လျူချင်းရီ ဒေါသပုန်ထခြင်း
Vol. 75 Ch. 1120
လျူချင်းရီတို့ ပြောခဲ့သည့်အတိုင်းပင် ၀မ်လင်းသည် ဤအရေးကြီးသော အခိုက်အတန့်တွင် ရွေးချယ်စရာ မရှိပေ။
သို့သော်လည်း နှစ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက်တွင် သူ၏ သရုပ်ဆောင်မှုက သူနှင့်အသားကျသွားသည်ဟု ခံစားခဲ့ရသည်။
ယင်းမှာ ကော်ဟောက်က သူ့ကို နွေရာသီအားလပ်ရက်တွင် ရုပ်ရှင်ရိုက်ဖို့ ခေါ်သွားစဥ်ကကဲ့သို့ပင်။
သူက ပုံမှန်အတိုင်းသာ အေးစက်စက် မျက်နှာထားဖြင့် သရုပ်ဆောင်ခဲ့သော်လည်း ဒါရိုက်တာများသည် သူ၏ သရုပ်ဆောင်ချက်ကို သဘောကျခဲ့ကြသည်။
၄င်းတို့က သူ့ကို အိုင်ဒေါလ် အများစုထက်ပင် ပို၍
သရုပ်ဆောင်ကောင်းသည်ဟု ထင်ခဲ့ကြသည်။
အကယ်၍သာ အသံသရုပ်ဆောင်ကောင်း တစ်ဦးကို ငှားရမ်းပြီး ၀မ်လင်းက နှုတ်ခမ်းကို ဟန်ပြလှုပ်ခဲ့လျှင် အိုင်ဒေါလ်တစ်ဦးအဖြစ်ပင် ပွဲဦးထွက်နိုင်လိမ့်မည် ဖြစ်သည်။
နေကာမျက်မှန်ကို တပ်ထားပြီးနောက်တွင် ၀မ်လင်းသည် ပထမစစ်ဆေးရေးဂိတ်မှ ပြိုင်ဘက်ကို တွေ့လိုက်ရသည်။
၄င်းက အွန်လိုင်းဂိမ်းများတွင် မြင်တွေ့ရလေ့ရှိသည့်
ဇာတ်ကောင်အမျိုးသားတစ်ဦးနှင့် ဆင်တူသည်။
ထိုအမျိုးသား ၀တ်ဆင်ထားသည့် ချပ်၀တ်တန်ဆာသည် အစိမ်းရောင်မီးလျှံများဖြင့် တောက်ပနေခဲ့သည်။
၀မ်လင်းက ထိုဇာတ်ကောင်ကို မြင်ဖူးသလို ခံစားခဲ့ရ၏။
"ကူ.. ကူထျန်းလဲ့"
[ကူထျန်းလဲ့=လူး၀စ်ကိုးလ်၏ တရုတ်နာမည်၊ ဂိမ်းဇာတ်ကောင် အများစု၏အသွင်အပြင်သည် မင်းသား လူး၀စ်ကိုးလ်၏ပုံစံကို အခြေခံထားသည်]
"ငါ့နာမည်က ကျန်း.. ငါက ဗိသုကာ ပညာရှင်တစ်ယောက်ပါ"
၀မ်လင်း ထင်ထားသည်နှင့် ဆန့်ကျင်ဘက်ပင် ပထမစစ်ဆေးရေးဂိတ်မှ ပြိုင်ဘက်သည် ချက်ခြင်း တိုက်ခိုက်ခဲ့ပေ။
ဤသည်က ဂိမ်းတချို့ကနေ ဒေါင်းလော့ လုပ်ထားသည့် ဇာတ်ကွက်တစ်ခုဟု သူထင်မြင်မိသည်။
လေ့ကျင့်ရေးအတွက် စစ်တပ်ကနေ အသုံးပြုထားသောကြောင့် ခမ်းနားသောအင်မော်တယ် အထူးတပ်ဖွဲ့သည် ၄င်းအတွက် အသုံးပြုခကြေး ပေးဆောင်ရလောက်၏။
"မင်းက ငါ့ကို စိန်ခေါ်တဲ့သူလား.."
