အခန်း (၃၁၁)
Vol. 21 Ch. 311
ကျန်းချန်က သူ၏ လက်ဖဝါးကို ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင် ပေါ်၌ တစ်ဖန် တင်လိုက်သည်နှင့် ချက်ချင်းဆိုသလို ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင် ပေါ်မှ ကြယ်ပွင့်များ ဆက်တိုက် တောက်ပလာသည်ကို တွေ့လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း ကြယ်ခြောက်ပွင့်က လုံးဝ ထွန်းလင်းသွားပြီး သတ္တမမြောက် ကြယ်သည်လည်း အလင်းရောင်ဖြင့် တောက်ပလာခဲ့သည်။
"ကြည့်စမ်းပါဦး.. သတ္တမမြောက်ကြယ်ကို ထွန်းညှိနိုင်ခဲ့ပြီဟ"
"ငါ ပြောခဲ့သားပဲ...ကိုယ်ခံပညာ ငါးခုရဲ့ စစ်မှန်တဲ့ အဓိပ္ပါယ်ကို နားလည်ထားတဲ့ မွန်းစတားက ကြယ်တစ်ပွင့် ပါရမီပဲ ရှိတယ် ဆိုတာ ဖြစ်နိုင်ပါ့မလား။
ကျန်းချန်က ဤတစ်ကြိမ်တွင် ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင် ပေါ်မှ ကြယ်ခုနစ်လုံးအား ထွန်းညှိလိုက်သည်ကို မြင်လျှင် လူတိုင်းသည် မပြောဘဲ မနေနိုင်ကြတော့ပေ။
အခုလေးတင် ကျန်းချန်ကို ကဲ့ရဲ့နေသော မူဖုန်းကမူ ယင်ကောင်ကို မျိုချလိုက်ရသလိုမျိုး မသက်မသာ ခံစားခဲ့ရသည်။
ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင်ပေါ်မှ ကြယ်ခုနစ်လုံးကို ထွန်းညှိခြင်း။
ဤသည်မှာ ကျန်းချန်က သတ္တမအဆင့် ပါရမီကို ထုတ်ဖော်ခဲ့ပြီး ထိုင်ရှဂိုဏ်း၏ အပြင်စည်း တပည့် ဖြစ်ရန် လုံးဝ အရည်အချင်း ပြည့်မီသည်ဟု ဆိုလို၏။
ကျန်းချန်သည် နှစ်ပေါင်း ၃၀ နီးပါးအတွင်း ယန်ဟွမ် ကျောင်းတော်ကနေ ထိုင်ရှဂိုဏ်းထဲကို တိုက်ရိုက် ဝင်လာသည့် တစ်ဦးတည်းသော ပါရမီရှင် ဖြစ်လာခဲ့သည်။
သို့သော် လူတိုင်းက ကျန်းချန်၏ ကြယ်ခုနစ်ပွင့် ပါရမီကြောင့် တုန်လှုပ်နေသောအချိန်မှာပင် ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင်သည် တစ်ဖန် ပြောင်းလဲသွားပြန်၏။
အလွန်မြန်ဆန်စွာပင် အဋ္ဌမမြောက် ကြယ်နှင့် ထိပ်ဆုံးရှိ နဝမမြောက်ကြယ်က ပြီးပြည့်စုံစွာ တောက်ပနေသည်ကို အားလုံးက တွေ့လိုက်ရသည်။
ကျန်းချန်က ကြယ်ကိုးပွင့်လုံးကို ထွန်းညှိလိုက်လျှင် ကြီးမားသော ရင်ပြင်တစ်ခုလုံးသည် ချက်ချင်း တိတ်ဆိတ်သွားသည်။
ကြယ်ကိုးပွင့် ပါရမီ။
ကျန်းချန်၏ ပါရမီက ဤမျှလောက်အထိ အင်အားကြီးမားလိမ့်မည်ဟု သူတို့ ဘယ်တော့မှ မတွေးမိခဲ့ပေ။
"ဒီကောင်လေးမှာ ကြယ်ကိုးပွင့် ပါရမီရှိတယ်.. ဒါ့အပြင် ကြယ်ကိုးပွင့်လုံးကို အပြည့်အစုံ ထွန်းညှိနိုင်တဲ့ ပါရမီရှင်လည်း ဖြစ်တယ်"
ကျန်းချန်က ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင်ပေါ်မှ ကြယ်ကိုးလုံးကို တစ်ချက်တည်းနှင့် ထွန်းညှိလိုက်သည်ကို ကြည့်ပြီး လုထျန်းရှင်းပင် အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ပေ။
