စိတ္တဇ (၆)
Vol. 2 Ch. 66
ကျွန်မမြင်ဖူးတဲ့လူတွေထဲမှာ နာတာရှာက အားနည်းတဲ့ လူတစ်ယောက်လို့ ပြောလို့မရတာတော့သေချာတယ်။ အဝေးကနေကြည့်နေတာဖြစ်လို့ ဂါထာရွတ်ဆိုသံတွေကို မကြားရပေမဲ့ ဂါထာတစ်ခုနဲ့တစ်ခုကြား ထုတ်ဖော်ချိန်က အတော်လေးနည်းတယ်။ ဆက်တိုက် ဂါထာတွေကို ပစ်ခတ် နေသလိုပဲ။
လေဓားသွားတွေက ဆက်တိုက်ဆိုသလိုမျိုး ဓားကိုင်သရဲဆီ ပြေးဝင်လာနေပြီး ဓားကိုင်သရဲရဲ့ခန္ဓာကိုယ်ပေါ် နက်ရှိုင်းတဲ့ ပြတ်ရှရာတွေကို ချန်ထားရစ်ခဲ့တယ်။ ဒါပေမဲ့ ဓားကိုင်သရဲက နာကျင်မှုကို မခံစားရဟန်နဲ့ ရှေ့တက်လာနေဆဲဖြစ်ပြီးတော့ တဖြည်းဖြည်းနဲ့ လေဓားချက်တွေကို စတင်ရှောင်ရှား နိုင်လာပါတယ်။
“နက်ဆန်၊ နာတာရှာက ဘယ်အဆင့်မှော်ပညာရှင်လဲ။” ကျွန်မ သိချင်စိတ်ကြောင့် မေးလိုက်တော့ နက်ဆန်က အခုလို ပြန်ဖြေတယ်။
“မာစတာတစ်ယောက်ကို ယှဥ်နိုင်ဖို့နည်းနည်းလိုသေးတဲ့ မှော်ပညာရှင်တစ်ယောက်ပဲ။ ငါက လက်ရှိမာစတာအဆင့် မှာဆိုပေမဲ့ ငါတို့ဦးစားပေးလေ့လာတဲ့ မှော်ပညာပုံစံက အများကြီးကွာခြားတယ်။ ငါက မှော်အစီအရင်တွေကို အားပြုလေ့လာပြီး သူကတော့ တိုက်ခိုက်ရေးမှာပိုပြီး အသုံးဝင်တဲ့ တိုက်ပွဲဝင်ဂါထာတွေကို အထူးပြုလေ့လာတယ်။”
ကျွန်မသတိထားမိသလောက် နက်ဆန်က သရဲတစ္ဆေတွေကို သူ့လက်နက်အဖြစ်အသုံးချနိုင်သလို အမှောင်နတ်ဘုရား ခန္ဓာကိုယ်လည်းရှိပါတယ်။ ဒါကြောင့် မှော်ပညာကိုလေ့လာ ထားခဲ့ပေမဲ့ မှော်ပညာကို တိုက်ခိုက်ရေးစွမ်းရည်တစ်ခုလို လေ့လာတာမဟုတ်ဘဲ အထောက်အပံနည်းစနစ်တစ်ခုလို လေ့လာခဲ့တာပါ။ လူတွေကို ခြေရာခံတာ၊ ကျိန်စာတွေကို ဖြေရှင်းတာ၊ အကာအကွယ်တွေဖန်တီးတာ စသည်ဖြင့်ပေါ့။ တခြားတစ်ဖက်မှာတော့ နာတာရှာက မှော်ပညာကို ဓားတစ်လက်လို သဘောထားတဲ့ပုံပဲ။
“ပြီးတော့ သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်က သူ့ကိုဂါထာတွေ ရွတ်ဆိုတဲ့နေရာမှာ အများကြီးပိုမြန်အောင် ကူညီပေးနိုင်တဲ့ စွမ်းအားမျိုးရှိတယ်။”
