← Chapters

စိတ္တဇ (၅)

Vol. 2 Ch. 65

စိတ္တဇ (၅)

Vol. 2 Ch. 65

နာတာရှာကို လိုက်ရှာဖို့အတွက် နက်ဆန်က အချိန်စောင့် မနေတော့ဘဲ ဟိုတယ်ကနေ ထွက်လာခဲ့တယ်။ ကျွန်မက သူ့ကို လှုပ်လှုပ်ရှားရှား မလုပ်စေချင်သေးပေမဲ့ သူက သိပ်ကိုတက်ကြွလွန်းနေခဲ့တယ်လေ။ လမ်းမှာတော့ သူက သူစဥ်းစားမိထားတဲ့ အကြောင်းအရာတွေတိုင်းကို ပြောပြ ပါတယ်။

“ငါစဥ်းစားနေတာကြာပြီ။ အဲဒီလူသတ်သမားက သေတာ နှစ်သုံးဆယ်လောက်ရှိပြီ။ နဂိုကတည်းက လူသတ်သမား ဖြစ်နေလို့ ရန်လိုစိတ်များပြီး အငြိုးကြီးတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်ဆိုပေမဲ့ ဘာလို့နှစ်သုံးဆယ်လောက်ကြာပြီးမှ ပြန်ထွက်ပေါ်လာတာလဲ။”

နက်ဆန်က ရှေ့ကိုဆက်လျှောက်နေရင်းနဲ့ ပြောလိုက်တယ်။ ကျွန်မတို့တွေဦးတည်သွားနေတဲ့နေရာက အေသင်မြို့ရဲ့ အိမ်ကြီးအိမ်ကောင်းတွေရှိတဲ့ဘက်ခြမ်းဖြစ်ပြီး နက်ဆန် အဆိုအရတော့ EUOCရဲ့လျှို့ဝှက်ရုံးခန်းတစ်ခုက ဒီနေရာမှာ ရှိတယ်လို့ဆိုပါတယ်။

“မကျွတ်မလွတ်တဲ့ဝိညာဥ်တစ်ကောင်က တဖြည်းဖြည်း အင်အားကြီးလာတတ်တယ်ဆိုပေမဲ့ အခုလိုမျိုးရုတ်ချည်း ပေါ်လာတာမျိုးက ထူးဆန်းတယ်။ ပြီးတော့ ငါမနေ့က သူ့ကို ရင်ဆိုင်ခဲ့တုန်းကလည်း သတ်ဖြတ်ချင်စိတ်တစ်ခုကိုပဲ သိတဲ့ ပုံစံမျိုးမဟုတ်ဘူး။ သွေးအေးအေးနဲ့ လူစုကွဲအောင်လုပ်ပြီး ချောင်ပိတ်သတ်ဖြတ်ခဲ့တယ်။ တခြားလူတွေရောက်လာရင် ထွက်ပြေးဖို့လုပ်တယ်။ ငါက သူ့ကိုပိတ်ပြီးတိုက်နေလို့သာ ပြန်မဆုတ်ခဲ့တာ။”

အရင်က လူသေတစ်ယောက်ရဲ့ဝိညာဥ်နဲ့တွေ့ဖူးတာကို ကျွန်မ မှတ်မိနေသေးတယ်။ အဲဒီဆိုင်ယန်ငှက်က သာမန် လူသားတွေရဲ့အသိဉာဏ်နဲ့ထူးမခြားနား စွမ်းဆောင်ရည် မျိုးရှိပါတယ်။ အမုန်းတရားတွေလုံးဝဖုံးလွှမ်းသွားတဲ့ တစ္ဆေတစ်ကောင်သာဆိုရင် အသိစိတ်မဲ့စွာ သောင်းကျန်း နေတာမျိုးဖြစ်နိုင်တယ်ဆိုပေမဲ့ အဲဒီလိုဟုတ်မနေဘူးလို့ ပြောချင်တာလား။

“အသိစိတ်ရှိနေသေးတဲ့ ဝိညာဥ်အများစုက မလိုအပ်ဘဲနဲ့ လူသိရှင်ကြား မတိုက်ခိုက်ချင်ကြဘူး။ သူတို့ကိုအာရုံစိုက်မှု ပိုတိုးလာပြီး ဘုရားကျောင်းဒါမှမဟုတ် ကောင်မရှင်အဖွဲ့ကလူတွေနဲ့ တွေ့သွားနိုင်တာကြောင့်ပဲ။”

