အခန်း (၃၉)
Vol. 3 Ch. 39
သူ့ကို မသိတဲ့ သာမန်လူတစ်ယောက်တောင်မှ သူ့နာမည်ကိုကြားတာနဲ့ အပြုံးနဲ့ နှုတ်ဆက်ကြလိမ့်မည်။ တစ်ဖက်လူကတော့ အဲ့ဒီလိုဖြစ်ပုံမပေါ်ပေ။ တစ်ဖက်က သူ့ကို မကြောက်တာ သိသာသည်။
သူ့အပေါ်အဲ့ဒီလို ပြုမူမဲ့သူဆိုရင် လုရွှယ်ယင်ကလွဲပြီး လင်းဖေးဟန် စဥ်းစားမရပေ။ ဒါပေမဲ့ တစ်ဖက်လူက လုရွှယ်ယင်မဟုတ်တာသိသာ၏။
“နေပါဦး။ ခင်ဗျားက ဘယ်သူလဲ”
လင်းဖေးဟန် စိတ်တွေရှင်းလင်းသွားပြီး ထမေးလိုက်သည်။
“ကျွန်မက မြူနီစပယ်ဗျူရိုရဲ့ လက်ထောက်ခေါင်းဆောင်ပါ။ ဟန်ရှောင်ပင်းလို့ခေါ်ပါတယ်”
“ဟန်ရှောင်ပင်းတဲ့လား”
လင်းဖေးဟန်က ဒီကောင်မကြီးကို သူဘယ်လိုများ အမှားလုပ်မိခဲ့လဲဆိုတာ တွေးရင်းနဲ့ ကြောင်စီစီဖြစ်သွားခဲ့၏။ သူကြောက်သွားရတဲ့ အကြောင်းရင်းက လင်းဖေးဟန်က ဒီဟန်ရှောင်ပင်းကို သိနေတယ်လို့ သူထင်လိုက်မိသောကြောင့်ဖြစ်သည်။
မူရင်းဝတ္ထုထဲတွင် သူမက အမျိုးသမီးဇာတ်ကောင်တွေထဲကမှ တစ်ယောက်ဖြစ်ပြီး ဟန်ရှောင်ပင်းကား ဗီလိန် လင်းဖေးဟန်အရယူလိုသော အမျိုးသမီးများထဲမှ တစ်ယောက်ဖြစ်၏။ ဟန်ရှောင်ပင်းက ကလေးဘဝတုန်းက သိပ်ပြီးကြည့်မကောင်းခဲ့ပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူက အနည်းငယ်ဝခဲ့ပြီး အတန်းဖော်တွေကြား အနိုင်ကျင့်ခံခဲ့ရသည်။
အကျိုးဆက်အနေနဲ့ သူမကြီးပြင်းလာသောအခါ အိမ်မှာနေရတဲ့ သာယာတဲ့ဘဝကို စွန့်လွှတ်ခဲ့၏။ ခံပြင်းလွန်းသည့်အတွက် ပေကျင်းက နာမည်ကြီး ရဲသင်တန်းကျောင်းကို အပ်နှံခဲ့သည်။ လူချမ်းသာများကို လုယက်ပြီး ဆင်းရဲသားများကို ကူညီသော မိုးကောင်ကင်ရဲ့ တမန်တော်လိုမျိုး ပြုမူရန် ခွန်အားရလာခဲ့၏။
ဘွဲ့ရအပြီးမှာတင် သူမရဲ့ခေါင်းဆောင်ကို အကြောင်းကြားပြီး ဇာတိမြို့ကို ပြန်လာကာ တာဝန်စတင်ထမ်းဆောင်ခဲ့သည်။ ဒီမိန်းကလေးက လူချမ်းသာတွေကို အင်မတန်မုန်း၏။ သူမက အထက်တန်းစား သူကြွယ်သားသမီးတွေကို ပစ်မှတ်ထားလေ့ရှိပြီး သူမရဲ့ ထိုးနှက်ချက်တွေက ပြင်းထန်လွန်းတဲ့အတွက် အငြင်းပွားမှုတွေကို ဖြစ်ပွားစေလေ့ရှိသည်။
ဒါပေမဲ့ ဟန်ရှောင်ပင်းက အဲ့ဒါတွေကို ဂရုမစိုက်ပါ။ သူကြွယ်သားသမီးတွေက သူတို့ရဲ့ မိသားစုနောက်ခံနဲ့ ထောင်လွှားနေတတ်ကြပြီး ပြဿနာများပင် ဖြစ်ပွားစေခဲ့သည်။ ဟန်ရှောင်ပင်းက ပုံမှန်အားဖြင့် အသားကုန်ရိုက်နှက်လေ့ရှိ၏။ တစ်ဖက်က ဆေးရုံရောက်ရင်ရောက် မရောက်လည်း ဆေးရုံသွားရာလမ်းမှာဖြစ်သည်။
