အခန်း (၃၅)
Vol. 3 Ch. 35
တခြားသူတွေအတွက်တော့ လုရွှယ်ယင်က အေးတိအေးစက် အမျိုးသမီးစီအီးအိုဆိုပေမဲ့ သူ့မိဘတွေအတွက်တော့ သိတတ်တဲ့သမီးတစ်ယောက်ဖြစ်သည်။
“ကြည့်ပါဦး။ မင်းဘာလို့ ဒါတွေပြောနေရတာလဲ”
တစ်ဖက်ကနေ လုရှော့ချွန်းက ကျန်းချွန်းယန်ကို ဆက်မပြောဖြစ်အောင်တားလိုက်၏။
သူ့သမီးရဲ့ ဒေါသကိုသူသိသည်။ ရုတ်တရက်ကြီး သူမသာ စိတ်တိုသွားမည်ဆိုလျှင် လင်းဖေးဟန်ရှေ့ ရယ်စရာဖြစ်ဦးမည်။ ကျန်းချွန်းယန်က လုရှော့ချွန်းကို မျက်စောင်းဒိုင်းခနဲထိုးကြည့်လိုက်တာနဲ့ သူချက်ချင်းပဲ ပါးစပ်ပိတ်သွား၏။
သူ့ရှေ့ကအခြေအနေကိုကြည့်ပြီး လင်းဖေးဟန်ရယ်လိုက်မိသည်။ ကြည့်ရတာ ဦးလေးလုကလည်း သူ့ရဲ့အဖေလိုပဲ မိန်းမကြောက်တဲ့သူထင်တယ်။ စကားစမြည်အနည်းငယ်ပြောပြီးနောက် လင်းဖေးဟန်က ပြန်ရန်ပြင်လိုက်၏။ လုရှော့ချွန်းနဲ့ ကျန်းချွန်းယန်က သူ့ကို ညစာစားဖို့ ဖိတ်ပေမဲ့ လင်းဖေးဟန်က အလုပ်အကြောင်းပြငြင်းခဲ့သည်။
လုရွှယ်ယင်က ထပြီး လင်းဖေးဟန်ကို လိုက်ပို့ဖို့ လုပ်လိုက်၏။ အဲ့ဒါကိုမြင်တော့ သူ့အဖေရောအမေပါ ကျေနပ်ပြီး ခေါင်းငြိမ့်လိုက်ကြသည်။ တကယ်တမ်းကျ လုရွှယ်ယင်ရဲ့ လင်းဖေးဟန်အပေါ်ခံစားချက်က အများကြီးတိုးတက်လာ၏။ ဘာဖြစ်ဖြစ် သူတို့နှစ်ယောက်က စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်ပြီးပြီဖြစ်ပြီး သူကသူမရဲ့အဘိုးကို ကယ်ပေးထားတယ်လေ။
နှစ်ယောက်သား အခန်းထဲကနေ ဘေးချင်းယှဉ်ထွက်သွားကြသည်။ လုရွှယ်ယင်က လျှို့ရှင်းယာလိုမျိုး ရုံး၀တ်စုံကို ၀တ်ထားတာကို လင်းဖေးဟန် သတိထားမိလိုက်၏။ လုရွှယ်ယင်ကိုကြည့်ပြီး လျှို့ရှင်းယာရဲ့ရူးသွပ်မှုကို မတွေးပဲမနေနိုင်ဖြစ်သွားသည်။
အမှန်က လုရွှယ်ယင်က သူမရဲ့ရုပ်ရည်နဲ့ပတ်သက်ပြီး အင်မတန်ယုံကြည်ချက်ရှိတုန်း ဖြစ်၏။ သူမက လင်းဖေးဟန်ကို ချောင်းကြည့်လိုက်ပြီး လင်းဖေးဟန်က သူမကို ဆက်ကြည့်မနေတော့တာမြင်တော့ နေမထိထိုင်မသာဖြစ်သွားသည်။
တကယ်က လင်းဖေးဟန်က သူမကို ဆက်မကြည့်တော့တာမဟုတ်ပဲ မျက်နှာပူစရာဖြစ်တာကို ရှောင်ရှားဖို့အတွက် ဆက်မကြည့်ရဲတော့တာပင် ဖြစ်၏။ လုရွှယ်ယင် မှုန်သုန်သွားသည်။ အရင်ကဆို လင်းဖေးဟန်ရဲ့မျက်လုံးတွေက သူမကို ဝါးစားတော့မတတ် ဖြစ်နေခဲ့၏။ ဒါပေမဲ့အခုတော့ သူက သူမကို သူစိမ်းတစ်ယောက်လို ကြည့်နေသည်။ သူကြည့်ခဲ့ရင်တောင်မှ သူ့မျက်လုံးတွေက ကြည်လင်နေ၏။
လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း လင်းဖေးဟန်ရဲ့ ပြောင်းလဲမှုတွေကြောင့် လုရွှယ်ယင်က အနည်းငယ်အံ့ဩမိပေမဲ့ လင်းဖေးဟန်ရဲ့ တည်ရှိမှုက သူမကို အတော်လေး သက်သောင့်သက်သာ ရှိစေသည်။ ပြောရရင် လင်းဖေးဟန်နဲ့ပတ်သက်ပြီး တခြားယောက်ျားတွေထက် ခံစားချက်ကောင်း၏။ ရွံရှာခြင်းမရှိတော့ပေ။
နှစ်ယောက်သား အပြင်ကို လမ်းလျှောက်လာစဉ် ဥယျာဉ်တစ်ခုနားဖြတ်လာမိသည်။ လင်းဖေးဟန်က ရုတ်တရက်ကြီး ရပ်တန့်လိုက်၏။ လုရွှယ်ယင်အံ့ဩသွား၏။ လင်းဖေးဟန်က ဘာလို့ရုတ်တရက်ကြီး လမ်းလျှောက်တာကို ရပ်လိုက်ရတာလဲ။ လုရွှယ်ယင်က သိချင်စိတ်နဲ့ လျှောက်သွားကြည့်လိုက်တော့ လင်းဖေးဟန်က ကမဲလီးယားချုံပင်(လက်ဖက်နှင်းဆီ)ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။
“ဒီကမဲလီးယားအပင်က သေတော့မှာပဲ”
“ဟုတ်တယ်”
လုရွှယ်ယင် နည်းနည်း စိတ်ထိခိုက်သွား၏။ အဲ့ဒါက သူမရဲ့ အကြိုက်ဆုံးအပင်ဖြစ်ပြီး မြန်မြန်သေလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပေ။ လင်းဖေးဟန်က သူမနှင့်စကားပြောရန် ကြိုးစားရုံသက်သက်ဟု လျှို့ရွှယ်ယင်က ထင်လိုက်သည်။ နောက်ဆုံးမှာတော့ ကမဲလီးယားအပင်ရဲ့ ပုံပျက်ပန်းပျက်ပုံစံက သူမကြာခင်သေတော့မယ်ဆိုတာ လူတိုင်းသိအောင် ပြသနေ၏။
လုရွှယ်ယင်က အနည်းငယ် အံ့ဩသွားသည်။ လင်းဖေးဟန်က တကယ်ပဲ ဘာကို ပြောချင်နေတာလဲ။
“ငါအထင်မမှားဘူးဆိုရင် ဒီအပင်ကို ဒီမှာပြောင်းစိုက်ထားတာ မကြာသေးဘူးမလား”
လင်းဖေးဟန်က လုရွှယ်ယင်ကိုကြည့်ပြီးမေးလိုက်၏။
“ဟမ်။ နင်ဘယ်လိုသိတာလဲ”
လုရွှယ်ယင် အနည်းငယ်အံ့အားသင့်သွားသည်။ လင်းဖေးဟန်က ဒီအကြောင်းကို ဘယ်လိုလုပ်သိတာလဲ။ သူမအိမ်မှာတောင် သူလျှိုတွေချထားတာလား။
လင်းဖေးဟန်က လုရွှယ်ယင်ရဲ့ အံ့ဩသွားတဲ့မျက်နှာကိုကြည့်ပြီးအမြန်ပြောလိုက်သည်။
“စိတ်မပူပါနဲ့။ ငါနင့်ကိုစောင့်ကြည့်ဖို့ လုမိသားစုမှာ သူလျှိုထားရလောက်တဲ့အထိ မအ,ပါဘူး။ အဲ့ဒါက နင့်ကို စိတ်ဆင်းရဲစေမှာပဲ။ အဲ့ဒါအပြင် ငါနင့်ကို စောင့်ကြည့်နေတဲ့လူတွေကို ဖြုတ်လိုက်ပြီ။ ငါနင့်ကို နောက်ထပ် မစောင့်ကြည့်တော့ဘူး”
