အခန်း (၃၄)
Vol. 3 Ch. 34
ဝမ်တကုံက သူ့ရဲ့စီနီယာအစ်ကိုကို သွားမရှာလောက်တော့ဘူးလို့ လင်းဖေးဟန်က ခံစားလိုက်မိသည်။ ဘာဖြစ်ဖြစ် သူ့မှာ ပေါက်စီတွေ အလုံအလောက် ရှိနေပြီလေ။ ဝမ်တကုံက အနည်းငယ် ဇဝေဇဝါ ဖြစ်သွား၏။ သူ့ရဲ့ သူဌေးက ဘယ်လိုလုပ်ပြီး သူ့စီနီယာအစ်ကိုရဲ့နာမည်ကို သိနေရတာလဲ။ ဒါပေမဲ့ သူက များများစားစား မတွေးဘဲ ‘အွန်’ ဆိုပြီးသာ ပြောလိုက်သည်။
“မင်း မစားရသေးဘူးမလား။ ရှောင်ယာရေ သူ့ကို ပေါက်စီ အလုံး ၅၀ ဝယ်ကျွေးလိုက်”
“ပေါက်စီအလုံး ၅၀ တောင်လား”
လျှို့ရှင်းယာနဲ့ ဝမ်တကုံ နှစ်ယောက်လုံး တစ်ပြိုင်နက် အံ့ဩသွား၏။ ပထမတစ်ယောက်က ပေါက်စီအလုံး ၅၀ က စားကုန်ပါ့မလားလို့ပြောပြီး ဒုတိယတစ်ယောက်က သူ့သူဌေးက သဘောထားပွင့်လင်းတဲ့အတွက် အစာငတ်ခံစရာမလိုတော့ဘူးလို့ ပြောလိုက်သည်။
“ကျွန်တော်ပြောချင်တာတစ်ခုရှိပါတယ်…ပြောလို့အဆင်ပြေပါ့မလား မသိပေမဲ့…”
သူ့ရဲ့သူဌေးက အမြင်ကျယ်တဲ့အတွက် သူ့တောင်းဆိုချက်ကို လိုက်လျောပေးမယ်လို့ ဝမ်တကုံက ခံစားရ၏။
“ရပါတယ် ကုံဇီ။ ငါ မင်းလိုမျိုး အရည်အချင်းရှိတဲ့သူတွေကို တန်ဖိုးထားပါတယ်။ အခြေခံအားဖြင့် မင်းတောင်းဆိုချက်တွေက မလွန်ကဲသရွေ့ ငါဖြည့်ဆည်းပေးနိုင်ပါတယ်”
လင်းဖေးဟန်တွေးတာက ပေါက်စီအလုံး ၅၀ က မလုံလောက်ဘူးဆိုရင် အလုံး ၁၀၀ ဝယ်ပေးမယ်။ မင်း စားပိုးနင့်ပြီး သစ္စာရှိမလာဘူးဆိုရင် ငါ့ကို လင်းဖေးဟန်လို့ ခေါ်မနေနဲ့တော့ဟူ၍ဖြစ်သည်။
“ဥက္ကဌရဲ့ အဝတ်အစားတွေက လှတယ်နော်။ ကျွန်တော့်ကိုရော တစ်စုံဝယ်ပေးလို့ ရမလား။ စိတ်မပူပါနဲ့။ ကျွန်တော် ဥက္ကဌရဲ့ ပိုက်ဆံတွေကို မဖြန်းပါဘူး။ ပေါက်စီဖိုးထဲက နှုတ်လို့ရပါတယ်။ အခုကစပြီး ကျွန်တော် ပေါက်စီအလုံး ၄၀…မဟုတ်ဘူး။ အလုံး ၂၀ ပဲ စားတော့မယ်လေ။ အဆင်ပြေလား”
“ပေါက်စီဖိုးထဲက နှုတ်ရမယ်တဲ့လား။ မင်းဘယ်သူ့ကို အထင်သေးနေတာလဲ ကောင်လေး”
“ငါ့ရဲ့ အတွင်းခံတစ်ထည်က မင်းကို ပေါက်စီရထားတစ်တွဲစာ ဝယ်ပေးလို့ရတယ်”
ထိုသို့ကြားလိုက်ရချိန်မှာ လျှို့ရှင်းယာ မတုန်လှုပ်ပဲမနေနိုင်ဖြစ်သွားသည်။ လင်းဖေးဟန်က အင်မတန်ရယ်ဖို့ကောင်းသည်ဟု သူမ ထင်မိ၏။ ဘယ်လိုလုပ်ပြီး သူ့အတွင်းခံနဲ့ ပေါက်စီကို နှိုင်းရတာလဲ။ ယဥ်ကျေးမှုအရတော့ သူမ မရယ်ခဲ့ချေ။