ထိုအချက်က မိသားစုအတော်များများကြားတွင် မကျေနပ်မှုကို ဦးတည်စေခဲ့၏။ ဒါပေမဲ့ သူမမိသားစုက ခိုင်မာသည့် အစိုးရအရာရှိနောက်ခံရှိနေတာကြောင့် ထိုပြဿနာအလုံးစုံကို ဖိနှိပ်လိုက်နိုင်သည်။ အဲ့ဒါက ဟန်ရှောင်ပင်းကို လင်းဖေးဟန်ကြောက်ရသည့် အကြောင်းအရင်းဖြစ်၏။
ဒီအမျိုးသမီးက ပြင်းထန်တဲ့ အကြမ်းဖက်လိုစိတ်ရှိသည်။ သူမရဲ့ မိသားစုနောက်ခံကလည်း အင်အားတောင့်တင်း၏။ သူမရဲ့မိသားစုက မထီမဲ့မြင်ပြုစရာ မဟုတ်ပါ။ အခု ဒီအမျိုးသမီးက သူ့ကို လာရှာပြီဆိုတော့ ဘာတွေဖြစ်လာတော့မှာလဲ။
လင်းဖေးဟန်က သေချာတွေးကြည့်လိုက်သည်။ သူဒီကိုရောက်လာပြီး ဥပဒေလိုက်နာတာ ရက်အနည်းငယ်လောက်ရှိနေပြီ။ ဟန်ရှောင်ပင်း ဖုန်းဆက်ရလောက်တဲ့ အမှားအယွင်း မရှိဘူးဆိုတာ သူသေချာသည်။
ဒါပေမဲ့ အရင်လင်းဖေးဟန်က ကိစ္စတော်တော်များများကို ပြုလုပ်ခဲ့၏။ အဲ့ဒါကိုတော့ လင်းဖေးဟန် အာမမခံနိုင်ပါ။ သူ့လျှို့ဝှက်ချက်တွေ ပေါ်ပေါက်သွားတာများလား။ မဟုတ်လောက်ပါဘူး။ အရင်က သူက ကပ်ပါးကောင်လိုလူဖြစ်ခဲ့တောင် ဦးနှောက်ရှိသေးတဲ့အတွက် ကိစ္စတွေ ဆောင်ရွက်တဲ့အခါ ဘာဟာကွက်မှ ချန်ထားမှာ မဟုတ်ဘူး။
“အရာရှိဟန်က ကျွန်တော့်ကို တစ်ခုခုအတွက် ရှာတာလား”
“ကျွန်မက ရှင့်ကို တစ်ခုခုကြောင့် လာရှာတာ။ ဘာလဲဆိုတာ ရှင်သိသင့်ပါတယ်။ ဟုတ်တယ်မလား”
ဟန်ရှောင်ပင်းက မရှင်းမရှင်းပြောလိုက်သည်။
လင်းဖေးဟန်က ထိုစကားကိုကြားလိုက်ရတော့ ရင်ထဲကအလုံးကြီးကျသွား၏။ ဒီမိန်းမက ရမ်းတုပ်နေတာပဲ။ ဟန်ရှောင်ပင်းက သူလုပ်ခဲ့တာတွေကို သိရင်တောင်မှ သူမမှာ ဘာသက်သေမှမရှိဘူး။ မဟုတ်ရင် ဒီအမျိုးသမီးရဲ့ အကျင့်စရိုက်နဲ့က သူ့ကို ဖုန်းဆက်နေမဲ့အစား တစ်ခါတည်းလာဖမ်းမှာဖြစ်သည်။
တခြားတစ်ယောက်သာဆိုရင် သူတို့စိတ်ထဲက အကြောက်တရားကို မကျော်လွန်နိုင်ပဲ သူတို့အကြောက်ဆုံးအရာတွေကို တန်းဖွင့်ချမိလိုက်မှာဖြစ်နိုင်၏။ သို့သော် လင်းဖေးဟန်က လူနှစ်ခါပြန်ဖြစ်ဖူးသည်။ သူ့နှလုံးသားက ခိုင်မာလှ၏။ သူအနည်းငယ် ဇဝေဇဝါဖြစ်သွားသော်လည်း မဖော်ပြခဲ့ပေ။ လင်းဖေးဟန်က စိတ်ထဲကနေ ထေ့ငေါ့လိုက်ပြီး နားမလည်ချင်ယောင်ဆောင်ကာ ပြောလိုက်သည်။
