ပြန်လည်ဝင်စားခြင်းဂေဟာမှ အကြောင်းရင်းမသိရသည့် နက်နဲသောအမှု
Vol. 75 Ch. 1118
အုန်းသီးအရွယ် စိတ်၀ိညာဥ်သစ်သီးတစ်လုံးကို ငါးစက္ကန့်အတွင်း စားသုံးခြင်းသည် လက်တွေ့မကျသည်မှာ ထင်ရှားသည်။
စန်းယွမ် စိတ်၀ိညာဥ်သစ်သီးကို စားသုံးသောအချိန်တွင် ၀မ်လင်းသည် သူ့အရှေ့ရှိ အရာအားလုံးကို ရှင်းလင်းစွာ ခွဲခြမ်းစိတ်ဖြာရန်အတွက် ဘုရင်မျက်လုံးကို အသုံးပြုခဲ့သည်။
တကယ်တမ်းတွင် စန်းယွမ်သည် အပြာရောင်သလင်းကျောက်သစ်သီးကို စားသုံးရမည့်အစား ခန္ဓာကိုယ်ထဲသို့ စုပ်ယူရန်အတွက် ၀ါးမျိုခြင်း အမျိုးအစား မှော်စွမ်းရည်ကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
အစာစားရသည့် အကြောင်းအရင်းသည် ခန္ဓာကိုယ်ကို စွမ်းအင်များ ဖြည့်တင်းပေးရန်အတွက် ဖြစ်၏။
ခမ်းနားသောအင်မော်တယ် အထူးထပ်တပ်ဖွဲ့မှ လူများသည် အစားအသောက်စားရာတွင် အရသာကို အဓိကထားလေ့ မရှိပေ။
မည်သို့သော အစားအသောက်ဖြစ်နေပါစေ၊ ၄င်းတို့၏ ခွန်အားနှင့် စိတ်ဓာတ်ပိုင်းကို လျင်မြန်စွာ ဖြည့်တင်းရန်အတွက် လိုအပ်သောအဟာရများကို ဖြည့်ဆည်းပေးနိုင်သ၍ ထိုအစားအသောက်က ၄င်းတို့အတွက် သင့်တော်သော အစားအစာများသာ ဖြစ်ပေသည်။
သို့ရာတွင် ၀မ်လင်းအနေဖြင့် စန်းယွမ်၏ လှုပ်ရှားမှုများသည် အံ့အားသင့်ဖွယ် မြန်ဆန်သည်ကိုတော့ ၀န်ခံရပေမည်။
စန်းယွမ်က မျက်နှာဖုံးကို ချွတ်လိုက်ပြီးနောက် ၀ါးမျိုခြင်း အမျိုးအစား မှော်စွမ်းရည်ကို လျင်မြန်စွာ အသုံးပြုလိုက်ပြီး အပြာရောင်သလင်းကျောက် သစ်သီးကို သူ၏ ချွေးပေါက်မှတဆင့် စုပ်ယူလိုက်ခြင်း ဖြစ်သည်။
ဤနည်းလမ်းက စွမ်းအင်ကို လျင်မြန်စွာ ဖြည့်ဆည်းပေးနိုင်သော်လည်း အားနည်းချက်မှာ အစားအသောက်၏ အရသာကို မခံစားလိုက်ရခြင်း ဖြစ်၏။
အရေးကြီးဆုံးသော အချက်မှာ ထိုကဲ့သို့ စားသုံးခြင်းသည် ဗိုက်ပြည့်သည်ဟု မခံစားရခြင်းပင်။
ယနေ့တွင် စန်းယွမ်သည် သူတို့ကို ပြတ်ပြတ်သားသား အမိန့်ထုတ်ထားသည်။
သူတို့၏ တာ၀န်မှာ ဖြစ်နိုင်သမျှ အချိန်တိုအတွင်း စားသုံးနိုင်ရန် ဖြစ်၏။
သူတို့၏ ပန်းတိုင်ကို ရောက်ရှိရန်အတွက် သာမန်စားသောက်ပုံမျိုးကိုသာ မှီခိုအားထားနေမည်ဆိုလျှင် ပြိုင်ပွဲတွင် အကျိုးသက်ရောက်မှု ရရှိရန် အလွန်ခက်ခဲမည်မှာ သေချာသည်။
၀မ်လင်းက စန်းယွမ်၏ လှုပ်ရှားမှုများကို ရှင်းရှင်း
လင်းလင်း မြင်တွေ့ခဲ့ရသလို ဝမ်ကျန်း၊ကူရွှင်းကျစ်၊ကျန်းရွမ်နှင့် လျူချင်းရီတို့သည်လည်း မြင်တွေခဲ့ရသည်။
