အမှောင်ဘိုးဘေးရှဲ့စန်းရှောင်
Vol. 75 Ch. 1115
မကြာသေးခင်အချိန်ကစပြီး ဟွာရှို့မဟာမိတ်အဖွဲ့အစည်းသည် အလုပ်များခဲ့သည်။
၄င်းတို့က အမှောင်ဘိုးဘေး၏ ဦးခေါင်းခွံ ခိုးယူခံရပြီးနောက်တွင် ထောင်နှင့်ချီသော အင်မော်တယ် ကင်းလှည့် အဖွဲ့၀င်များကို အိပ်မက်ဆိုးကို ရှာဖွေရန်အတွက် နိုင်ငံတကာသို့ လျှို့၀ှက်စေလွှတ်ခဲ့သည်။
အကယ်၍သာ အမှောင်ဘိုးဘေး၏ ဦးခေါင်းခွံ ခိုးယူခံရသည့် သတင်းသာ ပြန့်သွားခဲ့လျှင် ဟွာရှို့မဟာမိတ်အဖွဲ့သည် ဂုဏ်သိက္ခာအားလုံး ဆုံးရှုံးသွားလိမ့်မည် ဖြစ်၏။
သိပ်မကြာခင် ဟွာရှို့မဟာမိတ် အဖွဲ့အစည်း၏ တရား၀င်နဖူးစည်းအောက်တွင် အမျိုးသားအဆင့် ခန္ဓာကိုယ် နည်းစနစ် ပြိုင်ပွဲသည် နဂါးကိုးကောင် တောင်ပေါ်၌ စတင်တော့မည် ဖြစ်သည်။
တကယ်တမ်းတွင် ဤပြိုင်ပွဲသည် နိုင်ငံတည်ထောင်ခြင်း နှစ်ပတ်လည် အထိမ်းအမှတ် ပြိုင်ပွဲတစ်ခု ဖြစ်သည်။
သို့သော်လည်း ထိုကဲ့သို့ အရေးကြီးသည့် အချိန်တွင် အမှောင်ဘိုးဘေး၏ ဦးခေါင်းခွံ ပျောက်ဆုံးသွားလိမ့်မည်ဟု မည်သူမှ ထင်မှတ်ထားမည် မဟုတ်ပေ။
အရေးကြီးဆုံးသော အချက်မှာ အမှောင်ဘိုးဘေး ရှဲ့စန်းရှောင်သည် နဂါးကိုးကောင်တောင်ပေါ်တွင် ရှုံးနိမ့်သွားရသော အချက် ဖြစ်သည်။
ထို့အတွက်ကြောင့် ဥက္ကဌချီသည် အမှောင်ဘိုးဘေး၏ ဦးခေါင်းခွံ ပျောက်ဆုံးသွားပြီးနောက်တွင် အနားမယူနိုင်ဘဲ အလုပ်များနေခဲ့သည်။
ထိုအချိန်က အဖြစ်အပျက်မျိုး ထပ်မံဖြစ်ပျက်လာမည်ကို သူအနည်းငယ် စိုးရိမ်နေမိသည်။
တင်္နလာနေ့ နို၀င်ဘာလ ၁၀ရက်၊
ထိုနေ့မွန်းလွဲပိုင်းတွင် ဥက္ကဌချီသည် ဟွာရှို့မဟာမိတ်အဖွဲ့အစည်း၏ အဆောက်အဦး အပေါ်ဆုံးထပ်ရှိ အစည်းအဝေးခန်းတွင် အလွန်အရေးကြီးသော ဧည့်သည်တစ်ဦးကို စောင့်ဆိုင်းနေခဲ့သည်။
ထိုအချိန်မှာပင် ၀န်ထမ်းတစ်ဦးသည် သူတောင်းစားတစ်ဦးကဲ့သို့ စုတ်ပြတ်သတ်နေသော အဖိုးအိုတစ်ဦးကို အစည်းအဝေးခန်း ထဲသို့ ခေါ်လာခဲ့သည်။
ထိုအဖိုးအိုက ဆံပင်များရှုပ်ပွနေပြီး ကြမ်းတမ်းသော ပိတ်အင်္ကျီကို ၀တ်ဆင်ထားသည်။