“အရာရှိဟန် ဘာတွေပြောချင်တာလဲဆိုတာ ကျွန်တော်နားမလည်ပါဘူး”
ထိုစကားကို ကြားလိုက်ရချိန်မှာ ဟန်ရှောင်ပင်းက မျက်မှောင်ကြုတ်သွား၏။ လင်းဖေးဟန်ရဲ့ နှုတ်ကနေပြီး သူမတစ်ခုခုကို ရနိုင်မယ်လို့ ထင်ထားခဲ့ပေမဲ့ လင်းဖေးဟန်က အဲ့ဒီအကွက်မှာ လုံးဝမကျဆုံးခဲ့ပါ။ ဒီလင်းဖေးဟန်က ကောလာဟလတွေအတိုင်းပဲ ဥာဏ်နီဥာဏ်နက်များပြီး ကောက်ကျစ်တာပဲ။ သူက တကယ်ကို မြေခွေးအိုတစ်ကောင်ပဲ။
ငါ့လက်ထဲမကျစေနဲ့။ မဟုတ်လို့ကတော့ အကျိုးဆက်တွေကို ခံစားသွားရလိမ့်မယ်။ ဟန်ရှောင်ပင်းက စိတ်ထဲတွေးလိုက်သည်။
“ဒီလိုပါ။ ကျွန်မတို့ရဲ့ ဒါရိုက်တာက လင်းလူကြီးမင်းကို ယွမ် ၅ သန်းလှူဒါန်းတဲ့အတွက် ဗျူရိုကိုယ်စား ကျေးဇူးတင်ခိုင်းလိုက်လို့ပါ”
အဲ့ဒီအချိန်မှာ ဟန်ရှောင်ပင်းက အနည်းငယ် အခဲမကျေဖြစ်မိသွား၏။ အဲ့ဒါက ဒီလင်းဖေးဟန်စုတ်ရဲ့ ဟန်ဆောင်ထားတဲ့ လာဘ်ထိုးနည်းပဲမဟုတ်လား။ ဒါပေမဲ့ သူက လင်းအုပ်စုနာမည်နဲ့ လှူဒါန်းခဲ့တာကြောင့် ပြစ်ချက်ရှာတွေ့ရန်ခက်သည်။
ဒါ့အပြင် ဌာနကလည်း ကင်းလှည့်တဲ့ရဲတွေအတွက် ဆောင်းရာသီအထောက်အပံ့တွေကို ရောင်းပေးဖို့ တကယ်ပဲလိုအပ်နေသည်။ ဒါရိုက်တာကိုယ်တိုင်တောင် ဒီကိစ္စကို မတင်းခံနိုင်ပါ။ ဒါပေမဲ့ ဟန်ရှောင်ပင်းက လင်းဖေးဟန်အပေါ် အထင်သေးသည်။ မသန့်ရှင်းတဲ့ငွေရှိနေတာက ကောင်းလို့လား။ အဲ့ဒါနဲ့ ဘာမဆိုလုပ်နိုင်ရောလား။
“ဒုတိယတစ်ခုက လျှို့ဇစ်ချီကိုဖမ်းဖို့ ရှင်က ကျွန်မတို့ကို တောင်းဆိုခဲ့တယ်။ လျှို့ဇစ်ချီက ရှင်တို့ကုမ္ပဏီကနေ ရန်ပုံငွေတွေကို အလွဲသုံးစားလုပ်တာကို ကျွန်မတို့တွေ ရှာတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ လျှို့ဇစ်ချီက သူနောက်ဆုံးမှာ ရပ်တန့်ခဲ့ပြီး ရှင့်ကို လျော်ကြေးငွေ ၅ ဘီလီယံ ပေးခဲ့တယ်လို့ ပြောပါတယ်။ လျှို့ဇစ်ချီရဲ့ သူ့အပြစ်ကို ဝန်ခံတဲ့ စစ်မှန်တဲ့သဘောထားကြောင့်ရယ် ကျွန်မတို့ သူ့ကို ပညာပေးပြီးတာရယ်ကြောင့် သူ့ကို ပြန်လွှတ်ပေးလို့ရမလားလို့ လင်းလူကြီးမင်းကို မေးချင်ပါတယ်”
ထိုသို့ကြားလိုက်ရချိန်မှာ လင်းဖေးဟန် စိတ်ထဲလှောင်ရယ်လိုက်မိသည်။ ဒီလျှို့ဇစ်ချီဆိုတဲ့ မြေခွေးအိုကြီးက ကင်းလှည့်ဗျူရိုမှာလည်း မရိုးသားဘူးပဲ။ တကယ်လို့ သူသာ ကင်းလှည့်ဗျူရိုကို အလှူငွေအမည်ခံပြီး ၅ သန်းသာ မပို့ခဲ့ဘူးဆိုရင် လက်ရှိဗျူရိုဒါရိုက်တာက သူ့ကိုတောင်မမေးမြန်းပဲ လျှို့ဇစ်ချီကို လွှတ်ပေးလိုက်မှာ ကျိန်းသေ၏။
