အခန်း (၃၇)
Vol. 3 Ch. 37
လင်းဖေးဟန်က စိတ်ထဲစဉ်းစားလိုက်သည်။
“အသုံးပြုသူက တခြားသူကို အခွင့်ကောင်းယူနေတာပဲ”
စနစ်က လင်းဖေးဟန်ရဲ့ အပြုအမူကို စိတ်ပျက်သွား၏။
“စကားလေးတစ်ခွန်းနှစ်ခွန်းပဲဟာ”
လင်းဖေးဟန်က သာမန်ကိစ္စတစ်ခုလိုပဲ အေးစက်တဲ့လေသံနဲ့ ပြောလိုက်သည်။ လင်းဖေးဟန်ကိုကြည့်ရတာ တကယ်ပဲထူးဆန်းနေ၏။
အရင်ကဆို လင်းဖေးဟန်က သူကိုယ်တိုင်နဲ့ပတ်သက်သမျှ အကြောင်းအမျိုးမျိုးကို မေးမြန်းလိမ့်မည်။ အခုကျ ကြည့်ရတာ အနည်းငယ် အဖက်မလုပ်ဟန်ပေါ်သည်။
“ကျေးဇူးတင်ပါတယ်။ နင်ငါ့ကို တကယ်ပဲ အများကြီး ကူညီပေးခဲ့တာပဲ။ ဒီကျေးဇူးကို ငါပြန်ဆပ်ဖို့လိုတယ်။ ပြောပါ။ ငါလုပ်နိုင်တာဖြစ်သရွေ့ ကိစ္စမရှိဘူး”
“တကယ် ဘာဖြစ်ဖြစ် ကိစ္စမရှိတာလား”
လင်းဖေးဟန်က ပြုံး၍ပြောလိုက်၏။ လင်းဖေးဟန်က လုရွှယ်ယင်ရဲ့ ခန္ဓာကိုယ်ကို သေချာစွာကြည့်လိုက်သည်။ အလုပ်၀တ်စုံက သူမရဲ့အလှကို မြှင့်တင်ပေးလျက်ရှိ၏။
လင်းဖေးဟန်ရဲ့ အကြည့်တွေကို မြင်လိုက်ပြီးနောက် လုရွှယ်ယင် တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ သူကဘာလို့ ငါ့ကို အဲ့ဒီမျက်လုံးတွေနဲ့ကြည့်နေတာလဲ။ မဟုတ်မှလွဲရော…။ လုရွှယ်ယင်က အင်မတန်စိုးရိမ်သွားပုံပေါ်ပြီး အလိုလို သူမရဲ့ အင်္ကျီကော်လံစကို ဆွဲထားလိုက်မိ၏။
“ငါလိုချင်တာက…”
“ကမဲလီးယားတစ်ပွင့်ပဲ။ ကမဲလီးယားအပင် ပြန်ကောင်းသွားရင် ငါ့ကိုပေး”
လင်းဖေးဟန်က လုရွှယ်ယင်ဆီကနေ မျက်နှာလွှဲလိုက်သည်။ သူက လုရွှယ်ယင်ကို အထင်လွဲစေချင်ရုံပင်ဖြစ်၏။ လုရွှယ်ယင်ရဲ့ မျက်နှာပူနေတဲ့ရုပ်ကိုမြင်ရရင် သူပျော်သည်။
“ကမဲလီးယားတစ်ပွင့်ပဲလား”
လုရွှယ်ယင်က သူမကိုယ်သူမ အနစ်နာခံရမလား စဉ်းစားရကြပ်နေချိန်မှာ လင်းဖေးဟန်ရဲ့စကားတွေကိုကြားတော့ အံ့ဩသွား၏။ မပြောပြတတ်တဲ့ ၀မ်းနည်းမှုတစ်စုံတရာကိုပါ ခံစားလိုက်ရသည်။
“အချိန်ရောက်ရင် ငါ့ကိုသာပေးလိုက်။ ငါ့မှာ လုပ်စရာရှိသေးတယ်။ အရင်သွားနှင့်တော့မယ်”
ထိုသို့ပြောပြီးနောက် လင်းဖေးဟန် လှည့်ထွက်သွား၏။ ဆုံးဖြတ်ချက်ပြတ်သားတဲ့ လင်းဖေးဟန်ကိုကြည့်ပြီး လုရွှယ်ယင်အနည်းငယ် စိတ်တိုသွားသည်။ ဘာသဘောလဲ။ သူကငါ့ကို အထင်သေးတာလား။ ဒါမှမဟုတ်သူက ကိုယ်ကျိုးမဖက်တဲ့စိတ်ရှိတာလား။ သူက အများကြီး ကူညီပေးခဲ့ပေမဲ့ တန်ဖိုးမရှိတဲ့ ကမဲလီးယားတွေကိုပဲ တောင်းဆိုသွားတယ်ပေါ့။
