← Chapters

အခန်း (၂၉)

Vol. 3 Ch. 29

အခန်း (၂၉)

Vol. 3 Ch. 29

စွန်းရှင်းယွဲ့ရဲ့ ခြေထောက်တွေက စတီးရိုးထည့်ထားရတုန်းပဲဖြစ်သည်။ ထိုအချက်က သူမအတွက် လမ်းလျောက်ရန် ခက်ခဲစေ၏။ အမှန်က စွန်းရှင်းယွဲ့က လှရုံတင်မဟုတ်ဘူး။ သူမရဲ့ ခြေတံရှည်တွေကလည်း အတော်လေးကို သွယ်လျလှပတယ်။

အထူးသဖြင့် သူမရဲ့ နူးညံ့လှပတဲ့ ခြေဖဝါးသေးသေးလေးတွေဖြစ်သည်။ သေသေသပ်သပ် ညှပ်ထားတဲ့ သူမရဲ့ လက်သည်းတွေကလည်း နှင်းလိုဖြူဖွေးလျက်ရှိ၏။ အပြစ်အနာအဆာဆိုလို့ သူမရဲ့ ခြေထောက်တွေမှာ ကားမတော်တဆမှုကရတဲ့ အမာရွတ်တွေ ရှိနေတာပဲဖြစ်သည်။

လင်းဖေးဟန်ကိုကြည့်ပြီး စွန်းရှင်းယွဲ့က ပါးများနီမြန်းလာကာ စိတ်အင်မတန်လှုပ်ရှားသွား၏။ သူမအတွက် သူစိမ်းယောက်ျားတစ်ယောက်ကို ပထမဆုံးအကြိမ် သူမရဲ့ခြေထောက်ကို ကြည့်စေခြင်းဖြစ်သည်။ လင်းဖေးဟန်က အနည်းငယ် စိတ်မကောင်းဟန်ပေါ်၏။ ဒီလို ကောင်းမွန်တဲ့မိန်းကလေးမျိုး။ သူမရဲ့ဘ၀က ၀မ်းနည်းဖွယ်ကောင်းလှသည်။ ဒီခွေးစာရေးဆရာက အဲ့လိုမျိုး လုပ်ရက်ရတယ်လို့။

လင်းဖေးဟန်က စိတ်ရှင်းလိုက်ပြီး ရည်ရည်မွန်မွန် ပြောလိုက်၏။

“ကျွန်တော် မင်းကို အပ်စိုက်ကုပေးလို့ရမလား မိန်းကလေးစွန်း”

လင်းဖေးဟန်ရဲ့လေသံမှာ မကောင်းတဲ့ခံစားချက်တစ်ခုမှ မပါ၀င်ချေ။ သို့သော် အင်မတန်ပွင့်လင်းပြီး ညင်သာလှသည်။

ထိုအချိန်တွင် စွန်းရှင်းယွဲ့ရဲ့မျက်နှာက ပန်းကလေးလို နီရဲသွားပြီး ခေါင်းကို အတင်းငုံ့လိုက်၏။ စွန်းရှင်းယွဲ့မှာ သံသယတွေရှိနေသေးပေမဲ့ သူ လင်းဖေးဟန်ကိုယုံဖို့ ရွေးချယ်လိုက်သည်။ သူမသဘောတူလိုက်၏။

လင်းဖေးဟန်က မိန်းကလေးတွေကို အခွင့်ကောင်းယူမဲ့ ယောက်ျားမျိုးမဟုတ်ဘူးလို့ စွန်းရှင်းယွဲ့က ယုံကြည်သည်။ သူစမ်းကြည့်ချင်မှတော့ ရပါတယ်လေ။ ဘာဖြစ်ဖြစ် သူမရဲ့ခြေထောက်တွေက မျှော်လင့်ချက်မှ မရှိတော့တာပဲ။

စွန်းရှင်းယွဲ့က လုံး၀ကို မျှော်လင့်ချက်မထားခဲ့ပေ။ သူမခြေထောက်တွေ ထိခိုက်မိပြီးနောက် ဆေးရုံများစွာကို လိုက်ပြဖူး၏။ ရရှိခဲ့သောအဖြေများက သူမတစ်သက်လုံး ထနိုင်တော့မှာမဟုတ်ဘူးဆိုတာသာဖြစ်သည်။

အကယ်၍ သူမ ပြန်ကောင်းလာခဲ့ရင်တောင် အဖြစ်နိုင်ဆုံးအခြေအနေက ခြေလှမ်းအနည်းငယ်လျှောက်နိုင်တာမျိုးသာဖြစ်မည်။ သူမကျန်တဲ့ဘ၀တစ်လျှောက်လုံး ချိုင်းထောက်နဲ့ ဝှီးချဲကိုသာ အမှီပြုသွားရလိမ့်မည်။

