← Chapters

အခန်း (၃၆)

Vol. 3 Ch. 36

အခန်း (၃၆)

Vol. 3 Ch. 36

လင်းဖေးဟန် နောက်ထပ်ပြောလိုက်တဲ့ စကားတွေက သူ့ကိုယ်သူ ရေအေးတစ်ခွက် လောင်းချလိုက်သလိုပင်။

“ငါ တကယ်ပဲ ဆေးအတတ်ပညာနဲ့ ပန်းတချို့ကို ကုသနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒါက ငါက နတ်ဘုရားလို့ မဆိုလိုဘူးလေ။ အချို့က အခြေအနေအပေါ် မူတည်တယ်။ သူတို့ပြန်ရှင်လာမယ်လို့ ငါ တစ်ထစ်ချ အာမမခံနိုင်ဘူး”

လုရွှယ်ယင်က အမြန်မေးလိုက်၏။

“ဒီတစ်ခုကိုရော နင်ကုနိုင်လား”

“အင်း”

လင်းဖေးဟန်က ခေါင်းငြိမ့်ပြီးပြောလိုက်သည်။

“ဒီကမဲလီးယားအပင်ကို မင်း ရေစိမ့်ဝင်တာကောင်းတဲ့ မြေဖွဖွလေးမှာမှ ခပ်နက်နက်စိုက်လိုက်ရင်ရပြီ။ pH ၅-၆ လောက်ဆိုရပြီ။ ကမဲလီးယားက နေရောင်အနည်းငယ်ရရုံနဲ့ ကြီးထွားနိုင်တဲ့အပင်မျိုး။ နေရောင်တစ်ပိုင်းတစ်စအောက်မှာ စိုက်ပျိုးဖို့ သင့်တော်ပေမဲ့ တိုက်ရိုက်နေရောင်ခြည်ကိုတော့ ကြောက်တယ်။ အပင်ပေါက်တွေက အရိပ်လိုပေမဲ့ ရေရှည်လောင်းရိပ်မိရင်တော့ ကြီးထွားမှုအတွက် မကောင်းဘူး။ အရွက်ကြဲပြီး အပွင့်နည်းသွားလို့ သူ့ရဲ့အလှတရားကို ထိခိုက်စေတယ်။ အဲ့ဒါကြောင့် အရွယ်ရောက်တဲ့အပင်တွေက အဖူးအပွင့်တွေ ဖြစ်လာဖို့ နေရောင်ခြည်ကို ပိုလိုအပ်တယ်”

လင်းဖေးဟန် စကားအများကြီးပြောနေတာက လုရွှယ်ယင်ကို ထပ်မံစိတ်လှုပ်ရှားစေခဲ့၏။ လင်းဖေးဟန်က ဥယျာဥ◌်ပိုင်ရှင်ထက်ပင် ပို၍တတ်နေသလိုမျိုး ကျွမ်းကျင်မှုဆိုင်ရာဗဟုသုတတွေကို ပြောသွားသည်။ လုရွှယ်ယင်က လင်းဖေးဟန်ရဲ့စကားတွေကို လုံးဝသံသယမဝင်ခဲ့ချေ။ သူမအဘိုးကို ကယ်တင်ရန် လင်းဖေးဟန် အသုံးပြုခဲ့သော ဆေးပညာအရည်အချင်းက ဒီထက်ပိုအံ့ဖွယ်ကောင်းပြီး သူကလည်း လိမ်ပြောနေဟန်မပေါက်သောကြောင့်ဖြစ်၏။

“ငါနဲ့လိုက်ခဲ့”

ပုံမှန်ဆို ရေခဲတုံးအလား လုရွှယ်ယင်က ဒီတစ်ကြိမ်တော့ အင်မတန် စိတ်လှုပ်ရှားနေသည်။ လင်းဖေးဟန် ပြောတာကို မစောင့်ဘဲ သူမက လင်းဖေးဟန်ရဲ့လက်ကိုကိုင်ပြီး အထဲကိုလျှောက်ဝင်သွား၏။ မီတာအနည်းငယ်လျှောက်အပြီးတွင် လုရွှယ်ယင်က လင်းဖေးဟန်ကို သစ်ပင်ကြီးတစ်ပင်ဆီသို့ လိုက်ပြခဲ့သည်။ ထိုသစ်ပင်က လူတစ်ရပ်မျှရှိနေပြီဖြစ်သော်လည်း အချိန်နဲ့အမျှ အရွက်များအဝါရောင်ပြောင်းကာ ကြွေကျလာ၏။

