အခန်း (၄၀)
Vol. 3 Ch. 40
လင်းဖေးဟန်က ၅ သန်းလှူဒါန်းခဲ့သောကြောင့် ဒါရိုက်တာက ဒီကိစ္စကို အရေးတယူလုပ်ကာ စုံစမ်းရန် အထူးအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ သူကိုယ်တိုင် လျှို့ဇစ်ချီရဲ့ ဆက်ဆံရေးကွန်ရက်ကို စုံစမ်းစစ်ဆေးပြီး တစ်ခုချင်းစီ ကြည့်ရှုခဲ့၏။
သို့သော် လျှို့ဇစ်ချီက နှစ်ပေါင်းများစွာအတွင်း ကောင်းမွန်သော ဂုဏ်သတင်းရှိပြီး အမှားတစ်ခုပင်မရှိချေ။ အဆုံးသတ်မှာ လျှို့ဇစ်ချီက သူလောဘကြောင့် စုံလုံကန်းကာ လင်းအုပ်စုကနေ ၂ ဘီလီယံ အလွဲသုံးစားလုပ်မိခဲ့ပြီး လင်းဖေးဟန်ဆီကနေ ၅ ဘီလီယံ ခြိမ်းခြောက်အကြပ်ကိုင်ကာတောင်းခြင်းခံခဲ့ရကြောင်း ၀န်ခံခဲ့သည်။ သို့သော် လျှို့ဇစ်ချီက ထိုကိစ္စကို သူဆက်မလိုက်တော့ကြောင်း ပြောကြားခဲ့၏။
ရဲဌာနတွင် လျှို့ဇစ်ချီက နေ၀င်ချိန်ရောက်နေတဲ့ လူအိုကြီးတစ်ယောက်လို ပြုမူခဲ့သည်။ ဟန်ရှောင်ပင်းကို ဂရုဏာသက်စေခဲ့ပြီး လင်းဖေးဟန်ကို သူမစိတ်ထဲ တေးမှတ်ထားစေခဲ့၏။
ထိုသို့ကြားလိုက်ရသဖြင့် လင်းဖေးဟန်က ပိုကျယ်ကျယ်ရယ်ကာ ပြောလိုက်သည်။
“အရာရှိဟန် အထင်လွဲနေပြီထင်တယ်။ တိုင်ကြားလိုက်တုန်းက လျှို့ဇစ်ချီကို အကျင့်ပျက်ခြစားမှုအတွက် လျှို့ဇစ်ချီကို ဖမ်းခိုင်းခဲ့တာမဟုတ်ဘူး။ ခင်ဗျားတို့လှည့်ကင်းဗျူရိုက ကျွန်တော်တို့ပြည်သူတွေကို တရားမျှတတဲ့ ဆုံးဖြတ်ချက်တစ်ခု ပေးနိုင်မယ်လို့ ယုံကြည်ခဲ့တာ။ ဒါပေမဲ့ ခင်ဗျားတို့ ရုံးရဲ့အရည်အချင်းကို ယုံတောင်မယုံနိုင်ဘူး။ ပြီးတော့ အရာရှိဟန်။ ခင်ဗျားက လျှို့ဇစ်ချီအတွက် ဆင်ခြေတွေဖန်တီးပေးနေခဲ့တယ်။ လျှို့ဇစ်ချီဆီကနေ ခင်ဗျား လာဘ်ယူထားသလားဆိုတဲ့ သံသယကို ကျွန်တော်ဆက်ဆုပ်ကိုင်ထားမှဖြစ်မယ်”
“ရှင်…ရှင်…”
လင်းဖေးဟန်ရဲ့စကားတွေက ကျယ်လောင်ပြီးအားပါသည်။ လင်းဖေးဟန်နဲ့ပြောရန် စကားအများကြီးရှိနေသော ဟန်ရှောင်ပင်းက ဒီအခါမှာတော့ ဆွံ့အသွား၏။ လင်းဖေးဟန်က သူတွေ့ဖူးတဲ့ သူကြွယ်သားသမီးတွေထက် ပိုကိုင်တွယ်ရခက်တာကို ဟန်ရှောင်ပင်းသိလိုက်ရသည်။
တစ်ဖက်က ဟန်ရှောင်ပင်း ဆွံ့အသွားတာကိုကြားပြီး လင်းဖေးဟန်ရဲ့ နှုတ်ခမ်းထောင့်များက ကော့ညွှန့်တက်သွား၏။ ဒီလိုကျားမမျိုးကို သင်ခန်းစာပေးသင့်သည်။