“ဟင့်အင်း။ လျှို့ဇစ်ချီကို ပြန်လွှတ်လို့ မဖြစ်ဘူး”
လင်းဖေးဟန်က အခိုင်အမာပြောလိုက်သည်။ ဒီစကားက ဖုန်းတစ်ဖက်က ဟန်ရှောင်ပင်းကို ပိုမိုဒေါသထွက်စေခဲ့၏။ နင်က မလွှတ်နဲ့ဆိုတိုင်း မလွှတ်ရအောင် ရဲဌာနကို နင့်မိသားစုက ပိုင်တာမို့လား။ ငါက နင့်ကို ဖုန်းဆက်ပြီး မျက်နှာသာပေးနေတာကို နင်က မြင့်မြတ်ချင်ယောင်ဆောင်နေသေးတယ်ပေါ့။
ဟန်ရှောင်ပင်းက သူမရဲ့ဒေါသကို မျိုသိပ်ပြီး အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ ထို့နောက် အေးစက်သောလေသံဖြင့် ပြောလိုက်သည်။
“ကျွန်မတို့က ပြည်သူ့ရဲတွေပါ။ ရှင့်ရဲ့ ကိုယ်ပိုင်သက်တော်စောင့်တွေ မဟုတ်ဘူး”
ဟန်ရှောင်ပင်းက နောက်ဆုံးစာကြောင်းကို တစ်လုံးချင်းပြောလိုက်၏။
လင်းဖေးဟန်က ခါးသီးစွာ ရင်ထဲပြုံးလိုက်သည်။ ဒီအမျိုးသမီးက လုရွှယ်ယင်နဲ့ ယှဥ◌်လို့ရတဲ့ စိတ်သဘောထားရှိတာပဲ။ ဒါပေမဲ့ လုရွှယ်ယင်နဲ့ မတူတာက လုရွှယ်ယင်က မလိုအပ်ရင် အကြမ်းနည်းမသုံးပေ။ ဒီအမျိုးသမီးကတော့ ပြိုင်ငြင်းလို့နိုင်ရင်တောင် တိုက်ခိုက်ချင်တုန်းပဲ။ တတ်နိုင်သမျှ စကားထက် လက်ပါရတာကို သူမ သဘောကျသည်။ အကြမ်းဖက်တာနဲ့ ပတ်သက်လာရင် သူမက အရူးအနှမ်းပဲ။
လင်းဖေးဟန်က ရယ်ပြီးပြောလိုက်၏။
“အိုး။ ကျွန်တော် လျှို့ဇစ်ချီ ငွေအလွှဲသုံးစားလုပ်တဲ့အကြောင်း မပြောမိပါဘူး။ ကျွန်တော်သူ့ကိုဖမ်းခိုင်းတာက တခြားတစ်ခုကြောင့်။ ဘာလို့လဲ။ ခင်ဗျားမသိသေးဘူးလား”
ဟန်ရှောင်ပင်းက ကြောင်တောင်တောင်ဖြစ်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ရှင်ဘာပြောလိုက်တာလဲ။ လျှို့ဇစ်ချီမှာ တခြားပြစ်မှုရှိသေးတယ်ပေါ့။ မှားယွင်းစွပ်စွဲတာတွေ မလုပ်ဖို့အတွက် လူကြီးမင်းလင်းကို ကျွန်မ အကြံပေးချင်ပါတယ်။ ရှင်ပြောလိုက်တာတွေအတွက် တရားဥပဒေအရ တာဝန်တွေကို ရှင်ယူရမယ်။ မဟုတ်လို့ကတော့ ကျွန်မရှင့်ကို ဖမ်းပြီးစစ်ဆေးမယ်”
ဟန်ရှောင်ပင်းက မှုန်ကုပ်ကာ ဒေါသထွက်လုနီးနီးဖြစ်လာသည်။ လင်းဖေးဟန်ရဲ့ တိုင်ကြားချက်ကိုရပြီးနောက် သူမ အလ္လာပသလ္လာပတွေ ပြောမနေတော့ပါ။