လုရွှယ်ယင်က အဲ့ဒီအပင်ကြီးဆီကိုရောက်တာနဲ့ သူ့ရဲ့ တောင့်တင်းနေတဲ့သဘောထားက ပြောင်းလဲသွားသည်။ ထိုသစ်ပင်ကြီးက သူမရဲ့ အကောင်းဆုံးရင်ဖွင့်ဖော်ဖြစ်လိမ့်မည်။ အဲ့ဒီအပင်ဆီသွားတာက သူမရဲ့အကာအရံတွေအားလုံးကို ခွာချလိုက်စေသည်။

လင်းဖေးဟန်က အမြန်ပြောလိုက်၏။

“ဒီပျော်ရွှင်မှုသစ်ပင်က ဒီနှစ်စကနေပြီး တဖြည်းဖြည်း အဝါရောင်ပြောင်းလာတယ်။ အရွက်တွေလည်း ကြွေမြဲကြွေနေတယ်။ ဒီအပင်က သေတော့မယ်ဆိုတာ ငါသိပေမဲ့ ငါ့မှာလုပ်ပေးနိုင်တာ ဘာမှမရှိဘူး”

“ငါကြိုးစားကြည့်ပြီးပြီ။ ရေလောင်းတယ်။ ပေါင်းသင်တယ်။ ဒါပေမဲ့ အဲ့ဒါက ဒီပျော်ရွှင်မှုအပင်ကို သေတော့မှာကနေ မတားဆီးနိုင်ဘူး”

“တောင်းဆိုပါတယ်။ ပျော်ရွှင်မှုအပင်က သေတော့မယ်။ ကျေးဇူးပြုပြီး ကယ်ပေးပါ”

စကားအဆုံးမှာ လုရွှယ်ယင်က အကူအညီတောင်းတဲ့ အရိပ်အယောင်ပေါ်လာခဲ့သည်။ လုရွှယ်ယင်အတွက်တော့ ဒီသစ်ပင်က သူမဘဝမှာ အတော်လေးအရေးပါ၏။

“မိန်းကလေးလု။ တစ်ခုခုရှိရင် ဖြည်းဖြည်းပြောကြတာပေါ့။ မစိုးရိမ်ပါနဲ့။ ပြီးတော့ ငါ့လက်ကို အရင်လွှတ်လိုက်လို့ရမလား”

လုရွှယ်ယင်အသနားခံတာကို ကြားတာတောင်မှ လင်းဖေးဟန်က တည်တည်ငြိမ်ငြိမ်ပဲ ပြောလိုက်သည်။ လင်းဖေးဟန်ရဲ့စကားတွေကိုကြားမှ လုရွှယ်ယင်က သူမအရမ်းစိုးရိမ်ပြီး လင်းဖေးဟန်ရဲ့လက်ကို ဆက်ကိုင်ထားတုန်းဆိုတာ သိလိုက်ရ၏။ ဒါက သူမရဲ့ မိသားစုကလွဲပြီး တခြား‌‌ယောက်ျားတစ်ယောက်ရဲ့လက်ကို ပထမဆုံးကိုင်ဖူးတာဖြစ်သည်။ သူမက အရင်ကိုင်ခဲ့တာဖြစ်ပြီး အချိန်လည်းအတော်ကြာခဲ့၏။

လုရွှယ်ယင်ရဲ့ပါးတွေ ရဲတက်လာပြီး အမြန်တောင်းပန်စကားဆိုလိုက်သည်။

“တောင်းပန်ပါတယ်။ တကယ်ကို တောင်းပန်ပါတယ်။ ငါအရမ်းစိတ်ပူသွားလို့ပါ”

“ရပါတယ်”

လင်းဖေးဟန်က အဲ့ဒီကိစ္စကို လုံးဝဂရုမစိုက်ပဲ ဟန်ပါပါပြုံးလိုက်၏။

“လင်းဖေးဟန်။ နင်က ဆေးပညာမှာ ထူးချွန်တယ်ဆိုတော့ ဒါကို ကုသနိုင်လား”

“ဒီသစ်ပင်က ဆေးဖက်မဝင်ဘူး”

လင်းဖေးဟန်က သစ်ပင်ကို တစ်ပတ်ပတ်လျှောက်ပြီးနောက် ပြောလိုက်သည်။ လုရွှယ်ယင် နှလုံးခုန်သံပင်မှားသွားခဲ့သည်။ အမှန်ပင် သူမအရမ်းတွေစိုးရိမ်နေခဲ့၏။ ပျော်ရွှင်ခြင်းအပင်က ဆေးဖက်ဝင်အပင်မဟုတ်ဘူးဆိုတာ သူမ မေ့နေခဲ့သည်။