လင်းဖေးဟန်အတွက်က စကားလေးပဲပြောလိုက်ရတာဆိုပေမဲ့ ငါ့အတွက်က အရေးပါတယ်။ ဒါပေမဲ့ လင်းဖေးဟန်ရဲ့စကားတွေက လုရွှယ်ယင်ရဲ့စိတ်ကို သူမရဲ့ခန္ဓာကိုယ်ထက် ပိုပြီးထိခိုက်စေခဲ့သည်။
လင်းဖေးဟန်က ပြတ်ပြတ်သားသား ထွက်သွားချိန်မှာတော့ သူက အတည်ပေါက်ဖြစ်ပြီး ဈေးကိုင်နေတာမျိုးမဟုတ်ဘူးဆိုတာ လုရွှယ်ယင်နားလည်လိုက်၏။ လင်းဖေးဟန် ကားစက်နှိုးတာကို မြင်လိုက်ရတော့ လုရွှယ်ယင်က သူမဆုံးဖြတ်ချက်မှန်ကန်တယ်လို့တွေးပြီး နှုတ်ခမ်းကိုက်ကာ အမြန် သူ့နောက်လိုက်ခဲ့သည်။
သူမရဲ့ လက်ကောက်ကိုချွတ်ပြီး လင်းဖေးဟန်ရဲ့ကားထဲ ပစ်ထည့်လိုက်၏။
“ဒီလက်ကောက်က နင်ငါ့ကို ကူညီတဲ့အတွက် ဆုလက်ဆောင်ပဲ။ ဒါအပြင် နင်ပြောလိုက်တဲ့ ကမဲလီးယားကိုလည်း အဆင်သင့်ဖြစ်ရင် နင့်ရဲ့ဗီလာကို လာပို့ပေးလိုက်မယ်”
အဲ့ဒီနောက် လုရွှယ်ယင်က အမြန်ပဲ ထွက်ခဲ့လိုက်သည်။ သူမရဲ့မျက်နှာမှာ နီရဲကာပူထူလျက်ရှိ၏။
သူမရဲ့ တန်ဖိုးထားရတဲ့လက်ကောက်ကို လင်းဖေးဟန်ဆီသို့ ပေးပစ်ခဲ့ခြင်းဖြစ်သည်။ အဲ့ဒါကဘာလဲ။ အချစ်သင်္ကေတလား။ သူမဘာတွေတွေးလိုက်လဲမသိပေမဲ့ အဲ့ဒါကို စိတ်ကူးပေါက်သလို လင်းဖေးဟန်ကို ပေးခဲ့လိုက်၏။
လုရွှယ်ယင် ဥယျာဉ်ကိုပြန်ပြီး ပျော်ရွှင်မှုသစ်ပင်ကို ကြည့်လိုက်သည်။ သူမစိတ်ထဲနစ်၀င်နေတဲ့ လင်းဖေးဟန်ရဲ့စကားတွေကို အချိန်အတော်ကြာ မေ့မရနိုင်ခဲ့ပါ။
နင်က မပြောင်းလဲသွားဘူးဆိုတိုင်း တခြားအရာတွေက မပြောင်းလဲသွားဘူးလို့ မဆိုလိုဘူးလေ။ တစ်ခါတလေကျရင် အပင်တွေလည်း လူတွေလိုပဲ။ လူတွေစိတ်ထဲက မလိုမုန်းထားမှုနဲ့ အမြင်တွေက ရှုပ်ထွေးနေတဲ့ သစ်ပင်တစ်ပင်ရဲ့ ပွေလီနေတဲ့အမြစ်တွေလိုပဲ။
“တင်း! စနစ်သတိပေးချက်: အမျိုးသမီးဇာတ်ကောင် လုရွှယ်ယင်ရဲ့ အသုံးပြုသူအပေါ် နှစ်သက်မှုက ၅ မှတ်တက်လာပြီး အမှတ် ၅၀ ဖြစ်သွားပါပြီ”
ကားထဲမှာထိုင်နေတဲ့ လင်းဖေးဟန်က စနစ်ရဲ့အသံကို ထပ်ကြားလိုက်ရ၏။ သူက အနည်းငယ်သာပြုံးလိုက်ပြီး ထိုအချက်က သူစိတ်တည်ငြိမ်ကြောင်းပြသနေသည်။ ဒီတစ်ကြိမ်မှာတော့ စနစ်က ဂုဏ်ပြုလိုက်ရတော့၏။
“ဒီတစ်ခေါက် အသုံးပြုသူရဲ့ လုပ်ဆောင်မှုအတွက် ကျွန်ုပ်လက်မထောင်မှရတော့မယ်။ ဒီတစ်ကြိမ် အများကြီးရှာနိုင်ခဲ့တယ်”
