အခန်း (၄၂)
Vol. 3 Ch. 42
ဟန်ရှောင်ပင်း ဘာတွေတွေးနေသလဲဆိုတာ လင်းဖေးဟန်သိသည်။ ရဲတစ်ယောက်အနေနဲ့ သူမက သံသယအနည်းငယ်ဝင်တယ်ဆိုတာ ပုံမှန်ပါပဲ။ အဲ့ဒါကြောင့် လင်းဖေးဟန်က ပြုံးပြီး ဖြည်းဖြည်းချင်း ရှင်းပြလိုက်၏။
“လျှို့ဇစ်ချီနဲ့ ကျွန်တော် မတည့်တော့တဲ့အကြောင်း ပြောရမှာ နည်းနည်းတော့ ရယ်စရာကောင်းတယ်။ ကျွန်တော် လင်းအုပ်စုကို လက်လွှဲယူတုန်းက သူက ပထမဆုံး ကန့်ကွက်ခဲ့တဲ့သူပဲ။ သူက နှစ်ပေါင်းများစွာအတောအတွင်း အများကြီးလည်း ငွေအလွဲသုံးစားလုပ်ခဲ့သေးတယ်။ သူနဲ့ သူ့လက်အောက်ကလူတွေ၊ သူ့အနားကလူတွေတင်မက အလုပ်သမားတွေကိုပါ စုံစမ်းကြည့်ဖို့ ကျွန်တော်အဲ့ဒီတုန်းက လူလွှတ်ခဲ့သေးတယ်”
ဟန်ရှောင်ပင်းက အဲ့ဒါကို ကြားလိုက်ရတော့ မျက်ခုံးပင့်ပြီး မေးလိုက်သည်။
“ရှင်ပြောတဲ့အထဲမှာ အမှားအကြီးကြီးတစ်ခု ရှိနေပါတယ် လင်းလူကြီးမင်း။ ကျွန်မတို့လည်း လျှို့ဇစ်ချီနားကလူတွေကို စစ်မေးခဲ့ပေမဲ့ သူတို့က လျှို့ဇစ်ချီက ဂုဏ်သတင်းကောင်းရှိတယ်လို့ပဲ ထွက်ဆိုခဲ့ကြတယ်။ အဲ့ဒီအလုပ်သမားတွေက သေပြီဆိုရင် သက်သေမရှိတော့ဘူးလေ။ ဘယ်ကနေ စုံစမ်းရမှာလဲ”
လင်းဖေးဟန်က ပြန်ပြောလိုက်သည်။
“လျှို့ဇစ်ချီက ဩဇာကြီးမားပြီး အဆက်အနွှယ်လည်းများတယ်။ ဘယ်သူက ရဲကို အမှန်အတိုင်းပြောမှာလဲ။ ကျွန်တော်ပြောလိုက်မယ်။ ခင်ဗျား ဒီကိစ္စနဲ့ပတ်သက်ပြီး ခင်ဗျား အကြီးအကျယ် ဒေါသထွက်ရလိမ့်မယ်။ စစ်ဆေးမှုအဖြေကိုသိရလို့ လျှို့ဇစ်ချီကို တရားစီရင်နိုင်ခဲ့ရင် ကောင်းတာပေါ့။ ခင်ဗျား သက်သေမရှာနိုင်လို့ လျှို့ဇစ်ချီ ပြန်ထွက်လာခဲ့ရင် ကံဆိုးမဲ့သူက သူတို့တွေဖြစ်သွားလိမ့်မယ်”
“ပြီးတော့ ဘယ်သူက အဲ့ဒီတုန်းက အလုပ်သမားတွေအားလုံး သေသွားပြီလို့ ပြောလို့လဲ။ ကျွန်တော်သိရသလောက်တော့ အဲ့ဒီတုန်းက ညလယ်ခေါင်ကြီး အိမ်သာထသွားလို့ ကံကောင်းပြီး အသက်ရှင်ခဲ့တဲ့သူတစ်ယောက် ရှိခဲ့တယ်။ သူက အဲ့ဒီဖြစ်စဥ◌်တစ်ခုလုံးကို မြင်တွေ့ခဲ့ရတာတဲ့”
“ရှင်…ရှင်ဘာပြောလိုက်တာ။ ဒီကိစ္စက သက်သေရှိတယ်ဆိုတာ ရှင်ကျိန်းသေလား”
ဟန်ရှောင်ပင်းက စိတ်လှုပ်ရှားစွာနဲ့ ထရပ်လိုက်၏။ သူမရဲ့အသံက စိတ်လှုပ်ရှားမှုအပြည့်ဖြင့်ပင်။
