ရှင်ပြန်ထမြောက်ခြင်း မှော်စွမ်းရည် အသုံးပြုခြင်းရဲ့ တကယ့်ဆိုးကျိုး
Vol. 75 Ch. 1116
လက်ရှိအခြေအနေက အလွန်ပင် ဆိုးလွန်းသဖြင့် အချိန် ဖြုန်း၍ မရတော့ပေ။
မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောများ ခြောက်သွေ့သွားခြင်းသည် လူသားကျင့်ကြံသူများကို လုံးလုံးလျားလျား မပျက်စီးစေနိုင်သော်လည်း ကမ္ဘာပေါ်ရှိ ၀ိညာဥ်ချီများလျော့နည်းလာခြင်းသည် အဆိုးဆုံးကိစ္စရပ်များကို ဖြစ်လာစေနိုင်သည်။
သို့သော် အမှန်တကယ် ကြောက်စရာကောင်းသော အရာမှာ ပင်မသွေးပြန်ကြောကို စုပ်ယူမည့် လျှို့၀ှက်အကြံအစည် ဖြစ်သည်။
ထိုအချိန်က အမှောင်ဘိုးဘေး ရှဲ့စန်းရှောင်သည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးကာ ပင်မသွေးပြန်ကြောကို စုပ်ယူရန် ကြံစည်ခဲ့သည်။
အဆုံးသတ်တွင် ပင်မသွေးပြန်ကြော၏ ကြီးမားလှသော စွမ်းအင်ကို ခံနိုင်ရည်မရှိခဲ့ဘဲ တုံ့ပြန်မှုကို အပြင်းအထန် ခံစားခဲ့ရ၏။
အမှောင်ဘိုးဘေးကို ရှင်သန်ထမြောက်အောင် လုပ်ဆောင်နိုင်စွမ်းရှိသည့် နောက်ကွယ်မှလူသည် အမှောင်ဘိုးဘေး၏ စွမ်းအားကို အသုံးပြု၍ ပင်မသွေးပြန်ကြောကို စုပ်ယူမည့် ယခင်အစီအစဥ်ကို အမှန်တကယ်ပင် လုပ်ဆောင်နေပါသလော။
"ဆရာ.. ကမ္ဘာပေါ်မှာ ရှိတဲ့ မြေအောက်၀ိညာဥ်ရေးသွေး ပြန်ကြောအားလုံးကို စုပ်ယူဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား.."
ဥက္ကချီသည် ထိုအချက်အပေါ်တွင် သံသယရှိနေဆဲ ဖြစ်သည်။
ထိုအချိန်က အမှောင်ဘိုးဘေးသည် သူတော်စင်ခန္ဓာကိုယ်ကို ကျင့်ကြံထားသူ ဖြစ်သည်။
ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ခန္ဓာကိုယ်ပိုင်ရှင်ပင် လက်တွေ့၌ ခုခံနိုင်စွမ်းမရှိခဲ့ပေ။
အမှောင်ဘိုးဘေးသည် အမှောင်နက်ဝေါ့ခ်၏ တည်ထောင်သူ ဖြစ်ပြီး ကမ္ဘာပေါ်တွင် အသန်မာဆုံးနှင့် အဆိုးရွားဆုံး လူသားအဖြစ်လည်း သတ်မှတ်ခံထားရသူ ဖြစ်သည်။
ထိုကဲ့သို့သောလူ၏ ခန္ဓာကိုယ်ကပင် ပင်မသွေးပြန်ကြောမှ စွမ်းအင်တုံ့ပြန်မှု၏ ဖိအားကို မခံနိုင်ခဲ့လျှင် မည်သူက ခံနိုင်မည်နည်း။
