← Chapters

အထူးတပ်သား စန်းယွမ်

Vol. 75 Ch. 1117

အထူးတပ်သား စန်းယွမ်

Vol. 75 Ch. 1117

အင်္ဂါနေ့ နို၀င်ဘာလ ၁၁ရက်၊

စိတ်၀ိညာဥ်အပင်များနှင့် ရန်သူများအကြောင်းကို အသိပညာပေးပြီးနောက်တွင် ကျောင်းအုပ်ကြီးချန်းသည် ပြိုင်ပွဲ၀င်ကျောင်းသားများကို အထူးလေ့ကျင့်ရေး အတန်းချိန်အတွင်း၌ တတိယသင်ခန်းစာကို သင်ပေးခဲ့သည်။

ကျောင်းအုပ်ကြီးချန်းသည် ပထမသင်ခန်းစာနှစ်ခု၏ အဓိကအချက်အလက် အားလုံးကို ခြုံငုံ၍ တစ်နေကုန် သင်ပေးခဲ့ပြီးပြီဖြစ်သည်။

ပြိုင်ပွဲ၀င်ကျောင်းသားများအနေဖြင့် ကျောင်းအုပ်ကြီးချန်း ဝေမျှထားသည့် စာရွက်ထဲမှ အကြောင်းအရာများကို တတ်နိုင်သမျှ အလွတ်ကျက်ရန်သာ လိုတော့၏။

ယခုတစ်ခေါက်တွင် ခရိုင်အဆင့် ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်ပွဲကို အမျိုးသားအဆင့်ပြိုင်ပွဲတစ်ခုအဖြစ် အဆင့်မြှင့်တင်ခဲ့သည်။

အမှတ်၆၀ အထက်တန်းကျောင်းသည် အဓိကမြို့ပြ အထက်တန်းကျောင်းအဖြစ် အဆင့်မြှင့်တင်ခံရတော့မည် ဖြစ်သောကြောင့် ​ကျောင်းအုပ်ကြီးချန်းသည် အမှတ်၆၀ အထက်တန်းကျောင်းကို ပြိုင်ပွဲတွင် အဆင့်ကောင်းကောင်းဖြင့် ရပ်တည်စေလိုခဲ့သည်။

သူ၏ ကျောင်းအုပ်သက်တမ်း အတွင်း အမှတ်၆၀ အထက်တန်းကျောင်းကို မြင့်မားသည့်နေရာသို့ ပို့ဆောင်နိုင်ခဲ့လျှင် ၄င်းသည် သူ၏ အနာဂတ်အတွက်ကို သာမက ကျောင်းသားများနှင့် ဆရာများအတွက်ပါ ကြီးမားသော အကျိုးကျေးဇူးများ ရရှိလာစေမည် ဖြစ်သည်။

ဤရှစ်ရက်ကြာပြိုင်ပွဲသည် တောရိုင်းထဲတွင် ယှဥ်ပြိုင်ရသော ပြိုင်ပွဲဖြစ်၍ ခက်ခဲကြမ်းတမ်းသော ပြိုင်ပွဲတစ်ခု ဖြစ်သည်။

နိုင်ငံတ၀ှမ်းရှိ အထက်တန်းကျောင်း ၁၀၂ ကျောင်းမှ ကျောင်းသားကျောင်းသူများသည် မကြာတော့မည့် ကာလအတွင်း နဂါးကိုးကောင် တောင်အတွင်း၌ ပြိုင်ပွဲ၀င်ရတော့မည် ဖြစ်သည်။

ယခုတစ်ကြိမ်က အမျိုးသားအဆင့် ပြိုင်ပွဲဖြစ်သော

ကြောင့် ယခင်နှစ်များထက်ပင် ပိုမို၍ စိန်ခေါ်မှုရှိလာပြီး အန္တရာယ်လည်း ပိုမိုများပြားလာသည်။

ခရိုင်အဆင့်တွင် နှစ်အတော်ကြာကျင်းပခဲ့သည့် ခန္ဓာကိုယ်နည်းစနစ် နှီးနှောဖလှယ်ပွဲ ကျင်းပသည့်နေရာသည် အလွန်သေးငယ်ပြီး နဂါးကိုးကောင်တောင်လောက် မကျယ်ပြောလှပေ။

ယခင်နှစ်များက ကျောင်းသားများသည် ထိုကဲ့သို့ နဂါးကိုးကောင်တောင်ထက် အတော်လေးသေးငယ်သည့် ဧရိယာမှာပင် လုံး၀သုတ်သင်ခံရနိုင်သည့် အန္တရာယ်များ ရှိနေခဲ့သည်။