ဒီလိုမျိုးနဲ့ဆိုရင် ဟန်ရှောင်ပင်းရဲ့ သူ့အပေါ်နှစ်သက်မှုက အနိမ့်ဆုံးကို ရောက်ရှိသွားမယ်ဆိုတာ လင်းဖေးဟန်သိ၏။ အနှုတ်ပင်ပြသွားနိုင်သည်။ သို့သော် လင်းဖေးဟန်ကတော့ အဲ့လိုမတွေးပါ။ လောလောဆယ်သူ့မှာ အမျိုးသမီးဇာတ်ကောင်နှစ်ယောက်ရှိထားသည်။ သူ၏ လင်းဖေးဟန်အငယ်ကောင်ကိုနေ့တိုင်း အစာဝအောင်ကျွေးမွေးနေသော လျှို့ရှင်းယာလည်းရှိ၏။ ထို့ကြောင့် နောက်တစ်ယောက်ကိုတော့ လောလောဆယ်လက်လွှတ်ရန် တွေးလိုက်သည်။
လင်းဖေးဟန်က ဟန်ရှောင်ပင်းနှင့် ကစားနေတာကို ရပ်လိုက်သည်။ သူ့မှာ အမြဲလိုက်နာနေကျ စည်းမျဉ်းတစ်ခုရှိ၏။ အခွင့်သာနေတုန်း ရပ်တန့်ရန်ဖြစ်သည်။
“အရာရှိဟန်။ ကျွန်တော် တိမ်းရှောင်နေတဲ့ လူသတ်သမား လျှို့ဇစ်ချီကို အမည်ရင်းနဲ့ တိုင်တန်းချင်ပါတယ်”
ဟန်ရှောင်ပင်းက စကားပြောရန် ဟန်ပြင်လိုက်သော်လည်း လင်းဖေးဟန်က ကြားဖြတ်ပြောလိုက်သည်။
“ခင်ဗျားဘာပြောမလဲဆိုတာ ကျွန်တော်သိပါတယ်။ အကျိုးဆက်အကုန်လုံးကို ကျွန်တော် တာ၀န်ယူနိုင်ပါတယ်”
လင်းဖေးဟန်ရဲ့ လေသံက ကျယ်လောင်ပြတ်သား၏။ သူ့ရဲ့ပုံမှန် အမူအကျင့်နှင့် ဆန့်ကျင်ဘက်ပင်ဖြစ်သည်။ ဟန်ရှောင်ပင်းက စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။ ဒီကိစ္စက အင်မတန် အရေးကြီးတယ်ဆိုတာလည်း သူသဘောပေါက်၏။
ဟန်ရှောင်ပင်းက အမြန်ပြောလိုက်သည်။
“ခဏစောင့်ပါ လင်းလူကြီးမင်း။ ကျွန်မ ဒီအခြေအနေကို ဗျူရိုကို ချက်ချင်းအစီရင်ခံလိုက်ပါ့မယ်။ ပြီးကျရင် ရှင့်ကိုလာခေါ်ဖို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်ပါ့မယ်။ အဲ့ဒီကျမှ ဗျူရိုမှာ ဆက်ပြောကြတာပေါ့”
“လာခေါ်စရာမလိုပါဘူး။ ကျွန်တော့်ဘာသာ အခုပဲ ကားမောင်းလာခဲ့မယ် အဲ့ဒီကို”
ဟန်ရှောင်ပင်းက အံ့အားသင့်သွား၏။ ပထမဆုံးအနေနှင့် တစ်ယောက်ယောက်က ရဲဌာနကို ကိုယ်တိုင်လာရောက်ခြင်းဖြစ်သည်။
“ကောင်းပြီလေ”
ဖုန်းချလိုက်ပြီးနောက် လင်းဖေးဟန်က ဟောက်နေတဲ့ ၀မ်တကုံကို ခေါ်နိုးလိုက်၏။
၀မ်တကုံကိုနိုးဖို့ လင်းဖေးဟန် မနည်းအားစိုက်လိုက်ရသည်။ လင်းဖေးဟန်က စိတ်တိုလွန်း၍ ထဆဲလိုက်ပြီး ၀မ်တကုံကို သင်ခန်းစာပေးလိုက်၏။ ၀မ်တကုံကပဲ ငါ့ကို ကာကွယ်ပေးနေတာလား။ ငါကပဲ ၀မ်တကုံကို ကာကွယ်ပေးနေတာလား မသိတော့ပါဘူး။