ဤမေးခွန်းကို တွေးတောနေရင်း အဖိုးအိုဟွမ်၏ အမူအရာသည် လေးနက်လာခဲ့သည်။
ကောင်းကင်သွေးပြန်ကြောများ၏ ကာကွယ်ရေးဦးစီးချုပ် ဖြစ်သည့် အဖိုးအိုဟွမ်သည် နဂါးကိုးကောင်တောင်၏ ပင်မသွေးပြန်ကြောကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် စောင့်ရှောက်ခဲ့သူဖြစ်၍ ရှေးဟောင်းနတ်မျိုးစု၀င် အချို့ထက်ပင် မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောများနှင့် ပတ်သက်၍ ၀ိညာဥ်သွေးပြန်ကြောများ အကြောင်းကို ပို၍ သိနားလည်သည်။
"ငါသုံးသပ်ရသလောက် အမှောင်ဘိုးဘေးက နောက်ကွယ်က ကြိုးဆွဲနေတဲ့သူရဲ့ နယ်ရုပ်တစ်ရုပ်ထက် ဘာမှ မပိုလောက်ဘူး
.. နောက်ကွယ်ကလူရဲ့စစ်မှန်တဲ့ ရည်ရွယ်ချက်က ကောင်းကင်သွေးပြန်ကြောတွေ အားလုံးကို စုပ်ယူဖို့ပဲ.. အကယ်၍ သူသာ မြေအောက်မှာရှိတဲ့ ၀ိညာဥ်ရေးသွေးပြန်ကြောတွေ အားလုံးကို အမှန်တကယ် စုပ်ယူနိုင်ပြီး ခန္ဓာကိုယ်အတွင်းမှာ သိမ်းဆည်းထားနိုင်မယ်ဆိုရင် သူ့ရဲ့ခွန်အားက ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်သူထက်မဆို သာလွန်တဲ့ အင်မော်တယ်အရှင်မြတ်တစ်ပါး ဖြစ်လာမှာကို ငါစိုးရိမ်မိတယ်"
"အင်မော်တယ်အရှင်မြတ်လား.."
"ကောလဟာလအရတော့ အင်မော်တယ်အရှင်မြတ် အဆင့်က တာအိုရဲ့ ကန့်သတ်ချက် အဆင့်တစ်ခု ဖြစ်နေခဲ့ပြီ.. ဒါပေမဲ့လဲ ဒီထက်ပိုပြီး မြင့်မားတဲ့ နယ်ပယ်အဆင့်တစ်ခု ရှိမရှိဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲ"
"ပိုပြီး မြင့်မားတဲ့နယ်ပယ်တစ်ခုလား.."
ဥက္ကဌချီက တအံ့တသြ ရေရွတ်လိုက်သည်။
ပိုပြီးမြင့်မားသည့် နယ်ပယ်တစ်ခုရှိသည်ဟု သူယုံကြည်သော်လည်း အလွန်အကျွံတော့ မဟုတ်ပေ။
သို့သော်လည်း ကျင့်ကြံခြင်းသီအိုရီ၏ အခြေခံသဘော တရားအရ ကျင့်ကြံခြင်းသည် အဆုံးမရှိဟု ပြဋ္ဌာန်းထားခဲ့သည်။
၄င်းမှာ လူတစ်ဦး၏ XP တန်ဖိုးနှင့် တူညီသည်။
ပိုမိုအား ကောင်းလာသည်နှင့်အမျှ XP ဘားသည် တဖြည်းဖြည်းပြည့်လာပြီး နောက်ထပ်တစ်ဆင့်သို့ ရောက်ရှိသွားမည် ဖြစ်၏။