မှန်ဝိညာဥ်တွေနဲ့တွေ့ခဲ့တဲ့ကိစ္စကို ကျွန်မပြန်ပြီးတော့ တွေးကြည့်တယ်။ မှန်ဝိညာဥ်တွေက ပိပိရိရိနဲ့ အိမ်မှာရှိတဲ့ လူတွေကို တစ်ယောက်ချင်းစီ အစားထိုးဖို့ကြိုးစားခဲ့တာ ဖြစ်ပြီးတော့ မလိုအပ်တဲ့ လှုပ်ရှားမှုတွေ မလုပ်ခဲ့ပါဘူး။ ဒီတော့ အခုစိတ္တဇသရဲရဲ့လုပ်ရပ်က တမင်သက်သက် လူတွေသတိထားမိအောင် လုပ်နေတယ်လို့ ဆိုလိုချင်တာလား။

“နောက်ကွယ်မှာ တခြားအကြောင်းအရင်းတစ်ခုခု ရှိနိုင်တယ်လို့ ရှင်ပြောချင်တာလား။”

ကျွန်မကမေးတော့ နက်ဆန်က ခေါင်းညိတ်လိုက်ပြီး “ဒါက သံသယသက်သက်ပဲမဟုတ်ဘူး။ အဲဒီညက နာတာရှာကို တိုက်ခိုက်ခဲ့တဲ့ ဒုတိယလူတစ်ယောက်ရှိနေတယ်။”

ပြောခါမှ နာတာရှာလည်း ကျွန်မကိုပြောခဲ့သေးတာပဲ။ မျက်နှာဖုံးတပ် ဝတ်ရုံနက်နဲ့လူဆိုလားဘာလား။

“အဲဒီသူက နာတာရှာရဲ့နတ်ဘုရားခန္ဓာကိုယ်ကို ပစ်မှတ်ထားခဲ့တာ။ တမင်သက်သက် နတ်တစ်ပိုင်းတွေရဲ့ နတ်ဘုရားခန္ဓာကိုယ်ကို ရယူဖို့ကြိုးစားနေတာရော မဖြစ်နိုင် ဘူးလား။”

“.....” နတ်ဘုရားခန္ဓာကိုယ်က ဘယ်လောက်တန်ဖိုးကြီးမှန်း ကျွန်မမသိဘူး။ ဒါပေမဲ့ တော်တော်အရေးပါမှန်းတော့ သိပါတယ်။ အဲဒီအရာက နတ်တစ်ပိုင်းတွေမှာသာ ရှိတဲ့ အရာမျိုးလေ။

“နတ်ဘုရားခန္ဓာကိုယ်ကို နတ်တစ်ပိုင်းတွေဆီကနေ ခွဲထုတ်ပြီး ခိုးယူဖို့လုပ်နေတာမျိုးလား။ အဲဒီလိုလုပ်လို့ရတဲ့ နည်းလမ်းမျိုးရှိလို့လား။”

ကျွန်မက မေးလိုက်တော့ နက်ဆန်က ခေါင်းခါပြီးတော့ သွားနေတာကို ရပ်လိုက်တယ်။ “ငါမသိဘူး။ အဲဒီအဖြေကို တရားခံကိုဖမ်းမိမှ သိလိမိ့မယ်ထင်တာပဲ။”

နောက်တော့ သူက သူ့ရှေ့မှာရှိနေတဲ့ အဆောက်အဦးကို ကြည့်လိုက်ပါတယ်။ ရှေးကျတဲ့ပုံစံရှိတဲ့ အဝတ်ချုပ်ဆိုင် တစ်ဆိုင်ဖြစ်ပြီးတော့ ဥရောပအဝတ်အစားမျိုးစုံကို အရုပ်တွေမှာဝတ်ပေးပြီး မှန်ဘောင်နောက်မှာထောင်ကာ ပြသထားတယ်။