ထူးဆန်းတယ်။ လင်းဖေးဟန်က ဒီကမဲလီးယားအပင်က ခုလေးတင် ပြောင်းစိုက်ထားတာဆိုတာ ဘယ်လိုလုပ်သိတာလဲ။ သူမလည်း အမြဲ ပန်းတွေစိုက်နေကျပေမဲ့ အဲ့လိုတွေ မကြည့်တတ်ဘူး။ ဒါ့အပြင် လင်းဖေးဟန်က ပန်းစိုက်ရတာကြိုက်တယ်လို့လည်း သူမတစ်ခါမှ မကြားဖူးပါဘူး။ သူမမိသားစုထဲက အစေခံတွေကများ သူ့ကိုပြောထားတာလား။
လုရွှယ်ယင်တွေးနေချိန်မှာပဲ လင်းဖေးဟန်ကပြောလိုက်သည်။
“ငါမြင်နိုင်တယ်။ ငါ ပန်းတွေအကြောင်းမသိပေမဲ့ ဆေးပညာအကြောင်း နားလည်တယ်။ ဒီလိုပန်းအမျိုးအစားအကြောင်း တစ်ခုလည်း သိသေးတယ်။ သာမန်ဥယျာဉ်မြေတွေက အဲ့ဒါကို အသက်ရှင်အောင်မထားနိုင်ဘူး။ သူ့ရဲ့ မူရင်းပေါက်ရောက်ရာက ရွှံ့ဝါဖြစ်ဖြစ်၊ မြေနီဖြစ်ဖြစ် လိုတယ်။ ဒီကမြေက ဖွထားတယ်။ ကမဲလီးယားကလည်း နည်းနည်းပဲ နွမ်းသေးတယ်။ အဲ့ဒါကြောင့် ကမဲလီးယားကို စိုက်ထားတာမကြာသေးဘူးလို့ ခန့်မှန်းလိုက်တာ”
လုရွှယ်ယင်က ပန်းနဲ့အပင်တွေကို သဘောကျတာကို လင်းဖေးဟန်ကသိသည်။ ဒီဥယျာဉ်ကြီးမှာ လုရွှယ်ယင်ရဲ့ အားထုတ်မှုတွေ ပါ၀င်နေ၏။ သူမရဲ့ အကြိုက်ဆုံးပန်းပင်ကသေတော့မည်။ ၀တ္ထုထဲမှာ လုရွှယ်ယင်က အကြာကြီး ၀မ်းနည်းနေခဲ့၏။ လောလောဆယ်မှာတော့ သူမရဲ့မျက်လုံးတွေက အံ့ဩမှုနှင့် ပြည့်နှက်နေသည်။
သူမ လင်းဖေးဟန်ကို ပိုပိုပြီး နားမလည်နိုင်တော့ဘူးလို့ လုရွှယ်ယင်က သိလိုက်ရ၏။ အရင်က လင်းဖေးဟန်အပေါ် ခံစားချက်ပျိုးထောင်ဖို့ သူမ တွေးခဲ့၏။ အဲ့ဒါကြောင့် သူမရဲ့ဝါသနာနှင့် အကြိုက်ဆုံးပန်းတွေကို ပြောပြပေးခဲ့သည်။ လင်းဖေးဟန်က အဲ့ဒီတုန်းကကျ တစ်ခါမှ စိတ်မ၀င်စားခဲ့ဘဲ ခုမှ ကမဲလီးယားအကြောင်း တကယ်ပဲ ပြောနိုင်နေတယ်။
ဆေးပညာကြောင့်လား။ ဆေးပညာအရည်အချင်းကြောင့် လင်းဖေးဟန်က ဒီလိုဖြစ်နေတာလား။ သူ့ရဲ့ ဆေးပညာက အဲ့လောက်တောင်အဆင့်မြင့်တာလား။ ဆေးပညာက လူတွေကို ကယ်နိုင်တယ်ဆိုမှတော့ ပန်းတွေကိုရော ကယ်နိုင်လား။ လင်းဖေးဟန်က သူ့အဘိုးကို ကယ်ပေးခဲ့တာ ဘယ်လောက်တော်လဲဆိုတာ ပြန်စဉ်းစားကြည့်တော့ မဟုတ်မှလွဲရော သူက ပန်းတွေကို ကုတာလည်း တော်နေမလား။
