အခန်း (၃၀)
Vol. 3 Ch. 30
လင်းဖေးဟန် ရယ်လိုက်သည်။ သူ့မျက်လုံးထဲတွင် လေးစားမှုကို မြင်တွေ့နိုင်၏။ တကယ်ကို မိန်းမကောင်းလေးတစ်ယောက်ပါလား။ လင်းဖေးဟန် ဝတ္ထုကို ဖတ်စဥ်ကတည်းက စွန်းရှင်းယွဲ့ မည်မျှကောင်းသည်ဆိုတာကို သူသိသည်။
ဒီတစ်ချက်ကိုတော့ စာရေးဆရာရဲ့ ရေးဟန်ကို ချီးကျူးရမည်။ အမျိုးသမီးဇာတ်ကောင်တစ်ခုစီက ထူးခြားတဲ့စရိုက်လက္ခဏာရှိ၏။ သိသိသာသာပင်ဖြစ်သည်။ နည်းနည်းလေးတောင်မှ အတွေးအခေါ်မရှိသော ပုံစံခွက်ထဲက ဇာတ်ကောင်မျိုး မဟုတ်ကြချေ။
လင်းဖေးဟန်က ပြောလိုက်၏။
“ကျိန်းသေ အလကားပေးတာတော့ မဟုတ်ဘူးပေါ့။ ကျွန်တော့်အတွက် အလုပ်လုပ်ပေးပြီး ပြန်ပေးလေ”
အနည်းငယ် စိတ်ရှုပ်ထွေးနေသေးတဲ့ စွန်းရှင်းယွဲ့က မေးလိုက်သည်။
“ဒီလိုကြီးမေးလို့ စိတ်မရှိပါနဲ့။ ကျွန်မတို့က ဒီနေ့မှတွေ့ကြတာလေ။ ဘာလို့ ကျွန်မအပေါ် ဒီလောက်ကောင်းပေးတာလဲ”
လင်းဖေးဟန်က တည့်တိုးပြောလိုက်၏။
“မြင်မြင်ချင်းအချစ်ဆိုတာကို မင်းယုံသလား။ မင်းမျက်နှာကို ကျွန်တော် စစတွေ့ချင်းတုန်းက စိတ်လှုပ်ရှားသွားခဲ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်မင်းကို လှတယ်လို့မြင်ခဲ့တာ။ ဒါပေမဲ့ ဒီအချိန်တိုအတွင်း ကျွန်တော်တို့မှာ တူညီတာတွေရှိတယ်လို့ ထင်မိတယ်။ ကျွန်တော်တို့လိုမျိုး နှင်းဆီဖြူကို သဘောကျတဲ့လူတွေက စိတ်ထားအင်မတန်ဖြူစင်တယ်လို့ ကျွန်တော်တော့ ယုံကြည်တယ်။ ဒီအဖြေကို စိတ်ကျေနပ်ရဲ့လား”
လင်းဖေးဟန်က စွန်းရှင်းယွဲ့ကို ရွတ်နောက်နောက်နဲ့ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်သည်။
လင်းဖေးဟန်ရဲ့ ပွင့်လင်းပြီး တည့်တိုးဆန်တဲ့ စကားတွေကြောင့် စွန်းရှင်းယွဲ့က ရှက်သွေးဖြာပြီး သူမရဲ့ ပါးစပ်ကိုအုပ်ကာ ရယ်ချလိုက်၏။ သူမစိတ်ထဲကအသံကတော့ လင်းဖေးဟန်က နောက်နေတာလို့ ပြောနေသည်။ လင်းဖေးဟန် မျှော်လင့်ချက် ကင်းမဲ့သွား၏။ ဤမျှ ငယ်ရွယ်ပြီး လောကကြီးအကြောင်းမသိတဲ့ စွန်းရှင်းယွဲ့က သူ့ရဲ့ အချစ်စကားတွေကို မယုံလောက်ဘူးလို့ သူမထင်မှတ်ထားပေ။ သူ့ရဲ့ ပရောပရည်လုပ်တဲ့ အရည်အချင်းက အဲ့လောက်တောင် နိမ့်ပါးနေတာလား။