“နာတာရှာ...” နက်ဆန်က တံခါးကိုခေါက်လိုက်ပေမဲ့ တံခါးက ပွင့်လျက်သားဖြစ်နေတာ တွေ့လိုက်ရတယ်။ ဒါကြောင့် သူက အထဲကိုအပြေးဝင်သွားလိုက်ပါတယ်။ ဒါပေမဲ့ အထဲမှာဘယ်သူမှ ရှိမနေဘူး။

“သူဒီကနေထွက်သွားပြီ။ ငါတို့နောက်ကျသွားပြီလို့ ဆိုလိုတာပဲ။”

နက်ဆန်ရဲ့စကားကြောင့် ကျွန်မ နာတာရှာအတွက်လည်း စိုးရိမ်မိသွားပါတယ်။ “သူ ဟိုသရဲကို လိုက်ရှာနေပြီလို့ ဆိုလိုတာလား။”

နက်ဆန်က ခေါင်းကိုခါပြလိုက်တယ်။ “အဲဒီသရဲနဲ့ဝတ်ရုံနက်သာ တစ်ဖွဲ့တည်းဖြစ်နေပြီးတော့ နတ်ဘုရားခန္ဓာကိုယ်တွေကို ပစ်မှတ်ထားနေတာသာ မှန်မယ်ဆိုရင် နာတာရှာအနေနဲ့ သူတို့ကိုလိုက်ရှာဖို့ မလိုအပ်ဘူး။ သူတို့ကသာ နာတာရှာကို လိုက်ရှာကြမှာ။”

နာတာရှာရဲ့တည်နေရာကို သိဖို့အမြန်လိုအပ်နေပြီပေါ့။ ဒါပေမဲ့ ကျွန်မတို့မှာ ဘာသဲလွန်စမှ မရှိဘူးလေ။ သူက ကျွန်မကို လှည့်ကြည့်လိုက်ပြီး...

“မင်းမှာ နာတာရှာနဲ့ပတ်သက်တဲ့ တစ်ခုခုရထားတာမျိုး ရှိလား။”

“ရှင်က ဘာကိုဆိုလိုချင်တာလဲ။” ကျွန်မ သူ့စကားကြောင့် နည်းနည်းလန့်သွားတယ်။

“ငါပြောတာက ဆံပင်တို့ လက်ကိုင်ပဝါတို့ကိုပြောတာ။”

ကျွန်မ သေချာပြန်စဥ်းစားကြည့်လိုက်တော့ တစ်စုံတစ်ခုကို ပြန်ပြီးသတိရသွားတယ်။ “မနေ့က သူ့သွေးပေနေတဲ့ ရှပ် အင်္ကျီအပြဲတစ်ထည်ကို ကျွန်မတို့အခန်းမှာထားခဲ့တယ်။ ကျွန်မလည်း အိတ်သက်သက်နဲ့ထုတ်ပြီးတော့ အမှိုက်ထဲ ထည့်ခဲ့တာ။”

“သေစမ်း၊ ဟိုတယ်က အခန်းသန့်ရှင်းရေးမလုပ်ခင် အခန်းအမြန်ပြန်ကြစို့။”

သူဘာလုပ်ချင်နေမှန်း ကျွန်မမသိပေမဲ့ အရေးကြီးတယ်လို့ မှတ်ယူပြီးတော့ ဟိုတယ်အခန်းဆီကို အ​မြန်ပြန်ခဲ့ကြတယ်။ ကံကောင်းတယ်လို့ပဲပြောရမလား၊ အခန်းကို သန့်ရှင်းရေး လာမလုပ်ပေးကြသေးဘူး။ ဒီနေရာက စျေးပေါပေါနဲ့ငှားတဲ့ ဟိုတယ်တစ်ခုမလို့ နေ့စဥ်သန့်ရှင်းရေးလုပ်ပေးတဲ့ ဆားဗစ် ရှိတောင်ရှိရဲ့လား ကျွန်မမသိဘူးရယ်။

ဒီလိုနဲ့ကံကောင်းစွာနဲ့ပဲ နာတာရှာရဲ့ရှပ်အင်္ကျီအဟောင်း ထည့်ထားတဲ့အိတ်ကို ပြန်ရှာတွေ့ခဲ့တယ်။ နက်ဆန်ကတော့ သူ့ရဲ့မှော်ဆရာသေတ္တာကိုထုတ်လိုက်ပြီး ရွှေခွက်လေးကို ထုတ်လိုက်တယ်။ အဲဒီနောက်တော့ နာတာရှာရဲ့အင်္ကျီစကို ဖြဲလိုက်ပြီး ခွက်ထဲထည့်ပါတယ်။

