← Chapters

ကျောင်းအုပ်ကြီးချန်း၏ ဘဝတစ်လျောက်လေ့လာခဲ့သော အသိပညာ

Vol. 75 Ch. 1112

ကျောင်းအုပ်ကြီးချန်း၏ ဘဝတစ်လျောက်လေ့လာခဲ့သော အသိပညာ

Vol. 75 Ch. 1112

ကျောင်းအုပ်ကြီးချန်းသည် အမှန်တကယ်ပင် ကျောင်း အုပ်ကြီးချန်း ဟုသာ ပြောနိုင်တော့သည်။

အတွေ့အကြုံများစွာ ရှိပြီးသော ကျင့်ကြံသူတစ်ဦး အနေဖြင့် မှန်းဆ၍ ပိုင်းခြားစိတ်ဖြာမှုသည် သူ့အတွက် ကိတ်မုန့်ခွဲသလို လွယ်ကူနေခဲ့သည်။

အမှတ်၁ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းနှင့် တိုင်တန်အထက်တန်းကျောင်းတို့ ပူးပေါင်းသွားမည့် အခြေအနေသည် ကျောင်းအုပ်ကြီးချန်း တွေးနိုင်ခဲ့သည့် အဆိုးဝါးဆုံး အခြေအနေ ဖြစ်သည်။

အကယ်၍ ထိုကျောင်းနှစ်ကျောင်းသာ မဟာမိတ်များ အဖြစ် ပူးပေါင်းသွားခဲ့လျှင် ပြိုင်ပွဲသည် အဓိပ္ပါယ်မဲ့သွားမည် ဖြစ်ပြီး အဆုံးသတ်တွင် အနိုင်ရသူမှာ ထိုကျောင်းနှစ်ကျောင်းသာဖြစ်လာပေလိမ့်မည်။

ထို့ကြောင့် ကျောင်းအုပ်ကြီးချန်း၏ နည်းဗျူဟာသည် ထိုကျောင်းနှစ်ကျောင်း၏ ပူးပေါင်းခြင်းကို ရပ်တန့်ရန်အတွက် တိုင်တန် အထက်တန်းကျောင်းမှ ကျောင်းသားများနဲ့ စတင်ရန် ဖြစ်သည်။

မဟာမိတ်အဖြစ် ဖွဲ့စည်းရန်အတွက် အရေးပါသောအခြေအနေ တစ်ရပ်မှာ နှစ်ဖက်စလုံးရှိ ကျောင်းသားများသည် အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု ရှိရမည် ဖြစ်၏။

ကျောင်အုပ်ကြီးချန်း သိထားသလောက်တော့ ဤ ကျောင်းနှစ်ကျောင်းသည် ယခင်က မည်သည့်ဆက်စပ်မှုမျိုးမှ မရှိခဲ့ဖူးပေ။

သို့သော် မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း၏ လက်ရှိကျောင်းအုပ်ကြီး ဖြစ်သည့် လီချင်းရှီသည် ထက်မြက်သော ကျောင်းအုပ်ဖြစ်၍ တိုင်တန် အထက်တန်းကျောင်းနှင့် အကောင်းဆုံး မဟာမိတ်ဖွဲ့ရန် အတွက် သေချာပေါက် စဥ်းစားထားပြီးလောက်ပြီ ဖြစ်သည်။

ကျောင်းအုပ်ကြီး လီချင်းရှီအနေဖြင့် တိုင်တန် အထက်တန်းကျောင်းနဲ့ မဟာမိတ်ဖွဲ့ရန် အတွက် ဗျူဟာတစ်ခုပင် ရေးဆွဲပြီးလောက်ပြီဟု ကျောင်းအုပ်ကြီးချန်း ခံစားမိခဲ့သည်။

စစ်ပွဲအတွင်း လုပ်ဆောင်သမျှ အရာအားလုံးသည် တရားမျှတသည်ဟု အဆိုရှိသည်။

ကျောင်းနှစ်ကျောင်း၏ ပူးပေါင်းမှုကို တားမြစ်ရန်မှာ အနည်းငယ် အရှက်မရှိရာ ကျသော်လည်း ဤသည်မှာ စစ်ရေးဗျူဟာများတွင် အသုံးများသည့် နည်းဗျူဟာ တစ်ခုသာ ဖြစ်သည်။

