← Chapters

ကျောင်းအုပ်ကြီးချန်းရဲ့ မှော်အထောက်အပံ့

Vol. 75 Ch. 1113

ကျောင်းအုပ်ကြီးချန်းရဲ့ မှော်အထောက်အပံ့

Vol. 75 Ch. 1113

"အဲဒီ မှော်နည်းစနစ်နဲ့ မင်းတို့ကို မိတ်ဆက်ပေးမယ်.. အဲဒီနည်းစနစ်ကို ဘလက်လစ်လို့ ခေါ်တယ်"

ကျောင်းအုပ်ကြီးချန်းက ပြောလိုက်သည်။

လူတိုင်း"........"

"ဒီနည်းစနစ်က အမည်ပေးထားတဲ့အတိုင်း အခြားသူတွေ ခြေရာခံခြင်းကနေ ကာကွယ်နိုင်တဲ့အပြင် အသုံးပြုရတာလည်း အရမ်းလွယ်ကူတယ်.. ဒီနည်းစနစ်ကို အသုံးပြုမယ်ဆိုရင် ကိုယ့်ကိုကို ဘလက်လစ်လုပ်ပြီး တစ်ဖက်လူရဲ့အမည်ကို မေးမြန်းဖို့ပဲလိုအပ်တယ်.. တစ်ဖက်လူက မင်းတို့ကို အကြောင်းပြန်သ၍ ဘလက်လစ်မှော်စွမ်းရည်က အလိုအလျောက် သက်ရောက်မှုရှိလာလိမ့်မယ်.. အဲဒီနောက်မှာ မင်းတို့တွေရဲ့ ဖြစ်တည်မှုကို အာရုံခံစားမှု ထက်မြက်တဲ့ ကျင့်ကြံသူတွေက ဆယ်နာရီကြာတဲ့အထိ သိရှိနိုင်တော့မှာ မဟုတ်ဘူး"

"ဒီမှော်စွမ်းရည်ကို ချောချောမွေ့မွေ့ အသုံးပြုနိုင်ဖို့အတွက် နဂါးကိုးကောင်တောင်ကို ရောက်တဲ့အခါ မင်းတို့တွေ ပထမဆုံးလုပ်ရမဲ့အရာက တောင်ပင်လယ်ကောင်းကင်အထက်တန်းကျောင်းက ကျောင်းသားတွေကို နှုတ်ဆက်ဖို့ပဲ. ပြီးရင် ကိုယ့်ကိုယ်ကိုယ် ဘလက်လစ်လုပ်ပြီး သူတို့ရဲ့နာမည်တွေကို သွားမေးလိုက်ပါ.. ပထမဆုံးအကြိမ်တွေ့တာ ဆိုတော့သူတို့က မင်းတို့ကို နာမည်တွေ ပြောပြမယ်လို့တော့ မထင်ဘူး"

"........"

၀မ်လင်း အံ့သြသွားခဲ့သည်။

ဟုတ်ပါသည်၊ ၀မ်လင်းအံ့အားသင့်ခဲ့ရသည့် အကြောင်းအရင်းမှာ ကျောင်းအုပ်ကြီးချန်း၏ ဘလက်လစ် မှော်နည်းစနစ်သည် ၀မ်လင်းနှင့် အလွန်ရင်းနှီးသည့် ကောင်းကင်တာအိုတစ်ခုနှင့် ဆင်တူသောကြောင့် ဖြစ်သည်။

ယင်းမှာ မဟာကာကွယ်ရေးတာအို ဖြစ်၏။

ဘလက်လစ်မှော်နည်းစနစ်၏ အကျိုးသက်ရောက်မှုသည် ၀မ်လင်း၏ မဟာကာကွယ်ရေးတာအိုထက် များစွာ နိမ့်ကျသော်လည်း အခြေခံအားဖြင့် အမှန်တကယ် အသုံး၀င်သော စွမ်းရည်တစ်ခု ဖြစ်သည်။