ဒီလို နှစ်တွေကြာနေပြီဖြစ်တဲ့ အမှုဟောင်းတွေက သက်သေရှာရခက်သည်။ ဒါပေမဲ့ တစ်ယောက်ယောက်က သက်သေလိုက်ပေးမယ်ဆိုရင်တော့ ကိစ္စအားလုံး ဖြေရှင်းပြီးသား ဖြစ်ပေမည်။
လင်းဖေးဟန်က ခေါင်းငြိမ့်ပြီးပြောလိုက်၏။
“အဲ့ဒီလူက ဒီလောကကြီးထဲမှာ အသက်ရှင်နေတုန်းပဲဆိုတာ ကျွန်တော်သေချာပါတယ်”
လင်းဖေးဟန်က ထိုသို့ပြောအပြီး သူ့အင်္ကျီအိတ်ကပ်ထဲက ဘောပင်တစ်ချောင်းထုတ်ယူကာ ဟန်ရှောင်ပင်းကို သူ့အတွက်စာရွက်တစ်ရွက်ယူပေးရန်တောင်းပြီး လိပ်စာတစ်ခုကို ရေးချလိုက်သည်။
“ဒါက သူနေတဲ့လိပ်စာပဲ။ ခင်ဗျားသူ့ကို ရှာတွေ့ရင် အဲ့ဒီနှစ်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာ သိရလိမ့်မယ်”
“ကောင်းပါပြီ လင်းလူကြီးမင်း။ ကျွန်မလုပ်လိုက်ပါ့မယ် အခုပဲ”
ဒီဟန်ရှောင်ပင်းက အလုပ်ကြမ်းပိုးဖြစ်၏။ မျက်မြင်သက်သေ အသက်ရှင်သေးတယ်ပြောတော့ သူမက အငြိမ်မနေနိုင်တော့ပေ။ သူမက ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။
သူမ တံခါးပေါက်နားရောက်သွားချိန်မှာ တစ်ခုကို သတိရသွားပြီး လင်းဖေးဟန်ဆီကို အမြန်ပြန်လာကာ တောင်းပန်စကားဆိုလိုက်၏။
“တောင်းပန်ပါတယ် လင်းလူကြီးမင်း။ ကျွန်မ အရမ်းစိတ်လှုပ်ရှားသွားလို့ပါ ခုနက။ လင်းလူကြီးမင်း ဒီမှာခဏလောက်စောင့်နေပေးဖို့ တောင်းဆိုလို့ရမလား။ ကျွန်မ မကြာခင်ပြန်လာပါ့မယ်”
ဟန်ရှောင်ပင်းက သူမ စကားပြောအပြီးမှာ လင်းဖေးဟန်ကို စကားပြန်ပြောခွင့်တောင်မပေးပဲ ဘေးနားမှာရှိနေတဲ့ ရဲဝန်ထမ်းကို ပြောလိုက်သည်။
“ရှောင်လီရေ။ နင် လင်းလူကြီးမင်းရဲ့ လုံခြုံရေးအတွက် ဒီမှာကာကွယ်ပေးထားလိုက်။ လင်းလူကြီးမင်း တစ်ခုခုလိုရင် အကုန်လုပ်ပေးလိုက်”
ဟန်ရှောင်ပင်းက သူမက လင်းဖေးဟန်ကို မယုံကြည်သေးတဲ့အတွက် စောင့်ကြည့်ချင်သေးတာကို ရှင်းလင်းအောင်လုပ်လိုက်၏။ လင်းဖေးဟန်က အဲ့ဒါကိုသိပေမဲ့ ဘာဖြစ်ဖြစ် သူ့မှာလည်း လုပ်စရာရှိမနေဘူးလေ။
မိနစ်သုံးဆယ်ကြာပြီးနောက် ဟန်ရှောင်ပင်းက တိုက်ရိုက်ဖုန်းခေါ်ဆိုလိုက်သည်။
“လင်းလူကြီးမင်းပြောတဲ့သူကို ကျွန်မတို့ရှာတွေ့ပါပြီ။ သူက လျှို့ဇစ်ချီ လူသတ်တဲ့ဖြစ်စဥ◌်တစ်ခုလုံးကို မမြင်ခဲ့ပါဘူး။ ဒါပေမဲ့…”