သူတို့အပြင် ကျန်ကျောင်းသားများသည်လည်း အမှတ် ၆၀ အထက်တန်းကျောင်းမှ ရွေးချယ်ထားသည့် လက်ရွေးစင် ကျောင်းသားများ ဖြစ်ကြသည်။
ဆိုရလျှင် ၄င်းတို့သည် စစ်မှန်သော လက်ရွေးစင်ကျောင်းသားများ ဖြစ်ပြီး ဟန်ပြသက်သက် မဟုတ်ကြပေ။
ထို့ကြောင့် စွန်းရုံ၊ချန်းချောင်၊ရှားမင်၊ကော်ဟောက် နှင့် လီယိုယွဲ့ တို့သည်လည်း သဲလွန်စကို လျင်မြန်စွာ ကောက်ယူနိုင်ခဲ့ကြသည်။
ပထမဆုံးထုတ်ဖော်ခဲ့သူမှာ လီယိုယွဲ့ ဖြစ်သည်။
"ဆရာစန်းယွမ်က ပါးစပ်နဲ့မစားခဲ့ဘူးလို့ ထင်မြင်မိတယ်"
လီယိုယွဲ့က ပြုံးပြီး ပြောလိုက်သည်။
ဖန့်ရှင်းနှင့် ရှားမင်တို့၏ အတန်းဖော်ဖြစ်သော လီယိုယွဲ့သည် ထူးချွန်သော ကျောင်းသူတစ်ဦး ဖြစ်သည်။
သူမက အချက်အပြုတ်၀ါသနာပါသူ တစ်ဦး ဖြစ်ကြောင်း ၀မ်လင်း ကြားသိခဲ့ရသည်။
အခန်း ၃၏ အတန်းခေါင်းဆောင်အနေဖြင့် စွန်းရုံသည် ၀မ်လင်းကဲ့သို့ လီယိုယွဲ့နှင့် သိပ်မရင်းနှီးပေ။
စင်စစ် မိန်းကလေးအချင်းချင်း ပေါင်းသင်းဆက်ဆံရန်အတွက် နည်းလမ်းများစွာ ရှိ၏။
နေ့လည်စာအတူတူ စားသုံးကာ အိမ်သာအတူတူ သွားခြင်းသည် ခင်မင်ရင်းနှီးမှုကို မြှင့်တင်ရန် နည်းလမ်းကောင်းများ ဖြစ်ကြသည်။
"အစားအသောက်က လူတွေကို ပျော်ရွှင်စေတယ်လို့ အဖိုးပြောဖူးတယ်.. ဒါကြောင့် အစားအသောက်ကို တတ်နိုင်သမျှ အရသာရှိအောင် ချက်ပြုတ်တာက အစားအသောက်ကို လေးစားရုံသာမကပဲ စားသုံးသူတွေကိုပါ ပျော်ရွှင်စေတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်.. အစားအသောက်ကို အမှန်တကယ်တန်ဖိုးထား ခံစားပြီး မစားသောက်တဲ့သူတွေက မိမိရဲ့ဘ၀ကိုလည်း တန်ဖိုးမထားတတ်တဲ့ သူတွေပဲ"
လီယိုယွဲ့၏ မြင်းမြီးပုံ စည်းနှောင်ထားသော ဆံပင်က သူမ၏ လှုပ်ရှားမှုနှင့်အတူ လှုပ်ယမ်းသွားခဲ့သည်။
၀မ်လင်းတွင် သူမနှင့်ပတ်သက်၍ အထူးခံစားချက်တစ်မျိုး ရှိနေခဲ့သည်။
ဆိုရလျှင် သူမ၏ အစားအသောက်အပေါ် လေးစားမှုနှင့် ချက်ပြုတ်ခြင်းတွင် မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းမျိုးသည် ဖိုးဖိုး၀မ်နှင့် တူညီနေ၏။
အရသာရှိသော အစားအသောက်များကို ချက်ပြုတ်စားသောက်နိုင်သူများသည် ယေဘုယျအားဖြင့် စိတ်နေစိတ်သထား ကောင်းမွန်ကြသည်။
ထို့ကြောင့် လီယိုယွဲ့သည် ပျော်ပျော်နေတတ်သော မိန်းကလေးတစ်ဦး ဖြစ်သည်မှာ ထင်ရှား၏။