စွန်းရှင်းယွဲ့ ခေါင်းငြိမ့်ပြီး သဘောတူလိုက်တာကိုမြင်ပြီး လင်းဖေးဟန်က ငွေအပ်တွေကို အမြန်ထုတ်ယူလိုက်၏။ သူများများစားစားမပြောချေ။ စွန်းရှင်းယွဲ့ရဲ့ ခြေထောက်များကိုသာ အပ်စိုက်လိုက်သည်။

လင်းဖေးဟန် စိုက်လိုက်တဲ့ အပ်တစ်ချောင်းမှ မလွဲချော်ပါ။ အပ်တစ်ချောင်းစီတိုင်းက စွန်းရှင်းယွဲ့ရဲ့ အပ်စိုက်မှတ်ကို တိတိကျကျ ဖောက်ထွင်းသွားသည်။ လင်းဖေးဟန်ရဲ့ လှုပ်ရှားမှုများက မြန်ဆန်တိကျလှ၏။ ထိုကဲ့သို့ အလွန်အမင်းအာရုံစိုက်နေပုံက စွန်းရှင်းယွဲ့ရဲ့နှလုံးသားကို လှုပ်ရှားသွားစေသည်။

စွန်းရှင်းယွဲ့ မအံ့ဩပဲမနေနိုင်ပါ။ လင်းဖေးဟန်က သူမကို တကယ်ပဲ မလှည့်စားခဲ့ချေ။ သူက တကယ်ပဲ ဆေးပညာကိုသိသည်။ အပ်စိုက်ပြီးသွားသောအခါ လင်းဖေးဟန်က ပြုံးပြီးပြောလိုက်၏။

“မိန်းကလေးစွန်းရဲ့ခြေထောက်တွေကို အပ်စိုက်ကုထုံးနဲ့ ကုသလို့ပြီးပါပြီ။ တစ်ခုခု ထူးခြားတာ ခံစားရလား”

စွန်းရှင်းယွဲ့က သူမရဲ့ခြေထောက်တွေကို ခံစားကြည့်လိုက်ပြီး အံ့ဩစွာရေရွတ်လိုက်သည်။

“ကျွန်မခြေထောက်တွေ နည်းနည်းထုံတယ်။ ပြီးတော့…ယားတယ်”

စွန်းရှင်းယွဲ့က လင်း‌ဖေးဟန်ကိုစိုက်ကြည့်လိုက်ပြီး စိတ်ဓာတ်ကျသွားပြန်၏။

သူက တကယ်ကို ‌ခန့်ညားပြီးကြင်နာတတ်တယ်။ ငါက အခု သူနဲ့ မထိုက်တန်တာကတော့ စိတ်မကောင်းစရာပဲ။ ထိုအခိုက်အတန့်မှာ စွန်းရှင်းယွဲ့က ပထမဆုံးအနေနဲ့ စိတ်ထဲကနေပြီး အားငယ်မှုကို ခံစားလိုက်ရသည်။

“တင်း! စနစ်သတိပေးချက်: ဇာတ်လိုက် စွန်းရှင်းယွဲ့ရဲ့ အသုံးပြုသူအပေါ် နှစ်သက်မှု ၂၀ မှတ်တိုးသွားပြီး ပွိုင့် ၂၀ ကို ရရှိလိုက်ပါပြီ။ အခုဆို စွန်းရှင်းယွဲ့ရဲ့ အသုံးပြုသူအပေါ် နှစ်သက်မှုက အနည်းငယ် သဘောကျတဲ့အဆင့်ကို တက်သွားပါပြီ”

လင်းဖေးဟန်ရင်ထဲ ပန်းတွေပွင့်သွားသည်။

ယဲ့ဖန်းရေ ယဲ့ဖန်း။ ငါအခု မင်းရဲ့ မိန်းကလေးကို အရယူပြီး မင်းရဲ့လမ်းကို လျှောက်နေပြီ။ မင်းရောက်လာတဲ့အခါကျရင် ဘာလုပ်မလဲဆိုတာ ငါသိချင်လိုက်တာ။

ထို့နောက် လင်းဖေးဟန်က အပ်ချောင်းများကို စွန်းရှင်းယွဲ့ရဲ့ ခြေထောက်ကနေပြီး ဆွဲထုတ်လိုက်ပြီး တခြားအပ်စိုက်မှတ်များသို့ ထပ်မံစိုက်ထည့်လိုက်၏။ ထို့နောက် သူက နည်းလမ်းပြောင်းပြီး စွန်းရှင်းယွဲ့၏ ခြေထောက်အတွင်းသို့ စိုက်ထည့်ထားသော ငွေပင်အပ်များကို လှည့်လိုက်သည်။ ခံစားလို့ရသေးတာ ကောင်း၏။ စွန်းရှင်းယွဲ့ခြေထောက်တွေ ဘာမှခံစားလို့ မရတော့မှာကို လင်းဖေးဟန်က စိုးရိမ်ခဲ့ခြင်းဖြစ်၏။ အဲ့လိုသာဆိုလျှင် ကုသရခက်လိမ့်မည်။