ဆိုရလျှင် ကျောင်းအုပ်ကြီးချန်းသည် ကျောင်းနှစ်ကျောင်း၏ မဟာမိတ်ဖွဲ့မှုကို တားဆီးရန်အတွက် စေ့စပ်သော အစီအစဥ်တစ်ခုကို ချမှတ်ခဲ့သည်။

သူက ပြိုင်ပွဲဝင်မည့် ကျောင်းသားတစ်ဦးစီကို အိတ်တစ်လုံးဆီ ပေးအပ်ခဲ့သည်။

ကျောင်းသားများက ကျောင်းအုပ်ကြီးချန်း ပေးသည့်အိတ်များကို ဖွင့်ကြည့်လိုက်ရာ အိတ်ထဲတွင် သရေစာများနှင့် ပြည့်နှက်နေသောကြောင့် ချက်ချင်းပင် အံ့သြသွားကြသည်။

သရေစာအများစုမှာ အချိုပွဲများ ဖြစ်ကြသည်။

ထိုခဏအတွင်း ဝမ်လင်းသည် ကျောင်းအုပ်ကြီးချန်း၏ ရည်ရွယ်ချက်ကို ချက်ချင်းဆိုသလို နားလည်သွားခဲ့သည်။

"တိုင်တန်ကျင့်စဥ်ကို ကျင့်ကြံတဲ့ကျောင်းသားတွေက ကိုယ်အလေးချိန်တက်ဖို့ လိုအပ်တယ်..ဒါကြောင့် သူတို့တွေက နေ့လည်စာအတွက် ဘာဂါ၊ အာလူးချောင်းကြော်၊ အချိုရည်နှင့် ကယ်လိုရီများတဲ့ သရေစာအမျိုးမျိုးကို စားသုံးတတ်ကြတယ်.. ဒီအစားအစာအားလုံးထဲမှာ အချိုပွဲတွေက သူတို့အကြိုက်ဆုံးအစားအစာပဲ.. မင်းတို့အနေနဲ့ အချိုပွဲဗျူဟာကို လိုက်နာနိုင်သ၍ တိုင်တန် အထက်တန်းကျောင်းကို သေချာပေါက်စည်းရုံးနိုင်လိမ့်မယ်.. ဒါ့အပြင် မင်းတို့ကို ပေးထားတဲ့အိတ်တွေထဲမှာ ငါ့ဘဝတစ်လျောက်လုံး ဆည်းပူးထားတဲ့ အတွေ့အကြုံတွေနဲ့ ဖန်တီးထားတဲ့ မှော်နည်းစနစ်တစ်ခုရှိတယ်"

ကျောင်းအုပ်ကြီးချန်း၏ စကားကို ကြားရလျှင် ချန်းချောင်၊ကော်ဟောက်၊စွန်းရုံ၊ရှားမင်နှင့် လီယိုယွဲ့တို့သည် တအံ့တသြဖြစ်ကာ ပျော်ရွှင်သွားခဲ့ကြသည်။

"ကျောင်းအုပ်ကြီးချန်းက သူ့ဘဝတစ်လျှောက်လုံး ဆည်းပူးခဲ့တဲ့ အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး တီထွင်ထားတဲ့ မှော်နည်းစနစ်ကို တကယ်ပဲ ငါတို့ဆီ လက်ဆင့်ကမ်းပေးခဲ့တာလား"