စနစ်က နှုတ်ခမ်းသပ်ကာ ပြောလိုက်သည်။
“ကျွန်ုပ်လို ခံစားချက်အကြောင်း နားမလည်တဲ့ ငထုံတောင်မှ အသုံးပြုသူရဲ့ ပရောပရည် အရည်အချင်းကို သည်းမခံနိုင်ပါဘူး။ ဒါပေမဲ့ အသုံးပြုသူရဲ့ လိမ်ညာတဲ့ အရည်အချင်းကတော့ ပထမတန်းစားပါပဲ”
“ဒါငါ့ကို အမွှမ်းတင်နေတာလား။ အဲ့ဒါဆို ချီးကျူးတာလို့ပဲ မှတ်ယူလိုက်မယ်နော်”
“စိတ်မပျက်ပါနဲ့။ အသုံးပြုသူမှာ တကယ်တမ်း အားသာချက်တွေ ရှိနေပါသေးတယ်”
“ချောမောတာလား။ မင်းပြောစရာမလိုပါဘူး။ ငါကောင်းကောင်းသိပြီးသား”
“မဟုတ်ပါဘူး။ အသုံးပြုသူရဲ့ အားသာချက်က အရေထူပြီး သောက်ရှက်မရှိတာပါ”
လင်းဖေးဟန်က စနစ်ကို ဂရုမစိုက်တော့ပဲ စွန်းရှင်းယွဲ့ကို အတည်ပေါက်လေသံနှင့် ပြောလိုက်၏။
“စိတ်ပိုင်းဆိုင်ရာ ဖိအားမများပါနဲ့ မိန်းကလေးစွန်း။ ဒါက ကျွန်တော့်အတွက်တော့ လွယ်လွယ်လေးပါ။ ပြီးတော့ မင်းကို ပြန်ဆပ်ခိုင်းမှာပဲဆိုတော့ ဘာအကြွေးမှ တင်မနေတော့ဘူးပေါ့။ ပြီးတော့ ကျွန်တော်တို့မှာ တူညီတာရှိတယ်။ မင်းရော ကျွန်တော်ရော နှင်းဆီဖြူကို ကြိုက်ကြတယ်။ ဒါက ကံကြမ္မာပဲ။ ပြီးတော့ တစ်နေ့ကျရင် ကျွန်တော်တို့နှစ်ယောက် ကျွန်တော့်ဥယျာဥ်ထဲမှာ အတူတူ ပန်းရှုစားနိုင်ဖို့ မျှော်လင့်ပါတယ်”
လင်းဖေးဟန်က နောက်ထပ်အဆိုပြုဖို့ကြံပြီး စွန်းရှင်းယွဲ့အထင်ကြီးအောင် နှင်းဆီဖြူတွေကို အသုံးချလိုက်ခြင်းဖြစ်သည်။
လင်းဖေးဟန်ရဲ့စကားကို ကြားလိုက်ပြီးနောက် စွန်းရှင်းယွဲ့သိသိသာသာ စိတ်လှုပ်ရှားသွား၏။
“တင်း!စနစ်သတိပေးချက်; ဇာတ်လိုက် စွန်းရှင်းယွဲ့၏ အသုံးပြုသူအပေါ် နှစ်သက်မှု ပွိုင့် ၂၀ တိုးလာပါပြီ။ ပွိုင့် ၂၀ ကို ရရှိသွားတဲ့အတွက် အသုံးပြုသူကို ဂုဏ်ပြုပါတယ်။ ဇာတ်လိုက်စွန်းရှင်းယွဲ့၏ အသုံးပြုသူအပေါ်နှစ်သက်မှုက အလွန်အမင်း သဘောကျတဲ့အဆင့်ကို မြင့်တက်သွားပါပြီ”