မူလလေဓားသွားတွေက အလုပ်မဖြစ်တော့ဘဲ နာတာရှာနား ဓားကိုင်သရဲက ကပ်လာနိုင်ပြီး ဓားမကြီးနဲ့ မိုးခုတ်တယ်။ နာတာရှာက မှော်နှင်တံကို သူ့ခေါင်းပေါ်မြှောက်ပြီးတော့ လေပြင်းတစ်ခုကိုဖန်တီးလိုက်တယ်။ လေပြင်းကြောင့် ဓားကိုင်သရဲ နောက်ကိုလွင့်သွားတဲ့အချိန်မှာ နောက်ကို ခုန်ဆုတ်ပြီး နှစ်ဦးကြားက အကာအဝေးကို ပိုကျယ်ပြန့် စေပါတယ်။ နောက်တော့ ပိုပြီးပြင်းထန်ပုံရတဲ့ ဂါထာတစ်ခုကို ဆက်ပြီးရွတ်ဆိုတယ်။
ဒီတစ်ခါတော့ လေတွေက အဆုံးအစွန်ထိဖိသိပ်ခံရပြီး အမြောက်ကျည်ဆန်တွေသဖွယ် စတင်ပေါက်ကွဲထွက်ကုန် ပါတော့တယ်။ ဒီတစ်ခါတော့ ဓားကိုင်သရဲက နာတာရှာကို ဖိအားပေးနိုင်စွမ်း မရှိတော့ဘူး။ အပစ်ခတ်ခံရတဲ့ နေရာတိုင်းက ခန္ဓာကိုယ်က တစ်စစီပဲ့ထွက်ကုန်ပြီး မြေပေါ်ကို တအိအိပြိုလဲကျသွားတယ်။ နာတာရှာက အဲဒီသရဲကို အဆုံးသတ်ဖို့ ပြင်လိုက်ချိန်မှာပဲ နက်ဆန်က အိုလီရာနာကို အချက်ပြလိုက်တယ်။
“အချိန်ကျပြီ....”
အိုလီရာနာက ကျွန်မတို့ရှိနေတဲ့ တောင်ကုန်းပေါ်ကနေပြီး ခုန်ဆင်းသွားတယ်။ ပြီးတဲ့နောက် သူ့ခေါင်းက ဆံပင်တွေကို ဆန့်ထုတ်လိုက်ပြီး နာတာရှာကို ဦးတည်တိုက်ခိုက်တယ်။
“ရှင်ဘာလုပ်တာလဲ...” ကျွန်မလည်း နားမလည်နိုင် ဖြစ်သွားပေမဲ့ အိုလီရာနာရဲ့တိုက်ကွက်က လမ်းတစ်ဝက်မှာ လမ်းကြောင်းပြောင်းသွားပြီး နာတာရှာရဲ့နောက်မှာရှိတဲ့ သစ်ပင်တစ်ပင်ရဲ့အရိပ်ဆီ သွားထိမှန်တယ်။
ဘုန်း...
ဒီတော့မှ အိုလီရာနာ ဘာကိုပစ်မှတ်ထားပြီး တိုက်တာလဲဆိုတာ ကျွန်မနားလည်သွားတယ်။ သစ်ပင်ရဲ့ အရိပ်ထဲကနေ မျက်နှာဖုံးတပ် ဝတ်ရုံနက်လူတစ်ယောက် ထွက်လာလို့ပါပဲ။
“အဲဒီကောင်က နာတာရှာ သတိလွတ်တာကိုစောင့်ပြီး နတ်ဘုရားခန္ဓာကိုယ်ကို တိုက်ခိုက်ဖို့လုပ်နေတာ။” နက်ဆန်က ကျွန်မကိုပြောလိုက်တယ်။ နာတာရှာ သူ့ကိုယ်သူ တိုက်ပွဲနိုင်နေတယ်လို့ ထင်နေတုန်း အလစ်တိုက်ဖို့ကြံတာလား။ တကယ့်ကို အကြံပက်စက်တာပဲ။
“သူတို့နောက်ကွယ်မှာ ထိန်းချုပ်နေတဲ့သူတစ်ယောက် ရှိနေတယ်လို့ ငါမြင်လာပြီ။” နက်ဆန်က သွားကြားထဲက ထွက်လာတဲ့ လေသံနဲ့ ပြောလိုက်တယ်။