“အဲ့ဒါတင်မကသေးဘူး။ အမျိုးသမီးဇာတ်ဆောင်ကလည်း အသုံးပြုသူကို သူမရဲ့ပစ္စည်း ပေးလိုက်သေးတယ်”
အသုံးပြုသူက ကျီစယ်တာ တကယ်တော်တာပဲ။
“ဒါကပုံမှန်ပါပဲ။ ငါ့ကို သဘောကျမနေနဲ့။ ငါက ဒဏ္ဍာရီတစ်ခုပဲ”
ပျော်ရွှင်မှုအပင်ကို ကယ်တင်တာက လုရွှယ်ယင်ရဲ့နှစ်သက်မှုကို တိုးလာစေမယ်ဆိုတာ လင်းဖေးဟန်သိပေမဲ့ လုရွှယ်ယင်သူ့ကို တကယ်ပဲ လက်ကောက်ပေးလိုက်မယ်လို့တော့ သူမမျှော်လင့်ထားချေ။ လုမိသားစုက အကြီးဆုံးမမလေးရဲ့ပစ္စည်း။ လုရွှယ်ယင်ရဲ့ ခြေအိတ်တစ်စုံဆိုရင်တောင် လေလံတင်မယ်ဆိုရင် အလုအယက် လေလံဆွဲကြမဲ့သူတွေရှိမှာပဲ။ လက်ကောက်မပြောနဲ့ဦး။
လင်းဖေးဟန်က လက်ကောက်ကိုကြည့်လိုက်တော့ သန်းပေါင်းများစွာတန်တာကို တွေ့လိုက်ရသည်။ အဲ့ဒီအပြင် လုရွှယ်ယင်၀တ်ထားတာဆိုတော့ သူ့တန်ဖိုးက တိုင်းတာလို့မရပေ။ စနစ်က အနည်းငယ် ဇဝေဇဝါဖြစ်ကာ ပြောလိုက်သည်။
“စနစ်နားမလည်တာတစ်ခုရှိပါတယ်။ ဘာလို့ အသုံးပြုသူက ကမဲလီးယားတစ်ပွင့်ပဲ လိုချင်ရတာလဲ။ ပန်းတွေက ဘာများကောင်းလို့လဲ။ စားမကောင်းသောက်မကောင်း။ ဆုလက်ဆောင်တစ်ခုခုကို တိုက်ရိုက်တောင်းလိုက်ရင် ဒီလက်ကောက်ထက်တောင် ပိုပြီးတန်ဖိုးရှိဦးမယ်”
လင်းဖေးဟန်က ပြုံးပြီးပြောလိုက်သည်။
“မင်းဘာနားလည်လို့လဲ။ ငါလိုချင်တဲ့ ကမဲလီးယားက ဆုလက်ဆောင်တိုင်းထက် ပိုတန်ဖိုးရှိတယ်။ ငါကသူ့ကို တစ်ခုခုအရင်ပေးတာထက် သူကငါ့ကို တစ်ခုခုအရင်ပေးတာက အများကြီးကွာတယ်။ ပြီးတော့ မင်းလို ခံစားချက်နားမည်တဲ့ငအက ဒါကို နားလည်မှာမဟုတ်ပါဘူး။ အဲ့တော့ မရှင်းပြတော့ဘူး”
“ဟွန့်။ စနစ်က ငအမဟုတ်ပါဘူး။ ဒါက သင်တို့လူတွေခေါ်တဲ့ ရရဲ့ခက်တဲ့ပုံစံမျိုးလုပ်တာဆိုတာ သိပါတယ်”
“ပြီးတော့ အသုံးပြုသူက အတွေးအခေါ်ပိုင်းဆိုင်ရာတွေ ပြောနေလိုက်တာများ အကြောင်းမသိတဲ့သူဆိုရင် အသုံးပြုသူက ဆာဟားရားသဲကန္တာရမှာ လူတိုင်းကို အပင်စိုက်စေခဲ့တဲ့ Blue Sky ပရောဂျက်ရဲ့ ခေါင်းဆောင်လို့တောင်ထင်သွားမှာ”
“သင်က MLM (လူလိမ်)ပဲ။ သင်တို့တစ်မိသားစုလုံးက MLM သမားတွေချည်းပဲ”
ညနက်လာတာနဲ့ လင်းဖေးဟန်က အိမ်ပြန်လာပြီး ၀မ်တကုံကို လတ်တလော နာမည်အကြီးဆုံး မိုဘိုင်းဂိမ်းဖြစ်တဲ့ HOK ဆော့နည်းသင်ပေးခဲ့သည်။ နှစ်ယောက်လုံးက အကောင့်အသစ်တွေဆိုတော့ လင်းဖေးဟန်က ကိုင်တွယ်နိုင်သေး၏။ ၀မ်တကုံက ကိုင်ရလွယ်ပြီး damage များတဲ့ ဟို့ယိကို ကစားခဲ့သည်။