ဝမ်တကုံက တိတ်ဆိတ်သွားသည်။ ပေါက်စီရထားတစ်တွဲစာလား။ အဲ့ဒါအကုန်ကုန်အောင် သူဘယ်လောက်ကြာကြာစားရမလဲ။ ဈေးကြီးလွန်းတယ်။ ထားလိုက်ပါတော့။
“ရှောင်ယာ။ သူနဲ့တော်မဲ့ ဝတ်စုံတစ်ထည် ဝယ်ပေးလိုက်။ ကုမ္ပဏီငွေထဲက မသုံးနဲ့။ ငါ့ငွေနဲ့ငါပေးမယ်”
“ကောင်းပါပြီ”
“သူဌေး…ကျွန်တော့်အထင် ကျွန်တော့်ရဲ့ ဒီဝတ်စုံကလည်း အတော်လေးကြည့်ကောင်းပါတယ်”
ဘာလို့ ဒီသူဌေးက အရမ်းတည့်တိုးဆန်တာလဲ။ လင်းဖေးဟန်က စိတ်တိုသွားသည့်အတွက် ဆူလိုက်သည်။
“ငါ မင်းကို အဲ့ဒါဝယ်ပေးမှာ။ မင်းရဲ့ ပေါက်စီတွေမဟုတ်ဘူး”
လင်းဖေးဟန်လေသံပြောင်းသွားတာကိုကြားပြီး လျှို့ရှင်းယာ ရယ်ချလိုက်မိ၏။
မွန်းလွဲလေးနာရီလောက်ကျ လျှို့ရှင်းယာက လင်းဖေးဟန်ကို ရှန်းကျင်းမှာ အကျော်ကြားဆုံး ပြန်လည်ထူထောင်ရေးအထူးကုကို သူမ ဆက်သွယ်ထားကြောင်း ပြောလိုက်သည်။ လင်းဖေးဟန်က ဝမ်းသာသွားပြီး စွန်းရှင်းယွဲ့ကို ခွဲစိတ်ကုသပေးရန် ထိုအထူးကုကို ငွေပုံပေးလိုက်၏။ ကျန်းပိုင်မြို့က လင်းဖေးဟန်ဆိုတာကြားတော့ အထူးကုက ချက်ချင်းပဲ သဘောတူလိုက်သည်။ ကျန်းပိုင်နှင့် ရှန်းကျင်းက အဲ့ဒီလောက်မဝေးပါ။ အမြန်ရထားစီးရင် မိနစ် ၃၀ သာကြာ၏။
ထိုကိစ္စကို အဆုံးသတ်ပြီးနောက် လင်းဖေးဟန်က ပန်းဆိုင်ကို တန်းပြေးသွားပြီး စွန်းရှင်းယွဲ့ကို သတင်းကောင်းပြောပြပြီး အပ်စိုက်ပေးခဲ့သည်။ လင်းဖေးဟန်က စွန်းရှင်းယွဲ့နဲ့ စကားဆက်ပြောချင်ပေမဲ့ လုရွှယ်ယင်က ဖုန်းဆက်လာသည့်အတွက် စိတ်တိုသွားခဲ့၏။ ဒီတစ်ကြိမ်တော့ အချိန်မဆွဲရဲတော့တဲ့အတွက် လင်းဖေးဟန်က စွန်းရှင်းယွဲ့ကို နှုတ်ဆက်ပြီး လုမိသားစုအိမ်ကို မောင်းနှင်လာခဲ့သည်။
လင်းဖေးဟန်ထွက်လာသောအခါ အမှောင်ထဲက အားသောင်ကထွက်လာပြီး စွန်းရှင်းယွဲ့ရဲ့ လတ်တလောအခြေအနေကို အစီရင်ခံလိုက်၏။ ဝမ်တကုံက လင်းဖေးဟန်နောက်ကလိုက်လာတာကိုမြင်တော့ အားသောင် သံသယဝင်သွားသည်။
လင်းဖေးဟန်က မိတ်ဆက်ပေးလိုက်၏။
“မင်းတွေ့တဲ့အတိုင်းပဲ ဒါက ငါ့ရဲ့ အသစ်ခန့်ထားတဲ့ ကိုယ်ရံတော်။ ဝမ်တကုံလို့ခေါ်တယ်။ ဒီအတိုင်း ကုံဇီလို့ခေါ်လို့ရတယ်”