လေအမြောက်နဲ့တစ်စစီဖျက်ဆီးခံထားရတဲ့ ဓားကိုင်သရဲက အကောင်းအတိုင်းပြန်ဖြစ်နေပြီဖြစ်ပြီး နာတာရှာကိုဆက် ဖိအားပေးတိုက်ခိုက်တယ်။ ပြီးတော့ တဖြည်းဖြည်းပိုမြန် ပိုသန်လာတာကြောင့် နာတာရှာ မနည်းထိန်းထားရပါတယ်။ ဆန့်ကျင်ဘက်အနေနဲ့ နာတာရှာရဲ့သက်လုံက ကျစပြုလာပြီ ဖြစ်ပြီးတော့ ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်တွေ ခမ်းလာပုံပဲ။
တစ်ဖက်မှာတော့ တိုက်ပွဲထဲဝင်လာကာစ အိုလီရာနာက ကောင်းကောင်းတိုက်ခိုက်နေတယ်။ ပြဿနာတစ်ခုပဲ ရှိတာက ဝတ်ရုံနက်က အကောင်အထည်မရှိသလိုဖြစ်နေပြီး အိုလီရာနာရဲ့တိုက်ကွက်အများစုက မထိရောက်တာပါ။
နောက်တော့ အိုလီရာနာနဲ့နာတာရှာက တစ်ဦးကိုယ်တစ်ဦး ခေါင်းညိတ်ပြလိုက်ပြီးတော့ နေရာချင်းလဲလိုက်တယ်။ အိုလီရာနာက ဓားကိုင်သရဲကိုစတင်တိုက်ခိုက်ပြီးတော့ အထက်စီးကနေ ဖိအားပေးလာနိုင်တယ်။ နာတာရှာက မှော်ဂါထာတွေကိုသုံးပြီး ဝတ်ရုံနက်ကို အသေသတ်မယ့် အစား ချုပ်နှောင်ဖို့စကြိုးစားတယ်။ ဂါထာတွေက အဲဒီ ဝတ်ရုံနက်ကိုသက်ရောက်ပုံရပြီး ဝတ်ရုံနက်က အရူးအမူး ရှောင်ရှားနေတယ်။
သူတို့နိုင်လောက်ပြီလို့ ထင်ထားတဲ့အချိန်မှာပဲ တစ်စုံတစ်ခု ဖြစ်ပျက်သွားတယ်။ သရဲနှစ်ကောင်ရဲ့ခန္ဓာကိုယ်ပေါ်က ယခင်က မမြင်ရလောက်အောင်မှိန်နေတဲ့ အမှတ်အသား တစ်ခုလင်းလတ်သွားပြီး သူတို့ခန္ဓာကိုယ်ကနေ အခိုးအငွေ့ အများအပြားထွက်ပေါ်လာတယ်။ သင်္ကေတက လခြမ်းပုံ ဖြစ်နေပြီး အဲဒီသင်္ကေတကို မြင်တာနဲ့ နက်ဆန်ရဲ့မျက်နှာက ဖြူဖျော့သွားတယ်။
“ရော့ဝဲလ်ရဲ့ဆီနိတ်တာအမှတ်အသား....”
နက်ဆန်သတိလွတ်သွားတုန်းမှာပဲ သရဲနှစ်ကောင်က အရင်ကထက် အဆပေါင်းများစွာ ပိုပြီးသန်မာလာတယ်။ ဓားကိုင်သရဲက ခွန်အားပိုကြီးလာပြီး အိုလီရာနာက သူ့ကို တိုက်ခိုက်ဖို့လွှတ်လိုက်တဲ့နွယ်တွေကို ဓားချက်တွေနဲ့ အပိုင်းပိုင်းဖြတ်ပစ်လိုက်ပြီး အိုလီရာနာရဲ့ရှေ့ကို ရောက်လာကာ ဓားနဲ့ပိုင်းချပစ်လိုက်တယ်။
ရွှတ်...