ယခုတစ်ကြိမ်တွင်မူ နဂါးကိုးကောင်တောင်ပေါ်၌ ပြိုင်ပွဲကို ဆင်နွှဲရတော့မည် ဖြစ်၏။

အနည်းငယ် သတိမထားမိသည်နှင့် အဖွဲ့တစ်ဖွဲ့လုံးကိုပါ သေဆုံးမှုများ ဖြစ်ပေါ်စေနိုင်သည်။

ကျောင်းအုပ်ကြီးချန်းသည် တောထဲတွင် ရှင်သန်နိုင်စွမ်းနှင့် ပတ်သက်၍ ကျောင်းသားများအား သင်ကြာပေးရန်အတွက် သူ၏ အဆက်အသွယ်များကို အသုံးပြုကာ ဆရာတစ်ဦးကို ဖိတ်ခေါ်ခဲ့သည်။

ထိုဆရာမှာ ခမ်းနားသော အင်မော်တယ်အထူးတပ်ဖွဲ့မှ စစ်သည်တစ်ဦး ဖြစ်သည်။

ခမ်းနားသောအင်မော်တယ် အထူးတပ်ဖွဲ့၏ ၀တ်စုံကို ၀တ်ဆင်ထားသော စန်းယွမ်သည် ထိုနေ့တွင် ကျောင်း အုပ်ကြီး၏ ဖိတ်ကြားချက်အရ အမှတ်၆၀ အထက်တန်းကျောင်းသို့ ရောက်လာခဲ့သည်။

စန်းယွမ်က သူ၏ မျက်နှာတစ်၀က်ကို နှာခေါင်းကနေ

စတင်၍ ခမ်းနားသော အင်မော်တယ် သင်္ကေတ ရေးထွင်းထားသည့် သံမျက်နှာဖုံးဖြင့် ဖုံးကွယ်ထားသည်။

သူ၏နက်မှောင်သော မျက်ခုံးမွှေးများနှင့် တောက်ပသော မျက်လုံးများအရ ရုပ်ဆိုးသောကြောင့် သူ့ကိုယ်သူ ဖုံးကွယ်ထားခြင်း မဟုတ်သည်မှာ သိသာလှသည်။

စန်းယွမ်အနေဖြင့် မျက်နှာတစ်ခုလုံးကို ထုတ်ဖော်မပြသသည်မှာ လျှို့၀ှက်သဘောတူညီမှု တစ်မျိုးမျိုးနှင့် သက် ဆိုင်နေလောက်၏။

စန်းယွမ်ကို ကြည့်ရင်း ကျောင်းသားတိုင်းသည် ကျောင်းအုပ်ကြီးချန်း၏ အားကောင်းလှသော အဆက်အသွယ်ကို မအံ့သြဘဲ မနေနိုင်ကြတော့ပေ။

ဆိုရလျှင် စန်းယွမ်သည် ခမ်းနားသောအင်မော်တယ် အထူးတပ်ဖွဲ့၏ စစ်သည်တစ်ဦး ဖြစ်သည်။

ထိုအဖွဲ့သည် ဟွာရှို့နိုင်ငံ၏ အကျော်ကြားဆုံး အထူးတပ်ဖွဲ့ ဖြစ်ပြီး တိုင်းပြည်အတွက် အလွန်အရေးကြီးသော တာ၀န်များစွာကို ထမ်းဆောင်ရသောအဖွဲ့ ဖြစ်သည်။

ဥက္ကဌချီသည် ၀မ်မင်၏ သက်တော်စောင့်အဖြစ် တာ၀န်ထမ်းဆောင်ရန်အတွက် ခမ်းနားသော အင်မော်တယ်အထူးတပ်ဖွဲ့မှ ကျိုက်ယန်ကို ယခင်က ငှားရမ်းခဲ့ဖူးသည်။

သို့သော် ဥက္ကဌချီမှာ နိုင်ငံစတင်တည်ထောင်သူဗိုလ်ချုပ်ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည်။

သူ၏ဂုဏ်သတင်းကြောင့် ခမ်းနားသော အင်မော်တယ်အထူးတပ်ဖွဲ့မှ တစ်စုံတစ်ဦးကို ငှားရမ်းရန်မှာ အလွန်ပင် လွယ်ကူသည်။