ဤတစ်ကြိမ်က နှစ်ခါမြောက် တိုက်ဆိုင်မှုဖြစ်ရာ ၀မ်လင်းသည် ကျောင်းအုပ်ကြီးချန်း အကြောင်းကို ပို၍ပင် သိချင်လာခဲ့သည်။

တကယ်တမ်းတွင် အချိုပွဲမှော်နည်းစနစ်ဖြစ်စေ၊ ဘလက်လစ် မှော်နည်းစနစ် ဖြစ်စေ၊ ၎င်းတို့သည် ၎င်းတို့၏ မူရင်း တာအိုများနှင့် ယှဥ်လျှင် ရေခဲတောင်၏ အစွန်အဖျားမျှသာ ဖြစ်သည်။

ဤအထောက်အပံ့ မှော်နည်းစနစ်များသည် ရိုးရှင်း၍

အသုံးကျသည်ဟု ထင်ရသော်လည်း ကျင့်ကြံခြင်းနယ်ပယ် အဆင့်မြင့်မားသော သူများတွင်မူ အသုံး၀င်မည် မဟုတ်ပေ။

သို့သော် မသေချာ မရေရာသော အခြေအနေတွင် ဤ အထောက်အပံ့ မှော်နည်းစနစ်၏ အနှစ်သာရများသည်

မမျှော်လင့်ထားသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်လာစေနိုင်သည်။

"ကျောင်းအုပ်ကြီးချန်း.. ဒီလိုမျိုး အထောက်အပံ့ မှော်နည်းစနစ်တွေကို ဖန်တီးဖို့ ဘယ်လိုအရာက ကျောင်းအုပ်ကြီးကို လှုံ့ဆော်ခဲ့တာလဲ"

စွန်းရုံက လူတိုင်းသိချင်နေသည့် မေးခွန်းကို မေးမြန်းလိုက်သည်။

တကယ်လည်း သူတို့သည် ကျောင်းအုပ်ကြီးချန်းအကြောင်းကို အနည်းငယ်မျှပင် မသိခဲ့ကြပေ။

ကျောင်းအုပ်ကြီးချန်းက ၀မ်းသာအားရပင် ပြန်ဖြေလိုက်သည်။

ကျောင်းသားများက သူ့အကြောင်း လေ့လာခွင့်ရသည်မှာ ကျောင်းသားများအတွက် ရှားပါးသော အခွင့်အရေးတစ်ခုပင် ဖြစ်သည် မဟုတ်ပါလော။

ထို့အပြင် ဤနေရာတွင် ရှိနေသော ကလေးဆယ်ယောက်သည် အမှတ်၆၀ အထက်တန်းကျောင်းကိုကိုယ်စားပြုသည့် ထူးချွန်သော ကျောင်းသားများဖြစ်သောကြောင့် သူ၏ အတွေ့အကြုံများကို မျှဝေပေးခြင်းသည် ကောင်းမွန်သောအရာဖြစ်သည်ဟု သူထင်ခဲ့သည်။

သာမန်အချိန်များတွင် ကျောင်းသားများသည် သူ့စကားကို နားထောင်ကြမည် မဟုတ်ချေ။

"အမှတ် ၅၉ အထက်တန်းကျောင်းက ကျောင်းအုပ်ကြီးကျန်းကို မင်းတို့တွေ မှတ်မိသေးလား.. တစ်ချိန်တုန်းက ငါနဲ့ ကျောင်းအုပ်ကြီးကျင်းက ကြယ်ခုနစ်ပွင့် တက္ကသိုလ်မှာ ဂိုဏ်းတူညီအစ်ကိုတွေ ဖြစ်ခဲ့တယ်"

ကျောင်းအုပ်ကြီးချန်းက ပြုံး၍ ပြောလိုက်သည်။

"ကျွန်တော်တို့ မှတ်မိတယ် ကျောင်းအုပ်"