အိုလီရာနာရဲ့မျက်လုံးတွေက ပြူးကျယ်သွားတယ်။ သူ့ခန္ဓာကိုယ်က ခါးကနေ တိခနဲပြတ်ကျသွားတယ်။ နွယ်တွေက သူ့ခန္ဓာကိုယ်ကိုပြန်ဆက်ပေးပေမဲ့ လည်ပင်းမှာ ရှိနေတဲ့ နက်ဆန်ပေးထားတဲ့ သလင်းကျောက်ကလေး အက်ကွဲသွားပြီး အဲဒီအတွက် စွမ်းအားကုန်သုံးလိုက်ရတဲ့ ပုံပဲ။
တစ်ဖက်မှာလည်း ဝတ်ရုံနက်က ပိုပြီးမြန်လာတယ်။ နာတာရှာရဲ့ဂါထာတွေ အလုပ်မဖြစ်တော့ဘဲ နာတာရှာနား ရောက်လာပြီး တံစဥ်တွေနဲ့နတ်ခန္ဓာကို ပိုင်းဖြတ်ဖို့လုပ်တယ်။
“ရပ်လိုက်....” နက်ဆန်ရဲ့ခန္ဓာကိုယ်က အရိပ်နက်အဖြစ် ပြောင်းသွားပြီး တိုက်ပွဲအလယ်မှာပေါ်လာတယ်။ သူ့အရိပ်က ကျယ်ပြန့်လာပြီး သရဲနှစ်ကောင်လုံးကို လက်နဲ့ရိုက်ထုတ်တယ်။
နဂိုကတည်းက ဒဏ်ရာရထားတဲ့အပြင် အိုလီရာနာကို မှော်စွမ်းအင်တွေလွဲပေးထားတာဖြစ်လို့ နက်ဆန်လည်း အဲဒီတိုက်ပွဲအပြီးမှာပဲ ဒူးထောက်ကျသွားပြီး သွေးတွေ အန်ထုတ်လိုက်ရပါတယ်။ သရဲနှစ်ကောင်လည်း အတော် ဝေးဝေးကို လွင့်ပျံသွားတယ်ဆိုပေမဲ့ ကိစ္စမပြီးသေးပါဘူး။ သူတို့က နက်ဆန်နဲ့တခြားသူတွေဆီကို အမြန်ဆုံးနှုန်းနဲ့ ပြန်ပြေးလာနေကြပြီ။
‘ သူတို့ကို ကယ်မှဖြစ်မယ်။' ကျွန်မတွေးလိုက်မိပြီး ဆေးအိတ်ထဲကို ကမန်းကတန်းလက်နှိုက်လိုက်တယ်။ နောက်တော့ ကျွန်မလက်ညိုးက စူးခနဲခံစားလိုက်ရပြီး ထက်ရှတဲ့အရာတစ်ခုကို ဆွဲထုတ်လိုက်နိုင်ပါတယ်။
ကျွန်မရှာနေတဲ့ သရဲဝင်စီးနေတဲ့ ခွဲစိတ်ဓားဖြစ်ပေမဲ့ ကယောင်ကတမ်းနဲ့ဆွဲထုတ်တာမလို့ လက်ကိုင်ကနေ ဆွဲထုတ်ရမယ့်အစား အသွားကနေ ဆွဲထုတ်မိပြီးတော့ ဓားရှသွားတာ။ ဒဏ်ရာက အတော်နက်ပြီးတော့ ဓားတစ်ခုလုံး သွေးတွေစိုရွဲနေပြီ။
ဒါပေမဲ့တစ်ချိန်တည်းဆိုသလိုပဲ ကျွန်မကိုယ်ပေါ်ကို တစ်စုံတစ်ယောက် တက်နေသလိုမျိုး လေးပင်လာတာကို ခံစားလိုက်ရတယ်။ နောက်တော့ ကျွန်မနားနားကို တစ်ယောက်ယောက်က ကပ်ပြောလိုက်တဲ့အသံ ကြားလိုက်ရတယ်။
“ချိုလိုက်တဲ့သွေး... သွေးအရသာကို မခံစားရတာ ကြာပြီပဲ။”