လင်းဖေးဟန်က ထပ်မေးလိုက်သည်။

“အခုရော ဘယ်လိုခံစားရလဲ”

အပ်စိုက်ကုသတာက သူမရဲ့ခြေထောက်တွေကို မီးဖိုတစ်ခုလို ပူလာစေနိုင်တာကို စွန်းရှင်းယွဲ့ ပထမဆုံးအကြိမ် ခံစားလိုက်ရ၏။ အပူစီးကြောင်းတစ်ခုက သူမရဲ့ခြေထောက်တွေကို ချက်ချင်းပဲ နွေးတက်သွားစေသည်။

“ကျွန်မရဲ့ ခြေထောက်တွေ ပူလာတယ်”

စွန်းရှင်းယွဲ့က အံ့အားသင့်စွာ ပြောလိုက်၏။ ထိုသို့ကြားလိုက်ရချိန်မှာ လင်းဖေးဟန်စိတ်ထဲ အဖြေတစ်ခု တန်းရလိုက်သည်။ ငွေအပ်များကို ဆွဲထုတ်ပြီးနောက် သူက ပြုံးပြလိုက်၏။

“မင်းရဲ့ခြေထောက်တွေကို ကုသလို့ရနိုင်တယ်လို့ ကျွန်တော်ထင်ပါတယ် မိန်းကလေး”

ထိုစကားကို ကြားလိုက်ရချိန်မှာ စွန်းရှင်းယွဲ့ တုန်လှုပ်သွားသည်။ သူမ ဒီစကားကို စောင့်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာလှပြီဖြစ်၏။ သူမရဲ့ခြေထောက်တွေကို ကုသလို့ရနိုင်တယ်လို့ အခုကြားလိုက်ရတော့ သူမစိတ်မလှုပ်ရှားဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ။

“လင်းလူကြီးမင်း ပြောလိုက်တာ အမှန်ပဲလား။ ကျွန်မကို လိမ်နေတာ မဟုတ်ဘူးပေါ့”

လင်းဖေးဟန်ရဲ့ ဆေးပညာက ကောင်းမွန်နေပေမဲ့ စွန်းရှင်းယွဲ့က မယုံကြည်ရဲသေးပေ။ လင်းဖေးဟန်က တစ်ချက်ရယ်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။

“ကျွန်တော်မင်းကို ကုသပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ပေကျင်းမြို့က အကောင်းဆုံး ပြန်လည်ထူထောင်ရေးဆရာဝန်ကိုလည်း ရှာပေးနိုင်ပါတယ်။ ကျွန်တော့်ရဲ့ အပ်စိုက်ပညာနဲ့ဆိုရင် မင်းရဲ့ခြေထောက်တွေကို ကျိန်းသေ ကုသပေးနိုင်မယ်လို့ ယုံတယ်”

စွန်းရှင်းယွဲ့ရဲ့ ဒဏ်ရာက ပြင်းထန်သည်။ ဒါပေမဲ့ အနည်းဆုံးတော့ သူမ အာရုံခံစားလို့ရနေသေး၏။ လင်းဖေးဟန်ကလည်း သူမကို သူကုသပေးနိုင်သည်ဟု အင်မတန်ယုံကြည်ချက်ရှိသည်။ အနောက်တိုင်းဆေးပညာနဲ့ အရင်ဆုံး ခွဲစိတ်ကုသလိုက်ပြီး သူ့ရဲ့အပ်စိုက်ပညာနဲ့ ထပ်ကုလိုက်ရင် လအနည်းငယ်အတွင်း စွန်းရှင်းယွဲ့က သာမန်လူတစ်ယောက်လို လမ်းပြန်လျှောက်နိုင်မယ်လို့ လင်းဖေးဟန်က ယုံကြည်ထား၏။

မူလဇာတ်ကြောင်းမှာ စွန်းရှင်းယွဲ့ကို ကုသပေးရန် ယဲ့ဖန်းအနေနဲ့ တစ်နှစ်နီးပါး အချိန်ယူခဲ့ရသည်။ သူအချိန်ဆွဲနေခဲ့တာလည်းပါတာပေါ့။ ဒါပေမဲ့ အဲ့ဒါက စွန်းရှင်းယွဲ့ရဲ့ ခြေထောက်ဒဏ်ရာက မည်မျှကုသရန်ခက်ကြောင်း ပြသနေ၏။ သို့သော်လင်းဖေးဟန်က ယဲ့ဖန်းရဲ့လမ်းစဥ်ကို မလိုက်ချင်ပါ။