လူတိုင်းကလည်း ခေါင်းညိမ့်လိုက်သည်။

"အဲဒီအချိန်က ကံကြမ္မာရဲ့ တိုက်ဆိုင်မှုလို့ ဆိုရမလားပဲ.. ငါတို့တွေက အထောက်အပံ့မှော်လမ်းစဥ်ကို အတူတူပဲ လျှောက်လှမ်းခဲ့တယ်.. ကြယ်ခုနစ်ပွင့်ဂိုဏ်းရဲ့ စာတမ်းပြုစုတဲ့ ပရောဂျက်တွေက အရမ်းတင်းကျပ်တယ်.. ငါတို့တွေက အထောက်အပံ့မှော်လမ်းစဥ်ကို အဓိက ယူခဲ့တဲ့အတွက် ပရောဂျက်ကိုဖန်တီးတဲ့အခါမှာ အထောက်အပံ့မှော်နည်းစနစ်ကို ဖန်တီးဒီဇိုင်းထုတ်ဖို့ ဖြစ်လာခဲ့တယ်.. ညီနောင်ကျင်းနဲ့ ငါက အထောက်အပံ့ မှော်လမ်းစဥ်မှာ မတူညီတဲ့လမ်းကို လျှောက်လှမ်းခဲ့ကြတယ်.. နှိုင်းယှဥ်ရမယ်ဆိုရင် ညီနောင်ကျင်းရဲ့ အထောက်အပံ့မှော်နည်းစနစ်က စိတ်ကို အာရုံစူးစိုက်အောင် လုပ်ဆောင်နိုင်တယ်.. ဒါ့အပြင် ခွန်အားကို အလျင်အမြန် တိုးအောင်လုပ်ဆောင်နိုင်တဲ့နေရာမှာ ပိုမိုကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်"

"ပြောရရင် သူရဲ့ အထောက်အပံ့မှော်နည်းစနစ်က ကျင့်ကြံသူတွေကို အချိန်တိုအတွင်းမှာ စွမ်းအားတွေကို စုဆောင်းနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေ တိုးမြှင့်ပေးနိုင်တယ်.. ညီနောင်ကျင်းရဲ့ ပရောဂျက်က အယူအဆအသစ်တွေကို အသုံးပြုထားတဲ့အတွက် အလွန်မှတ်သားဖွယ် ကောင်းခဲ့တယ်.. သူ့ရဲ့အထောက်အပံ့ မှော်နည်းစနစ်က လက်ဟန်ပြုလုပ်တဲ့ အချိန်ကို သိသိသာသာ တိုတောင်းစေပြီး သုံးစွဲသူကိုလည်း ချက်ခြင်းဆိုသလို စွမ်းအားတွေ မြှင့်တင်ပေးနိုင်တယ်.. ဒါ့အပြင် မှော်စွမ်းရည်ရဲ့ သက်ရောက်နိုင်စွမ်းကာလကလည်း အလွန်ကြာမြင့်တယ်.. ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဒီလောက် ကောင်းမွန်တဲ့ ပရောဂျက်က ပထမအ​ကျော့မှာပဲ ပယ်ချခံခဲ့ရတယ်"

"ဘာဖြစ်လို့လဲ"

ချန်းချောင်က မေးလိုက်သည်။

"ညီနောင်ကျင်း ဖန်တီးထားတဲ့ မှော်နည်းစနစ်က ချီးမွမ်းလောက်စရာ ဖြစ်ပေမဲ့ တကယ်တမ်းတော့ အမျိုးအစားတူ မှော်စွမ်းရည်တွေ အများအပြား ရှိနှင့်နေပြီးသားမို့ပဲ.. ထိရောက်မှုနဲ့ ကြာချိန်တွေ ကွာခြားသွားတာက လွဲပြီး အခြေခံအားဖြင့်တော့ တူညီကြတယ်.. ညီနောင်ကျင်းရဲ့ ပရောဂျက်ကိုပထမအကျော့မှာပဲ တက္ကသိုလ်ဆရာတွေက ငြင်းပယ်လိုက်တဲ့အချိန်မှာ ငါ့အနေနဲ့ စိတ်ကူးသစ်ကို ရရှိခဲ့တယ် "

