အခန်း (၃၁၃)
Vol. 21 Ch. 313
"ကျီလျန့်.. နင့်ရဲ့ တောင်းဆိုမှုကို ငါ သဘောတူမှာ မဟုတ်ဘူး"
"ချင်းဟဲ ဆေးကုသရေးဌာနက နင့်ကို မကြိုဆိုဘူး.. နင့်လူတွေကိုခေါ်ပြီး ဒီကနေ ထွက်သွားလိုက်ပါ"
ချိုးလော်လန်က သူမ၏ လှပသော မျက်နှာဖြင့် ကျီလျန့်ကို စိုက်ကြည့်လိုက်၏။
သူမ၏ အေးစက်သော အသံသည် ချက်ချင်း ပဲ့တင်ထပ်သွားခဲ့သည်။
"ချိုးလော်လန်.. ဝိုင်ကောင်းကို မသောက်ဘဲနေရင် မင်းနောင်တရလိမ့်မယ်.. ဒီဇူလုံမြို့မှာ ကျီလျန့် မရယူနိုင်တာ ဘာတစ်ခုမှ မရှိဘူး"
ကျီလျန့်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
သူက ချိုးလော်လန်ကို မထီမဲ့မြင် ကြည့်ကာ ဆက်ပြောလိုက်သည်။
"မင်းအခု လိမ်လိမ်မာမာ လက်ခံရင် နောက်မကျသေးဘူးနော် ချိုးလော်လန်"
ချိုးလော်လန်၏ မျက်နှာက အေးစက်သွားသည်။
"ကျီလျန့်.. နင် ချင်းဟဲ ဆေးကုသရေးဌာနမှာ ရိုင်းစိုင်းရဲတယ်.. ငါ့ဆရာ ပြန်လာရင် နင့်ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး"
"ဟားဟား ချိုးလော်လန်.. မင်းရဲ့ ဆရာနဲ့ ငါ့ကို ခြိမ်းခြောက်ဖို့မစဥ်းစားနဲ့.. သူက ဆဋ္ဌမအဆင့် အဂ္ဂိရတ်သခင်တစ်ယောက်ပဲ.. ငါတို့ ကျီမိသားစုက ဘာလို့ ကြောက်ရမှာလဲ.. မင်းရဲ့ ဆရာ ကူချင်းဟဲ ပြန်လာနိုင်မလား ဆိုတာ မပြောနဲ့ဦး.. သူ ပြန်လာရင်တောင် ငါ့ကို ဘာလုပ်နိုင်မှာမို့လဲ"
ကျီလျန့်က မောက်မာစွာ ရယ်မောလိုက်သည်။
"မင်းသာ အခြေအနေကို နားလည်ရင် ငါ့နောက်ကို လိမ်လိမ်မာမာ လိုက်လာခဲ့ပါ.. ဟက်...ဒီနေ့တော့ မင်းကို ဘယ်သူမှ ကယ်တင်နိုင်မှာ မဟုတ်တော့ဘူး"
ကျီလျန့်၏ မောက်မာသော စကားများကို ကြားပြီးနောက်တွင် ချိုးလော်လန်၏ လှပသော မျက်နှာသည် ဖျော့တော့သွားခဲ့၏။
သူမက ဘာလုပ်၍ ဘာကိုင်ရမှန်း မသိသောအချိန်မှာပင် ရုတ်တရက် ကျယ်လောင်သော အသံတစ်သံက ထွက်ပေါ်လာခဲ့သည်။
"ဟေ့လူ လမ်းဖယ်ပေးလို့ ရမလား"
ရုတ်တရက် အသံကြောင့် လူတိုင်းက တုန်လှုပ်သွားခဲ့သည်။
သူတို့က အသံလာရာဆီသို့ ကြည့်လိုက်ရာ လူအုပ်ထဲကနေ ကျန်းချန် လျှောက်လာသည်ကို တွေ့လိုက်ရသည်။
"ကောင်လေး...မင်ဘယ်သူလဲ...ဘာလုပ်ချင်တာလဲ"
ရုတ်တရက် ထွက်ပေါ်လာသော ကျန်းချန်ကို ကြည့်ပြီး ကျီလျန့်က မေးခွန်းထုတ်လိုက်၏။
"ဘာမှ မလုပ်ချင်ဘူး.. ငါက ချင်းဟဲ ဆေးကုသရေးဌာနကို သွားချင်ရုံပဲ.. ငါ့ကို လမ်းဖယ်ပေးပါ.. နောက်ခါဆို ငါ့လမ်းကို မပိတ်မိစေနဲ့"
