလည်ထားသူ ဖြစ်၏။
ဆိုရလျှင် ယန်ဟွမ် ကျောင်းတော်တွင် မူဖုန်း၏ လက်သီးကို တားဆီးနိုင်သောသူ မရှိသလောက်ပင်။
သို့သော် ကျန်းချန်က တားဆီးနိုင်ရုံတင်မကဘဲ မူဖုန်းကိုပင် နောက်ဆုတ်စေခဲ့သည်။
ကျန်းချန်က ဓားဆန္ဒဖြင့် ထိုကဲ့သို့ စွမ်းဆောင်နိုင်လျှင် သူတို့ ဤမျှလောက် အံ့သြမည် မဟုတ်ပေ။
သို့သော် ကျန်းချန်က မူဖုန်းကို လက်သီးဖြင့် ရင်ဆိုင်ကာ အထက်စီးရခဲ့ခြင်း ဖြစ်သည်။
"ဒါ.. ဒါက မယုံနိုင်စရာပဲ"
"လက်သီးဆန္ဒ.. ကျန်းချန်ကလည်း လက်သီးရဲ့ စစ်မှန်တဲ့အဓိပ္ပါယ်ကို နားလည်ထားတာပဲ.. သူ့ရဲ့ လက်သီးဆန္ဒက မူဖုန်းထက် လုံးဝ အားမနည်းဘူး"
ထိုအချိန်၌ အမြင်စူးရှသော နဂါးစာရင်း ကျောင်းသားတစ်ယောက်က အော်ဟစ်လိုက်သည်။
"ဘာ... ကျန်းချန်က လက်သီးဆန္ဒကိုတောင် နားလည်ထားတာလား"
နဂါးစာရင်းမှ ကျောင်းသား၏ အာမေဍိတ်သံကို ကြားသောအခါ ပတ်ဝန်းကျင်မှ ကျောင်းသားအားလုံးသည် အံ့သြတုန်လှုပ်ကာ စကားပင် မပြောနိုင်ကြတော့ပေ။
ကျန်းချန်သည် ဤသိုင်းစင်မြင့်ပေါ်တွင် ဓားဆန္ဒနှင့် လေဆန္ဒတို့ကို ပြသခဲ့ဖူးမှန်း သူတို့ ရှင်းရှင်းလင်းလင်း မှတ်မိကြ၏။
ယခု ကျန်းချန်က လက်သီးဆန္ဒကိုပင် ပြသနေပြန်သည်။
လူတစ်ယောက်က ကိုယ်ခံပညာ သုံးခု၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ထားသည်မှာ လုံးဝ မယုံကြည်နိုင်စရာ ဖြစ်ရပ်တစ်ခုပင်။
"ယန်ဟွမ်ကျောင်းတော်ရဲ့ နဂါးစာရင်းက ရှားပါးတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်ဖို့ ထိုက်တန်ပါတယ်"
"မင်းက လက်သီးဆန္ဒကို နားလည်ထားလိမ့်မယ်လို့ မထင်ထားမိဘူး"
မူဖုန်းက မှင်တက်နေရာကနေ ပြန်လည် အသိဝင်လာသည်။
ကျန်းချန်ကို ကြည့်နေသည့် သူ၏ အကြည့်သည် အဆုံးသတ်တွင် ပိုပြီး လေးနက်လာခဲ့သည်။
သူသည် ကျန်းချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ငါ ယန်ဟွမ်ကျောင်းတော် ထဲကို ဝင်လာကတည်းက ရေတွက်ရင် မင်းက ငါနဲ့ ထိုက်တန်တဲ့ ပထမဆုံး ပြိုင်ဘက်ပဲ"
"ဟုတ်လား"
ကျန်းချန်က မဲ့ပြုံးပြုံး၍ ပြောဆိိုလိုက်သည်။
"ဒါပေမယ့် ငါ့မျက်လုံးထဲမှာတော့ မင်းက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ အရည်အချင်းမပြည့်မီဘူးလို့ ထင်တယ်"
"ဟမ့်.. ငါ့ရှေ့မှာ မောက်မာလှချည်လား ကျန်းချန်"
"အစောပိုင်းက ငါဂရုမစိုက်မိလို့ နောက်ဆုတ်လိုက်ရတာပဲ.. မဟုတ်ရင် မင်းလိုကောင်က အခွင့်အရေး ဘယ်လို ယူနိုင်မှာလဲ"
ကျန်းချန်၏ သူ့အပေါ် ဂရုမစိုက်သော စကားများကို ကြားလျှင် မူဖုန်းသည် ဒေါသအိုး ပေါက်ကွဲလာခဲ့၏။
"ကျန်းချန်.. မိုးကြိုးဆန္ဒရဲ့ စစ်မှန်တဲ့ အင်အားကို မြည်းကြည့်လိုက်စမ်း"
မူဖုန်းသည် ဒေါသတကြီး ကြုံးဝါးလိုက်ပြီး မိုးကြိုး ဆန္ဒကို ထုတ်ဖော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် မူဖုန်း၏ ဦးခေါင်းနှင့် မီတာအနည်းငယ်အကွာရှိ ကောင်းကင်က အရောင်ပြောင်းသွားခဲ့သည်ကို အားလုံးက တွေ့လိုက်ရသည်။
ထို့နောက်တွင် မီတာ နှစ်ဆယ် သုံးဆယ်ရှည်သော ငွေရောင် မိုးကြိုးတစ်စင်းသည် ကြောက်စရာကောင်းသော အင်အားဖြင့် ကျန်းချန်ဆီသို့ ဆင်းသက်လာခဲ့၏။
"ဟားဟား.. ဒါက မိုးကြိုးဆန္ဒလေးပဲ မဟုတ်လား.. ငါ အခုလေးတင် မင်းကို လက်သီးဆန္ဒနဲ့ နောက်ဆုတ်စေခဲ့မှတော့ အခုလည်း မိုးကြိုးဆန္ဒနဲ့ မင်းကို အနိုင်ယူနိုင်တယ်"
ကျန်းချန်က ဝင့်ကြွားစွာ ပြုံးလိုက်ပြီး မိုးကြိုး၏ စစ်မှန်သော အဓိပ္ပါယ်ကို တိုက်ရိုက် ထုတ်ဖော်လိုက်သည်။
နောက်ထပ် တစ်ခဏမှာပင် မူဖုန်း၏ မိုးကြိုးထက် နှစ်ဆ ပိုထူသော ငွေရောင် မိုးကြိုးတစ်စင်းသည် ကျန်းချန်၏ ခေါင်းပေါ်၌ စုဝေးလာခဲ့၏။
"သွားတော့"
ကျန်းချန်က စိတ်ဖြင့် စေစားလိုက်သည်နှင့် သူ၏ ခေါင်းပေါ်မှ ငွေရောင် မိုးကြိုးသည် ချက်ချင်းဆိုသလို လေထုကို ဖြတ်သန်းကာ မူဖုန်း၏ မိုးကြိုးနှင့် ထိပ်တိုက်ဆုံမိသွားသည်။
အခန်း(၃၀၈) ပြီး၏