ထို့နောက် ကျောင်းအုပ်ကြီးချန်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။

"မင်းတို့ အခု ကြည့်နေတဲ့ အချိုပွဲမှော်စွမ်းရည်နည်းစနစ်က တကယ်တော့ ငါ တက္ကသိုလ်တုန်းက ပြုလုပ်ဖန်တီးခဲ့တဲ့ ပရောဂျက် ဒီဇိုင်းပဲ.. ဒီအထောက်အပံ့မှော်နည်းစနစ်က အနည်းငယ် ရယ်စရာကောင်းပုံရပေမဲ့ အလွန်မြင့်မားတဲ့ အကဲဖြတ်မှုကို ရရှိခဲ့တယ်.. အဲဒီတုန်းက ကြယ်ခုနစ်ပွင့်တက္ကသိုလ်ရဲ့ ပါချုပ်ကြီး မှတ်ချက်ပေးခဲ့တာကို အမှတ်ရမိသေးတယ်.. အချိုပွဲ မှော်စွမ်းရည်နည်းစနစ်က ရိုးရှင်းပေမဲ့ ဒီထဲမှာ ပါ၀င်နေတဲ့မဟာတာအိုက လေးနက်တယ်.. လူမှုဆက်ဆံရေးကို မြှင့်တင်ဖို့နဲ့ သဟဇာတရှိတဲ့ ပတ်၀န်းကျင်ကို တည်ဆောက်ဖို့ အတွက် ဒီအထောက်အပံ့မှော်စွမ်းရည် နည်းစနစ်က အလွန်တန်ဖိုးရှိတယ်.. အဲဒါကြောင့်ပဲ သူတို့တွေက ပရောဂျက်ကို မြင့်မားတဲ့အကဲဖြတ်မှု ပေးခဲ့တယ်"

လူတိုင်း"........"

တကယ်တမ်းတွင် ကျောင်းအုပ်ကြီးချန်း ပြောသည့်စကားများမှာ အကြောင်းပြချက်တစ်ခုသာ ဖြစ်သည်။

သိကြားဓာတ်က ဦးနှောက်ကို လှုံ့ဆော်ပေးသောကြောင့် အချိုပွဲစားသုံးရသည်ကို နှစ်သက်ကြပြီး ဒိုပါမင်းဓာတ်ကို ထုတ်လွှတ်ပေးသည်။

ဤသည်က လူအများ စိတ်ဓာတ်ကျနေသည့် အချိန်တွင် အချို စားရသည့် အဓိက အကြောင်းအရင်းလည်း ဖြစ်သည်။

၀မ်လင်းက ကျောင်းအုပ်ကြီးချန်း အနေဖြင့် တက္ကသိုလ်မှ ဆရာများကို သရေစာဖြင့် အနိုင်ယူလိုက်ခြင်းကြောင့်သာ ဖြစ်ရမည်ဟု ခံစားမိခဲ့သည်။

သို့သော်လည်း ၀မ်လင်း အံ့အားသင့်ရသည့် အချက်တစ်ချက်ရှိသည်။

ယင်းမှာ ခြေသလုံးအိမ်တိုင်အင်မော်တယ် ဖြစ်သည့်ကျောင်းအုပ်ကြီးချန်းသည် အထောက်အပံ့ မှော်စွမ်းရည်နည်းစနစ်ကိုသာ အဓိက လေ့လာလိုက်စားခဲ့သော အချက်ဖြစ်သည်။