ပြိုင်ပွဲဝင်မည့်ကျောင်းသားများသည် အံ့သြ ထိတ်လန့်သွားခဲ့ကြသည်။

သူတို့က ချက်ချင်းပင် အိတ်ထဲရှိ မှော်နည်းစနစ် စာရွက်ကို လှန်ကြည့်လိုက်ကြသည်။

မှော်နည်းစနစ်၏နာမည်မှာ အလွန်ပင်ရိုးရှင်းပြီး အချိုပွဲဟု အမည်ပေးထားသည်။

ထို့ပြင် နောက်ကွယ်ရှိ သီအိုရီမှာလဲ အလွန်ပင်ရိုးရှင်း၏။

ထိုနည်းစနစ်အတွက် လက်ဟန်ထုတ်ဖော်ရာတွင်လည်း အလွန်ပင် လွယ်ကူသည်။

ထိုနည်းစနစ်ကို ထုတ်ဖော်ရာတွင် သင်၏ မျက်လုံးက ပစ်မှတ်ကို စိုက်ကြည့်နေရန် လိုအပ်ပြီး လက်ဟန်စည်းတံဆိတ်ကို ထုတ်ဖော်ရမည် ဖြစ်၏။

ထိုသို့ပြုလုပ်ပြီးသည်နှင့် ပစ်မှတ်သည် အချိုပွဲ စားချင်လာပြီး တိုက်ပွဲဝင်ချင်စိတ်များ ပျောက်ကွယ်သွားသလို ခံစားရလိမ့်မည် ဖြစ်သည်။

ဤအခိုက်အတန့်တွငိ ပစ်မှတ်ကို အချိုပွဲလက်ဆောင်ပေးလိုက်လျှင် သင်သည်ပစ်မှတ်၏ ကျေးဇူးတင်မှုကိုရရှိရန်မှာ အခွင့်အလမ်း အလွန်မြင့်မားသည်။

ထိုမှော်စွမ်းရည်၏ အကျိုးသက်ရောက်မှု ကြာချိန်မှာ ပစ်မှတ်၏ ကျင့်ကြံခြင်းနယ်ပယ် အဆင့်ပေါ် မူတည်၍ နှစ်မိနစ်ကနေ နှစ်ရက်အထိ ရှိနိုင်သည်။

တားမြစ်ချက်=ဆီးချိုရောဂါရှိသူများနှင့် သကြားဓာတ်လွန်ကဲသည့် လူနာများတွင်အသုံးပြုခြင်းကို တားမြစ်သည်။

အချိုပွဲမှော်စွမ်းရည်ကို ပြန်ဖျက်ချင်လျှင် ပစ်မှတ်အပေါ်တွင် နောက်တစ်ဖန် ပြန်အသုံးချရမည် ဖြစ်သည်။

လူတိုင်း"........"

ရှင်းလင်းပြတ်သားသော ညွှန်ကြားချက်များကို ကြည့်ပြီးနောက်တွင် အထူးလေ့ကျင့်ရေး အတန်းထဲမှ လူတိုင်းသည် လေးလေးနက်နက် မတွေးတောဘဲ မနေနိုင်ကြတော့ပေ။

"ဒါက ကျောင်းအုပ်ကြီးချန်းရဲ့ ဘဝတစ်လျောက်လုံးဆည်းပူးခဲ့တဲ့ အသိပညာတွေကနေ ဖန်တီးထားတဲ့ နည်းစနစ်တဲ့လား"

တခြားကျောင်းသားများနှင့်မတူဘဲ ဝမ်လင်းကမူ ထိုအခိုက်အတန့်တွင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဆန့်ကျင်ဘက်အနေဖြင့် သူသည် ဤမှော်စွမ်းရည်ကို အထင်မသေးခဲ့ပေ။

ထိုအစား ကျောင်းအုပ်ကြီးချန်းသည် အရည်အချင်းရှိသူ တစ်ယောက်ဟု သူထင်ခဲ့သည်။

အဘယ့်ကြောင့်ဆိုသော် ထိုမှော်စွမ်းရည်၏ နောက်ကွယ်မှ သီအိုရီသည် ရိုးရှင်းသော်လည်း ကောင်းကင်တာအို၏ အနှစ်သာရများ ပါရှိနေခြင်းကြောင့်ပင်။