ကျွန်မ ထိတ်လန့်သွားတယ်။ သက်ရှိတွေရဲ့သွေးမှာ ထူးကဲတဲ့ဂုဏ်သတ္တိမျိုးပါတာ ကျွန်မသိတယ်။ နက်ဆန်က သူ့သွေးနဲ့ မှော်အစီအရင်တွေကို ဖန်တီးနိုင်တော့ ကျွန်မရဲ့သွေးလည်း အတူတူပဲနေမှာ။
ခွဲစိတ်ဓားက ကျွန်မလက်ထဲမှာ တောက်ပလာတယ်။ မိုးကောင်းကင်ပေါ်က လရဲ့အလင်းပြန်မှုကြောင့်ပဲလား မှော်ဆန်တဲ့ဂုဏ်သတ္တိကြောင့်ပဲလားတော့မသိဘူး။ ဒါပေမဲ့ ကျွန်မကိုယ်ပေါ်စီးနေတဲ့အရာက လေတိုးသံလိုမျိုး တိုးညှင်းတဲ့စကားသံနဲ့ ကျွန်မကိုစေခိုင်းနေတယ်။
“ဖောက်ထုတ်ပစ်လိုက်... သူတို့တွေအားလုံးကို ထိုးခွဲပစ်လိုက်.... အကွာအဝေးကိုမေ့ထားလိုက်.... သူတို့ကိုယ်ထဲက အူတွေ ကလီစာတွေကိုခွဲပစ်... သူတို့နှလုံးသွေးကြောတွေကို ဖောက်ထုတ်ပစ်လိုက်....”
အဲဒီနောက်တော့ ကျွန်မခန္ဓာကိုယ်က ထိန်းချုပ်ခံထားရသလို ပုံစံမျိုးနဲ့အလိုလိုလှုပ်ရှားလာပြီး ဓားဦးချွန်က အဝေးမှာ ရှိနေတဲ့ ဓားကိုင်သရဲကိုချိန်ပြီးသား ဖြစ်သွားတယ်။
“နှလုံးကိုထုတ်.. နှလုံးကိုဆွဲထုတ်ပစ်လိုက်....”
သရဲရဲ့အမိန့်အတိုင်းပဲ ကျွန်မလက်က တစ်စုံတစ်ခုကို ခွဲနေသလို လှုပ်ရှားနေတယ်။ နောက်တော့ သန်သန်မာမာ သရဲကြီးက ဒူးထောက်ကျသွားပြီး ကြောက်စရာကောင်းတဲ့ အသံနက်ကြီးနဲ့အော်တော့တာပဲ။
အူး....ဝူး....ဝူး....
ကျွန်မမျက်စိရှေ့မှာတင်ပဲ သရဲကြီးရဲ့ရင်အုံက ခွဲစိတ်ဓားနဲ့ အခွဲခံရသလိုမျိုး အပိုင်းလိုက်အလွှာလိုက် ပြုတ်ကျလာတယ်။ နောက်တော့ အတွင်းကခုန်နေတဲ့ နှလုံးကို မြင်နေရတယ်။ ကျွန်မနဲ့အဲဒီသရဲက အဝေးကြီးမှာရှိနေတာ ဆိုပေမဲ့ ထူးဆန်းစွာနဲ့ သူ့ရဲ့နှလုံးနဲ့ခန္ဓာကိုယ်တွင်း အင်္ဂါတွေ အားလုံးကို အနီးကပ်မြင်နေရသလိုမျိုး ခံစားရတယ်။
“ဟုတ်တယ်... သွေးကြောမကြီးတွေကိုဖြတ်ပြီး ထုတ်ပစ်လိုက်။”
နောက်တော့ ကျွန်မက ခွဲစိတ်ဓားနဲ့ သွေးကြောမကြီးတွေကို ခွဲထုတ်ပြီး အခြားလက်တစ်ဖက်နဲ့ နှလုံးကို ရင်ထဲကနေ အခိုင်လိုက် ဆုပ်ကိုင်ကာ ဆွဲထုတ်လိုက်တယ်။
ဝေါ.... ဖလော...