ကျန်းချန်၏ စကားကိုကြားလျှင် ပတ်ဝန်းကျင်မှ ဆူညံသံများ ထွက်ပေါ်လာသည်။
"ဝိုး...ဒီကလေးက ဘယ်သူလဲဟ.. ကျီလျန့်ရှေ့မှာ ဟန်ရေးပြရဲတယ်.. ဒီကောင်လေးက တစ်ချက်ကြည့်တာနဲ့ တခြားနေရာက လာတယ်ဆိုတာ သိသာနေတယ်.. မဟုတ်ရင် သူက ကျီလျန့်ကို ဒီလိုအချိုးနဲ့ ဆက်ဆံရဲမှာ မဟုတ်လောက်ဘူး.. ကျီလျန့်ကို စော်ကားမိတာ ဆိုတော့ ဒီကလေး မကြာခင် သေရတော့မယ်"
သူ့ကို အမှုမထားသော ကျန်းချန်၏ စကားများကို ကြားသောအခါ ကျီလျန့်၏ မျက်လုံးထဲတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်သွားခဲ့သည်။
သူက ကြင်နာမှုကင်းမဲ့သော အမူအရာဖြင့် ကျန်းချန်ကို အော်ငေါက်လိုက်၏။
"ကောင်လေး.. ငါ ဒီမှာ အလုပ်လုပ်နေတာ မင်း မမြင်ဘူးလား...မင်းက ဘယ်သူပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး.. ဝေးဝေးကို ထွက်သွားစမ်း"
ဤကလေးသည် အရိုင်းအစိုင်းနှင့် တူပြီး သူ့ရှေ့မှာပင် မဆင်မခြင် ရိုင်းစိုင်းနေခဲ့၏။
"ထွက်သွားသင့်တဲ့သူက မင်းလို့ ငါထင်တယ်.. ခွေးကောင်းက လမ်းပိတ် မရပ်ဘူး...မင်းက ခွေးထက်တော့ မနိမ့်လောက်ပါဘူး ဟုတ်တယ်မလား"
ကျန်းချန်က ကျီလျန့်ကို ခွေးဖြင့်နှိုင်း၍ ပြောလိုက်သည်။
"ဘယ်က မလောက်လေး မလောက်စားလဲ.. ငါကျီလျန့်ကိုတောင် စော်ကားရဲတယ်"
ကျီလျန်၏ အကြည့်သည် ချက်ချင်းပင် နှိုင်းယှဉ်၍ မရလောက်အောင် ဆိုးရွားသွားသည်။
"ဒီနေ့ ငါ့ရှေ့မှာ ရိုင်းစိုင်းရဲရင် ဘယ်လို ဖြစ်လာမလဲ ဆိုတာ မင်းကို သိစေမယ်"
ကျီလျန့်က စကားဆုံးသည်နှင့် ကျန်းချန်ကို သင်ခန်းစာပေးရန် ပြင်လိုက်သည်။
ထိုခဏတွင် ကျန်းချန်၏ ပုံရိပ်သည် ရုတ်တရက် သူ၏ ဘေးတွင် ပေါ်လာ၏။
ကျီလျန့် မတုံ့ပြန်နိုင်ခင်မှာပင် ကျန်းချန်သည် ကျီလျန့်၏ မျက်နှာကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ကျီလျန့်က ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်ပြီး မီတာအနည်းငယ် အဝေးထိ လွင့်ထွက်သွားခဲ့၏။
သူက ကျန်းချန်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ကောင်လေး.. မင်းငါ့ကို ရိုက်ရဲတယ်လား.. ငါဘယ်သူလဲဆိုတာ မင်းသိလား"
ကျန်းချန်၏ အမူအရာက တည်ငြိမ်မှုရှိနေသည်။
ခံစားချက်ကင်းမဲ့သော သူ့အသံက ကျီလျန်၏ နားထဲ၌ ပဲ့တင်ထပ်သွားသည်။
"မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက်ဘူး...မင်း မသေချင်ရင် ဒီကနေ ထွက်သွားလိုက်"
အခန်း(၃၁၃) ပြီး၏