၎င်းမှာ လူတစ်ဦး၏ စိတ်အတွေးများကို ထိန်းချုပ်နိုင်ပြီး အစား စားချင်စိတ်ကို လှုံ့ဆော်ပေးနိုင်သည်မှာ မဟာ အရသာ တာအို ဖြစ်သည်။

မဟာအရသာတာအိုသည် ဤမှော်နည်းစနစ်၏ စွမ်းရည်ထက် များစွာသာလွန်သည်။

မဟာအရသာတာအိုကို ကျောင်းအုပ်ကြီးချန်း ဖန်တီးထားသော အချိုပွဲမှော်စွမ်းနည်းစနစ်၏ အထူးအဆင့်မြင့်ဗားရှင် အဖြစ် မှတ်ယူနိုင်ပေသည်။

သို့ရာတွင် ကျောင်းအုပ်ကြီးချန်းသည် ကိုယ်ပိုင်ခွန်အားဖြင့် မဟာအရသာ တာအိုကဲ့သို့ အလားတူ လုပ်ဆောင်နိုင်စွမ်းရှိသည့် အချိုပွဲမှော်နည်းစနစ်ကို ဖန်တီးနိုင်ခဲ့သည်။

ထို့ကြောင့် ဝမ်လင်းသည် ကျောင်းအုပ်ကြီးချန်းကို မလေးစားဘဲ မနေနိုင်တော့ပေ။

ဤသည်က တိုက်ဆိုင်မှု ဖြစ်နေလျှင်ပင် အချိုပွဲမှော်နည်းစနစ်၏ နောက်ကွယ်မှ သီအိုရီသည် အမှန်တကယ် သေ သေချာချာ တွေးကြည့်လျှင် ရန်သူ၏ အရှိုက်ကို ထိသွားနိုင်စေသည့် အံ့မခန်း မှော်စွမ်းရည်တစ်ခု ဖြစ်သည်။

သို့သော်လည်း ဝမ်လင်းသည် မဟာအရသာတာအိုကို အသုံးမဝင်သော မှော်စွမ်းရည်စာရင်းများထဲတွင် အမှန်တကယ်ထည့်သွင်းထားခဲ့သည်။

အကြောင်းအရင်းမှာ ကျင့်ကြံသူအများစုသည် မြင့်မားသော နယ်ပယ်အဆင့် တစ်ခုသို့ ရောက်ရှိခဲ့လျှင် အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်သောကြောင့်ပင်။

ထို့ကြောင့် မဟာအရသာတာအိုသည် အခြေခံအားဖြင့် အဓိပ္ပာယ်မရှိဟု သူခံစားခဲ့ရသည်။

စင်စစ် တိုင်တန် အထက်တန်းကျောင်းမှ ကျောင်းသားများသည် အစာစားချင်စိတ် ကြီးမားသောကြောင့် မဟုတ်ဘဲ တိုင်တန်ကျင့်စဥ်ကို ကျင့်ကြံရန် လိုအပ်သောကြောင့်သာ ကယ်လိုရီများသော အစားအစာကို နေ့စဥ်စားသုံးနေကြခြင်းဖြစ်၏။

တိုင်တန်အထက်တန်းကျောင်းနှင့် အမှတ်တစ် မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းတို့၏ မဟာမိတ်ဖွဲ့နိုင်ချေကို နှောင့်ယှက်ရန်အတွက် ကျောင်းအုပ်ကြီးချန်းသည် ငွေကြေး အတော်လေး ရင်းနှီးခဲ့ရသည်ဟု ပြောရမည်။

အဘယ့်ကြောင့်ဆိုသော် အချိုပွဲမှော်နည်းစနစ်ကို အသုံးပြုရန်အတွက် သိုလှောင်အိတ်ထဲမှ သရေစာ အစားအစာများနှင့် အချိုပွဲများသည် အတော်လေး ကုန်ကျမည် ဖြစ်သောကြောင့်ပင်။