[XP=အတွေ့အကြုံရမှတ်]
ကျင့်ကြံခြင်း၏ သော့ချက်သည် စိတ်၀ိညာဥ်ချီပေါ်တွင် မူတည်သည်။
ထို့ကြောင့် ကမ္ဘာပေါ်ရှိ စိတ်၀ိညာဥ်ချီ အားလုံးကို ခန္ဓာကိုယ်အတွင်း စုပ်ယူသိမ်းဆည်းနိုင်လျှင် သီအိုရီအရ ထိုကျင့်ကြံသူသည် မျက်စိတစ်မှိတ်အတွင်း သာမန်လူများ အိပ်မက်ပင် မမက်နိုင်သည့် အဆင့်သို့ ရောက်ရှိသွားလိမ့်မည် ဖြစ်သည်။
သို့သော် ထိုကဲ့သို့ လုပ်ဆောင်ရန်အတွက် အလွန်သန်မာသော ခန္ဓာကိုယ်တစ်ခုတော့ လိုအပ်၏။
သီအိုရီအရ သူတောင်စင်ခန္ဓာကိုယ်သည် အမြင့်ဆုံးအဆင့်တွင်ရှိသောခန္ဓာကိုယ် တစ်ခု ဖြစ်သည်။
သို့တိုင် သူတော်စင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် အမှောင်ဘိုးဘေးသည် ထိုအချိန်က ကျရှုံးခဲ့ရသေးသည်။
သို့ဆိုလျှင် နောက်ကွယ်မှလူကရော၊ အမှန်တကယ်လုပ်ဆောင်နိုင်ပါမည်လော။
---------------
ဆံဖြူလူငယ်တစ်ယောက်သည် စွန့်ပစ်စက်ရုံ၏ ပင်မတံခါးကို တွန်းဖွင့်ကာ အပြင်သို့ ထွက်လာခဲ့သည်။
"အရှင်"
အိပ်မက်ဆိုးက ဦးညွှတ်လိုက်ပြီး အမှောင်ဘိုးဘေး၏ ဦးခေါင်းခွံကို လက်နှစ်ဖက်ဖြင့် ဆက်သလိုက်သည်။
ဆံဖြူလူငယ်က ထိုဦးခေါင်းခွံကို စည်းတံဆိပ်ခတ်လိုက်ပြီး လေထဲတွင် ရပ်တန့်နေအောင် ပြုလုပ်လိုက်သည်။
ဤသည်က ဆံဖြူလူငယ်၏ ရှင်သန်ထမြောက်ခြင်းမှော်အတတ်ဖြစ်သည်ကို သိသော်လည်း အိပ်မက်ဆိုးသည် ထိုအတတ်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
သို့သော်လည်း ထိုကဲ့သို့သော မှော်အတတ်များသည် ပြန်လည်ပေးဆောင်ရသည့် အဖိုးအခ အလွန်ကြီးမားကြောင်း သူကြားဖူးသည်။
သို့သော်လည်း ဆံဖြူလူငယ်အသုံးပြုသည့် ရှင်သန်ထမြောက်ခြင်း မှော်အတတ်သည် သူသိထားသည့် တားမြစ်မှော်အတတ်များနှင့် လုံး၀ကွဲပြားနေသည်ကို အိပ်မက်ဆိုး မြင်ခဲ့ရသည်။
၄င်းက တားမြစ်မှော်အတတ်များလို ပင်ပန်းနွမ်းနယ်မှုကို မခံစားရပေ။
ထိုအစား ဆံဖြူလူငယ်၏ အနားတွင် ရှိနေသည့် အိပ်မက်ဆိုးသည် အဆုံးမဲ့အားမာန်နှင့် တက်ကြွမှုများကို ခံစားခဲ့ရသည်။