မျိုးရိုးအမည် ကျန်း ဖြစ်သည့် ဗိသုကာပညာရှင်သည် ၀မ်လင်းကို ပြင်းထန်စွာ စိုက်ကြည့်၍ မေးခွန်းထုတ်လိုက်သည်။
"ငါမေးတဲ့ မေးခွန်းသုံးခုကို ဖြေပါ..အကယ်၍ မင်းဖြေနိုင်မယ်ဆိုရင် ငါမင်းကို ပထမစစ်ဆေးရေးဂိတ်ကနေ ကျော်ဖြတ်ခွင့် ပေးမယ်"
ဗိသုကာပညာရှင်ကျန်းက ပြောလိုက်သည်။
၀မ်လင်း " ? ? ? "
ဗိသုကာပညာရှင်ကျန်းက ၀မ်လင်း သူ့ကို မတုန့်ပြန်ခင်မှာပင် သူ့စကားကို ဆက်လိုက်သည်။
"ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် အဓိကကုန်ကြမ်းအဖြစ် ထုတ်လုပ်ဖို့ အသုံးပြုတဲ့ စွန့်ပစ်ပစ္စည်းတွေ ထဲမှာ ဘယ်တော့မှ ပြောင်းလဲလို့မရတဲ့ ကုန်ကြမ်းက ဘာလဲ"
၀မ်လင်း" ? ? ? "
ဗိသုကာပညာရှင်ကျန်းက ၀မ်လင်းကို စဥ်းစားဖို့ပင် အချိန်မပေးဘဲ ထိုမေးခွန်းကိုမေးပြီး နှစ်စက္ကန့် မပြည့်ခင်မှာပင် ရုတ်တရက် ဒေါသတကြီး ပြောလိုက်သည်။
"မင်းက ဒီမေးခွန်ကို မဖြေနိုင်ဘူးဆိုတာ ငါသိသားပဲ.. မင်းလည်း ဟိုမိန်းမယုတ်နဲ့ အတူတူပဲ.. ဒီကောင်မက ငါ့ရဲ့ဒီဇိုင်းကို ခိုးယူပြီး သူ့ရဲ့ကိုယ်ပိုင်ဒီဇိုင်းဆိုပြီး ဆုတစ်ဆုကိုတောင် လက်ခံရရှိခဲ့တယ်"
"ငါ့ရဲ့ လက်သီးကို မြည်းစမ်းကြည့်လိုက်စမ်း..."
ဗိသုကာပညာရှင်ကျန်းက ၀မ်လင်း၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်သည်။
ဤသည်က ရုပ်ပိုင်းဆိုင်ရာထိခိုက်မှု မဖြစ်စေနိုင်သည့် စိတ်ပိုင်းဆိုင်ရာလေ့ကျင်ရေး သရုပ်ဖော်မှုတစ်ခု ဖြစ်သည်။
သို့တိုင် နေရာလွတ်နှင့် ဦးနှောက်အာရုံကြောများက ချိတ်ဆက်ထားသောကြောင့် လူကို ထိမိသောအခါတွင် ဦးနှောက်က နာကျင်မှုကို ခံစားရမည်သာ ဖြစ်၏။
သို့သော် ဤပြိုင်ဘက်သည် ၀မ်လင်းအတွက်မူ အားကောင်းသည်ဟု မယူဆနိုင်ပေ။
၀မ်လင်းက တစ်ဖက်လူ၏ တိုက်ခိုက်မှုလမ်းကြောင်းများကို အလွယ်တကူ မှန်းဆနိုင်ခဲ့၍ ရိုးရှင်းသော ခန္ဓာကိုယ် လှုပ်ရှားမှုနည်းစနစ်များကို အသုံးပြုကာ အလွယ်တကူပင် ရှောင်တိမ်းနိုင်ခဲ့သည်။
တစ်ချိန်တည်းမှာပင် သူသည် ဆရာစန်းယွမ်၏ စကားကို တွေးတောနေခဲ့သည်။
ပြိုင်ဘက်တိုင်းတွင် အားနည်းချက်ကိုယ်စီ ရှိကြသည်။
သို့ဆိုလျှင် ဤှဗိသုကာပညာရှင်ကျန်း၏ အားနည်းချက်က အဘယ်အရာနည်း။
၀မ်လင်းက ဗိသုကာပညာရှင်ကျန်း၏ လှုပ်ရှားမှုများကို စေ့စေ့စပ်စပ် အကဲခတ်လိုက်ရာ ထိုလူ၏အောက်ပိုင်းသည် ထူးခြားစွာ တည်ငြိမ်နေပုံရကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။