လင်းဖေးဟန် သက်ပြင်းချလိုက်မိ၏။ ဒီနေ့လာလိုက်တာက တကယ်ကို အခွင့်အရေးကောင်းပဲ။ သူ့ကို သူရဲကောင်းဖြစ်စေခဲ့သော လူမိုက်များကြောင့်သာမဟုတ်လျှင် စွန်းရှင်းယွဲ့နဲ့ ဘယ်လိုဇာတ်လမ်းစရမလဲဆိုတာ သူသိခဲ့မှာ မဟုတ်ပေ။ သံပူတုန်းမီးပူတိုက်တဲ့အနေနဲ့ လင်းဖေးဟန်က ဆက်ပြောလိုက်သည်။
“မင်းကလှတယ်။ ဒါပေမဲ့ ဝှီးချဲပေါ်မှာပဲ ထိုင်နေရတယ်။ ဒီလောကကြီးက မတရားဘူး။ ငါ့တာဝန်ထားလိုက်ပါ။ မင်းရဲ့ခြေထောက်တွေ ပြန်ကောင်းစေရမယ်လို့ ငါအာမခံတယ်။ ဝှီးချဲကို နှုတ်ဆက်ပြီး သာမန်ဘဝကို ပိုင်ဆိုင်စေရမယ်”
လင်းဖေးဟန်က သူမရဲ့ အလှကို ထပ်မံချီးကျူးလိုက်၏။ အရင်တစ်ခါကလိုမဟုတ်ပဲ သူက စိတ်ရင်းမှန်နဲ့ အတည်ပေါက်ပြောခြင်းဖြစ်သည်။
လင်းဖေးဟန်က သူမခြေထောက်ကို အပ်စိုက်ရင်း ထိတွေ့ခဲ့တာကို ပြန်တွေးမိပြီး စွန်းရှင်းယွဲ့ မျက်နှာပူတက်လာ၏။ အဲ့ဒါက ကံစီမံရာလိုမျိူးပင်ဖြစ်ပြီး စွန်းရှင်းယွဲ့က သူ့ကို မြန်မြန်ဆန်ဆန်ပဲ ချစ်မိသွားခဲ့သည်။
လင်းဖေးဟန်က သူ့ဘာသူ ဆုံးဖြတ်ချက်ချပြီး စွန်းရှင်းယွဲ့ကို ပြောလိုက်၏။
“ဒီလိုပဲ သတ်မှတ်လိုက်ပြီနော် မိန်းကလေးစွန်း။ ကျွန်တော်ပြောတာကိုသာ နားထောင်ပါ”
လင်းဖေးဟန်ရဲ့ အထက်စီးဆန်တဲ့ပုံစံက စွန်းရှင်းယွဲ့ကို မစက်ဆုပ်စေခဲ့ပါ။ စွန်းရှင်းယွဲ့က နှုတ်ခမ်းတွေကို တင်းတင်းစေ့ပြီး ဘာမှမပြောခဲ့ချေ။ သဘောတူသည်ဟု မှတ်ယူနိုင်သည်။ လင်းဖေးဟန်က ဆက်ပြောလိုက်၏။
“အဲ့ဒါဆို အခုဒီလိုလုပ်ကြရအောင်လေ။ နောက်နှစ်ရက်နေရင် ကျွန်တော်မင်းအတွက် ပြန်လည်ထူထောင်ရေးအထူးကုကို စီစဥ◌်ပေးလိုက်မယ်။ နောက်ပြီး ခွဲစိတ်မှုမတိုင်ခင် မင်းခြေထောက်တွေ သွေးကြောလေကြောပွင့်သွားအောင် တစ်ရက်တစ်ခါ ကျွန်တော် အပ်စိုက်ပေးမယ်လေ”
စွန်းရှင်းယွဲ့ အတော်လေး ရင်ထဲထိသွားသည်။ သူမမျက်လုံးများထဲမှာ ကြယ်များရှိနေသလိုပင် အရောင်တောက်ပသွား၏။