၀မ်လင်းသည် ကျောင်းအုပ်ကြီးချန်း ထံတွင် ဤမျှအားကောင်းသော အဆက်အသွယ်များ ရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့အပြင် စန်းယွမ်သည် ခမ်းနားသောအင်မော်တယ် အထူးတပ်ဖွဲ့ကနေ အနားယူနေသော ၀န်ထမ်းတစ်ဦးလည်း ဖြစ်သည်။

ထိုကဲ့သို့သောသူမျိုးက ကျောင်းသားများကို သင်ကြားရန် သဘောတူလိုက်ခြင်းသည် ကျောင်းအုပ်ကြီးချန်းကို မျက်နှာသာ ပေးလိုက်ခြင်း ဆိုလည်းမမှားပေ။

"ကျေးဇူးတင်ပါတယ် ညီနောင်စန်းယွမ်"

ကျောင်းအုပ်ကြီးချန်းက စန်းယွမ်၏ ပုခုံးကိုပုတ်ကာ ပြုံး၍ ပြောလိုက်သည်။

၀မ်လင်းတို့တင်မကဘဲ အတန်းပြီးဆုံးပြီးနောက် အားကစားကွင်းတွင် အေးအေးလူလူ လမ်းလျှောက်နေကြသော အခြားကျောင်းသားများသည် စန်းယွမ်၏ အလွန်လေးနက်သောအသွင်အပြင်ကို အဝေးကနေ မြင်တွေ့ခဲ့ကြသည်။

"ပြိုင်ပွဲ၀င်ရမဲ့ ကောင်တွေက အတော်လေး ကံကောင်းတာပဲ.. ခမ်းနားသောအင်မော်တယ် အထူးတပ်ဖွဲ့ရဲ့ စစ်သည်ကတောင် သူတို့ကို သင်ကြားပေးနေတယ်.. သူက တကယ်ပဲ ခမ်းနားသော အင်မော်တယ်အထူးတပ်ဖွဲ့က ဟုတ်လို့လား.. အတုဖြစ်နေရင် ဘယ်လိုလုပ်မလဲ.. ခမ်းနားသော အင်မော်တယ်အထူးတပ်ဖွဲ့က လူတွေကို ဘယ်သူကမှ အတုလုပ်၀ံ့မှာမဟုတ်ဘူး.. အဲလိုလုပ်တာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာနဲ့ အတူတူပဲ"

"ငါမနာလိုဘူးကွာ...ငါတို့က ပြိုင်ပွဲ၀င်ဖို့ လုံလောက်တဲ့ကြံ့ခိုင်မှုမျိုး ဘာလို့မရှိရတာလဲ..."

"နေဦး.. ဓာတ်ပုံခိုးရိုက်လိုက်ဦးမယ်"

ကျောင်းသားတစ်ယောက်က ဖုန်းကိုထုတ်ယူ၍ ကင်မရာဖြင့် ချိန်လိုက်သည်နှင့် စန်းယွမ်က ကင်မရာဘက်သို့ လှည့်ကာ စိုက်ကြည့်လိုက်သည်။

သူ၏အကြည့်မှ အံ့သြလောက်ဖွယ် ဖိအားများကြောင့် ထိုကျောင်းသားက တုန်လှုပ်သွားပြီး ဖုန်းကို မြေပြင်ပေါ်သို့ လွှတ်ချလိုက်မိသည်။

ထိုမြင်ကွင်းကိုမြင်လျှင် ကျောင်းအုပ်ကြီးချန်းသည် ပျာပျာသလဲ တောင်းပန်လိုက်သည်။

"တောင်းပန်ပါတယ် စန်းယွမ်.. ငါသတိလက်လွတ် ဖြစ်သွားခဲ့တယ်.. ကျောင်းသားတွေကို စောင့်ကြည့်ပြီး သူတို့ရဲ့ ဖုန်းတွေကို သိမ်းထားဖို့ အခုပဲ ဆရာတွေကို အမိန့်ပေးလိုက်မယ်.. ကျောင်းကို မင်းရောက်လာတည်းက ကင်မရာတွေကို ပိတ်ထားပြီးသားပါ.. စိတ်ချ.. မင်းရဲ့ပုံတွေ ငါတို့ကျောင်းမှာမကျန်ရစ်စေရပါဘူး"

"ကျေးဇူးတင်ပါတယ်"

စန်းယွမ်၏ လျှို့၀ှက်ဆန်းကြယ်သော ယောကျာ်းလေးအသံသည် သံမဏိမျက်နှာဖုံးအောက်မှ ထွက်ပေါ်လာခဲ့သည်။