ဤမှော်အတတ်၏ အရှိန်အ၀ါသည် သူ့ကို ပေါ့ပါးသောခံစားချက်များ ရရှိစေခဲ့သည်။
နွေဦးလေညှင်းနှင့် မိုးက ကမ္ဘာကြီးကို လန်းဆန်းစေသကဲ့သို့ပင် အိပ်မက်ဆိုးသည် ကြည်နူးမှုကို ခံစားခဲ့ရသည်။
ဆံဖြူလူငယ်သည် သူမျှော်လင့်ထားသည့် အတိုင်း အစွမ်းထက်သည်ဟုသာ ပြောနိုင်တော့သည်။
နံဘေးကနေ စောင့်ကြည့်ရင်း အိပ်မက်ဆိုးသည်ဆံဖြူလူငယ်အပေါ်တွင် လေးစားမှုများ ယိုဖိတ်လာခဲ့သည်။
အားလုံးပြီးနောက်တွင် ဆံဖြူလူငယ်သည် ဦးခေါင်းခွံထဲသို့ စိတ်၀ိညာဥ်ချီကို ထည့်သွင်းလိုက်ပြီး မြေကြီးထဲတွင် မြှပ်နှံလိုက်သည်။
ထိုခဏမှာပင် စိမ်းလန်းသော အညွန့်များသည် မြေကြီးကနေ ချက်ချင်းဆိုသလို ပေါက်လာခဲ့၏။
"ပြန်လည်မွေးဖွားခြင်းပန်းက မနက်ဖြန်ကျ ပွင့်လာလိမ့်မယ်.. ပန်းပွင့်ချိန်ရောက်ရင် အမှောင်ဘိုးဘေး နိုးထလာပါလိမ့်မယ်"
ဆံဖြူလူငယ်က အိပ်မက်ဆိုးကို ရှင်းပြပြီးနောက်တွင် သမ်းဝေလိုက်သည်။
"ဒီမှော်အတတ်ရဲ့ ဘေးထွက်ဆိုးကျိုးက အိပ်ငိုက်တာလား.."
အိပ်မက်ဆိုးက တအံ့တသြ ဖြစ်သွားခဲ့သည်။
ဘေးထွက်ဆိုးကျိုးက အိပ်ငိုက်ခြင်းသာ အမှန်တကယ် ဖြစ်လျှင် ဘေးထွက်ဆိုးကျိုး လုံး၀မရှိဟုပင် သတ်မှတ်၍ ရပေသည်။
လူတစ်ယောက်ကို ရှင်သန်ထမြောက်အောင် လုပ်ဆောင်ခြင်း၏ ဆိုးကျိုးသည် အိပ်ငိုက်ခြင်းသာ ဆိုလျှင် ထိုစွမ်းရည်သည် အမှန်တကယ်ကို ထိတ်လန့်အံ့သြစရာပင် မဟုတ်ပါလော။
အိပ်မက်ဆိုး၏ အံ့အားသင့်နေသော အကြည့်အောက်မှာပင် ဆံဖြူလူငယ်သည် သူ၏ အခန်းထဲသို့ ပြန်လာခဲ့သည်။
အခန်းထဲသို့ ရောက်လျှင် သူက မှန်ထဲကို လှမ်းကြည့်လိုက်သည်။
သူ၏မျက်နှာက ပင်ပန်းနေပုံ ပေါ်နေခဲ့သည်။
ဤသည်မှာ ရှင်သန်ထမြောက်ခြင်း လျှို့၀ှက်မှော်အတတ်ကို အသုံးပြုခြင်း၏ ပုံမှန် အကျိုးသက်ရောက်မှုသာ ဖြစ်၏။
သူက သူ့ကိုယ်သူ မှန်ထဲသို့ စိုက်ကြည့်ရင်း သမ်းဝေလိုက်သည်။
ထို့နောက် ရှုပ်ထွေးသော အတွေးများဖြင့် သူ၏မျက်နှာကို လက်ဖြင့် ထိကိုင်လိုက်၏။
"ငါက ဘာလို့ အဲဒီလူနဲ့ ဒီလောက်တောင် တူနေရတာလဲ.."