သာမန်အချိုပွဲများနှင့် သရေစာများသည် ၎င်းတို့ကို ဆွဲဆောင်နိုင်မည် မဟုတ်သောကြောင့် ကျောင်းအုပ်ကြီးချန်းသည် စျေးကွက်တွင် မရရှိနိုင်သည့် အရည်အသွေးမြင့်မားသော အချိုပွဲအချို့ကို ပြင်ဆင်ပေးထားခဲ့သည်။

ဤအစီအစဥ်ကို ချမှတ်ပြီးနောက် ကျောင်းအုပ်ကြီးချန်းသည် နှလုံးသားထဲတွင် မရယ်မောဘဲ မနေနိုင်တော့ပေ။

"အဖိုးကြီးလီ...အဖိုးကြီးလီ.. မင်းဘယ်လိုပြိုင်မလဲ ကြည့်ရသေးတာပေါ့"

ထို့နောက် ကျောင်းအုပ်ကြီးချန်းသည် နောက်ထပ် ကျောင်းတစ်ကျောင်းအဖြစ် တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်းနှင့် မိတ်ဆက်ပေးခဲ့သည်။

ဤကျောင်းသည် မိုးပြာရောင် ကျောင်းဝတ်စုံကို ဝတ်ဆင်သော အထက်တန်းကျောင်းတစ်ကျောင်း ဖြစ်သည်။

ကွာခြားချက်မှာ အမှတ်၆၀ အထက်တန်းကျောင်း၏ ဝတ်စုံမှ အပြာရောင်သည် ရေတပ်တွင် အသုံးပြုသော နက်ပြာရောင် ဖြစ်သည်။

"တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်းရဲ့ ကျောင်းသားတွေက အလွန်အားကောင်းတဲ့ အာရုံခံနိုင်စွမ်း ရှိကြပီး သတ္တဝါတွေအားလုံးနဲ့ ဆက်သွယ်နိုင်တဲ့ စွမ်းရည်ရှိကြတယ်"

"နဂါးကိုးကောင်တောင်ပေါ်မှာ စိတ်ဝိညာဥ်အပင်တွေနဲ့ စိတ်ဝိညာဥ်သားရဲတွေ များစွာ ရှိတဲ့အတွက် သူတို့ရဲ့ စွမ်းရည်တွေကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ခဲ့ရင် ကြီးမားတဲ့ အားသာချက်တစ်ခုကို ရရှိလာမှာဖြစ်တယ်.. ဒါ့အပြင် သူတို့ရဲ့ထက်မြက်တဲ့ အာရုံခံနိုင်စွမ်းကြောင့် သူတို့ကို ခြေရာဖျောက်ဖို့ဆိုတာ တကယ့်ကို ခက်ခဲတယ်"

"ဒါဆို ကျွန်တော်တို့ ဘယ်လိုလုပ်ရမလဲ"

"ဘာမှထိတ်လန့်စရာမလိုပါဘူး.. ဒီအတွက်သင့်တော်မယ့် ဗျူဟာတစ်ခုကို စဥ်းစားထားပြီးသားပါ"

ထိုစကားကိုပြောပြီးနောက်တွင် ကျောင်းအုပ်ကြီးချန်းသည် သူ့လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ပြီး ကျောင်းသားတစ်ဦးစီကို အိတ်တစ်လုံးစီ ထပ်ပေးလိုက်သည်။

"တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်းက ကျောင်းသားတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်တော်တဲ့နည်းလမ်းတွေကို ငါတို့တွေ အသုံးပြုရမယ်.. ဒီအိတ်တွေထဲမှာ ငါဖန်တီးထားတဲ့ ဒုတိယမြောက် မှော်နည်းစနစ်ကို ထည့်သွင်းထားတယ်.. ဒီမှော်နည်းစနစ်က ငါ့ဘဝ တစ်လျောက်လုံး ဆည်းပူးလာခဲ့ရတဲ့ အသိပညာတွေကနေ ဖန်တီးထားတဲ့ နည်းစနစ်တစ်ခုပဲ"

လူတိုင်း" ? ? ? "

[ဒီစကားတွေအရင်ကကြားဖူးသလိုပဲ]

အပိုင်း(၁၁၁၂) ပြီး၏

All Chapters