“အဲ့ဒါဆို ကုသလို့ ရနိုင်လား”

လင်းဖေးဟန်က တန်းငြင်းလိုက်မှာကို လုရွှယ်ယင် စိုးရိမ်သွား၏။

“မဟုတ်ဘူး။ ဒါကို ကုသလို့ရတယ်။ ရိုးရိုးလေးပဲ”

“အာဟာရမလုံလောက်တာက ပြင်းထန်သွားရုံပါပဲ”

လင်းဖေးဟန်က အေးအေးဆေးဆေးပဲ ပြောလိုက်သည်။ လုရွှယ်ယင်က တအံ့တဩနဲ့ ထူးဆန်းစွာပြောလိုက်၏။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ ငယ်ငယ်ကတည်းက ရေလောင်းပေါင်းသင်လာတာလေ။ အစကတည်းက ဒီလိုပုံမျိုးပဲကို။ အရင်က ဘာမှမဖြစ်ခဲ့ပါဘူး။ အခုမှ ဘာလို့ ဒီလိုတွေဖြစ်ရတာလဲ”

“နင်က မပြောင်းလဲသွားဘူးဆိုတိုင်း တခြားအရာတွေလည်း မပြောင်းလဲသွားဘူးလို့ မဆိုလိုဘူးလေ”

လင်းဖေးဟန်က တည်တည်တံ့တံ့ပဲ ပြောလိုက်သည်။

လုရွှယ်ယင်က လင်းဖေးဟန်ရဲ့စကားကိုပဲ ပြန်ရေရွတ်လိုက်၏။

“ငါက မပြောင်းလဲသွားဘူးဆိုတိုင်း တခြားအရာတွေကလည်း မပြောင်းလဲသွားဘူးလို့ မဆိုလိုဘူး…”

“ပျော်ရွှင်မှုသစ်ပင်ပေါက်တဲ့နေရာမှာ တခြားအပင်ကြီးတွေ အများကြီး ရှိနေလို့ သူက အာဟာရချို့တဲ့သွားတာ။ သူတို့ရဲ့ အမြစ်တွေက မြေအောက်မှာ ဘယ်လောက်တောင် နစ်ဝင်ကြီးထွားနေလဲဆိုတာ နင်မသိဘူး။ သူတို့က အာဟာရတွေကို စုပ်ယူနေပေမဲ့ ဖြည်းဖြည်းချင်းကြီးထွားလာတဲ့အတွက် အများကြီးတော့ မစုပ်နိုင်ဘူးပေါ့”

“နင်က ရေလောင်းပေါင်းသင်ပေမဲ့ ရေစက်ရေပေါက်လေးလိုပဲ ဖြစ်သွားတယ်။ အဲ့ဒါကြောင့် နင်ကမပြောင်းလဲပေမဲ့ သူတို့အားလုံးက ပြောင်းလဲနေတယ်လို့ ငါပြောတာပဲ”

အဲ့ဒါကိုကြားပြီးနောက် လုရွှယ်ယင်က ရုတ်တရက် သဘောပေါက်သွားပြီး အမြန်မေးလိုက်သည်။

“အဲ့ဒါဆို ငါဘာလုပ်သင့်လဲ”

“ရှင်းရှင်းလေးပါ။ တစ်ခုကတော့ မြေဩဇာကျွေးပေါ့။ ခပ်များများလေး။ ဒါပေမဲ့ အဲ့ဒါက ပိုပြီး အလုပ်များမယ်လို့ထင်တယ်။ တခြားအပင်တွေကို မကြိုက်ဘူးဆိုရင် အကုန်လုံးကို ခုတ်ချလိုက်လို့ရတယ်။ ပျော်ရွှင်မှုအပင်အတွက် အလင်းရောင်ကောင်းကောင်းရတဲ့ ပတ်ဝန်းကျင် ဖြစ်သွားတာပေါ့”

“ဒါပေမဲ့ တစ်ခုသတိထားစရာရှိတယ်။ ဒီအပင်ကြီးအောက်မှာ သစ်မြစ်တွေအများကြီးပဲ။ အားလုံးကို နင်သေချာလေး ဖယ်ရှားမှဖြစ်မယ်။ မဟုတ်ရင် လက္ခဏာပဲသက်သာပြီး ဇစ်မြစ်ကျမပျောက်ပဲနေမယ်”