သူက အသက်ကို ခပ်ပြင်းပြင်းရှု၍ ပြိုင်ပွဲ၀င်မည့် ကျောင်းသားများ ထံသို့ လှည့်ကြည့်လိုက်သည်။

"ဒီနေ့ ကျောင်းအုပ်ကြီးချန်းက ငါ့ကိုဖိတ်ခေါ်ပြီး မင်းတို့ကို သင်ကြားခိုင်းခဲ့တယ်.. တောတောင်ထဲမှာ အသက်ရှင်ဖို့အတွက် အဓိက အရေးကြီးဆုံး အရာက ဘာလဲဆိုတာ မင်းတို့သိလား"

"အစားအစာနဲ့ ရေပါ"

ချန်းချောင်က ချက်ချင်းဆိုသလို ဖြေလိုက်သည်။

"မှန်တယ်.. ဒါက တောထဲကို ရောက်နေတဲ့ လူတိုင်း ရင်ဆိုင်ရမဲ့ ပြဿနာတစ်ခုပဲ"

ထိုသို့ပြောရင်း စန်းယွမ်သည် ယနေ့သင်ခန်းစာ၏

အကြောင်းအရာကို စတင်လိုက်တော့သည်။

"ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ မင်းတို့မှာ ခက်ခဲတဲ့ အလုပ်တစ်ခု ပိုလာခဲ့ပြီ.. မင်းတို့တွေက မှန်ကန်တဲ့အစားအစာနဲ့ ရေကို ရှာဖွေရုံသာမက အခြားကျောင်းက အဖွဲ့တွေကိုပါ တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်ဖို့ အတွက် နည်းလမ်းတွေကို ပါးပါးနပ်နပ် တွေးတောတတ်ဖို့လည်း လိုအပ်တယ်.. ငါ့ရဲ့ပထမဦးဆုံး သင်ခန်းစာက အတော်လေး ရိုးရှင်းပါတယ်"

"အဲဒါက အစားအသောက်နဲ့ ပတ်သက်တဲ့ အကြောင်းပဲ.. အစားအစာကို စားသောက်တဲ့အခါ ပါးစပ်ထဲကို အတတ်နိုင်ဆုံး အမြန်ထည့်ပြီး စားဖို့ လိုအပ်တယ်"

"ခပ်မြန်မြန် စားသောက်တာက အရေးပါလို့လား ဆရာ"

ကော်ဟောက်က မေးမြန်းလိုက်သည်။

"အစားအစာကို အမြန်ဆုံးစားနိုင်သ၍ ပြိုင်ဘက်ကို

တိုက်ခိုက်ဖို့ အခွင့်အရေး ပိုရလာလိမ့်မယ်"

စန်းယွမ်က ပြန်ဖြေလိုက်သည်။

ထိုခဏမှာပင် သူ၏လက်ထဲ၌ အလင်းရောင်များ တောက် ပသွားပြီး အုန်းသီးအရွယ်အစားခန့် အရာတစ်ခု ပေါ် ပေါက်လာသည်။

"အဲဒါက အပြာရောင်သလင်းကျောက်သစ်သီး မဟုတ်လား ဆရာ"

ချန်းချောင်က ချက်ချင်းဆိုသလို ရေရွတ်လိုက်သည်။

ယမန်နေ့က စိတ်၀ိညာဥ်အပင်များနှင့် ပတ်သက်၍

သင်ကြားပေးခဲ့ခြင်းကြောင့် သူ့အနေဖြင့် မှတ်မိနေခဲ့ခြင်း ဖြစ်သည်။

အပြာရောင်သလင်းကျောက်သစ်သီးသည် နဂါးကိုးကောင် တောင်ပေါ်တွင် တွေ့ရလေ့ရှိသည့် အထူးသစ်သီး တမျိုး ဖြစ်သည်။

၄င်းက ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနိုင်ပြီး ဗိုက်ပြည့်စေနိုင်သည့်အပြင် စိတ်ခွန်အားများကိုပင် ပေးစွမ်းနိုင်ပါသေးသည်။

ထို့အပြင် ၄င်းကို အမှုန့်ကြိတ်၍ ဒဏ်ရာကို လိမ်းလိုက်လျှင် အနာကျက်ခြင်း နှင့် သွေးထွက်ခြင်းကို ရပ်တန့်စေနိုင်သည့် အာနိသင်လည်း ရှိ၏။