ထိုအဖိုးအိုကို မြင်တွေ့သူတိုင်းသည် တောသားလူနုံ အဖိုးအို တစ်ဦးဟု အထင်သေးကြမည်မှာ သေချာသည်။
သို့သော် ဥက္ကဌချီကမူ အဘိုးအိုကို အလွန်ရိုသေနေခဲ့၏။
သူသည် ဟွာရှို့နိုင်ငံ၏ ကြီးကျယ်ခမ်းနားသော ဗိုလ်ချုပ်ဆယ်ဦးထဲမှ တစ်ဦး ဖြစ်သည်။
ထို့အပြင် လူအများ၏ လေးစားမှုကိုခံရသည့် ဥာဏ်ပညာသူတော်စင်လည်း ဖြစ်သည်။
သို့တိုင် အဖိုးအို ရောက်လာသည်ကို မြင်လျှင် ဥက္ကဌချီသည် ပျာပျာသလဲ ရှေ့သို့တိုးကာ အဘိုးအို၏ လက်များကို ဆုပ်ကိုင်လိုက်သည်။
"ဆရာ"
ဟုတ်ပါသည်၊ ထိုအဘိုးအိုမှာ ဥက္ကဌချီ၏ ကျင့်ကြံခြင်းလမ်းစဥ်ကို တစ်ဆင့်ပြီး တစ်ဆင့် လမ်းညွှန်ပြသခဲ့သည့် ဥက္ကဌချီ၏ ဆရာမှလွဲ၍ တခြားသူ မဟုတ်ပေ။
ထို့အပြင် အဘိုးအို၌ အခြားသော အထောက်အထားတစ်ခု ရှိသည်။
ယင်းမှာ ဟွာရှို့နိုင်ငံ၏ ကောင်းကင်သွေးပြန်ကြောများကို အကာအကွယ်ပေးသူများ၏ အကြီးအကဲ ဖြစ်သည်။
ဤသည်က ပြင်ပလူများ မသိနိုင်သည့် လျှို့၀ှက်ချက်တစ်ခုဖြစ်၏။
ဟွာရှို့နိုင်ငံ၏ ကောင်းကင် သွေးပြန်ကြော တစ်ခုစီတိုင်းကို ရာဇ၀တ်သားများ၏ စွမ်းအားအရင်းအမြစ် လုယူခြင်းမှ တားဆီးကာကွယ်ရန်အတွက် ခြေသလုံးအိမ်တိုင် အင်မော်တယ်တစ်ဦးစီက နေ့ရောညပါ စောင့်ကြပ်ထားသည်။
ဆိုရလျှင် ဟွာရှို့နိုင်ငံ၏ ကောင်းကင်သွေးပြန်ကြောများကို စောင့်ကြပ်နေသည့် ကာကွယ်ရေးဦးစီးချုပ်သည် ဤစုတ်စုတ်ပြတ်ပြတ် ၀တ်ဆင်ထားသော အဖိုးအို ဟွမ်ဖုန်း သို့မဟုတ် အဘိုးအိုဟွမ်ပင် ဖြစ်၏။
စင်စစိ ကောင်းကင်သွေးပြန်ကြောများကို ကာကွယ်သောအလုပ်မှာ ပင်ပန်းလွန်းလှ၏။
ကာကွယ်ရေးဦးစီးချုပ် အနေဖြင့် အဖိုးအိုဟွမ်သည် ဤတာ၀န်ကို အလွန်ပင် အလေးအနက်ထားကာ ဆောင်ရွက်ခဲ့သည်။
ကောင်းကင်သွေးပြန်ကြောများသည် ၄င်းတို့၏ သဘာ၀အရ ကြမ်းတမ်းသော ကျေးလက်ပတ်၀န်းကျင်တွင်သာ တည်ရှိနေတတ်သည်။
မည်မျှပင် တောက်ပြောင်သစ်လွင်သော အ၀တ်အစားများကို ၀တ်ဆင်ထားပါစေ၊ ထိုကဲ့သို့သော နေရာမျိုးတွင် တခဏမျှ နေထိုင်ပြီးလျှင် သူတောင်းစား တစ်ယောက်လို ဖြစ်သွားလိမ့်မည်သာ ဖြစ်သည်။
ထိုအလုပ်က ခက်ခဲသောအလုပ်တစ်ခု ဖြစ်သော်လည်း အဖိုးအိုဟွမ်သည် နှစ်ကာလ ထောင်ပေါင်းများစွာ ကြာသည်အထိ လုပ်ဆောင်ခဲ့သည်။