တွေးတောနေတဲ့ လုရွှယ်ယင်ကို ကြည့်ပြီး သဘောပေါက်တဲ့ လင်းဖေးဟန်က ပြုံးပြီးပြောလိုက်သည်။

“တစ်ခါတလေကျရင် အပင်တွေကလည်း လူတွေလိုပဲ။ လူတွေရဲ့စိတ်ထဲက မလိုမုန်းထားမှုနဲ့ အမြင်တွေကလည်း ရှုုပ်ထွေးနေတဲ့ သစ်ပင်တစ်ပင်လိုပဲ။ တချို့အချိန်တွေကျရင် ကောင်းကင်ပြာကို မြင်ရဖို့ အရာအများကြီးကို ရှင်းလင်းပစ်ဖို့လိုတယ်”

လင်းဖေးဟန်က အတွေးအခေါ်ပိုင်းဆိုင်ရာတွေထပြောလိုက်တော့ လုရွှယ်ယင်က မှင်သက်သွား၏။

လုရွှယ်ယင်က အနည်းငယ်အံ့အားသင့်မိသည်။ လမ်းမီးတိုင်အောက်မှာ လင်းဖေးဟန်ရဲ့ ပါးအနားသတ်နဲ့မေးရိုးထောင့်တွေက ပိုမိုပြီးထင်ရှားလာပြီး သူ့ကို ထူးခြားတဲ့အရောင်အဝါ ပေးစွမ်းနေ၏။ လုရွှယ်ယင်ပင် ဆွံ့အကာ ငေးကြည့်နေမိသည်။

နင်က မပြောင်းလဲသွားဘူးဆိုတိုင်း တခြားအရာတွေက မပြောင်းလဲသွားဘူးလို့ မဆိုလိုဘူး။ တစ်ခါတလေကျရင် အပင်တွေက လူတွေလိုပဲ။ လူတွေရဲ့ စိတ်ထဲက မလိုမုန်းထားမှုနဲ့ အမြင်တွေက အမြစ်တွေရှုပ်ယှက်ခက်နေတဲ့ သစ်ပင်တစ်ပင်လိုပဲ။ ထိုစကားများက လုရွှယ်ယင်ရဲ့ စိတ်ထဲမှာ ပဲ့တင်လျက်ရှိသည်။ လင်းဖေးဟန်က ထိုစကားများကို သူမကို ရည်ရွယ်ပြီး ပြောနေသလိုပင်။

လုရွှယ်ယင်က ခဏအတွင်း သဘောပေါက်သွား၏။ သူမက မပြောင်းလဲသွားပေမဲ့ လင်းဖေးဟန်ကတော့ အစကနေ အဆုံးအထိ လုံးဝကြီး ပြောင်းလဲသွားခဲ့သည်။ အဲ့ဒီအာဃာတတွေက သူမရဲ့ ပွေလီနေတဲ့ သစ်မြစ်တွေလား။

“တင်း! စနစ်သတိပေးချက်; အမျိုးသမီးဇာတ်ကောင် လုရွှယ်ယင်ရဲ့ အသုံးပြုသူအပေါ် နှစ်သက်မှုက ၁၀ မှတ်တက်သွားပြီး ပွိုင့် ၁၀၀ ကို ရရှိလိုက်ပါပြီ”

လင်းဖေးဟန်က စိတ်လှုပ်ရှားသွားသည်။ အရင်ကဆို နှစ်သက်မှုအတွက် ပွိုင့် ၁၀ ပဲတက်ပေမဲ့ အခုကျ ဆယ်ဆလောက်တက်သွားတာပါလား။

“အဲ့ဒီမှာ ဘာရပ်လုပ်နေတာလဲ။ ငါပြောလိုက်တာကိုကြားလား”

“အာ…သိပြီ။ ဒီညပဲ အပင်တွေကို သူများကို ရှင်းခိုင်းလိုက်မယ်”

“ပြီးတော့ ကျေးဇူးနော်။ ကျေးဇူးအများကြီးတင်ပါတယ်။ တကယ်ကျေးဇူးပါ”

ပုံမှန်ဆို အေးစက်စက်နဲ့ လုရွှယ်ယင်က ဒီနေ့ကျမှ လင်းဖေးဟန်အပေါ် အရမ်းတွေ နွေးထွေးပြနေလို့ လင်းဖေးဟန် သက်သောင့်သက်သာမရှိသလို ခံစားလိုက်ရသည်။ ဟူး။ လူတွေက အမျိုးမျိုးပဲ။

All Chapters