(HOK ဆိုတာက Honor Of Kings ကို ပြောတာပါ။ Google playstore ကနေ ဒေါင်းပြီး ဆော့လို့ရပါတယ်။ မိုဘိုင်းလီးဂျန့်လိုမျိုးပါပဲ)
၀မ်တကုံက အင်မတန်ပျော်ရွှင်သွား၏။ သူ့သူဌေးက အရမ်းသဘောကောင်းတာပဲ။ သူ့ကို အ၀တ်၀ယ်ပေးရုံမက မိုဘိုင်းဖုန်းလည်း ၀ယ်ပေးခဲ့တယ်။ ပြီးတော့ ဖုန်းတံဆိပ်ကလည်း ဘယ်သူကိုက်စားသွားလဲမသိတဲ့ ပန်းသီးတစ်လုံးလေ။ ၀မ်တကုံက လောကကြီးအကြောင်းမသိပေမဲ့ ဒီဖုန်းကဈေးကြီးပြီး ပေါက်စီအများကြီး ၀ယ်လို့ရတာကိုတော့သိသည်။
ဆော့တာသုံးမိနစ်ပဲရှိသေးသည်။ ၀မ်တကုံက အရင်သေသွား၏။
“သူဌေး။ အဲ့ဒီ အားခဲ့က ဟက်ခ်ထားတာ။ ကျွန်တော်သူ့ကိုတောင် မမြင်ရသေးဘူး။ ဘယ်လိုဖြစ်ပြီးသေသွားရတာလဲ”
“အဲ့ဒါဟက်ခ်တာမဟုတ်ဘူး။ သူ့ရဲ့စကေးက သူ့ကို ကိုယ်ပျောက်အောက်လုပ်ပေးလိုက်တာ။ မင်းမှာက ရွေ့လျားလို့ရတာမပါသလို အမြန်လည်းမပြေးနိုင်ဘူး။ ငါ့နောက်လိုက်။ ငါကမာတယ်ဆိုတော့ မင်းကိုကာကွယ်ပေးမယ်”
“သူဌေးက ဘာအကောင်လဲ”
“ငါက ချန်ယောက်ကျင်း။ ပုဆိန်နဲ့ကောင်”
“ငါ့နောက်လိုက်ဖို့ပြောတာလေ။ ဘာလို့ တောတိုးတဲ့ကောင် တျန်ဝေ့နောက်လိုက်နေတာလဲ။ မင်းကသူ့ရဲ့ ငွေတွေကို ခိုးယူနေတာပဲ”
“အဲ့ဒါ သူဌေးမဟုတ်ဘူးလား။ ကျွန်တော့်ကို မလိုက်စေချင်လို့လား”
“ပုဆိန်လွှဲနေတဲ့ကောင်က ငါမဟုတ်ဘူး။ ထားလိုက်တော့ မင်းအောက်လမ်းမှာပဲ နေလိုက်တာကောင်းတယ်”
“ကောင်းပြီ သူဌေး”
မိနစ်အနည်းငယ်အကြာမှာ ၀မ်တကုံက အားခဲ့ဆီက အသတ်ခံရပြန်သည်။ အားခဲ့က လေတိုက်လိုက်၏။
“ဟို့ယိရေ။ နင်က မီနီယမ်တစ်ကောင်လောက်တောင် တန်ဖိုးမရှိတော့ဘူးပေါ့”
“ကုံဇီရေ။ ဖိနပ်၀ယ်ဟ။ အဲ့ဒါမှ မြန်မြန်ပြေးလို့ရပြီး အဖမ်းမခံရအောင်”
လင်းဖေးဟန်က ၀မ်တကုံရဲ့ အိုက်တမ်တွေကိုကြည့်လိုက်တော့ ဖိနပ်တောင်မဆက်ထားတာကိုတွေ့လိုက်ရသည်။
“အိုး၊ ဟုတ်ပြီလေ”
၀မ်တကုံက နောက်ဆုံး၀ယ်ထားတဲ့ Dawn Breaker အိုက်တမ်ကိုရောင်းပြီး ဖိနပ်တန်း၀ယ်လိုက်၏။ ၀မ်တကုံရဲ့ ကစားပုံကိုကြည့်ပြီး လင်းဖေးဟန်က သူ၀မ်တကုံနဲ့ ဂိမ်းအတူမဆော့နိုင်ဘူးလို့ ခံစားလိုက်ရသည်။ သူ ၀မ်တကုံကို မရုန်းပေးနိုင်ပါ။ သူ တကယ်ကို မရုန်းပေးနိုင်ပါ။