“ဆယ်ဗီ၊ ဒီအနီးအနားမှာ ဆန်စေ့ရမရ သွားရှာလာခဲ့။ မချက်ရသေးတဲ့ ဆန်အစိမ်းကိုပြောတာနော်။ ထမင်းတွေ ယူမလာနဲ့ဦး။”

နက်ဆန်က ကျွန်မကို ငတုံးတစ်ယောက်လိုမျိုးဆက်ဆံပြီး အသေးစိတ်မှာတယ်။ ဒါပေမဲ့ အရေးကြီးနေမှန်းသိလို့ သူ့ကိုစိတ်ဆိုးမနေတော့ဘဲ ဟိုတယ်ကနေထွက်ပြီးတော့ တစ်လမ်းလုံး ဆန်ရောင်းတဲ့ဆိုင် လိုက်ရှာရတယ်။

ကံသီတယ်ပဲပြောရမလား။ ကျွန်မတို့အနောက်ဥရောပက လူတွေနဲ့မတူတာက ဂရိတွေက ဆန်ကို စားစရာအဖြစ် ပုံမှန်နီးပါးစားကြတယ်။ အာရှသားတွေစားတဲ့ ပုံစံမျိုးနဲ့ပဲမတူတာ။ များသောအားဖြင့် ဆန်ပူတင်းလို မုန့်မျိုးလုပ်ဖို့သုံးတာ။

နောက်ဆုံးတော့ လမ်းထောင့်မှာရှိတဲ့ ၂၄နာရီဖွင့်တဲ့ ကုန်စုံဆိုင် တစ်ဆိုင်ကနေ ဆန်တစ်အိတ်ရလာခဲ့ပြီး ဟိုတယ်ကို ပြန်ပြေးလာခဲ့တယ်။ နက်ဆန်ကတော့ ဆန်ကို ရရချင်းမှာပဲ အိတ်ကိုဖောက်ပြီး ခွက်လေးထဲကို ထည့်တယ်။ ခွက်အပြည့်ဆန်ထည့်ပြီးနောက်မှာ အမွှေးတိုင်တစ်တိုင်ကို ထုတ်ပြီး ခွက်ပေါ်မှာစိုက်ချတယ်။

နောက်တစ်ဆင့်အနေနဲ့ သူက ဝရန်တာအပြင်ဘက်ကို ထွက်သွားပြီး အမွှေးတိုင်ကိုထွန်းတယ်။ လက်ထဲမှာ မှော်နှင်တံကိုကိုင်ထားပြီး ဂါထာတစ်ခုကို ထပ်ခါတလဲလဲ ရွတ်ဆိုနေတယ်။

“အင်ဗန်နီယို...”

နောက်တော့ ရုပ်ရှင်တွေထဲမှာသာရှိတယ်လို့ ထင်ရတဲ့ မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာတယ်။ အမွေးတိုင်ကနေ ထွက်ပေါ်နေတဲ့ မီးခိုးတွေက လေမတိုက်ဘဲ တစ်နေရာကို ဦးတည်ပြီး လွင့်မျောသွားတယ်။ အဲဒီနေရာကို ကျွန်မ ရင်းရင်းနှီးနှီးသိတာပေါ့။ အမွှေးတိုင်မီးခိုးတွေက အေသင်ရဲ့မြို့ဟောင်းဆီကို မျောလွင့်နေတာ။

“မြို့ဟောင်းဘက်ကို သူဦးတည်ပြီးသွားနေတာပဲ။ အမွှေးတိုင် မီးခိုးတွေအတိုင်း ငါတို့လိုက်ကြတာပေါ့။”

နက်ဆန်က ပြောပြောဆိုဆိုနဲ့ ဟိုတယ်အခန်းတံခါးဆီကို ဦးတည်ပြေးတယ်။ ကျွန်မလည်း သတိလက်လွတ်နဲ့ ဘေးမှာရှိနေတဲ့ အိုလီရာနာရဲ့လက်ကိုဆွဲပြီးတော့ နောက်ကနေ ပြေးလိုက်ရတာပေါ့။

...