ဟန်ရှောင်ပင်းက ဆက်ပြောရန် တွေဝေနေသည်။ ထိုကိစ္စကိုပြောရန်က လွယ်ကူမနေချေ။
“ပြောချင်တာကိုပြောပါ အရာရှိဟန်။ ဘာဖြစ်ဖြစ် ခင်ဗျားက ကျွန်တော့်ကို အများကြီးကြန့်ကြာစေခဲ့ပြီးပြီပဲကို။ ကျွန်တော် အလုပ်သွားရဦးမယ်။ အဲ့ဒီလူက ပိုက်ဆံတောင်းလိုက်လို့လား ဘာလား”
လင်းဖေးဟန်က အဲ့ဒီလူရဲ့ အတွေးကို တွေးလိုက်မိ၏။
ပိုက်ဆံလိုချင်တာ ဒါမှမဟုတ် တစ်ခုခုလိုချင်တာထက် မပိုပါဘူး။ သူ့အတွက်ကတော့ ငွေနဲ့ ဖြေရှင်းလို့ရသရွေ့ ပြဿနာမရှိချေ။
“တကယ်က…သူက လျှို့ဇစ်ချီကိုဆန့်ကျင်ပြီး သက်သေထွက်ဆိုပေးဖို့ ငွေသားတစ်သန်းကို လိုချင်တယ်တဲ့”
ဟန်ရှောင်ပင်းက အင်မတန် စိတ်တိုသည့်လေသံပေါက်နေသည်။ ဒီလိုလူမျိုးက တကယ်ကို လောဘကြီးတာပဲ။
လင်းဖေးဟန်က အနည်းငယ်ပြုံးလိုက်၏။ ပိုက်ဆံပဲမလား။ ဘာကိစ္စကြီးမို့လဲ။ လျှို့ဇစ်ချီကိုသာ ချက်ချင်း သေဒဏ်ပေးလို့ရရင် သန်းရာချီသုံးရမယ်ဆိုရင်တောင် လင်းဖေးဟန်က ဆန္ဒရှိသည်။
“အရာရှိဟန်။ ခင်ဗျားသူ့ကို ရဲဌာနကို အရင်ပြန်ခေါ်လာလိုက်။ ကျွန်တော် ခဏနေရင် ပိုက်ဆံပို့ပေးလိုက်မယ်။ နောက်တစ်ခုက ကျွန်တော် အခုသွားလို့ရပြီလား”
“ကျေးဇူးအများကြီးတင်ပါတယ် လင်းလူကြီးမင်း။ ဟုတ်ပြီ။ ကောင်းပြီ။ ရှင်အခုသွားလို့ရပြီ”
ဟန်ရှောင်ပင်းက လင်းဖေးဟန်ကို အင်မတန်ကျေးဇူးတင်မိသဖြင့် သူမ၏ သူ့အပေါ် ဆက်ဆံပုံ အနည်းငယ် ပြောင်းလဲသွားသည်။ ဒါပေါ့ အနည်းငယ်ပဲလေ။ လင်းဖေးဟန်က သတင်းအများကြီးပေးခဲ့ပြီး ကျန်တာက ရဲဌာနကပဲ ကိုင်တွယ်လိုက်ရတာလေ။ မျက်မြင်သက်သေကို ရှာတွေ့ပြီးနောက်ပိုင်းဖြစ်တာတွေက လင်းဖေးဟန်နဲ့ ဘာမှမဆိုင်တော့ဘူး။ ဒါပေမဲ့ လင်းဖေးဟန်က ချမ်းသာပြီး အင်အားရှိပေမဲ့ ကပ်စေးကုပ်တဲ့ လူချမ်းသာတွေနဲ့မတူပဲ ပိုက်ဆံပေးခဲ့တယ်။
လင်းဖေးဟန်က ထွက်လာပြီးတာနဲ့ ဖုန်းလုံဧရိယာကို အရင်သွားပြီး စွန်းရှင်းယွဲ့ကို အပ်စိုက်ကုပေးခဲ့၏။ ထို့နောက် လင်းအုပ်စုကို ဆက်သွားခဲ့သည်။ ရုံးခန်းထဲမှာ သူနဲ့ လျှို့ရှင်းယာတို့ စီးချင်းထိုးခဲ့ကြ၏။ ခေါက်တုံ့ခေါက်ပြန်ချကြရင်း လျှို့ရှင်းယာက အနိုင်ပိုင်းခံလိုက်ရကာ ထပ်ခါထပ်ခါ အော်ညည်းနေလေတော့သည်။