ငါသာ ဒီည လုပ်ကြံခံခဲ့ရရင် ငါ့နောက်ဆုံးအော်သံကြောင့် ၀မ်တကုံနိုးရင်တောင် အတော်လေးကံကောင်းနေပြီ။ ကိုယ်ရံတော်ဆိုတာ ပရော်ဖက်ရှင်နယ်ဆန်နေရမှာ။ ဒီဟာတွေပြီးတာနဲ့ အားသောင်ကို ပြန်ခေါ်ရမယ်။ လင်းဖေးဟန်က အားသောင်ကို တမ်းတမိသွားသည်။
ထိုအချိန်တွင် ၀မ်တကုံက အ၀တ်၀တ်ပြီး ပေါက်စီများကို ပါးစပ်ထဲထိုးသိပ်နေ၏။ စကားတစ်ခွန်းက လင်းဖေးဟန်ကို ပိုမိုဒေါသထွက်သွားစေသည်။
“သူဌေး ဟိုဟာလာနေတာလား။ ရေနွေးများများသောက်လေ(စိတ်အခြေအနေမကောင်းလို့ ရာသီလာတာလားလို့စတာ)”
ဟိုဟာလာရအောင်က ငါက ယောက်ျားကြီးလေ။ ရေနွေးများများသောက်ဆိုပဲ။ မင်းဘာသာသောက်ပါလား။ ဆယ်မိနစ်အတွင်း လင်းဖေးဟန်က ရဲဌာနကို ရောက်ရှိသွားသည်။
လာရောက်ရသည့်အကြောင်းအရင်းကို ရဲအရာရှိကိုပြောပြပြီးတဲ့အခါမှာ ထိုရဲအရာရှိက လင်းဖေးဟန်ကို အစည်းအဝေးခန်းထဲ တန်းခေါ်သွားပေးလိုက်သည်။ အထဲမှာ ဟန်ရှောင်ပင်းက စောင့်နေတာ အတော်လေးကြာပြီဖြစ်၏။
ဟန်ရှောင်ပင်းကမေးလိုက်သည်။
“ရှင်က လင်းလူကြီးမင်းလား”
ဟန်ရှောင်ပင်းက ရဲ၀တ်စုံကို၀တ်ထားပြီး ဆံပင်ကို သပ်သပ်ရပ်ရပ် အမြင့်စည်းထား၏။ ကြည့်ရတာ သူရဲကောင်းဆန်နေသည်။
သို့သော် သူမရဲ့မျက်လုံးများထဲတွင် မနှစ်မြို့မှုတချို့ရှိနေပြီး သူမရဲ့ အေးစက်စက်လေသံက လူတွေကို သူမအနားမကပ်နိုင်အောင် လုပ်လျက်ရှိ၏။
“ဟုတ်တယ် ကျွန်တော်ပါ”
လင်းဖေးဟန်က တစ်ဖက်က စိမ်းသက်တဲ့သဘောထားကို ဂရုစိုက်မနေပဲ တည်တည်တံ့တံ့ပဲ ခေါင်းငြိမ့်လိုက်သည်။
လင်းဖေးဟန်က ဟန်ရှောင်ပင်းနှင့် မျက်နှာချင်းဆိုင်တွင်ထိုင်ပြီး သူမကို ကြည့်ပင်မကြည့်ခဲ့ပေ။ လင်းဖေးဟန်က ၀တ္ထုဖတ်ထားလို့ ဟန်ရှောင်ပင်းရဲ့ ဇာတ်ကောင်အကြောင်း ကောင်းကောင်းသိသည်။ ဟန်ရှောင်ပင်းက သူ့လို သူချမ်းသာသားသမီးတွေကို မုန်း၏။ ပြောရရင် လူချမ်းသာတွေကို မုန်းတီးတာပေါ့။
ပြီးတော့ ဟန်ရှောင်ပင်းက သူမကို အမြဲကြည့်နေတဲ့လူတွေကိုမုန်းသည်။ လင်းဖေးဟန်က အဲ့ဒီပြဿနာကို ရှောင်ရှားလိုက်ခြင်းဖြစ်၏။ အဲ့ဒါက ဟန်ရှောင်ပင်းကို အနည်းငယ် မသက်မသာဖြစ်စေခဲ့သည်။
သူမရဲ့ အရာရှိဖြစ်လာတဲ့ နှစ်တွေအတွင်း လူအမျိုးမျိုးကို သူမ ကြုံဆုံဖူးသည်။ သူမကို ပိုးပန်းခဲ့သော အောင်မြင်နေသူတချို့ရှိဖူး၏။ ထိုလူချမ်းသာအားလုံးရဲ့ ပိုးပန်းပုံက တစ်ပုံစံတည်းဖြစ်ကာ ပိန်းလွန်းသည်။ သူတို့အားလုံးက သူမကို တိုက်ရိုက်ကြီး ငွေပစ်ပေးခဲ့တာမျိုးဖြစ်၏။ ပိုက်ဆံမကြိုက်ဘူးဟုတ်လား။ အဲ့ဒါဆို ပင်ကွင်းဥလောက်ကြီးတဲ့ စိန်တုံးဆိုရင်ရော။ မကြိုက်သေးဘူးလား။ အဲ့ဒါဆို ဗီလာ၊ စံအိမ်၊ ပြိုင်ကား_ကြိုက်ရာရွေးလို့ရတယ်။