ပြောရရင် ယုံမှာမဟုတ်ဘူးရယ်။ ကျွန်မတို့တွေ အမွှေးတိုင် ထွန်းထားတဲ့အိုးလေးကိုကိုင်ပြီး နာတာရှာကို လိုက်ရှာရတာ တစ်နေကုန်လောက်တယ်။ အေသင်မြို့ဟောင်းဆိုတဲ့ ရှေးဟောင်း နယ်မြေကြီးက သေးသေးလေးမှမဟုတ်တာ။ ပြီးတော့ ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကြားမှာ ရှာရတာ ဖြစ်တဲ့အတွက်ကြောင့် အချိန်ပိုကြာပါတယ်။

လူတွေကတော့ အနက်ရောင်ဂျာကင်ကြီးကိုခြုံ၊ အမွှေးတိုင်အိုးကိုကိုင်ပြီး လျှောက်သွားနေတဲ့ နက်ဆန်ရယ်၊ နောက်ကနေ အရိပ်လိုလျှောက်လိုက်နေတဲ့ ကျွန်မနဲ့အိုလီရာနာရယ်ကို လှည့်ကြည့်လှည့်ကြည့်နဲ့ပေါ့။ အမွှေးတိုင်တစ်တိုင် ကုန်သွားတိုင်း နက်ဆန်က အမွှေးတိုင်အသစ်တစ်ချောင်း ထပ်ထွန်းပြီးတော့ ဆက်ရှာတယ်။

ကလေးမလေးတစ်ယောက်ဆိုရင် ကျွန်မတို့ကို လက်ညိုး ထိုးပြပြီးတော့ “မေမေ၊ သူတို့ဘာလုပ်နေတာလဲဟင်။” ဆိုပြီး မေးလိုက်သေးတယ်။

ကလေးအမေကတော့ ကလေးမလေးမျက်နှာကို လက်ဝါးနဲ့ အုပ်ပြီးတော့ “ သူများတွေကို သွားမစပ်စုနဲ့။ သွားကြမယ်။ “ ဆိုပြီးတော့ ကျွန်မတို့နဲ့ဝေးရာကို ​ခေါ်ပြေးသွားလေရဲ့။

“.....” ဆွံအပြီး ကြည့်နေမိတဲ့ ကျွန်မ။

“ကောင်းရော... အမွှေးတိုင်ကုန်သွားပြီ။” နက်ဆန်က စိတ်ပျက်လက်ပျက်နဲ့ လက်ထဲက အမွှေးတိုင်အိုးကို ကြည့်လိုက်တယ်။ အမွှေးတိုင်က အောက်ခြေသစ်သား ချောင်းပဲကျန်တော့ပြီး မီးသေသွားပြီဖြစ်လို့ မီးခိုးတွေ ထွက်မလာတော့ဘူး။

“နောက်ထပ်အမွှေးတိုင် မရှိတော့ဘူးလား။” ဆိုပြီး မေးမိတော့ နက်ဆန်က ခေါင်းခါတယ်။

“ဒီဂါထာကို ဒီထက်ပိုပြီးတော့ ထပ်စီရင်ဖို့လည်း မဖြစ်နိုင်တော့ဘူး။” သူက ပြောလိုက်ရင်းနဲ့ အမှိုက်ပုံး တစ်ခုဆီကိုသွားကာ ခွက်ထဲက ဆန်တွေကို သွန်ချတယ်။

“ဟာ....” အဲဒီကျမှ ကျွန်မလည်း ပါးစပ်အဟောင်းသား ဖြစ်သွားတာ။ ခွက်ထဲကဆန်တွေရဲ့အပေါ်ယံဆန်တွေက ဖြူနေသေးပေမဲ့ အတွင်းထဲကဆန်တွေက မီးသွေးတွေလို မည်းတူးနေပြီး နာတာရှာရဲ့အင်္ကျီအဝတ်စကလည်း ပြာ ဖြစ်နေပါပြီ။

“ဂါထာကြောင့် လောင်မီးကျသွားတာလေ။ ဆန်စေ့တွေသာ ကြားခံပေးမထားရင် အဲဒါက ငါ့ကိုပါလောင်သွားမှာ။”