ကောင်းကင်သွေးပြန်ကြောများသည် မည်မျှ အဖိုးတန်သော မြေအောက်၀ိညာဥ်ရေး သွေးပြန်ကြောများ ဖြစ်သည်ကို ရှင်းပြစရာပင် မလိုပေ။
အကယ်၍ တစ်စုံတစ်ယောက်သာ ထိုသွေးပြန်ကြောကို လုယူသွားခဲ့လျှင် ဟွာရှို့နိုင်ငံ၏ အခြေခံအုတ်မြစ်သည် ထိခိုက်သွားလိမ့်မည် ဖြစ်၏။
ဆိုရလျှင် နိုင်ငံတစ်နိုင်ငံ၏ ကံကြမ္မာသည် ကောင်းကင်သွေးပြန်ကြောများ အပေါ်တွင် မူတည်နေသည်။
ထိုအတွက်ကြောင့် အဖိုးအိုဟွမ်သည် သူ၏အလုပ် မည်မျှ အရေးကြီးသည်ကို အခြားလူများထက် ပိုမို သိရှိခဲ့သည်။
"ဆရာ..ခဏလောက် အနားယူပြီး ရေချိုးဦးမလား"
"မင်းပဲ ငါ့ကို အမြန်လာဖို့ လောပြီးတော့ ဒီရောက်မှ ရေလာချိုးခိုင်းနေတယ်"
အဖိုးအိုဟွမ်က ရယ်မော၍ ပြောလိုက်သည်။
ထို့နောက် သူက ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ထိုင်လိုက်သည်။
ဥက္ကဌချီက ခဏမျှ ကြာသည်အထိ ဘယ်ကနေ စပြောရမှန်းမသိခဲ့ပေ။
ဥက္ကဌချီ၏ ဖြစ်အင်ကို ကြည့်ပြီး အဖိုးအိုဟွမ်က ရယ်လိုက်သည်။
"အမှောင်ဘိုးဘေးရဲ့ ဦးခေါင်းခွံ ခိုးယူခံလိုက်ရတယ်လို့ မင်းငါ့ကို ပြောမလို့လား.."
"ဆရာ ဘယ်လိုသိတာလဲ.."
ဥက္ကဌချီ၏ မျက်နှာထက်တွင် အံ့အားသင့်သော အမူအရာများ ဖြစ်လာခဲ့သည်။
ဤကိစ္စသည် ထိပ်တန်း လျှို့ဝှက်ချက်တစ်ခု ဖြစ်သည် မဟုတ်ပါလော။
"အင်မော်တယ်ကင်းလှည့် အဖွဲ့၀င်တွေက အပြင်ဘက်မှာ ခြေရှုပ်နေတယ်.. ကလေးတွေကလည်း နဂါးကိုးကောင်တောင်ပေါ်မှာ ပြိုင်ပွဲတစ်ခု ဆင်နွှဲရတော့မှာ ဆိုတော့ ဒီတောင်နဲ့ ပတ်သက်မှု ရှိမလားလို့ ငါတွေးမိခဲ့တယ်.. အဲဒီအချိန်မှာ ငါပထမဦးဆုံး စဥ်းစားမိခဲ့တာက ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့ဖူးတဲ့ အမှောင်ဘိုးဘေးပဲ.. အင်မော်တယ်ကင်းလှည့်တပ်ဖွဲ့က အဖွဲ့၀င်တွေကို တစ်ချိန်တည်းမှာ နေရာအနှံ့ ဖြန့်ကျက်ထားတာကြောင့် တစ်စုံတစ်ခုကို ရှာဖွေနေတယ်ဆိုတာကို ငါတွေးမိခဲ့တယ်.. ဒါပေမဲ့ မင်းကို မတွေ့ရသေးခင်အထိတော့ ငါအတိအကျ မသိခဲ့ဘူး"