အချိန်တွေက မြန်မြန်ပဲ ကုန်ဆုံးသွားပြီး ညနေသို့ရောက်ရှိလာခဲ့၏။ လင်းဖေးဟန်က သူ့ရဲ့ ဂုဏ်သတ္တိအမျိုးမျိုးနှင့် ရရှိထားတာတွေကို ကြည့်လိုက်ပြီး ဇာတ်လိုက်ယဲ့ဖန်း တောင်ပေါ်မှ ဆင်းလာမည့်အချိန်ကို တွက်ချက်လိုက်သည်။ မကြာခင်ပဲဖြစ်လိမ့်မည်။ ဒါပေမဲ့ သူက အသင့်မဖြစ်သေးပါ။ ဆိုတော့ လင်းဖေးဟန်က ရင်းနှီးမြှုပ်နှံပြီး ငွေရှာရန်အသင့်ဖြစ်နေသည်။ အမှန်အကန် လင်းဖေးဟန်က အလုပ်လုပ်လို၏။
လင်းဖေးဟန်က အုပ်စုက ကျွမ်းကျင် စတော့သုံးသပ်သူတွေကို ခေါ်လိုက်ပြီး စတော့အနည်းငယ် ဝယ်ထားလိုက်သည်။ ဒီလောကကြီးမှာ သူ့ရဲ့ ကိုယ်ပိုင်စည်မျဥ◌်းရှိ၏။ လင်းဖေးဟန် သေချာမှတ်မိသလောက်က ယဲ့ဖန်းတောင်ပေါ်က မဆင်းလာခင်အထိ လင်းဖေးဟန်က ချောချောမွေ့မွေ့ ရွက်လွှင့်နေပြီး သူ့ရဲ့လုပ်ငန်းက အောင်မြင်နေခဲ့သည်။ တစ်နည်းပြောရရင် သူအခုလို လုပ်ကိုင်နေသရွေ့ ပိုက်ဆံဆုံးရှုံးမည် မဟုတ်ပါ။ ပိုက်ဆံဆုံးရှုံးခဲ့ရင်တောင် လင်းဖေးဟန်က မကြောက်ပါ။ သူက ဇာတ်လိုက်ယဲ့ဖန်းကို တကယ်ပဲ မတွေ့ဆုံချင်ပါ။ တကယ်လို့ သူက ပိုက်ဆံဆုံးခဲ့ရင်တောင် အဲ့ဒါက သူ့သဘောအရပင်ဖြစ်၏။
သူ့အုပ်စုရဲ့ ပိုင်ဆိုင်မှုတွေ နည်းလာသရွေ့ သူ ယဲ့ဖန်းနဲ့ တွေ့ဆုံမှာ မဟုတ်ပေ။ အတွေးအခေါ်မရှိတဲ့လူတွေက သူ့ရဲ့ ပြိုင်ဖက်ဖြစ်ဖို့ မသင့်တော်ဘူးလို့ ယဲ့ဖန်းက ထင်သောကြောင့်ဖြစ်သည်။
“ဝမ်ကျားကျင်းဖူ၊ ကွမ်မင်းဘဏ်နဲ့ ဝန်ဒါရုပ်ရှင်ထုတ်လုပ်ရေးတွေက အနာဂတ်မှာ ဆက်ပြီး ရှယ်ယာဈေးကျမယ်လို့ ဆိုလိုတာလား”
သုံးသပ်ရေးပညာရှင်က ခေါင်းငြိမ့်ပြီး ယုံကြည်ချက်အပြည့်နှင့်ပြောလိုက်၏။
“လင်းလူကြီးမင်း ကွန်ပျူတာမျက်နှာပြင်ကို ကြည့်လို့ရပါတယ်။ ကျွန်တော်တို့ ကျွမ်းကျင်အဖွဲ့ကနေပြီး မတူညီတဲ့အချိန် မတူညီတဲ့ ပလက်ဖောင်းတွေမှာ ပြုလုပ်ထားတဲ့ သုံးသပ်ချက်ညွန်းကိန်းဇယားတွေကို ပြထားပါတယ်။ ကျွန်တော့်ရဲ့ ဆယ်နှစ်ကျော် အတွေ့အကြုံအရ ဒီသုံးခုက နောက်တစ်ပတ်နေရင် အနိမ့်ဆုံအမှတ်ကို ကျသွားပါလိမ့်မယ်။ ဒေဝါလီပါ ခံရနိုင်တယ်”
သုံးသပ်သူက လင်းဖေးဟန်ကို ကြည့်လိုက်သည်။ ဒီကိစ္စက အနည်းငယ်ထူးဆန်းသလို သူခံစားလိုက်ရ၏။ ဘာလို့ လင်းဥက္ကဌက ပျောက်ဆုံးပျက်စီးတော့မဲ့ စတော့ရှယ်ယာတွေကို ဝယ်ဖို့ ဆက်ကြည့်နေရတာလဲ။
စာစဉ်ပြီး၏