အဲ့လိုတွေးလိုက်တော့ လုရွှယ်ယင်ရဲ့မျက်လုံးတွေက မျှော်လင့်ချက်ပြည့်နှက်သွား၏။ အရင်က အေးစက်တဲ့အကြည့်တွေနဲ့ လုံး၀မတူတော့ပေ။ လုရွှယ်ယင်ရဲ့မျက်လုံးတွေက ပူပြင်းတဲ့နွေရာသီလိုဖြစ်နေတာကို လင်းဖေးဟန်ခံစားလိုက်ရသည်။
လင်းဖေးဟန်က ကြိတ်ပျော်နေ၏။ ဒီနေ့လည်း ရိတ်သိမ်းရဦးမဲ့နေ့ပဲဆိုပြီး တွေးရင်းနဲ့ပေါ့။
“တစ်ခုလောက်မေးလို့ရမလား”
လုရွှယ်ယင်က အနည်းငယ် စိုးရိမ်နေသည်။ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကြောင့် လင်းဖေးဟန်က ငြင်းလိုက်မှာ ဒါမှမဟုတ် ကျိုးကြောင်းမဆီလျော်တဲ့ တောင်းဆိုမှုမျိုးလုပ်လာမှာကို လုရွှယ်ယင် ကြောက်နေမိ၏။
“ရတာပေါ့”
လင်းဖေးဟန်က လေသံအတက်အကျမရှိ ပြောလိုက်သည်။
လုရွှယ်ယင်က အနည်းငယ်စိုးရိမ်နေပြီး သူမရဲ့နှလုံးက သမင်တစ်ကောင်လို ခုန်နေ၏။
“နင်…နင် ဒီကမဲလီးယားကို ကုပေးနိုင်လား”
လင်းဖေးဟန်ငြင်းမှာကို သူမကကြောက်နေသည်။
ထို့နောက် လင်းဖေးဟန်က စကားပြောလိုက်၏။ သူ့ရဲ့ စကားတွေက လုရွှယ်ယင်ကို အပျော်လွန်သွားစေသည်။ သူ့စကားတွေက ခိုင်မာလှ၏။ အဖြေကိုကြားရတော့ လုရွှယ်ယင်က စိတ်လှုပ်ရှားပြီး ထခုန်လုနီးပါးဖြစ်သွားသည်။
လုရွှယ်ယင်အကြိုက်ဆုံးအရာက ပန်းဖြစ်ပြီး သူမရဲ့ခံစားချက်တွေတော်တော်များများကို ပန်းတွေအပေါ်မှာထား၏။ အပြင်လူတွေအမြင်မှာ လုရွှယ်ယင်က အေးစက်တဲ့နတ်ဘုရားမဖြစ်ပြီး အမျိုးသမီးစီအီးအိုဖြစ်သည်။ သူမရင်ထဲမှာ လစ်ဟာနေတာကိုတော့ သူမကိုယ်တိုင်သာသိ၏။
သူမက စီးပွားရေးလောကက ယောက်ျားတွေနဲ့ ရောနှောပြီး မကောင်းတဲ့ယောက်ျားတွေအ တော်များများကို တွေ့ဖူးသည်။ သူမရဲ့ခြေလှမ်းတိုင်းက ကုမ္ပဏီအကျိုးအတွက်သာဖြစ်၏။
သူမကကြောက်နေခဲ့ပေမဲ့ သူမရဲ့မိဘတွေကို မဖော်ပြနိုင်သလို ပြောလည်းမပြောပြနိုင်ခဲ့ချေ။ လုမိသားစုက အင်အားကြီးလွန်းလို့ ကျန်းပိုင်မြို့ကဘယ်သူမဆို ပျောက်ကွယ်သွားအောင်လုပ်နိုင်သည်။ သူမ ကြိတ်မှိတ်သည်းခံရုံသာတတ်နိုင်၏။ ဒါပေမဲ့ ဒီပန်းကလေးတွေက သူမရဲ့ အကောင်းဆုံး တီးတိုးဖော်ဖြစ်သည်။ ထို့ကြောင့် လင်းဖေးဟန်ရဲ့ ခိုင်မာတဲ့အဖြေကိုကြားရတော့ လုရွှယ်ယင် အလွန်ပျော်ရွှင်မိသွား၏။