"ဆရာ့ရဲ့ ခန့်မှန်းချက်တွေက တကယ်ကို တိကျပါပေတယ်.. ဒီတပည့်က ဆရာ့ကို လေးစားမိပါတယ်"
ဥက္ကချီက လက်နှစ်ဖက်ဖြင့် ဦးညွှတ်လိုက်သည်။
အဖိုးအိုဟွမ်ကို ဤနေရာသို့ ဖိတ်ကြားရခြင်း၏
အကြောင်းရင်းမှာ အမှန်တရားကို ဖော်ထုတ်ရန် ဖြစ်သည်။
ဆိုရလျှင် အဖိုးအိုဟွမ်၏ ၀ိညာဥ်အရင်းအမြစ်သည်ဆန်းကြယ်သော စိတ်၀ိညာဥ်စွမ်းရည်ရှိသည့် ဒဏ္ဍာရီလာ အထူး၀ိညာဥ် အရင်းအမြစ်တစ်ခု ဖြစ်သည်။
အဖိုးအိုဟွမ်သည် ဥက္ကဌချီကို မြင်လိုက်သည်နှင့်စိတ်ထဲတွင် အရိုးစုတစ်ခု၏ ပုံရိပ်ကို ချက်ခြင်းဆိုသလို မြင်လိုက်ရသည်။
ထို့ကြောင့် အမှောင်ဘိုးဘေး၏ ဦးခေါင်းခွံ ပျောက်ဆုံးနေမှန်း သူသိခဲ့ခြင်း ဖြစ်၏။
"ဒီကိစ္စက တကယ်ကို အရေးကြီးနေလို့ပါ.. မဟုတ်ခဲ့ရင် ဒီတပည့်က ဆရာ့ကို မနှောင့်ယှက်ရဲပါဘူး"
"ချီချီလေး..လောက၀တ်တွေကို ထားလိုက်စမ်းပါ..'
အဖိုးအိုဟွမ်က သူ့လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ငါ့ကို ဇာတ်လမ်းတစ်ခုလုံး အသေးစိတ် ပြောပြပါဦး"
ဥက္ကဌချီက ခေါင်းညိမ့်လိုက်ပြီး မှော်အတတ်ကို အသုံးပြု၍ ဖြစ်ပျက်ခဲ့သမျှ ကိစ္စရပ်အားလုံးကို အဖိုးအိုဟွမ်၏ စိတ်ထဲသို့ ချက်ခြင်းဆိုသလို ပေးပို့လိုက်သည်။
ထို့နောက်တွင် အဖိုးအိုဟွမ်၏ အကြည့်များသည် အံ့သြသောအရိပ်အယောင်များ ဖြစ်ပေါ်လာသည်။
"အိပ်မက်ဆိုး....ဒီကောင် အသက်ရှင်နေသေးတယ်လား..တကယ်ပဲ သေပြီးတဲ့ သူတွေကို အသက်ပြန်ရှင်လာအောင် ကူညီပေးနိုင်တဲ့ ထူးဆန်းတဲ့လူတစ်ယောက် ဒီကမ္ဘာကြီးမှာ ရှိနေတယ်တဲ့လား.."
"ဆရာ.. အိပ်မက်ဆိုးရဲ့ တည်နေရာကို ရှာပေးလို့ရမလား"
"ငါ ကြိုးစားကြည့်မယ်"
အဖိုးအိုဟွမ်က အသက်ကို ခပ်ပြင်းပြင်းရှုလိုက်သည်။
သူအာရုံခံနေစဥ်အတွင်း ကြီးမားသော အခိုးအငွေ့များသည် သူ၏စိတ်ကို ဖုံးလွှမ်းသွားခဲ့သည်။
မိနစ်အနည်းငယ် ကြာပြီးနောက်တွင် အဖိုးအိုဟွမ်သည် မျက်လုံးများကို ဖွင့်လိုက်သည်။
သူ၏ခေါင်းတစ်ခုလုံးကလည်း ချွေးများဖြင့် စိုရွှဲနေပြီး မျက်နှာပေါ်တွင်လည်း အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
"ထူးဆန်းတယ်.."