လင်းဖေးဟန်က အဲ့ဒီလူချမ်းသာတွေနဲ့ မကွာခြားလောက်ဘူးလို့ သူမကထင်ထားခဲ့သည်။ သို့သော် အစည်းအဝေးခန်းထဲ လင်းဖေးဟန်၀င်လာပြီးချိန်မှာတော့ သူက မူလတန်းကလေးတစ်ယောက်လို ဆရာမရဲ့ သင်ကြားချက်ကို သေချာနားထောင်ပြီး ငြိမ်နေလျက်ရှိ၏။ သူက သူမကို ကြည့်တောင်မကြည့်ပါ။ ခေါင်းလေးငုံ့ပြီးပဲ သူမရဲ့ မေးခွန်းတွေကို စောင့်နေခဲ့သည်။
ဒီမိန်းကလေးက အစည်းအဝေးစားပွဲလောက်တောင် မလှလို့လား။ ဟန်ရှောင်ပင်းက အနည်းငယ် ဇဝေဇဝါဖြစ်သွား၏။ ဒါပေမဲ့ သူမ အဲ့ဒီအကြောင်း များများမစဉ်းစားခဲ့ပေ။ သူမက ယောက်ျားတိုင်း သူမကိုသဘောကျသည်ဟု တွေးနေမည့် အတ္တသမားမဟုတ်ပါ။
“လင်းလူကြီးမင်း။ ကျွန်မလိုရင်းပဲပြောမယ်နော်။ ရှင်နောက်ထပ်ပြောမဲ့ စကားတစ်လုံးတိုင်းအတွက် တရားဥပဒေအရ တာ၀န်ယူနိုင်သလား”
ဟန်ရှောင်ပင်းက အတည်ပေါက်မေးလိုက်သည်။
“ဒါပေါ့”
လင်းဖေးဟန်က ချက်ချင်းခေါင်းငြိမ့်လိုက်၏။ လင်းဖေးဟန်က ဒီလောက်ထိ ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ဟန်ရှောင်ပင်းက မမျှော်လင့်ထားချေ။ ထို့ကြောင့် သူမ အနည်းငယ် အံ့ဩသွားသည်။ လင်းဖေးဟန်က မောက်မာလိမ့်မည်ဟု သူမအစကထင်ခဲ့၏။ လင်းဖေးဟန်ရဲ့ အကျင့်စရိုက်နဲ့ပတ်သက်ပြီး ကျန်းပိုင်မြို့မှာ အမျိုးမျိုးပြောနေကြတာလေ။ ဒါပေမဲ့ အကုန်လုံးက အတူတူနီးပါးပါပဲ။
သူမထင်လိုက်တာက လင်းဖေးဟန် ဒီလိုပြောမယ်ပေါ့။
“ခင်ဗျားဘာတွေပြောနေတာလဲ။ ကျွန်တော်ဒီမှာ စစ်ဆေးမေးမြန်းတာအတွက်ပဲ ရောက်နေတာ။ ခင်ဗျားကို မျက်နှာသာပေးနေတာနော်။ အဲ့ဒါကို ဖိနှိပ်စရာလို အသုံးမချလို့မရဘူးလား။ ကျွန်တော် အလျင်လိုနေတယ်။ ယွမ်သန်းပေါင်းများစွာတန်တဲ့ အစည်းအဝေးရှိသေးတယ်။ အမြန်ပြော။ နောက်ကျသွားရင် ခင်ဗျားမလျော်နိုင်ဘူး”
ဒါပေမဲ့ သူမရှေ့ကလူက သူမ တွေ့ဖူးတဲ့ လူချမ်းသာတွေနဲ့ ကွဲပြားနေသည်။
ဟန်ရှောင်ပင်းက လင်းဖေးဟန်ကို ကြည့်လိုက်မိ၏။ သိလား။ ဒီလူက ခန့်ညားတာပဲ။ ဟန်ရှောင်ပင်းက အဲ့ဒီအတွေးကို ချက်ချင်းခါချလိုက်သည်။ ခန့်ညားတာက ဘာလုပ်ရမှာလဲ။ စားလို့ရလို့လား။ သူက အရေပြားခြုံထားတဲ့ လူတစ်ယောက်ထက်မပိုပါဘူး။