အခန်း (၃၁၀)
Vol. 21 Ch. 310
ယန်ဟွမ်ကျောင်းတော်၏ နဂါးစာရင်းတွင် ပထမနေရာတွင် ရှိသည့် ကျောင်းသားသည် ထိုင်ရှဂိုဏ်းထဲသို့ တိုက်ရိုက်ဝင်ရန် အခွင့်အရေးရှိသည်။
ယင်းက လူသိများသော ကိစ္စ ဖြစ်သည်။
နဂါးစာရင်း၏ ထိပ်ဆုံးနေရာ အပြောင်းအလဲ ဖြစ်တိုင်းတွင် ယန်ဟွမ် ကျောင်းတော်၏ ကျောင်းအုပ် လုထျန်းရှင်းသည် ထိုင်ရှဂိုဏ်းမှ ပေးထားသော ရတနာတစ်ခုဖြင့် ကျောင်းသားများ၏ ပါရမီကို စမ်းသပ်ရန် ပေါ်ထွက်လာလိမ့်မည် ဖြစ်၏။
ပါရမီက အရည်အချင်းပြည့်မီသရွေ့ ထိုင်ရှဂိုဏ်း၏ တပည့်ဖြစ်လာနိုင်ပေသည်။
လွန်ခဲ့သော တစ်နှစ်ကျော်က ပါရမီစမ်းသပ်မှု၌ မူဖုန်းသည် ထိုင်ရှဂိုဏ်းထဲသို့ တိုက်ရိုက်ဝင်ရန် အခွင့်အရေးကို လိုအပ်ချက် အနည်းငယ်ဖြင့် ဆုံးရှုံးခဲ့ရသည်။
သို့သော် သူ့ ရှေ့မှ ကျန်းချန်သည် စစ်မှန်သော အဓိပ္ပါယ် ငါးမျိုးကို ကျွမ်းကျင်ထားသော မွန်းစတားတစ်ကောင် ဖြစ်သည်။
သူ၏ ပါရမီသည် မူဖုန်းထက် အဆပေါင်းများစွာ ပိုအားကောင်း၏။
ဤပါရမီစမ်းသပ်မှုကို သူက မည်ကဲ့သို့ မအောင်မြင်ဘဲ နေပါမည်နည်း။
"ကောင်လေး.. ငါတို့ယန်ဟွမ် ကျောင်းတော်ရဲ့ စည်းမျဥ်းအရ နဂါးစာရင်း နံပါတ်တစ်က ပါရမီကို စမ်းသပ်ဖို့ အခွင့်အရေးရလိမ့်မယ်.. မင်းရဲ့ ပါရမီကို ထိုင်ရှဂိုဏ်းက အသိအမှတ်ပြုသရွေ့ မင်းက ထိုင်ရှဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်လာနိုင်တယ်"
လုထျန်းရှင်းက ပြောရင်းဆိုရင်း သူ၏ လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်ရာ မီတာသုံးဆယ်ခန့် မြင့်သော ကျောက်တိုင်တစ်ခုသည် ကျန်းချန်၏ ရှေ့၌ ပေါ်ထွက်လာခဲ့သည်။
ကျောက်တိုင်သည် အနက်ရောင်ရှိပြီး အောက်ခြေမှ အပေါ်ဘက်ထိ ကြယ်၉ပွင့် ပုံစံကို အစဥ်လိုက် ထွင်းထုထားသည်။
ကျန်းချန်က အံ့အားသင့်သော အကြည့်ဖြင့် အနက်ရောင် ကျောက်တိုင်ကို ကြည့်လိုက်သည်။
သူက မေးခွန်းမေးရန် ပြင်လိုက်သောအချိန်မှာပင် လုထျန်းရှင်း၏ အသံသည် သူ၏ နားထဲတွင် တစ်ဖန် ပဲ့တင်ထပ်သွား၏။
"ဒါက ထိုင်ရှဂိုဏ်းရဲ့ ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင်ပဲ.. ကျောက်တိုင်ပေါ်မှာ ရှိတဲ့ ကြယ်တစ်လုံးစီက ကြယ်တစ်ပွင့် ပါရမီကို ကိုယ်စားပြုတယ်.. မင်းက ကြယ်ခုနစ်လုံးကို ထွန်းညှိပြီး ကြယ်ခုနစ်ပွင့် ပါရမီကို ရောက်ရှိနိုင်သရွေ့ ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင်က မင်းကို ထိုင်ရှဂိုဏ်းရဲ့ အပြင်စည်း တပည့် အမှတ်အသား တံဆိပ်ပြားကို အလိုအလျောက် ပေးလိမ့်မယ်... မင်းရဲ့ လက်ဖဝါးကို ကျောက်တိုင်ဆီ ထိကပ်လိုက်ပါ"
လုထျန်းရှင်း၏ ရှင်းပြချက်ကို ကြားပြီးနောက်တွင် ကျန်းချန်၏ မျက်လုံးထဲတွင် ထူးဆန်းသော အကြည့်တစ်ခု ပေါ်လာခဲ့သည်။
ထိုင်ရှဂိုဏ်းသည် မြောက်ပိုင်း တောရိုင်းဒေသရှိ ဂိုဏ်းကြီး သုံးဂိုဏ်းထဲမှ တစ်ဂိုဏ်း ဖြစ်ရန် ထိုက်တန်သည်။
ပါရမီကို စမ်းသပ်သော နည်းလမ်းကပင် အမှန်တကယ် ထူးခြားနေ၏။