ထိုလူ၏ လက်သီးနည်းစနစ်များက မည်သို့ပင် ပြောင်းလဲသွားပါစေ၊ အောက်ပိုင်းသည် အလွန်တည်ငြိမ်သော တြိဂံပုံစံဖြင့် အစဥ်အမြဲ ရှိနေခဲ့သည်။
ဆိုရလျှင် တြိဂံပုံစံသည် ဗိသုကာပညာရှင်များ နှစ်သက်ကြသည့် အတည်ငြိမ်ဆုံး ဖွဲ့စည်းပုံ ဖြစ်သည်။
ထို့နောက်တွင် တစ်ဖက်လူ၏ အောက်ပိုင်းကို စိုက်ကြည့်ရင်း ၀မ်လင်းသည် အခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်တော့သည်။
တစ်ဖက်တွင်လည်း တခြားသောသူများသည် ၀မ်လင်းကဲ့သို့ပင် တူညီသော အတွေးအမြင်များ ရှိခဲ့ကြသည်။
၄င်းတို့ကလည်း ဗိသုကာပညာရှင်များ၏ အောက်ပိုင်းကို တိုက်ခိုက်ရန် ၄င်းတို့၏ တစ်ဦးချင်းစွမ်းရည်များကို စတင်အသုံးပြုလိုက်ကြ၏။
ချန်းချောင်က ရိုးရှင်းသော်လည်း အလွန်ထိရောက်သော နည်းစနစ်တစ်ခု ဖြစ်သည့် တံမြက်လှဲကန်ချက်ကို အသုံးပြုခဲ့သည်။
ထို့နောက် ချန်းချောင်က ပေါင်းစပ် လက်သီးတွဲလုံးများကို တရစပ်အသုံးပြုကာ ပထမစစ်ဆေးရေးဂိတ်ကို တိုက်ရိုက်ရှင်းလင်းရန် ကြိုးစားခဲ့သည်။
ကော်ဟောက်၏စစ်ဆေးရေးဂိတ်ကို ရှင်းလင်းရန်
နည်းလမ်းသည် ချန်းချောင်ထက် အနည်းငယ် ပိုမိုရှုပ်ထွေးသည်။
ကော်ဟောက်က ချန်းချောင်ထက် ပို၍ လေးလံသောကြောင့် တံမြက်လှဲကန်ချက်ကဲ့သို့ လျင်မြန်သော နည်းစနစ်များသည် သူ့အတွက် လုံး၀ အလုပ်မဖြစ်ပေ။
အတန်ကြာ စဥ်းစားပြီးနောက်တွင် ကော်ဟောက်သည် အသားလုံးတင့်ကား၏ ဗားရှင်းတစ်မျိုးဖြစ်သည့် မြေလှိမ့်နည်းစနစ်ကို အသုံးပြုခဲ့သည်။
ထိုနည်းစနစ်က အစွမ်းအထက်ကြီး မဟုတ်သော်လည်း ပြိုင်ဘက်၏ လှုပ်ရှားမှုများကို ကန့်သတ်ရာတွင် အလွန်ကောင်းမွန်သော နည်းစနစ် ဖြစ်သည်။
ဆိုရလျှင် ချန်းချောင်နှင့် ကော်ဟောက်တို့ နှစ်ဦးစလုံးသည် သာမန်နည်းစနစ်အချို့ကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်၏။
ရှားမင်နှင့် လီယိုယွဲ့တို့ကမူ လူအများကြားတွင် ထင်ပေါ်လိုသော စရိုက်များ ရှိကြသည်။
သူတို့က သူတို့၏ထူးချွန်မှုများကို အလွန်အမင်း ပြသချင်ခဲ့ကြသည်။
ထို့ကြောင့် တစ်ဖက်သားအပေါ် အသုံးပြုသည့် သူတို့ ၏နည်းစနစ်များကို ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ကြ၏။
"ကောင်းကင်ဖျက်ဆီး လေရူးကန်ချက်..."