အားသောင်က ခေါင်းငြိမ့်လိုက်ပေမဲ့ ရင်ထဲတော့ အနည်းငယ် ခါးသီးသွားသည်။ လင်းဖေးဟန်နောက်က ဝမ်တကုံကို သူကြည့်လိုက်၏။ ပေါက်စီနှစ်လုံးကိုင်ထားတဲ့ သူ့ကိုကြည့်ရတာ အရူးနှင့်တူသည်။ ဒီဝမ်တကုံက ကိုယ်ရံတော်တစ်ယောက်နှင့် လုံးဝမတူပါ။ တိရစ္ဆာန်ချေးမြေဩဇာစက်နှင့်ပိုတူသည်။
သခင်လေးက ငါ့ကို စွန့်ပစ်တော့မှာလား။ ငါသူ့ကို မပစ်မှားမိပါဘူး။ အဓိကအကြောင်းအရင်းက ငါဒီဝမ်တကုံလောက် မစားနိုင်လို့လား။ ထိပ်တန်းကိုယ်ရံတော်ဖြစ်တဲ့သူ့ကိုတော့ သခင်လေးက မိန်းကလေးတစ်ယောက်ကို ကာကွယ်ပေးဖို့ စေလွတ်ထားတာကို တွေးမိတော့ အားသောင်ပိုပြီးကြောင်ပျောက်သွားသည်။
အားသောင်မျက်နှာပြောင်းလဲသွားတာကို လင်းဖေးဟန်လည်း သတိထားမိ၏။ ချက်ချင်းပဲ အားသောင်ရဲ့ ပုခုံးကို ပုတ်ကာ သူပြောလိုက်သည်။
“သိပ်မတွေးနဲ့အားသောင်။ ငါမင်းကို ဒီကိုပို့ထားတာ အကြောင်းရင်းရှိတယ်။ အခုချိန်မသိသာသေးပေမဲ့ အချိန်တန်ရင် မင်းနားလည်လာလိမ့်မယ်”
“မင်းက ငါ့ရဲ့ကိုယ်ရံတော်ဆိုပေမဲ့ ငါမင်းကို ဘယ်တုန်းကမှ ကိုယ်ရံတော်လို သဘောမထားဖူးဘူး။ မင်းတို့အားလုံးက ငါ့ညီအစ်ကိုတွေလိုပဲ။ တစ်ယောက်စီတိုင်းက ငါ့အတွက် အများကြီးအကူအညီဖြစ်တယ်”
ထိုစကားကို ကြားလိုက်ရတဲ့ အားသောင်က စိတ်ထဲလှုပ်ရှားသွားသည်။
သခင်လေးက တကယ်ပဲသူ့ကို ညီအစ်ကိုတစ်ယောက်လို သဘောထားတာပဲ။ သခင်လေးအတွက် သူသေပေးရမယ်ဆိုရင်တောင် ဝန်မလေးဘူး။ ဘေးက ဝမ်တကုံကလည်း ရယ်လိုက်သည်။ သူ့အတွေးက ရိုးရှင်း၏။ သူ့သူဌေးက သဒ္ဓါတရားထက်သန်သည်။ သူ့ကိုသာ ပေါက်စီတွေ ဆက်ပေးနေသရွေ့ သူထွက်မသွားဘူး။ တစ်သက်လုံး ကာကွယ်ပေးသွားရမည်ဆိုလည်းရသည်။
လင်းဖေးဟန်က အနည်းငယ် ကယ်ရာမဲ့သွား၏။ ယောက်ျားတွေလည်း ငါ့အာရုံစိုက်မှုကို လိုချင်လို့ မနာလိုဖြစ်ကြတာပဲ။ အားသောင်စိတ်အဲ့လောက် ကယောက်ကယက်မဖြစ်တာကို မြင်ရတော့ လင်းဖေးဟန်က လုမိသားစုကို လာလိုက်၏။
လုမိသားစုကို ရောက်သောအခါ လင်းဖေးဟန်က လုရှော့ချွန်းနှင့် ကျန်းချွန်းယန်နောက်လိုက်ပြီး အချိန်အတော်ကြာရှင်းပြလိုက်ရသည်။ ထိုအချက်ကြောင့် လင်းဖေးဟန်က တကယ်ပဲ စေ့စပ်ထားတာကို ဖျက်သိမ်းချင်တာဆိုပြီး သူတို့က ယုံကြည်သွား၏။
“ရှောင်ဟန်။ မင်းက တကယ်ကို ထူးချွန်ပြောင်မြောက်တယ်။ ချောမောရုံတင်မကဘူး။ မိသားစုနောက်ခံလည်းရှိသေးတယ်။ ဒါ့အပြင် လူတွေနဲ့ဆက်ဆံတာမှာလည်း တော်တယ်။ ထူးခြားတဲ့ အရည်အချင်းတွေတောင်ရှိတာ”
