သမာဓိမရှိသူခူဟွမ်
Vol. 75 Ch. 1122
၀မ်လင်းက ရိုးရှင်းသော ဂိမ်းတစ်ခုမျှသာ ဖြစ်သည်ဟု တွေးထားသော်လည်း စစ်ဆေးရေးဂိတ်တိုင်းရှိ စစ်ဆေးရေးမှုးများသည် အမှန်တကယ်ပင် ရုပ်ပြောင်ဇာတ်ကောင်များ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ဖက်ထုပ်အရေခွံ လျှို့၀ှက်လက်နက်ပုန်း နှင့် ပတ်သက်၍
၀မ်လင်းသည် မရယ်ဘဲ မနေနိုင်တော့ပေ။
ညီနောင်မြွေသားရေက ကျော်ကြားသူတစ်ဦး ဖြစ်သော်လည်း နောက်ပိုင်းတွင် လူအများသည် သူ့ကို ရှောင်ဖယ်သွားခဲ့ကြသည်။
အဓိကအကြောင်းအရင်းမှာ ညီနောင်မြွေသားရေသည် သူ့အကို၏ မိန်းမဖြစ်သည့် သူ၏မရီးနှင့် ဖောက်ပြန်ခြင်းကြောင့်ပင်။
ဖက်ထုပ်ထက် ပိုအရသာကောင်းသောအရာ ဘာမှမရှိဟု ဆိုကြသလို ခိုးစားသောအရသာထက် ပိုကောင်းသောအရသာမရှိဟု ဆိုရိုးရှိသည် မဟုတ်ပါလော။
၀မ်လင်းက ဤဂိမ်းသည် အလွန်ပေါက်ကရ ဆန်လွန်းသည်ဟု ထင်မြင်မိသည်။
ဆိုရလျှင် ဤညီနောင်မြွေသားရေ၏ ခြိမ်းခြောက်မှုသည် သူ့အတွက် ဘာမှမဟုတ်ပေ။
အစောပိုင်းတွင် ၀မ်လင်းသည် ခန္ဓာကိုယ်နည်းစနစ်ဖြင့် ညီနောင်မြွေသားရေက တိုက်ခိုက်လာနိုင်ဖွယ်ရှိသည်ဟု ထင်ခဲ့သည်။
အဆုံးသတ်တွင် သူ့အတွက် ဒုတိယစစ်ဆေးရေးဂိတ်သည် ခက်ခဲသော အတားအဆီး မဟုတ်ခဲ့ပေ။
သို့သော်လည်း စစ်ဆေးရေးဂိတ်တစ်ခုစီသည် အခက်အခဲအဆင့် တဖြည်းဖြည်း တိုးမြှင့်လာကြောင်းကိုမူ သက်သေပြခဲ့သည်။
၀မ်လင်းက ညီနောင်မြွေသားရေ၏ လျှို့၀ှက်လက်နက်ပုန်း ဖက်ထုပ်အရေခွံများကို ရှောင်တိမ်းလိုက်သည်။
သူက ဘုရင်မျက်လုံးကို အသုံးပြုထားသောကြောင့် သူ၏ နှလုံးသားနှင့် မျက်လုံးများသည် တသားထဲ ဖြစ်နေခဲ့သည်။
သူက ရှောင်တိမ်းနေရင်း ဖက်ထုပ်အရေခွံတချို့ကို ဖမ်းကာ ဆတ်ခနဲ ပြန်လည် ပစ်လွှတ်လိုက်သည်။
ဤသို့ဖြင့် ဖက်ထုပ်အရေခွံများသည် ဓါးပျံများကဲ့သို့ လျင်မြန်စွာ ပျံသန်းသွားပြီး ညီနောင်မြွေသားရေ၏ ဗိုက်ထဲကို တိုး၀င်သွားကြသည်။
ညီနောင်မြွေသားရေက နာကျင်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားပြီး မသေဆုံးတွင် စကားတစ်ခွန်းကို ပြောဖြစ်အောင် ပြောလိုက်သေးသည်။
"ကျွန်တော်မသေခင် အကိုကြီးကို ပြောပြချင်တယ်.. မရီးကို ကျွန်တော် တကယ်ပဲ ချစ်ခဲ့တာပါ.. တကယ်လို့ အချိန်ကို နောက်ပြန်ဆုတ်လို့ ရရင်လည်း ကျွန်တော် ဒီအတိုင်းပဲ ရွေးချယ်မိမှာသေချာတယ်"
"........"