"နတ်ဆိုးမုန်တိုင်းကန်ချက်..."
သူတို့ကလည်း ပြင်းထန်သော ခြေကန်ချက် နည်းစနစ်များကို တညီတညွတ်တည်း ပြသခဲ့ကြသည်။
စွန်းရုံကမူ ပထမ စစ်ဆေးရေးဂိတ်တွင် လုံး၀ တိုက်ခိုက်စရာ မလိုခဲ့ပေ။
သူမက ဗိသုကာပညာရှင်၏ မေးခွန်းများကို လျင်မြန်စွာဖြေဆိုနိုင်ခဲ့ပြီး ထိုနေရာကို ကျော်ဖြတ်နိုင်ခဲ့သည်။
ဟွာကောရေတံခွန်လုပ်ငန်းစု၏ မမလေးသည် မျှော်လင့်ထားသည့် အတိုင်းပင် ထူးချွန်သည်ဟု ဆိုရမည်။
အပြင်ဘက်တွင် စန်းယွမ်သည် စစ်ဆေးရေးဂိတ်ကို အမှတ်၆၀ အထက်တန်းကျောင်းသားများ ကျော်ဖြတ်ပုံနှင့် ပက်သက်၍ ခေါင်းတညိမ့်ညိမ့် ဖြစ်နေခဲ့သည်။
ယခုအချိန်ထိ တကယ့်ပုဂ္ဂိုလ်ကြီးများဖြစ်သည့် ၀မ်ကျန်း၊ကျန်းရွမ်၊ကူရွှင်းကျစ်နှင့် လျူချင်းရီတို့သည် လှုပ်ရှားမှုတစ်ခုမှ မပြုလုပ်ရသေးပေ။
သူတို့အားလုံးက ၀မ်လင်း အရင်ဆုံးတိုက်ခိုက်သည်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
ဤသည်က သူတို့၏ ပထမဆုံး ဟန်ဆောင်သရုပ်ပြမှု ဖြစ်၍ အတွေ့အကြုံ နည်းပါးသေးသည် မဟုတ်ပါလော။
ထို့နောက်တွင် သူတို့လေးယောက်သည် ၀မ်လင်း၏ ကိုးရိုးကားယား ကိုယ်ဟန်အနေအထား လှုပ်ရှားပုံကို အတုယူကာ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသဖြင့် စန်းယွမ်သည် နောက်တစ်ကြိမ် အံ့အားသင့်သွားခဲ့သည်။
ဤလေးယောက်က အပြောင်းအရွှေ့ ကျောင်းသားသစ်များ ဖြစ်သည်မှာ သိသာထင်ရှားသော်လည်း မမျှော်လင့်ဘဲ ကျော်ဖြတ်နိုင်ခဲ့ကြသည်။
ထို့ကြောင့် ယခုနှစ်တွင် အမှတ်၆၀ အထက်တန်းကျောင်း၌ နဂါးနှင့်ကျားများ ရှိနေသည်ဟု ဆိုရတော့မည် ဖြစ်ပြီး အဆိုပါ အပြောင်းအရွှေ့ ကျောင်းသားသစ်များသည် အမှန်တကယ် လျို့၀ှက်ဆန်းကြယ်သည်ဟု စန်းယွမ် ခံစားခဲ့ရသည်။