သွေးတွေက ရေတံခွန်လိုသရဲရဲ့ကိုယ်ထဲကနေ ပန်းထွက် လာတယ်။ အဲဒီနောက်တော့ မြေပေါ်ကိုအရုပ်ကြိုးပျက် လဲကျသွားပြီး အနက်ရောင်အခိုးအငွေ့တွေအဖြစ်ကို ပြောင်းလဲ ပျောက်ကွယ်သွားတယ်။
“နောက်တစ်ယောက်... နောက်တစ်ယောက် ပျော်စရာ ကောင်းတယ်... ဒီတစ်ယောက်ကိုတော့.. ဦးနောက်ကို ခွဲစိတ်ရင်ကောင်းမလား။ ဟီးဟီးဟီး...”
ခွဲစိတ်ဓားရဲ့သရဲက ကျွန်မကိုထိန်းချုပ်ထားတာ ကြာတာနဲ့ အမျှ ကျွန်မတို့တွေကြားက ဆက်သွယ်မှုက အားကောင်း လာနေပြီးတော့ တစ်ယောက်တည်းလို့တောင် ထင်လာမိတယ်။ သူ့ရဲ့စိတ်လှုပ်ရှားမှုကို ကျွန်မကိုယ်တိုင် ခံစားနေမိပြီးတော့ အလိုလိုနေရင်း ကိုယ့်ပါးကိုယ် လက်ဝါးနဲ့ကိုင်ကာ အရူးတစ်ယောက်လိုမျိုး ပြုံးနေမိတယ်။
ဒါပေမဲ့ ပထမသရဲကိုအသေသတ်ပြီးတာနဲ့ နောက်သရဲက ရှေ့ဆက်မတိုးတော့ဘဲ ကျွန်မရှိနေတဲ့တောင်ကုန်းပေါ်ကို မော့ကြည့်ပြီး တစ်ခါတည်းပျောက်ကွယ်သွားတော့တာပဲ။
“ဒါကတော့.... အခက်မသင့်တာပဲ....” ကျွန်မကို ဝင်စီးနေတဲ့ သရဲက ပြောလိုက်ပြီး ပျောက်ကွယ်သွားတယ်။ ကျွန်မပေါ်မှာ ရှိနေတဲ့ လေးလံတဲ့ကိုယ်အလေးချိန်လည်း ပျောက်သွားပြီ။ ဒါပေမဲ့ ဝင်စီးခံထားရတဲ့တစ်ချိန်လုံး ရင်တွေတလှပ်လှပ် ခုန်နေခဲ့တာမလို့ တစ်ကိုယ်လုံးနုံးချိလာပြီး မြေပေါ်ကို လဲကျသွားတယ်။ မျက်လုံးမှိတ်မသွားခင် ကျွန်မကြားခဲ့ရတဲ့ အသံကတော့....
“ဆယ်ဗီ...” ဆိုတဲ့ ရင်းနှီးနေသူ တစ်ယောက်ရဲ့အသံပါပဲ။
...
ကျွန်မ အိပ်မက်မက်နေတာလား။
ကျွန်မရှေ့မှာ အဆုံးမသတ်နိုင်တဲ့ ဂျုံခင်းတွေနဲ့ ကြီးမား ကျယ်ပြန့်လှတဲ့ မြစ်ကြီးတစ်စင်းကို မြင်နေရတယ်။ ကျွန်မက အဆောက်အဦကြီးတစ်ခုပေါ်မှာ ရပ်နေတာ ဖြစ်ပြီးတော့ အဲဒီအဆောက်အဦကြီးကို ကျွန်မမြင်ဖူးနေကျ မဟုတ်တဲ့ အုတ်ချပ်တွေနဲ့ဆောက်ထားတာ။ အုတ်ချပ်ဆိုပေမဲ့ အရောင်ရင့်မနေဘဲ ရွံမြေအတိုင်းပဲ။ မီးထည့် ထည့်မဖုတ်ဘဲ နေလှမ်းပြီး အခြောက်ခံထားသလိုမျိုး။
အဆောက်အဦရဲ့အပေါ်ကနေပြီး အောက်ကိုငုံကြည့်တော့ လက်နက်ကိုင်ထားတဲ့ ထောင်သောင်းချီတဲ့သူတွေက ကွင်းပြင်ကျယ်ကြီးမှာ စုဝေးနေပြီး နာမည်တစ်ခုကို ပြိုင်တူအော်ဟစ်ကာ ဆုတောင်းနေကြပုံပေါ်တယ်။
နာမည်ကို ကျွန်မသဲသဲကွဲကွဲမကြားရပေမဲ့ အဲဒီနာမည်က ကျွန်မကိုရည်ညွန်းတယ်ဆိုတာကိုတော့ နားလည်နေတယ်။
...