"ဒါပေမဲ့.. အဖိုးဆီမှာ အထူးခြွင်းချက်တစ်ခုတော့ ရှိတယ်.. အဲဒါက လေးလံတဲ့၀န်ကို တစ်နှစ်ပတ်လုံး တိတ်တဆိတ်ထမ်းရွက်ပြီး သူတစ်ပါးအတွက် ရှေ့ခရီးလမ်းကို ရှင်းလင်းပေးတဲ့သူ နဲ့ တိုင်းပြည်အတွက် ကြီးကြီးမားမား အကျိုးပြုခဲ့တဲ့ သူတွေကသာ အစားအစာကို အရသာမခံပဲ စားသုံးခွင့်ရှိတယ် ဆိုတဲ့အချက်ပဲ.. ဘာလို့လဲဆိုတော့ သူတို့တွေက အစားအစာကို မြန်မြန်စားသောက်ပြီး ပိုလျှံတဲ့အချိန်ကို အများအကျိုးအတွက် အသုံးချမဲ့သူတွေ မို့လို့ပဲ"
ထိုစကားအထိ ပြောပြီးနောက်တွင် လီယိုယွဲ့သည် စန်းယွမ်ဘက်သို့ လှည့်လိုက်သည်။
"ဆရာစန်းယွမ်...ဆရာ့ရဲ့ အဓိက ရည်ရွယ်ချက်က အစားအစာကို အရသာခံ စားသုံးဖို့ထက် ခွန်အားဖြည့်နိုင်အောင် လျင်လျင်မြန်မြန် စားသောက်ဖို့ကို ရည်ရွယ်တာ မဟုတ်လား"
ထိုစကားကို ပြောပြီးနောက်တွင် လီယိုယွဲ့သည် ကွေ့၀ိုက်၍ ပြောမနေတော့ပေ။
သူမ၏ ထင်မြင်ချက်ကို ချက်ခြင်းပင် တင်ပြလိုက်သည်။
"ပရော်ဖက်ရှင်နယ်လ် စစ်သားတွေက တောရိုင်းထဲမှာ အစာစားသောက်တဲ့အခါ အစာချေဖျက်မှုနဲ့ အစာစုပ်ယူမှုကို အရှိန်မြင့်တင်ဖို့အတွက် အထူးနည်းလမ်းကို အသုံးပြုတတ်တယ်လို့ အဖေက ပြောဖူးတယ်.. ဆရာစန်းယွမ် အစောပိုင်းက အသုံးပြုတဲ့ နည်းလမ်းက ၀ါးမျိုးခြင်း အမျိုးအစား မှော်စွမ်းရည် တစ်ခုခု ဖြစ်နိုင်တယ်လို့ သမီးထင်တယ်"
သူမ၏ စကားကိုကြားလျှင် စန်းယွမ်က မျက်ခုံးပင့်လိုက်သည်။
ရိုးသားစွာ၀န်ခံရလျှင် အမှတ်၆၀ အထက်တန်းကျောင်းမှ ကျောင်းသူလေး အနေဖြင့် အဓိကအချက်ကို အလျင်အမြန်ရှာဖွေနိုင်ခဲ့သည့် အတွက် သူအနည်းငယ် အံ့အားသင့်နေမိသည်။
ကျောင်းအုပ်ကြီးချန်းသည် သူ့ကို ပြိုင်ပွဲအတွက် အထူး သင်တန်းပေးရန် ဖိတ်ခေါ်ခဲ့သည်။
အစားအသောက် စားသုံးခြင်းသည် သူ၏ အထူးလေ့ကျင့်ရေး အစီအစဥ်တွင် ပထမဦးဆုံးသင်ခန်းစာဖြစ်ပြီး အလွယ်ကူဆုံးလည်း ဖြစ်သည်။
အမှတ်၆၀ အထက်တန်းကျောင်း၏ စံနှုန်းအရ ၄င်းတို့သည် လက်ရွေးစင် ကျောင်းသားများ ဖြစ်နေလျှင်ပင် သူ၏အဓိကအချက်ကို ရှာဖွေရန်အတွက် အချိန်အနည်းငယ် ယူရမည်ဟု သူတွေးထင်ခဲ့သည်။
သို့ရာတွင် ချက်ခြင်းဆိုသလို ထိုကျောင်းသူက ကောက်ချက်ချနိုင်မည်ဟု မည်သူ ထင်မိပါမည်နည်း။
လီယိုယွဲ့က စန်းယွမ်၏ အံ့အားသင့်နေသော အမူအရာကို မြင်သောအခါတွင် သူမ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း ပိုမို၍ သေချာသွားခဲ့သည်။
"ဆရာစန်းယွမ်ရဲ့ အမူအရာကို ကြည့်ရတာ သမီးခန့်မှန်းတာ မှန်ကန်နေတဲ့ပုံပဲ.. ဒီထက်ပိုပြီး တိတိကျကျ မှန်းဆရမယ်ဆိုရင် ဆရာ အသုံးပြုလိုက်တဲ့ မှော်စွမ်းရည်က ချွေးပေါက်နေ တဆင့် စွမ်းရည်တွေကို စုပ်ယူနိုင်တဲ့ ချွေးပေါက်မှတဆင့် ၀ါးမျိုခြင်းမှော်စွမ်းရည် ဖြစ်နိုင်တယ်.. ဆရာစန်းယွမ်ရဲ့ စုပ်ယူမှုအမြန်နှုန်းနဲ့ဆိုရင် ဒီနည်းစနစ်မှာ အထွတ်အထိပ်အထိ ကျင့်ကြံထားခဲ့တာ သေချာသလောက်ပဲ"