ဒီတော့မှ ကျွန်မကျက်သီးဖြန်းခနဲထသွားတယ်။ သူက ရှေးဟောင်းနယ်မြေရဲ့တစ်ဖက်မှာရှိနေတဲ့ တောင်ကုန်း တစ်ခုပေါ်ကို လက်ညိုးထိုးပြလိုက်ပြီး

“ပြီးတော့ သူ့ကိုရှာမတွေ့လို့လည်း စိတ်ပူစရာမလိုပါဘူး။ မကြာခင် ရှေးဟောင်းနယ်မြေက ပိတ်တော့မှာ။ ငါတို့ တစ်နေကုန်ရှာပြီး သူ့ကိုမတွေ့ဘူးဆိုပေမဲ့ အမွှေးတိုင်က ဒီနေရာလို့ပဲ ဆက်တိုက်ပြနေတယ်ဆိုတော့ ဆိုလိုတာက ရန်သူကို ဒီကနေစောင့်ဖို့ စဥ်းစားထားတဲ့သဘောပဲ။ ငါတို့လည်း အမြင့်ကနေ စောင့်ကြည့်ပြီး သူ့ကိုတွေ့ရင် သွားကူကြတာပေါ့။”

ဒီလိုနဲ့ကျွန်မတို့တွေ တောင်ကုန်းပေါ်ကို တက်ခဲ့ကြတယ်။ ဒီတောင်ကုန်းက Pynx တောင်ကုန်းလို့ခေါ်ပြီး ရှေးက အေသင်သားတွေ ​ကိစ္စတစ်ခုခုကိုဆုံးဖြတ်ဖို့ရှိတဲ့အခါ လာရောက်စုဝေးဆွေးနွေးလေ့ရှိတဲ့နေရာပါ။

တောင်ကုန်းပေါ်ကို ရောက်တဲ့အချိန်မှာတော့ ဆန့်ကျင်ဘက် အရပ်မှာရှိနေတဲ့ ပါသီနွန်ဘုရားကျောင်းကြီးကို ကျွန်မ မြင်လိုက်ရတယ်။ ပြီးတော့ ရှေးဟောင်းနယ်မြေတစ်ခုလုံးနဲ့ နယ်မြေအပြင်ဘက်က ခေတ်သစ်မြို့ကြီးကိုပါ မြင်နေရတယ်။

“ဒီနေရာက နေရာကောင်းပဲ။” ကျွန်မ ခေါင်းညိတ်လိုက် မိပါတယ်။

ညနေစောင်းပြီဖြစ်ပြီး နေမင်းကြီးက ကောင်းကင်ယံကနေ တဖြည်းဖြည်းဆင်းလာပြီ။

တိုးရစ်တွေကတော့ ရှေးဟောင်းနယ်မြေပိတ်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် တဖြည်းဖြည်းထွက်ခွာသွားကြပြီ။ နက်ဆန်ကတော့ ကျွန်မတို့ကိုထွက်သွားပေးဖို့ပြောတဲ့ လုံခြုံရေးကို မှော်ဂါထာတစ်ခုနဲ့ပြုစားပြီး စိတ်ရှုပ်ထွေးအောင် လုပ်လိုက်တယ်။

တောင်ကုန်းပေါ် ကျွန်မတို့သုံးယောက်ပဲ ကျန်တဲ့အချိန်မှာ နက်ဆန်က မှော်သေတ္တာကိုထုတ်လိုက်ပြန်ပါတယ်။ ဒီတစ်ခါ နက်ဆန်က အိုလီရာနာကို ရှေ့တိုးလာခိုင်းပြီး လည်ပင်းမှာ အနက်ရောင် ချော်ကျောက်တုံးလေးတစ်တုံးကို လည်ဆွဲလို ဆွဲပေးလိုက်ပါတယ်။

“အိုလီရာနာ၊ ရန်သူက အင်အားကောင်းတယ်။ နင်က လောလောဆယ် ငါတို့ရဲ့တစ်ခုတည်းသောလက်နက်ပဲ။ ဒီတော့ ငါ့မှာရှိသမျှ မှော်စွမ်းအင်တွေအားလုံးကို ဒီသလင်းကျောက်ထဲ ထည့်ပေးလိုက်မယ်။ နင်က အဲဒါကို သုံးပြီးတော့ ရန်သူကိုအနိုင်ယူဖို့ကြိုးစား။”