ယဲ့ဖန်းက တရုတ်ဆေးပညာရှင်ဖြစ်သည်။ တရုတ်ဆေးပညာက မကောင်းဘူးဟုမဆိုနိုင်ပါ။ သို့သော် တရုတ်ဆေးပညာက ပြန်လည်ထူထောင်ရေးနဲ့ အခြေအနေတည်ငြိမ်အောင်လုပ်တာတွေမှာ ပို၍ကောင်း၏။ သူအပ်စိုက်ကုထုံးတစ်ခုပဲ အသုံးပြုမယ်ဆိုရင် အချိန်ကြာသွားလိမ့်မည်။

လင်းဖေးဟန်က စွန်းရှင်းယွဲ့ကို ကုသဖို့ ပေကျင်းက အကောင်းဆုံး ပြန်လည်ထူထောင်ရေးဆရာဝန် ဒါမှမဟုတ် ကမ္ဘာပေါ်က အကောင်းဆုံးဆရာဝန်ကို ခေါ်ပေးနိုင်သည်။ သူ့အတွက်တော့ အဲ့ဒါက ကိစ္စကြီးမဟုတ်ပေ။ ငွေရှိရင် ရပြီမလား။ သူ့မှာ ငွေပြတ်လပ်နေတာမှ မဟုတ်တာ။

လင်းဖေးဟန်ပြောတာကို ကြားကြားချင်းက စွန်းရှင်းယွဲ့က အံ့ဩတဲ့မျက်နှာဖြစ်သွားသည်။ ထို့နောက် သူမတစ်ခုခုကို စဥ်းစားလိုက်ဟန်ပေါ်ပြီး တွေဝေသည့်အရိပ်အယောင် တွေ့လာရ၏။

လင်းဖေးဟန် သူမကို ပြောလိုက်တာတွေက သူမ အမြဲမျှော်လင့်နေခဲ့တဲ့အရာဆိုပေမဲ့ အခက်အခဲတစ်ခု ရှိနေသေး၏။ စွန်းရှင်းယွဲ့က ခေါင်းကိုငုံ့ပြီး တောင်းပန်တဲ့လေသံနဲ့ ပြောလိုက်သည်။

“တောင်းပန်ပါတယ် လူကြီးမင်းလင်း။ ကျွန်မ ဒီကုသမှုကို လက်မခံနိုင်ပါဘူး”

ထိုမိန်းကလေး ဘာတွေးနေသည်ကို လင်းဖေးဟန်က ချက်ချင်းသဘောပေါက်သွားပြီး အလျင်စလိုပြောလိုက်၏။

“အခွင့်အရေးကောင်းပဲဟာကို ဘာလို့ မကုသတာလဲ။ စိတ်မပူပါနဲ့။ ဆေးကုသစရိတ်ကို ကျွန်တော်ကူညီဖြေရှင်းပေးပါ့မယ်”

စွန်းရှင်းယွဲ့က ချက်ချင်းခေါင်းခါပြီး ပြောလိုက်သည်။

“ဘယ်လိုလုပ်ဖြစ်မှာလဲ။ ကျွန်မ ရှင့်ကို ဆေးကုသစရိတ် အများကြီး အကြွေးတင်လို့ မဖြစ်ဘူး။ ဘာဖြစ်ဖြစ် ကျွန်မတို့က မတော်တဆဆုံတွေ့ခဲ့တာပဲရှိတာလေ”

အဲ့ဒါက စွန်းရှင်းယွဲ့ရဲ့ အကျင့်စရိုက်ပဲဖြစ်၏။ သူမက မည်သူ့ကိုမျှ တစ်ပြားတစ်ချပ် အကြွေးတင်ခံမည်မဟုတ်ချေ။ သူမက လင်းဖေဟန်ရဲ့ ဈေးကြီးတဲ့ ဘရန်းအဝတ်အစားနဲ့ တောက်ပြောင်နေသောနာရီကို ကြည့်လိုက်သည်။ သာမန်လူများအနေဖြင့် တစ်သက်လုံး မပိုင်ဆိုင်နိုင်သောအရာများဖြစ်နိုင်၏။ ကြီးမြင့်တဲ့ ဆေးကုသစရိတ်က လင်းဖေးဟန်အတွက် ဘာမှမဟုတ်ပေ။ ဒါပေမဲ့ သူမအတွက်တော့ အင်မတန်များတဲ့ ပမာဏဖြစ်သည်။ စွန်းရှင်းယွဲ့က လင်းဖေးဟန်ကို အဲ့ဒီလောက်ကြီး အကြွေးမတင်လိုပါ။

All Chapters