“ကျေးဇူးတင်ပါတယ် လင်းလူကြီးမင်း။ ရှင်က တကယ်ကိုကောင်းမွန်တဲ့ လူတစ်ယောက်ပါ”
လင်းဖေးဟန်က တစ်ခဏမျှ မှင်သက်ပြီးနောက် တွေးလိုက်သည်။ အစ်ကိုကြီးကို အဲ့လောက်မြန်မြန် ‘လူကောင်းကဒ်’ မပေးလိုက်နဲ့လေကွာ(တရုတ်မှာ ဖရန့်ဇုန်သွင်းတာကိုပြော)။ လင်းဖေးဟန်က ပြုံးပြီးပြောလိုက်၏။
“ကျေးဇူးမတင်ပါနဲ့။ ဆေးကုသစရိတ်ကို မင်းပြန်ပေးရမှာလေ”
စွန်းရှင်းယွဲ့က အနည်းငယ်ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။
“စိတ်မပူပါနဲ့ လင်းလူကြီးမင်း။ ကျွန်မ ကျိန်းသေ ပြန်ပေးမှာပါ”
ထို့နောက် စွန်းရှင်းယွဲ့က စကားလမ်းကြောင်းပြောင်းလိုက်ပြီး မရေမရာနှင့်ပြောလိုက်၏။
“လင်းလူကြီးမင်းက ကျွန်မကို အလုပ်လုပ်ပေးဖို့ပြောတယ်နော်။ ဒါပေမဲ့ ဒီအခြေအနေကြီးမှာ ရှင် ကျွန်မကိုတောင် လိုလို့လား။ ကျွန်မက ပန်းဘယ်လိုစိုက်ရလဲဆိုတာပဲသိတာ။ ကျွန်မ မလှည့်စားဘူးဆိုတာတော့ ရှင်စိတ်ချထားလို့ရပါတယ်။ ဒါပေမဲ့…”
အဆုံးမှာတော့ စွန်းရှင်းယွဲ့က သူမ သေသေချာချာ မရှင်းပြတတ်ဘူးလို့ ခံစားလိုက်ရတဲ့အတွက် ‘တောင်းပန်ပါတယ်’ ဆိုပြီးသာ ပြောခဲ့ရသည်။
လင်းဖေးဟန်က ပြုံးပြီးပြောလိုက်၏။
“ဘာလို့ တောင်းပန်ရတာတုံး”
“ကျွန်..ကျွန်မက လိမ်နေ လှည့်စားနေတယ်လို့ ရှင်ထင်မှာစိုးလို့ပါ”
စွန်းရှင်းယွဲ့က ပွင့်လင်းဖြူစင်လှသည်။
လင်းဖေးဟန်က ပြုံးပြီးပြောလိုက်၏။
“ကျွန်တော် မင်းကို ယုံပါတယ်”
ထိုသို့ ရိုးရှင်းသောစကားကို ကြားလိုက်ရရုံနဲ့ စွန်းရှင်းယွဲ့ရဲ့ ပါးများနီမြန်းလာပြီး သူမ၏မျက်လုံးများလည်း လှုပ်ရှားသွားသည်။ သူမရဲ့ နှာခေါင်းတောင်မှ နီရဲတက်လာ၏။
လင်းဖေးဟန်က ကျွန်တော်မင်းကိုယုံပါတယ်ဆိုပြီး ပြောအပြီးမှာ စွန်းရှင်းယွဲ့ရဲ့ သူ့အပေါ်နှစ်သက်မှုက တိတ်တခိုးသဘောကျတဲ့အဆင့်ကို ရောက်ရှိသွားခဲ့ကြောင်း စနစ်က သတိပေးလာသည်။
“မင်းက ရူးမိုက်တဲ့ မိန်းကလေးပဲ”