ဤကျောင်းသားများသည် ၀င်ခွင့်စာမေးပွဲတွင် ထူးခြားသော ရလဒ်များ ရရှိခဲ့ကြောင်း သူကြားသိခဲ့ရသည်။
သို့သော်လည်း ယခု သူ့မျက်လုံးများနှင့် တပ်အပ်မြင်လိုက်သောအခါတွင် အံ့အားသင့်ခြင်းများကြောင့် စန်းယွမ်၏ စိတ်ဓာတ်သည် နိုးကြားလာခဲ့သည်။
လျူချင်းရီသည် ၀မ်လင်း၏ ကိုးရိုးကားယား လှုပ်ရှားမှုများကို အစပိုင်းတွင် ပုံတူကူးယူ၍ တိုက်ခိုက်ခဲ့သည်။
သို့ရာတွင် သူမသည် ရုတ်တရက် ဝေ့ကျစ်၏ အိမ်တွင် ၀မ်ကျန်းနှင့် ရန်ဖြစ်ခဲ့သည်ကို သတိရကာ ဒေါသအိုးပေါက်ကွဲသွားခဲ့သည်။
၀မ်ကျန်းသည် နမော်နမဲ့ လုပ်တတ်သူ ဖြစ်သည်။
အိမ်သာတက်ပြီးလျှင် အိမ်သာထဲ၌ တစ်သျှူးများကို ရေဆွဲမချပဲ ပစ်ချထားတတ်သည်။
မနက်မိုးလင်း၍ သွားတိုက်သောအခါတွင်လည်းသွားတိုက်ဆေးအဖုံးကို ဘယ်တော့မှ ပြန်ပိတ်လေ့မရှိပေ။
တစ်ခါတစ်ရံတွင် သူမ၏ သွားတိုက်တံကိုလည်း ယူသုံးတတ်သေးသည်။
စက်ဆုပ်ရွံရှာဖွယ် ကောင်းသောအရာမှာ ညဘက်တွင် မိုးခြိမ်းသံကဲ့သို့ အဟောက်ကြမ်းခြင်းပင် ဖြစ်၏။
ဆိုရလျှင် ၀မ်ကျန်းသည် သူမကို အမြဲလိုလို အနှောင့်အယှက် ဖြစ်စေခဲ့သည်။
ထိုမျှလောက် မုန်းစရာကောင်းသောသူကို ကြိုက်နှစ်သက်ရန်မှာ လုံး၀မဖြစ်နိုင်ပေ။
မနက်ခင်းက ၀မ်ကျန်းနှင့် ရန်ဖြစ်ခဲ့သည်ကို တွေးမိပြီး လျူချင်းရီသည် ဒေါသူပုန်ထကာ သွားများကို အံကြိတ်လိုက်သည်။
ထိုအခိုက်တွင် သူမသည် တစ်ဖက်သား၏ခန္ဓာကိုယ်အောက်ပိုင်းကို တိုက်ခိုက်နေသော အချိန်ဖြစ်သည်။
ထို့အပြင် ပြိုင်ဘက်က ၀မ်ကျန်းကဲ့သို့ ယောကျ်ားလေး ဖြစ်နေ၍ သူမ ရှည်ရှည်ဝေးဝေး စဥ်းစားမနေတော့ပေ။
ထိုကြောင့် လျူချင်းရီသည် ဗိသုကာပညာရှင်ကျန်း၏ အောက်ပိုင်းကို တိုက်ရိုက် ကန်ကျောက်လိုက်သည်။
သူမ၏ ကန်ချက်မှာ မိန်းကလေးတိုင်း သိထားသော ကန်ချက်တစ်ခု ဖြစ်သည့် မျိုးကန်းကန်ချက် ဖြစ်သည်။
အပိုင်း(၁၁၂၀) ပြီး၏