သို့သော် ထိုလူငယ်သည် သူ့ကို ယခုအချိန်ထိ မတွေ့ဖူးသေးပေ။
ထိုခဏမှာပင် ဆံပင်တမျှင်သည် သူ၏ခေါင်းကနေ လွင့်စင်လာခဲ့သည်။
စင်စစ် ရှင်သန်ထမြောက်ခြင်း မှော်အတတ်၏ နောက်ဆက်တွဲဆိုးကျိုးမှာ အိပ်မက်ဆိုးထင်ခဲ့သည့်အတိုင်း ငိုက်မြည်းခြင်းမျှသာ မဟုတ်ပေ။
ဤမှော်အတတ်သည် လူတစ်ဦးကို လုံး၀ အသက်ပြန်လည်ရှင်သန်စေနိုင်သည့် မှော်အတတ် ဖြစ်သည်။
ဆိုရလျှင် ထိုမှော်အတတ်သည် ကောင်းကင်တာအို၏ ညီမျှသော လဲလှယ်မှုဆိုင်ရာ ဥပဒေသကို မည်သို့မျှ ချိုးဖျက်၍မရပေ။
ဆံဖြူလူငယ်ပင်လျှင် ကြီးမားသော အဖိုးအခကို ကောင်းကင်တာအိုအား ပေးအပ်ခဲ့ရသည်။
ထိုအဖိုးအခမှာ သက်တမ်းလျော့နည်းသွားခြင်း သို့်မဟုတ် ကိုယ်တွင်းအင်္ဂါ ထိခိုက်သွားခြင်းမျိုး မဟုတ်ပေ။
အခြားသော ရှင်သန်ထမြောက်သော မှော်အတတ်များ၏ ဆိုးကျိုးများနှင့် နှိုင်းယှဥ်လျှင်မူ အကျိုးသက်ရောက်မှုသည် အလွန်ပင် နည်းပါးသည်။
ဆံဖြူလူငယ်က အောက်သို့ကျနေသည့် သူ၏ အဖြူရောင်ဆံချည်မျှင်ကို ကြည့်လိုက်သည်။
ထို့နောက် သူက လက်ချောင်းဖြင့် ဂရုတစိုက် ကောက်ယူလိုက်ပြီး အပ်တစ်ချောင်းကို ထုတ်ကာ ဆံပင်ကို ထိုအပ်ထဲသို့ ထည့်လိုက်သည်။
ဆံဖြူလူငယ်က သူဘာလုပ်နေသည်ကို ကောင်းစွာသိသည်။
သူ့တွင် တခြားနည်းလမ်း မရှိခဲ့ပေ။
အဘယ်ကြောင့်ဆိုသော် ဆံပင်ကျွတ်ခြင်းသည် သူပြန်လည်ခံယူရမည့် ရှင်သန်ထမြောက်ခြင်းမှော်အတတ်၏ နောက်ဆက်တွဲ ဆိုးကျိုး ဖြစ်သောကြောင့်ပင်။
ထို့နောက် သူသည် ခေါင်းပေါ်ရှိ ဆံပင်တု အစွပ်ကို
ဖယ်ရှားကာ ချောမွေ့တောက်ပြောင်သော ဦးရေပြား
ကို ဖော်ထုတ်လိုက်သည်။
ဆံဖြူလူငယ်က အစောပိုင်းက ကျွတ်သွားသော ဆံပင်ဖြူကို အပ်ဖြင့် ဆံပင်အတုတွင် တင်းကြပ်စွာ ချုပ်နှောင်လိုက်သည်။
ဤသည်က သူ၏ ဆံပင်အစစ်များဖြင့် ပြုလုပ်ထားသည့် ဆံပင်တုအစွပ် ဖြစ်၏။
ဆိုရလျှင် ရှင်သန်ထမြောက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးသည် ဆံပင်ကျွတ်ခြင်းပင် ဖြစ်သည်။
ထို့အပြင် သူ၏ဆံပင်များသည် ကျွတ်သွားပြီးသည့်နောက်တွင် နောက်တစ်ကြိမ် ထပ်မံ မပေါက်နိုင်တော့ပေ။
အပိုင်း(၁၁၁၆) ပြီး၏