ကျန်းချန်သည် သူ၏ ရှေ့မှ ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင် ဆီသို့ လျှောက်သွားလိုက်ပြီး လက်ဖဝါးကို ကျောက်တိုင်နှင့် ထိကပ်လိုက်၏။
မကြာမီမှာပင် ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင် အောက်ခြေရှိ ကြယ်တစ်ပွင့်က ထွန်းလင်းသွားသည်ကို အားလုံးက တွေ့လိုက်ရသည်။
ပြီးနောက်တွင် ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင်၌ နောက်ထပ် လှုပ်ရှားမှု မရှိတော့ပေ။
အချိန်က အလွန်မြန်ဆန်စွာ ကုန်ဆုံးသွားပြီး တစ်မိနစ်ပင် ကြာသွားသည်။
ကျန်းချန်သည် ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင်၏ ပထမဆုံး ကြယ်ကိုသာ ထွန်းညှိနိုင်ခဲ့၏။
"ဒင်.. သင်က ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင်ရဲ့ စမ်းသပ်ပါရမီကို အောင်မြင်သွားပါပြီ.. စနစ်က သင့်ပါရမီကို အဆတစ်ရာ လှုံ့ဆော်ပေးလိုက်လို့ ပြန်လည်စမ်းသပ်ဖို့ ရွေးချယ်နိုင်ပါတယ်"
ထိုအချိန်၌ ကျန်းချန်၏ စိတ်ထဲတွင် စနစ်၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
---------------
"ကျန်းချန်ရဲ့ ပါရမီက အရမ်း အံ့သြဖို့ကောင်းမယ်လို့ ငါထင်ခဲ့တာ.. ဘယ်လိုလုပ်ပြီး ကြယ်တစ်ပွင့် ပါရမီပဲ ရှိနေရတာလဲ"
"ငါ မှတ်မိသလောက် မူဖုန်း တုန်းကဆိုရင် ကြယ်ခြောက်ပွင့်ကို ထွန်းလင်းနိုင်ခဲ့တယ်.. ကြယ်တစ်ပွင့် ပါရမီပဲ ရှိတဲ့ ဒီကောင်လေးက တိုက်ခိုက်ရေးစွမ်းအား ဘယ်လောက်ပဲ အားကောင်းနေပါစေ ထိုင်ရှရဂိုဏ်းရဲ့ တံခါးဝကို ဝင်ဖို့ မဖြစ်နိုင်ဘူး"
စင်မြင့်ပေါ်မှ အခြေအနေကို ကြည့်ပြီး ကျောင်းသားတချို့သည် မရယ်မောဘဲ မနေနိုင်ကြပေ။
"ဒါ မဖြစ်နိုင်ဘူး"
လုထျန်းရှင်းသည် အနည်းငယ် အံ့အားသင့်သွားခဲ့၏။
သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်သော အကြည့်တစ်ခု ရှိနေခဲ့သည်။
သူက ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင် တစ်စုံတစ်ခု မှားနေသလားဟုပင် သံသယဝင်ခဲ့မိသည်။
ကိုယ်ခံပညာ ငါးခု၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ထားသော မွန်းစတား တစ်ကောင်သည် ကြယ်တစ်ပွင့် ပါရမီသာ ရှိနေပါသလော။
ယင်းမှာ လုံးဝ အဓိပ္ပာယ် မရှိပေ။
"ဟားဟား... ကျန်းချန်.. မင်းက ကြယ်တစ်ပွင့် ပါရမီပဲ ရှိတယ်လား.. မင်း၏ ပါရမီနဲ့ ထိုင်ရှဂိုဏ်းထဲကို ဝင်ရောက်ဖို့ မျှော်လင့်နေတာက မဖြစ်နိုင်တဲ့အရာကို မျှော်လင့်နေတာနဲ့ အတူတူပဲ"
ကျန်းချန်၏ ပါရမီ စမ်းသပ်မှု ရလဒ်ကို ကြည့်ရင်း မြေပြင်မှ ရုန်းကန်ထရန် ကြိုးစားနေသော မူဖုန်းသည် မထီမဲ့မြင် ရယ်မောလိုက်၏။
"ငါခုနက အလေးအနက် မစမ်းသပ်ခဲ့ဘူး.. မင်းက ဘာတွေ စိတ်လှုပ်ရှားနေတာလဲ.. ငါ့ဘာသာ ဘယ်လောက်ပဲ ညံ့နေပါစေ မင်းထက်တော့ ပိုကောင်းပါတယ်"
ကျန်းချန်သည် မူဖုန်းကို မဲ့ပြုံးပြုံး၍ ကြည့်လိုက်ပြီး သူ၏ လက်ဖဝါးကို ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင် ပေါ်၌ တစ်ဖန် တင်လိုက်၏။
အခန်း(၃၁၀) ပြီး၏