အိုလီရာနာက ခေါင်းညိတ်လိုက်ပြီး “သခင်ကိုကိုရဲ့ အမိန့်ကို သေချာ့ကောင်အထည်ဖော်ပါ့မယ်။”လို့ ပြန်ဖြေတယ်။

နက်ဆန်က သူ့လက်ဖဝါးကို ဓားနဲ့လှီးလိုက်ပြီး အနက်ရောင် ကျောက်တုံးပေါ်ကို သွေးစက်တွေတင်လိုက်တယ်။ အဲဒီ ကျောက်က သွေးစက်တွေကို စုပ်ယူလိုက်ပြီး အနီရောင် လင်းလာတယ်။

ဂွီ...

ရုတ်တရက် ကျွန်မဗိုက်ကနေ ထွက်ပေါ်လာတဲ့ သံစုံမြည်သံကြောင့် နက်ဆန်နဲ့အိုလီရာနာက ကျွန်မကို မျက်စောင်းထိုးလိုက်ကြတယ်။

“အာ... ညစာမစားရသေးလို့ပါ။” ကျွန်မလည်း ရှက်ပြုံး ပြုံးထားရင်း ပြန်ဖြေလိုက်တာပေါ့။ နက်ဆန်ကတော့ တောင်ကုန်းတစ်နေရာကို လက်ညိုးထိုးပြပြီး

“ဟိုနားမှာ အချိုရည်ရောင်းစက်တစ်ခုတွေ့တယ်။ ကွက်ကီး ဘာညာရမလား သွားကြည့်ပေါ့။”

ကျွန်မလည်း သူပြောတဲ့နေရာကို သွားကြည့်တော့ တကယ်ပဲ လူမဲ့အချိုရည်ရောင်းစက်တစ်ခု ရှိနေတာတွေ့လိုက်ရတယ်။ ဒါနဲ့အကြွေစေ့တချို့ထည့်လိုက်ပြီး ပန်းသီးဖျော်ရည် တစ်ဘူးနဲ့ ထောပတ်ဘီစကစ်တစ်ထုတ်ဝယ်ကာ အစာပြေ ထိုင်စားဖြစ်တယ်။

ပြန်လာတော့ နက်ဆန်နဲ့အိုလီရာနာတို့က တောင်ကုန်းအောက်ကို မျက်တောင်မခတ်တန်း စိုက်ကြည့်နေကြတယ်။

“ သူတို့ရောက်လာပြီလား။” ကျွန်မလည်း မေးကြည့်တော့ နက်ဆန်က ခေါင်းညိတ်ပြတယ်။ ကျွန်မကိုယ်တိုင် တောင်ကုန်းအောက်ကို ကြည့်လိုက်တော့ မြေပြန့် လွင်ပြင်ရဲ့အလည်မှာ အရာရှိဝတ်စုံနဲ့ မိန်းမလှလေး တစ်ယောက်က ရပ်နေပြီး သူ့ကျောနောက်မှာတော့ တောင်ပံပါနတ်သားက အကောင်အထည်ဖြစ်ပေါ် တည်ရှိနေတယ်။ နာတာရှာက သူ့နတ်ဘုရားပုံစံကို တမင်ထုတ်ပြထားပုံပေါ်ပြီး အသက်ကိုဝဝရှုကာ လက်တင်ဘာသာနဲ့ တေးသီချင်းတစ်ပုဒ်ကို စတင်ညည်းညူ ပါတော့တယ်။

ကျွန်မလည်း အဲဒီတေးသီချင်းသံထဲ နစ်မျောသွားတာပေါ့။ သတိပြန်ဝင်လာချိန်မှာတော့ နာတာရှာက မှော်နှင်တံကို အသင့်ပြင်ထားပြီးပြီဖြစ်ပြီး သူနဲ့ဆန့်ကျင်ဘက်မှာတော့ ဓားမကြီးကိုင်ထားတဲ့ ကိုယ်အပေါ်ပိုင်းဗလာကျင်းနဲ့ ယောက်ျားတစ်ဦးရှိနေပါပြီ။

All Chapters