ယေဘုယျအားဖြင့် ကြယ်ကိုးပွင့် ပါရမီကို ရောက်ရှိနိုင်သောသူသည် ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်ဟု သတ်မှတ်နိုင်၏။
ဤကဲ့သို့ ပါရမီရှင်မျိုးမှာ ဒဏ္ဍာရီလာ ကျိုးရှင်းဂိုဏ်းထဲ၌ပင် အလွန်ရှားပါးသည်။
ထိုအချက်ကို လုထျန်းရှင်းသည် ကောင်းကောင်း သိထား၏။
သူက ကိုယ်ခံပညာ ငါးခု၏ စစ်မှန်သော အဓိပ္ပါယ်ကို နားလည်နိုင်သော ကျန်းချန်၏ ပါရမီက လုံးဝ ထူးခြားသည်ကို သိထားသော်လည်း ကျန်းချန်၏ ပါရမီသည် ကြယ်ကိုးပွင့် ပြီးပြည့်စုံသော အဆင့်ကို ရောက်ရှိသွားမည်ဟု မထင်ခဲ့ပေ။ ကြယ်ကိုးပွင့် ပြီးပြည့်စုံသော ပါရမီကို ပိုင်ဆိုင်သော မည်သူမဆို မထင်မှတ်ထားသည်များ ဖြစ်မလာသ၍ အနိမ့်ဆုံးအားဖြင့် သိုင်းသခင် နယ်ပယ်အဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်လာနိုင်ပေသည်။
ကျန်းချန်က ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင်ပေါ်မှ ကြယ်ကိုးလုံးကို အောင်မြင်စွာ ထွန်းညှိပြီးနောက်တွင် ကြယ်ကိုးပွင့် မှတ်တမ်းကျောက်တိုင် ထဲကနေ အမျိုးအမည် မသိရသော ပစ္စည်းနှင့် ပြုလုပ်ထားသော ငွေရောင်တံဆိပ်ပြား တစ်ခုသည် ကျန်းချန်၏ လက်ထဲသို့ တိုက်ရိုက် ပျံသန်းလာခဲ့သည်။
"ကျန်းချန်.. စမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်သန်းပြီး ထိုင်ရှဂိုဏ်းရဲ့ တပည့်ဖြစ်လာတဲ့ အတွက် ဂုဏ်ပြုပါတယ်။"
ကျန်းချန်က ထိုင်ရှဂိုဏ်း၏ တပည့် အမှတ်အသား တံဆိပ်ပြားအား ရရှိသွားသည်ကို မြင်လျှင် လုထျန်းရှင်းသည်လည်း မှင်တက်နေရာကနေ ပြန်လည် သက်သာလာခဲ့သည်။
သူက ကျန်းချန်ကို ပြုံး၍ ဂုဏ်ပြုစကား ပြောဆိုလိုက်သည်။
"ငါ ဒီသတင်းကို ထိုင်ရှဂိုဏ်းဆီ ပို့ပေးမယ်.. တစ်လအတွင်း ထိုင်ရှဂိုဏ်းကနေ လူတစ်ယောက်လွှတ်ပြီး မင်းကို ကိုယ်တိုင် လာရောက်ခေါ်ဆောင်လိမ့်မယ်"
"ကျောင်းအုပ်လု.. ဒီလောက်ထိ ဒုက္ခမရှာပါနဲ့တော့.. ကျွန်တော်နဲ့ အကို ယန်ချင်းရွှယ်နဲ့ ချိန်းဆိုထားပြီးပါပြီ.. သုံးရက်အတွင်း စစ်မှန်သော နဂါးနိုင်ငံကို ထွက်ခွာပြီး ထိုင်ရှဂိုဏ်းကို ကိုယ်တိုင်ပဲ သွားလိုက်ပါ့မယ်"
ကျန်းချန်က ခပ်ယဲ့ယဲ့လေး ပြုံးကာ ပြောဆိုလိုက်သည်။
"မင်းက ဆုံးဖြတ်ထားပြီးပြီ ဆိုတော့ အကောင်းဆုံးတွေ ဖြစ်လာပါစေလို့ ဆုတောင်းပေးပါတယ်.. ဒါ့အပြင် ကျင့်ကြံခြင်းကမ္ဘာက အရမ်း ရက်စက်တယ်.. ဘာပဲဖြစ်ဖြစ် မင်းရဲ့ ကိုယ်ပိုင် အင်အားနဲ့ လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းနိုင်မယ်လို့ မျှော်လင့်ပါတယ်"
လုထျန်းရှင်းက စကားဆုံးသည်နှင် ကျန်းချန်ရှေ့၌ ပျောက်ကွယ်သွားခဲ့သည်။
လုထျန်းရှင်း ပျောက်ကွယ်သွားပြီးနောက် ကျန်းချန်သည် သူ၏ လက်ထဲမှ တံဆိပ်ပြားကို ငုံ့ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။
"စစ်မှန်သော နဂါးနိုင်ငံ.. ထိုင်ရှဂိုဏ်း.. ငါ ကျန်းချန် မကြာခင် အရောက်လာခဲ့မယ်"
အခန်း(၃၁၁) ပြီး၏