“ဆယ်ဗီ...”
“ဆယ်ဗီ....”
ကျွန်မ မျက်လုံးဖွင့်လိုက်တယ်။ အိုလီရာနာ၊ နာတာရှာနဲ့ နက်ဆန်တို့ရဲ့စိတ်ပူနေတဲ့ မျက်နှာတွေကို ကျွန်မမြင်ရတယ်။ အခုထိ ကျွန်မခေါင်းတွေကိုက်နေတုန်းပဲ။
“ကျွန်မ ဘာဖြစ်သွားတာလဲဟင်...” ကျွန်မမေးလိုက်တော့ နာတာရှာက
“ငါတို့တောင်ကုန်းပေါ်ရောက်တော့ နင်က လဲကျပြီး သတိလစ်နေပြီ။ စစ်ကြည့်တော့ နှလုံးခုန်တအားမြန်နေတာ နဲ့ ငါတို့အတော်လန့်သွားတာ။”
ဒီတော့ ကျွန်မ နှလုံးခုန်မမှန်ဖြစ်ပြီး လဲကျသွားတာပေါ့။ ဒါပေမဲ့ သူတို့တွေအဆင်ပြေနေတာတွေ့တော့ မနေ့က ဖြစ်ခဲ့တာတွေက အိပ်မက်မဟုတ်မှန်း ကျွန်မသတိပြုမိ သွားခဲ့ပါတယ်။ ကျွန်မ နဖူးပေါ်လက်တင်လိုက်ရင်း ပြုံးမိတယ်။
“နောက်ဆုံးတော့ ကျွန်မရှင့်ကို ကူညီလိုက်နိုင်ပြီပေါ့။”
ကျွန်မက ဒီလိုပြောလိုက်ပေမဲ့ နက်ဆန်က အေးစက်စက် မျက်နှာနဲ့ ခေါင်းကိုခါယမ်းလိုက်တယ်။
“အဲဒီဓားကို နောက်တစ်ခါအသုံးပြုခွင့် မင်းကို ငါမပေးနိုင်ဘူး။”
အဲဒီစကားကြောင့် ကျွန်မတုန်လှုပ်သွားတယ်။ နာတာရှာကလည်း “ဒီကောင်မလေးသာ စွန့်စားပြီး အဲဒီဓားကို မသုံးခဲ့ရင် အဲဒီမှာတင် ငါတို့သုံးယောက်လုံး သေနေလောက်ပြီ။”
နာတာရှာပြောတာ အမှန်ပဲ။ ဒါပေမဲ့ နက်ဆန်က အဲဒါကို လက်ခံဖို့ ခက်ခဲနေတဲ့ပုံစံနဲ့ အခုလိုပြောလာပါတယ်။ “အဲဒီဓားထဲကသရဲက ဘယ်လောက်ထိ အန္တရာယ်များလဲ မင်းမခံစားမိဘူးလား။ အဲဒါက ဂရန်းမာစတာတစ်ပါးရဲ့ မှော်စာလုံးနဲ့ အားဖြည့်ပေးထားတဲ့ တစ္ဆေနီတစ်ကောင်ကို အပိုင်းပိုင်းဆွဲဖြတ်ခဲ့တာ။ ဟိုဘက်က ခုတောင်မခုခံနိုင်ခဲ့ဘူး။”
“ သေချာပေါက် အဲဒီသရဲက အေသင်ရဲ့ဂျက်ရပ်ပါထက် လူပိုသတ်ခဲ့ပြီး လုံးဝကို ရူးသွပ်နေတဲ့ စိတ္တဇလူသတ်သမား ဆိုတာသေချာတယ်။”
တကယ်လည်း ကျွန်မကို ဝင်စီးနေခဲ့တဲ့သရဲရဲ့လေသံက လူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြတ်တောက်ရတာကို သိပ်ပျော်နေတဲ့ပုံစံမျိုး ပြုမူနေခဲ့တာ။ ပြီးတော့ မီတာရာပေါင်းများစွာမှာရှိနေတဲ့ ပစ်မှတ်ကို အဝေးကနေ လှမ်းခွဲစိတ်ခဲ့တာ။ ဘာတဲ့...