လုရှော့ချွန်းက လင်းဖေးဟန်ကို မြှောက်ပင့်လိုက်သည်။ လင်းဖေးဟန်က စေ့စပ်တာကို ဖျက်သိမ်းတော့ တစ်ဘီလီယံတန်စာချုပ်ကို တန်းထုတ်လာခဲ့တယ်။ ငွေပမာဏက မများသော်လည်း သူက အဓိပ္ပာယ်ကို နားလည်၏။ လုရှော့ချွန်းက လင်းဖေးဟန်ရဲ့ အပြုအမူကြောင့် အလွန်ကျေနပ်မိသည်။
မိသားစုကြီးတစ်စုအတွက်တော့ ပိုက်ဆံက အရေးမပါတော့ပေ။ အဓိကက အမြင့်ကိုတက်လှမ်းဖို့ရယ် အဆက်အသွယ်တွေရှိဖို့ရယ်သာဖြစ်၏။
“အင်း။ တချို့ မိုက်မဲတဲ့လူတွေကတော့ လူကောင်းကိုတန်ဖိုးထားရကောင်းမှန်းမသိတာ စိတ်မကောင်းစရာပဲ”
ကျန်းချွန်းယန်က ဖြတ်ပြောလိုက်သည်။ ဘေးနားမှာထိုင်နေတဲ့ လုရွယ်ယင်က ဘာမှမပြောပေ။ သူ့အမေက သူမကို စောင်းပြောနေတာ သူမသိပေမဲ့ ဘာမှမပြောခဲ့ချေ။
လင်းဖေးဟန်က ပြုံးပြီးပြောလိုက်၏။
“တကယ်က ဒါက ဘာမှမဟုတ်ပါဘူး။ ဦးလေးနဲ့ အဒေါ်တို့ကသာ အံ့ဩဖို့ကောင်းတာပါ။ စီးပွားရေးလောကမှာ ဦးလေးနဲ့ အဒေါ့်ကို လူတော်တော်များများက လက်တွေ့ဘဝက ကော်ကျင့်နဲ့ ဟွမ်ရုံလို့ ပြောကြတယ်။ အထူးသဖြင့် အဒေါ့်ကိုပေါ့။ အဒေါ့်အသားအရေ ထိန်းသိမ်းတာကောင်းလွန်းလို့ ရှောင်ယင်ရဲ့ ညီအစ်မလို့တောင် ယုံကြမှာ”
လင်းဖေးဟန် အပိုလုပ်ပြောနေတာမဟုတ်ပါ။ စီးပွားရေးနယ်ပယ်မှာ လုရှော့ချွန်းနဲ့ ကျန်းချွန်းယန်ကို ကောကျင့်နဲ့ ဟွမ်ရုံလိုပဲဆိုပြီး ပြောနေကြသည်။ သူတို့ကလည်း တကယ်ပဲ တူညီတဲ့ လုပ်နိုင်စွမ်းရှိ၏။
“မင်းက အပြောကောင်းတာပဲ ရှောင်ဟန်။ မင်းစကားတွေအရ ငါက အဒေါ်ကြီးဖြစ်နေပါပြီ။ မင်းငါ့ကို အဲ့လိုမြှောက်ပြောလို့မဖြစ်ဘူး။ လူတွေသိရင် ငါ့ကို ချောင်ပိလော့လို့ ထင်ကြဦးမယ်”
ဘယ်မိန်းမက တခြားသူတွေ သူ့အလှကို ချီးကျူးတာကို မကြိုက်ဘဲနေမှာလဲ။ လင်းဖေးဟန်ချီးကျူးတာကို ကြားပြီးတော့ ကျန်းချွန်းယန်က ပြုံးလျက်သားဖြစ်နေပြီ။
“မင်းသာ ငါ့သားဆိုရင် ကောင်းမယ်။ အိုင်းယား။ နှမြောစရာပဲ”
ကျန်းချွန်းယန်က လုရွှယ်ယင်ကို သိသိသာသာရော မသိမသာပါ စောင်းချိတ်လိုက်သည်။
လုရွှယ်ယင်က ဖုန်းကြည့်နေခဲ့၏။ သူမအမေရဲ့ စကားကို ကြားလိုက်ရချိန်မှာ ခဏရပ်မိသွားသည်။ သို့သော် သူမ မကြားချင်ယောင်ဆောင်ပြီး တိတ်တိတ်လေးဆက်နေခဲ့၏။