ဆိုရလျှင် ဤသစ်သီးသည် အလွန်ပင် စွယ်စုံရသော သစ်သီးတမျိုး ဖြစ်သည်။

သို့သော် အပြာရောင်သလင်းကျောက်သစ်သီးသည် အလွန်ကြမ်းတမ်းသော မြေအနေအထားတွင်သာ ကြီးထွားတတ်ပြီး နေရာတိုင်းတွင် တွေ့ရလေ့ မရှိပေ။

ကျောင်းအုပ်ကြီးချန်းသည် ယမန်နေ့က ထိုသစ်သီးအကြောင်းကို ရှင်းပြရင်း ထိုသစ်သီး ပေါက်ရောက်သည့်နေရာများတွင် စစ်ပွဲဇုံ ဖြစ်လာနိုင်သည်ဟု ခံစားမိခဲ့သည်။

"ငါတို့ရဲ့အထူးတပ်ဖွဲ့မှာ တိုက်ပွဲ အခြေအနေတွေကြောင့် အစာရှောင်ဆေး အလုံအလောက် မရှိတဲ့အချိန်တွေ အများကြီး ရှိခဲ့တယ်.. ဒါကြောင့် ငါတို့ရဲ့ကြံ့ခိုင်မှုတွေကို ဖြည့်တင်းဖို့အတွက် သင့်တော်တဲ့ အရင်းအမြစ်တွေကို ရှာဖွေစားသောက်ခဲ့ရတယ်.. ကျင့်ကြံခြင်းကမ္ဘာမှာ စားသုံးလို့ရတဲ့ စိတ်၀ိညာဥ်အပင်တွေ ရှိပေမဲ့ အရွယ်အစားက အတော်လေး ကြီးမားတယ်.. ရန်သူက အချိန်မရွေး ရောက်လာနိုင်တဲ့အတွက် အချိန်မဖြုန်းပဲ မြန်မြန်ဆန်ဆန် စားတတ်ဖို့ကိုလည်း အထူးတပ်ဖွဲ့မှာ လေ့ကျင့်ရတယ်"

"မင်းတို့ကို ဥပမာ တစ်ခုပြမယ်"

ထို့သို့ပြောပြီးနောက် စန်းယွမ်သည် အုန်းသီးအရွယ်

အစားလောက် ရှိသည့် အပြာရောင်သလင်းကျောက်သစ်သီးကို သူ့မျက်နှာဖုံးနားသို့ ကပ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့လက်ထဲတွင် ကိုင်ထားသည့် အုန်းသီးအရွယ်အစား ရှိသည့် အပြာရောင် သလင်းကျောက်သစ်သီးသည် လုံး၀ ပျောက်ကွယ်သွားခဲ့သည်။

စန်းယွမ်"ငါအစောပိုင်းက မျက်နှာဖုံးကို ချွတ်ပြီး အပြာရောင်သလင်းကျောက် သစ်သီးတစ်ခုလုံးကို စားလိုက်တယ်.. ပြီးမှ မျက်နှာဖုံးကို ပြန်၀တ်လိုက်တယ်.. မင်းတို့တွေ မြင်တွေ့လိုက်ရဲ့လား..."

လူတိုင်း" ? ? ? "

"ငါတို့ အထူးတပ်ဖွဲ့၀င်တွေက ဒီလို အရှိန်အဟုန်မျိုးကို ရရှိအောင် သေသေချာချာ လေ့ကျင့်ခဲ့ကြရတယ်.. မင်းတို့တွေကတော့ ငါတို့ အထူးတပ်ဖွဲ့၀င်တွေလောက် လျင်မြန်ဖို့တော့ မလိုဘူးပေ့ါ.. ဒီနေ့ မင်းတို့သင်ယူရမဲ့ သင်ခန်းစာက အပြာရောင်သလင်းကျောက် သစ်သီးတစ်လုံးကို ငါးစက္ကန့်အတွင်း စားသုံးပြဖို့ပဲ ဖြစ်တယ်.. ဒီသတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း မပြည့်မီသ၍ မင်းတို့တွေ အပြာရောင်သလင်းကျောက်သစ်သီးကိုစားသုံးရလိမ့်မယ်"

ထို့နောက်တွင် စန်းယွမ်သည် ပြိုင်ပွဲ၀င်မည့် ကျောင်းသားများကို သစ်သီးများပေးကာ လက်တွေ့ လေ့ကျင့်စေခဲ့သည်။

"ကဲ...အားလုံးပဲ စလို့ရပြီ"

အပိုင်း(၁၁၁၇) ပြီး၏

All Chapters