ကျောင်းအုပ်ကြီးချန်း၏ ကျင့်ကြံခြင်း နယ်ပယ်အဆင့်အရ အထောက်အပံ့ မှော်စွမ်းရည် နည်းစနစ်များကို ဆည်းပူးလေ့လာရန် ဘ၀တစ်ခုလုံး မြှပ်နှံထားခြင်းမှာ ပဲဲသီးကို ခွဲရန်အတွက် တူကို အသုံးပြုနေသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။

မည်သို့ပင်ဖြစ်စေ ကျောင်းအုပ်ကြီးချန်းသည် တကယ်ပဲ အရည်အချင်းရှိသည်ကိုတော့ ၀မ်လင်း ၀န်ခံရပေမည်။

အမှတ် ၆၀ အထက်တန်းကျောင်းသားများ မသိခဲ့သည့်အချက်မှာ ကျောင်းအုပ်ကြီးချန်း၏ အထောက်အပံ့ မှော်စွမ်းရည်နည်းစနစ်များသည် တစ်ချိန်က ကမ္ဘာတစ်၀န်း ဆိုးကျိုးများကို ကြုံတွေ့စေခဲ့ခြင်းပင်။

လက်ရှိကျောင်းအုပ်ကြီး အသိုင်းအ၀ိုင်းတွင် ကျောင်းအုပ်ကြီး ချန်းနှင့် တိုက်ပွဲ၀င်ခဲ့ဖူးသော ကျင့်ကြံခြင်းကျောင်းများမှ ကျောင်းအုပ်များသည် ကျောင်းအုပ်ကြီးချန်း၏ အထောက်အပံ့ မှော်စွမ်းရည် နည်းစနစ်များကို မြည်းစမ်းခဲ့ဖူးကြသည်။

အမှတ် ၆၀ အထက်တန်းကျောင်းက အခြားကျောင်းများနှင့် ပြိုင်ဆိုင်ရန်အတွက် နည်းဗျူဟာများကို အပြင်းအထန် ဆွေးနွေးနေသကဲ့သို့ အခြားသော ကျင့်ကြံခြင်း ကျောင်းများသည်လည်း အလားတူပင် လုပ်ဆောင်နေခဲ့သည်။

အမှတ် ၁ မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်း၊ တိုင်တန် အထက်တန်းကျောင်း၊ တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများသည်လည်း ပြိုင်ပွဲမစတင်မီတွင် ပြိုင်ပွဲ၀င်မည့် ကျောင်းသားများကို လမ်းညွှန်မှုပေးရန် ရှေ့ထွက်လာခဲ့ကြသည်။

ကျောင်းအုပ်ကြီးများ၏ ဆွေးနွေးမှုသည် အထက်တန်းကျောင်း သုံးကျောင်းလုံးမှ ပြိုင်ပွဲ၀င်မည့်ကျောင်းသားများ မျှော်လင့်ထားသည့်နှင့် ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

ကျောင်းအုပ်ကြီးများ အဓိကထား ဆွေးနွေးခဲ့သည့် ပထမဆုံးသောကျောင်းသည် ၎င်းတို့ထင်ထားသည့်အတိုင်း မြို့ကြီးများရှိ ထိပ်တန်း အထက်တန်းကျောင်း မဟုတ်သလို ပြိုင်ပွဲတွင် ဗိုလ်ဆွဲရန် ရေပန်းစားနေသည့် ကျောင်းတစ်ကျောင်းလည်း မဟုတ်ပေ။

ရှင်းလင်းစွာဆိုရလျှင် ကျောင်းအုပ်ကြီးများ ဆွေးနွေးဖြစ်ခဲ့သည့် ပထမဆုံးကျောင်းသည် အမှတ်၆၀ အထက်တန်းကျောင်း ဖြစ်နေခြင်းပင်။

အပိုင်း(၁၁၁၃) ပြီး၏

All Chapters