"ဘာဖြစ်လို့လဲဆရာ.. တစ်ခုခု မှားနေလို့လား"
"အရင်က ငါအာရုံခံရင် ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူးဘူး.. ပုံမှန်အားဖြင့် အာရုံခံဖို့ ကြိုးစားတဲ့အခါမှာ ရှင်းရှင်းလင်းလင်း မမြင်ရရင်တောင် ပုံသဏ္ဍာန် အကြမ်းဖျင်းကိုတော့ ပုံဖော်နိုင်တယ်.. ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ငါ့ရဲ့စိတ်၀ိညာဥ်ပင်လယ်ထဲမှာ မြူခိုးတွေပဲ ထူထပ်နေတာကိုပဲ မြင်ခဲ့ရတယ်.. ငါ့အနေနဲ့ ဘာသဲလွန်စကိုမှ မရရှိခဲ့ဘူး"
"ဆရာတောင် အာရုံခံလို့ မရဘူးလား.."
"နောက်ကွယ်က လူရဲ့ အစွမ်းအစကို ငါတကယ် နားမလည်ဘူး.. သူက ငါ့ထက် ပိုအစွမ်းထက်နေမှာကို ငါစိုးရိမ်မိတယ်.. ဒီလူက အမှောင်ဘိုးဘေးကို ရှင်သန်ထမြောက်ဖို့ ကြံစည်နေတယ် ဆိုတော့ အမှောင်ဘိုးဘေးက သူ့ရဲ့နယ်ရုပ်ထက် ဘာမှမပိုဘူး.. တစ်ဖက်လူက အမှောင်ဘိုးဘေးရဲ့ စွမ်းအားကို အသုံးချဖို့ စီစဥ်ထားတယ် ဆိုတော့ ဘာကိစ္စကို ကြံစည်နေတာများ ဖြစ်နိုင်မလဲ"
အဖိုးအိုဟွမ်က ရေရွတ်လိုက်သည်။
သို့သော် သူ၏စကားက လှုံ့ဆော်မှုတစ်ခု ဖြစ်သွားပြီး
စက္ကန့်အနည်းငယ် အကြာမှာပင် သူတို့ ဆရာတပည့်
နှစ်ယောက်သည် တစ်စုံတရာကို ချက်ခြင်းဆိုသလို
တွေးမိလိုက်ကြသည်။
ထိုခဏတွင် သူတို့၏ အမူအရာက ထိတ်လန့်သွားပြီး ဆံပင်များပင် ထောင်ထသွားကြသည်။
"ပင်မသွေးကြောများလား..."
သူတို့နှစ်ယောက်က တစ်ညီတညွတ်တည်းပင် ရေရွတ်လိုက်ကြသည်။
အမှောင်ဘိုးဘေးကို အသက်ပြန်သွင်းပုံ ထောက်လျှင် တစ်ဖက်လူ၏ အစီအစဥ်သည် ပင်မသွေးပြန်ကြော အတွက် ဖြစ်သည်မှာ သေချာသလောက် ဖြစ်၏။
"နောက်ကွယ်က လူက အမှောင်ဘိုးဘေးကို အသုံးချပြီး ပင်မသွေးပြန်ကြောကနေ တဆင့် မြေအောက် သွေးပြန်ကြောတွေအားလုံးကို စုပ်ယူချင်တဲ့ပုံပဲ.. တကယ်ပဲ အဲလိုဖြစ်လာရင် ကမ္ဘာမြေရဲ့ ၀ိညာဥ်ချီက လုံး၀ကို ခြောက်သွေ့သွားနိုင်တယ်"
"ဒါက အရမ်းအရေးကြီးတဲ့ကိစ္စပဲ.. အဲဒီ အခြေအနေတွေ ဖြစ်မလာခင် အမှောင်ဘိုးဘေးကို ဟန့်တားရမယ်.. ကမ္ဘာပေါ်မှာ အမှောင်ဘိုးဘေးကို ယှဥ်နိုင်တဲ့ပြိုင်ဘက် တစ်ယောက်မှ မရှိဘူးဆိုတော့ ငါတို့အနေနဲ့ ထိပ်တန်းကျင့်ကြံသူတွေ အားလုံးကို စုစည်းပြီး သူ့ကို စုပေါင်းနှိမ်နင်းမှ ဖြစ်မယ်.. ဒီလူက အရမ်းကို ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်ပဲ.. သူသာ ရှင်သန်ထမြောက်လာမယ် ဆိုရင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ထပ်မံ ဖြစ်လာလိမ့်မယ်"
အပိုင်း(၁၁၁၅) ပြီး၏