လင်းဖေးဟန်က ရင်ထဲကနေ ပြောလိုက်ပြီး တစ်ချိန်တည်းမှာပဲ လက်ဆန့်တန်းပြီး စွန်းရှင်းယွဲ့ရဲ့ ဆံပင်ကို ဆွဲဖွလိုက်သည်။ လင်းဖေးဟန်ရဲ့ အပြုအမူကြောင့် စွန်းရှင်းယွဲ့ရဲ့ပါးများ ချက်ချင်းပင် နီမြန်းသွားပြန်၏။ ရှက်လွန်းသဖြင့် သူမ၏ခေါင်းကို မြေကြီးထဲသာ နှစ်ထားလိုက်ချင်မိသည်။ လင်းဖေးဟန်ရဲ့ လုပ်ရပ်က သေစေနိုင်လောက်၏။
“ဘာတွေ ငေးမောနေတာလဲ။ ဒါနဲ့ မင်းရဲ့ အိပ်မက်က ဘာလဲ”
စွန်းရှင်းယွဲ့ မှင်သေနေတာကို မြင်ပြီး လင်းဖေးဟန်က ဆက်ပြောလိုက်သည်။ လင်းဖေးဟန်ပြောတာကိုကြားပြီး စွန်းရှင်းယွဲ့က မျက်လုံးများဖြင့်ပြုံးလိုက်၏။ ထို့နောက် သူမပြောလိုက်သည်။
“ကျွန်မရဲ့အိပ်မက်က ပန်းဆိုင်တစ်ဆိုင်ဖွင့်ဖို့ပါ။ ဒီပန်းဆိုင်က ကျွန်မရဲ့အိပ်မက်အားလုံးကို သယ်ဆောင်ထားတယ်။ ဆိုင်က သိပ်တော့ မကြီးသေးပေမဲ့ တစ်နေ့ကျရင် တစ်ဖြည်းဖြည်း ကြီးပွားလာမယ်လို့ ယုံကြည်တယ်”
အိပ်မက်နဲ့ပတ်သက်လာတော့ စွန်းရှင်းယွဲ့က ပြောမဆုံးနိုင်ဖြစ်သွားသည်။ သူမမျက်နှာတွင် အပြုံးပန်းများ ဝေဆာလျက်ရှိ၏။ ထိုအရာက လင်းဖေဟန်အတွက် အရေးမပါဆုံးသောအရာဖြစ်သော်လည်း စွန်းရှင်းယွဲ့အတွက်တော့ ဘဝတစ်လျှောက်လုံး မက်လာခဲ့ရသောအိပ်မက်ဖြစ်သည်။
လင်းဖေးဟန်က စွန်းရှင်းယွဲ့ကို စကားဖြတ်မပြောဘဲ တိတ်တိတ်လေးကြည့်နေခဲ့၏။ စွန်းရှင်းယွဲ့က ဘာမှသတိမထားမိခင်အထိ အကြာကြီးပြောနေခဲ့သည်။ လင်းဖေးဟန်က သူမကို ငေးကြည့်တာကို မြင်လိုက်ရတော့ စွန်းရှင်းယွဲ့ ချက်ချင်းပဲ ရှက်သွေးဖြာသွား၏။
“အ! တောင်းပန်ပါတယ်။ ကျွန်မ နည်းနည်း မျောပါသွားလို့”
“ရပါတယ်။ မင်းရဲ့ ခေါင်းသေးသေးလေးထဲမှာ ဒီလောက်အတွေးတွေအများကြီး ရှိနေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး”
လင်းဖေးဟန်က စွန်းရှင်းယွဲ့ရဲ့ မျှော်လင့်ချက်အပြည့်နဲ့ မျက်လုံးတွေကို ကြည့်လိုက်သည်။ သူမကို မျှော်လင့်ခြင်းတွေနဲ့ ထုဆစ်ထားတာလို့ သူခံစားလိုက်ရ၏။