အခန်း (၃၀၉)
Vol. 21 Ch. 309
"ဝုန်း"
လေထုထဲတွင် မိုးကြိုးဆန္ဒ နှစ်ခု ထိပ်တိုက်ဆုံမိပြီးနောက် ရုတ်တရက် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာသည်။
မူဖုန်း၏ မိုးကြိုးဆန္ဒသည် ကျန်းချန်၏ မိုးကြိုးဆန္ဒနှင့် မည်ကဲ့သို့ ယှဉ်နိုင်ပါမည်နည်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် မူဖုန်း၏ ငွေရောင်မိုးကြိုးသည် ရှုံးနိမ့်သွားခဲ့သည်။
"ဝေါ့"
မူဖုန်း၏ ပါးစပ်ထဲမှ သွေးတစ်လုတ် အန်ထွက်လာပြီးနောက် သူ၏ ပုံရိပ်သည် မီတာအနည်းငယ် အဝေးထိ လွင့်ထွက်သွားခဲ့၏။
သူ၏ မျက်နှာတစ်ခုလုံးက အလွန်အမင်း ဖြူဖျော့နေခဲ့သည်။
"မူဖုန်း လွင့်စင်သွားတာလား"
ကျန်းချန်က မိုးကြိုးဆန္ဒဖြင့် မူဖုန်းကို အနိုင်ယူလိုက်သည်ကို မြင်လိုက်ရလျှင် ရင်ပြင်ရှိ ကျောင်းသားအားလုံး၏ ပါးစပ်များသည် ကြက်ဥတစ်လုံး ထည့်နိုင်လောက်သည်အထိ အံ့သြတုန်လှုပ်သွားကြ၏။
သို့သော် သူတို့သည် သူတို့ရှေ့မှ တုန်လှုပ်စရာကောင်းသော မြင်ကွင်းမှ ပြန်လည်၍ မသက်သာလာသေးခင်မှာပင် နောက်ထပ် အံ့သြဘနန်း မြင်ကွင်း တစ်ခုကို မြင်လိုက်ရသည်။
ထိုအချိန်မှာပင် ကျန်းချန် ထံကနေ မီးဆန္ဒက ချက်ချင်း ပေါက်ကွဲထွက်လာခဲ့ပြီး ကျန်းချန်၏ ဦးခေါင်းထက်၌ ကြောက်မက်ဖွယ် အရှိန်အဝါများ ထုတ်လွှတ်နေသော မီးတိမ်တိုက် တစ်ခုသည် စုဝေးသွားခဲ့သည်။
ကျန်းချန်၏ စိတ်စေရာအောက်တွင် မီးတိမ်တိုက်သည် အရာအားလုံးကို လောင်ကျွမ်းစေနိုင်သော အင်အားဖြင့် မူဖုန်းဆီသို့ ပျံ့နှံ့သွားခဲ့၏။
"ဒါက မီးဆန္ဒပဲ"
"ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ"
မူဖုန်းသည် သူ၏ မျက်လုံးထဲတွင် လျင်မြန်စွာ ကျယ်ပြန့်လာသော မီးတိမ်တိုက်ကို ကြည့်ကာ ချက်ချင်းပင် ကြောက်လန့်သွားခဲ့သည်။
သူက သူ၏ ခွန်အားများကို အလျင်အမြန် စုဆောင်းလိုက်ပြီး ချီကာကွယ်ရေး အလွှာတစ်ခုကို သူ့ပတ်ပတ်လည်တွင် ဖွဲ့စည်းလိုက်သည်။
မီးဆန္ဒက မူဖုန်းပတ်ဝန်းကျင်ရှိ ချီကာကွယ်ရေးအလွှာ ပေါ်သို့ ချက်ချင်း ကျရောက်လာခဲ့ပြီး ရှဲခနဲပင် မြည်သွားခဲ့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် မူဖုန်း၏ ကာကွယ်ရေးအလွှာကို မီးတိမ်တိုက်က ဝါးမျိုသွားခဲ့သည်။
မူဖုန်း၏ ခန္ဓာကိုယ်ကလည်း ကြိုးပြတ်သွားသော စွန်တစ်ကောင်နှယ် ပြိုင်ပွဲစင်မြင့် အောက်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့၏။
ဂုဏ်သိက္ခာကြီးမားသော နဂါးစာရင်း နံပါတ်တစ် ဖြစ်သည့် မူဖုန်းကို ကျန်းချန်က မိနစ်အနည်းငယ် အတွင်း ခွေးသေကောင်လိုမျိုး ရိုက်နှက်လိုက်သည်ကို မြင်လိုက်ရလျှင် ရင်ပြင်ရှိ လူတိုင်းသည် အသက်ရှူဖို့ပင် မေ့နေကြ၏။
ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်များသည် မကြုံစဖူး ကြောက်လန့်မှုကို ပြသနေကြသည်။
လက်သီးဆန္ဒ။ မိုးကြိုးဆန္ဒ။ မီးဆန္ဒ။
ကျန်းချန်သည် အသစ်စက်စက် စစ်မှန်သော အဓိပ္ပါယ် သုံးခုကို ထုတ်ဖော်ကာ မူဖုန်းကို အလွယ်တကူ အနိုင်ယူသွားမည်ဟု မည်သူမျှ မထင်ခဲ့ပေ။
ထို့အပြင် ဤကောင်လေး ယခင်က သုံးခဲ့သော ဓားဆန္ဒနှင့် လေဆန္ဒ တို့ကိုပါ ထည့်ပေါင်းလျှင် ကျန်းချန်သည် ယန်ဟွမ် ကျောင်းတော်၏ စစ်မှန်သော အဓိပ္ပါယ် ချိုင့်ဝှမ်းရှိ စစ်မှန်သော အဓိပ္ပါယ် ငါးခုလုံးကို နားလည်ထားသည်ဟု ဆိုလိုရာ ရောက်နေသည် မဟုတ်ပါလော။
ဤသည်က ကိုယ်ခံပညာ၏ စစ်မှန်သော အဓိပ္ပါယ် ဖြစ်၏။
လူအများစုသည် ထိုအထဲမှ တစ်ခုကို နားလည်ရန်ပင် အလွန်ခက်ခဲသည်။
သို့သော် ဤကောင်လေးကမူ စစ်မှန်သော အဓိပ္ပါယ်၅မျိုးလုံးကို အမှန်တကယ် နားလည်ထားခဲ့သည်။
"ဒါက တကယ်ကို လုံးဝ ပုံမှန်မဟုတ်ဘူး"
"ဟားဟား.. နှစ်ပေါင်းများစွာအကြာမှ ငါတို့ ယန်ဟွမ်ကျောင်းတော်မှာ နောက်ထပ် မွန်းစတား တစ်ကောင် ထွက်ပေါ်လာခဲ့ပြီ.. ကောင်လေး.. မူဖုန်းကို အနိုင်ယူပြီး ယန်ဟွမ် ကျောင်းတော်ရဲ့ နဂါးစာရင်း ပထမနေရာကို ရယူနိုင်တဲ့ အတွက် ဂုဏ်ပြုပါတယ်"
လူတိုင်းက ကျန်းချန်ကို အံ့သြ တုန်လှုပ်စွာ ကြည့်နေသောအချိန်မှာပင် အိုမင်းသော အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
နောက်ထပ် တစ်ခဏတွင် ကလေးဆန်သော မျက်နှာနှင့် အဖြူရောင် ဝတ်စုံဝတ် အဘိုးကြီးတစ်ယောက်သည် ကျန်းချန်၏ ရှေ့၌ ပေါ်လာသည်ကို အားလုံးက မြင်လိုက်ရသည်။
"ယန်ဟွမ် ကျောင်းတော်ရဲ့ ကျောင်းအုပ် လုထျန်းရှင်းပါလား"
"ဝိုး.. ကျောင်းအုပ်လုတောင် ပေါ်လာမယ်လို့ မထင်ထားမိဘူး"
သိုင်းစင်မြင့်ပေါ်တွင် ရုတ်တရက် ပေါ်လာသော အဘိုးကြီးကို မြင်လျှင် ကျောင်းသားအတော်များများသည် တီးတိုး ရေရွတ်လိုက်ကြ၏။
"နဂါးစာရင်းရဲ့ ပထမနေရာ အပြောင်းအလဲ ဖြစ်တိုင်း ကျောင်းအုပ်လု ပေါ်လာတာ ပုံမှန်ပဲမဟုတ်လား.. ငါ မေ့တော့မလို့.. နဂါးစာရင်းရဲ့ နံပါတ်တစ်က ထိုက်ရှဂိုဏ်းထဲကို တိုက်ရိုက် ဝင်ရောက်ဖို့ အခွင့်အရေးရှိတယ်.. ကျောင်းအုပ်လုက ဒီအတွက် လာတာဖြစ်နိုင်တယ်.. ဒီတစ်ကြိမ် ငါတို့ ယန်ဟွမ်ကျောင်းတော်ကနေ ထိုက်ရှဂိုဏ်းထဲကို တိုက်ရိုက် ဝင်ရောက်နိုင်မဲ့ ကြီးကျယ်ခမ်းနားတဲ့ သူတစ်ယောက် ပေါ်လာတော့မယ် ထင်တယ်"
လူတိုင်းက မြင့်မားသော သိုင်းစင်မြင့်ထက်မှ ကျန်းချန်ကို ကြည့်ကာ မျှော်လင့်နေခဲ့ကြသည်။
အခန်း(၃၀၉) ပြီး၏