'အကွာအဝေးကို မေ့ထားလိုက်....’ မြင်သမျှလူတိုင်းကို သူက ခွဲစိတ်ပြီးသတ်နိုင်တယ်လို့ ဆိုလိုတာလား။
“ဒါပေမဲ့ အဆုံးသတ်မှာတော့ အဲဒီသရဲက ဘာမဟုတ်တဲ့ ခွဲစိတ်ဓားလေးမှာ တွယ်ကပ်နေရတဲ့ ပစ္စည်းစွဲအမျိုးအစား ဖြစ်နေတုန်းပဲ။ ဒီလိုသရဲတွေက သူတို့ဘာသာမှော်စွမ်းအင် မစုဆောင်းနိုင်လို့ သူတို့ရဲ့အသုံးပြုသူမရှိဘဲ ကြီးကြီးမားမား ဘာမှမလုပ်နိုင်ကြဘူး။ ကျွန်မကတော့ ဒီလိုသရဲမျိုးရဲ့စွမ်းအားကို ထုတ်ဖော်နိုင်အောင် ထောက်ပံပေးနိုင်ခဲ့တဲ့ ဆယ်ဗီရဲ့မှော်စွမ်းအင်ပမာဏကိုပဲ အံ့ဩတယ်။”
အဲဒီလိုလုပ်ဖို့ မှော်စွမ်းအင်ပမာဏအများကြီးလိုတာလား။ ဒါပေမဲ့ အိုလီရာနာပြောတော့ ကျွန်မမှာ ဓားရဲ့သာမန်အစွမ်းကို ထုတ်ဖော်ဖို့တောင် စွမ်းအားမရှိဘူးဆို။
“ဆယ်ဗီ၊ ဘာဖြစ်သွားမှန်းမသိပေမဲ့ အခုနင့်ရဲ့ခန္ဓာကိုယ်မှာ အလယ်အဆင့်မှော်ဆရာတစ်ယောက်နဲ့ယှဥ်နိုင်တဲ့ စွမ်းအင်ပမာဏမျိုးရှိနေပြီ။”
အိုလီရာနာက ကျွန်မရဲ့သံသယကို ဖြေရှင်းတဲ့အနေနဲ့ ပြောလိုက်တယ်။ ရုတ်တရက်ကြီး မှော်စွမ်းအင်တွေ တိုးလာတာလား။ အကြောင်းအရင်းကို နားမလည်ဘူး ဆိုပေမဲ့ ကျွန်မဝမ်းသာမိသွားတယ်။ နက်ဆန်ကတော့ အကောင်းမြင်ပုံမရသေးဘူး။
“သမိုင်းတစ်လျှောက် မှော်လက်နက်က ပိုင်ရှင်ကို လွှမ်းမိုးသွားတဲ့ အဖြစ်မျိုးတွေအများကြီးရှိတယ်။ ဆယ်ဗီကို ဒီလိုအဖြစ်မခံနိုင်ဘူး။ လောလောဆယ်တော့ ဒီဓားကို ငါသိမ်းထားလိုက်မယ်။”
နက်ဆန်က ဘယ်နည်းနဲ့မှ ကျွန်မကို ခွဲစိတ်ဓား မကိုင်ခိုင်းတော့ဖို့ ဆုံးဖြတ်ထားတဲ့ပုံပဲ။