"မဆိုးပါဘူး..ဒီလောက်ထိ မြန်မြန်ကြီး မြင်နိုင်လိမ့်မယ်လို့ ငါတကယ် မမျှော်လင့်ထားမိဘူး"
မျက်နှာဖုံးအောက်ကနေ စန်းယွမ်က ကျေနပ်စွာ
ပြုံးလိုက်သည်။
"ဆရာ ချီးကျူးတဲ့ အတွက် ကျေးဇူးတင်ပါတယ်.. ဒါက သမီးရဲ့ ကျောင်းပြင်ပက အသိပညာ စုဆောင်းမှုလေး တစ်ခုပါပဲ.. အခြား အတန်းဖော်တွေမှာလည်း ကိုယ်ပိုင်သုံးသပ်မှုတွေ ရှိမယ်လို့ သမီးယုံကြည်ပါတယ်"
ထိုစကားကို ပြောပြီးသည်နှင့် လီယိုယွဲ့က နောက်သို့ပြန်ဆုတ်လိုက်သည်။
စန်းယွမ်က ပုခုံးတွန့်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် အပြာရောင်သလင်းကျောက် သစ်သီးတစ်လုံးကို ထုတ်ယူလိုက်သည်။
"ကဲ.. ဆရာဖြည်းဖြည်းချင်း သင်ပေးမယ်..ချွေးပေါက်မှတဆင့် ၀ါးမျိုခြင်းမှော်စွမ်းရည်က သင်ယူဖို့ ဘာမှ မခက်ခဲဘူး.. ဒါပေမဲ့ ဆရာ့လို အဆင့်ကို ရောက်ချင်ရင်တော့ အချိန်များများယူပြီး ပင်ပင်ပန်းပန်း လေ့ကျင့်ရလိမ့်မယ်.. ဘာမှစိတ်ဓာတ်မကျပါနဲ့.. ကြိုးစားရင် ဘာမဆို ဖြစ်နိုင်ပါတယ်"
သို့သော် စန်းယွမ်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် စွန်းရုံသည် ချွေးပေါက်မှတဆင့် ၀ါးမျိုခြင်း မှော်စွမ်းရည်ကို အသုံးပြုကာ အပြာရောင်သလင်းကျောက် သစ်သီးကို စုပ်ယူလိုက်သည်။
"ဆရာစန်းယွမ်.. ဒီလိုမျိုးလား...."
စွန်းရုံက နှိမ့်ချသောအမူအရာဖြင့် အကြံဥာဏ် တောင်းခံလိုက်သည်။
သူမက စန်းယွမ်လောက် မမြန်ဆန်သော်လည်း စန်းယွမ်ကို အံ့အားသင့်သွားစေခဲ့သည်။
"ကျောင်းသူစွန်းရုံ..မင်းအရင်က ဒီမှော်စွမ်းရည်ကို သင်ကြားခဲ့ဖူးလား"
"မသင်ဖူးပါဘူး.. ဆရာစန်းယွမ် ပထမဦးဆုံးအကြိမ် သရုပ်ပြတဲ့အချိန်မှာပဲ သမီး သင်ယူလိုက်တာပါ"
" ? ? ? "
စန်းယွမ်၏ နှုတ်ခမ်းထောင့်က ရွဲ့မလိုပင် ဖြစ်သွားခဲ့သည်။
[ချီးပဲ.. တစ်ခါမြင်လိုက်ရုံနဲ့ တတ်သွားတာတဲ့လား]
ထိုခဏတွင် ကျောင်းအုပ်ကြီးချန်းက သူ့ကို လှည့်စားလိုက်သည်ဟု စန်းယွမ် ခံစားလိုက်ရသည်။
ကျောင်းအုပ်ကြီးချန်း သူ့ဆီ အကူအညီတောင်းစဥ်က ထိုကျောင်းသားများသည် သူ့ဘ၀ တလျှောက်လုံးတွင် အဆိုးရွားဆုံးဟု ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ဖူးသည်။
အဆုံးသတ်တွင် ထိုစကားများသည် လုံး၀အမှန်တရား ဟုတ်ပုံမရပေ။
[မေဘေး အဖိုးကြီး...တော်တော်သောက်ကျင့်မကောင်းဘူး]
အပိုင်း(၁၁၁၈) ပြီး၏