၀မ်လင်းက ရင်ထဲကနေ သက်ပြင်းရှည်ကို ချလိုက်သည်။
ဤဂိမ်း၏ ဒီဇိုင်းက မည်မျှ လက်တွေ့ဆန်သည်ကို ကြည့်ရင်း သူအံ့သြသွားခဲ့သည်။
ဂိမ်းသည် ဇာတ်ကောင်အပေါ် စက်ဆုပ်ရွံရှာစေသည့် ခံစားချက်ကိုပင် ဖန်တီးပေးခဲ့သည်။
၀မ်လင်းသည် အိမ်ထောင်ရေးဖောက်ပြန်သည့် အယူအဆကို အမြဲလိုလို ဆန့်ကျင်ခဲ့သူ ဖြစ်သည်။
ကံကောင်းစွာဖြင့် ဖေဖေ၀မ်သည် အိမ်ထောင်ဦးစီးကောင်း တစ်ဦး ဖြစ်ကြောင်း လက်တွေ့လုပ်ဆောင်မှုများဖြင့် သက်သေပြခဲ့၏။
အနည်းဆုံး မေမေ၀မ် တစ်စုံတစ်ရာ ၀ယ်ချင်သည်ဆိုလျှင် ဖေဖေ၀မ်သည် ဘယ်သောအခါမှ တုံ့ဆိုင်းခြင်း မရှိခဲ့ပေ။
ဥပမာပေးရလျှင် ၀မ်နွမ်လေး မမွေးဖွားမီနှင့် မွေးဖွားပြီးလျှင် အိမ်သုံးစရိတ််များ ပိုမိုကုန်ကျလာမည်ကို ဖေဖေ၀မ်က သိခဲ့သည်။
ထို့ကြောင့် ဖေဖေ၀မ်သည် နို့မုန့်နှင့် အနှီးများအတွက် ငွေအနည်းငယ်ကို ရှာဖွေရန် ဤကာလအတွင်း အခန်းအပ်ဒိတ် အများအပြား ရေးသားကာ အထူးကြိုးစားခဲ့သည်။
ဖေဖေ၀မ်က အင်မော်တယ်ဘုရင်ရဲ့ နေ့စဥ်ဘ၀စာစဥ်ကို ရေးသားသည့် ကတိမတည်သော ခူဟွမ်ကဲ့သို့ စာရေးဆရာနှင့် လုံး၀မတူဘဲ နေ့စဥ် စာလုံးရေနှစ်သိန်းကို ရေးသားခဲ့သည်။
သို့တိုင် ခူဟွမ်ဟု အမည်ရသည့် စာရေးဆရာသည် ဖေဖေ၀မ်ကို ယှဥ်ပြိုင်ရန် သတ္တိရှိနေဆဲပင်။
၀ီရိယတစ်ခုတည်းဖြင့် ပြောရလျှင် သူတို့သည် တူညီသောအဆင့်တွင် ရှိမနေကြပေ။
ဤအသုတ် အမှတ်၆၀ အထက်တန်း ကျောင်းသားများသည် ထူးချွန်လွန်းသည်ကို စန်းယွမ်က သိရှိသွားခဲ့သည်။
သူက ယနေ့အတွက် သင်ခန်းစာ အများအပြားပေးရန် ပြင်ဆင်ထားခဲ့သော်လည်း မနက်အစောပိုင်းမှာတင် သင်တန်းက ပြီးဆုံးသွားခဲ့သည်။
ထိုအထဲတွင် မနက်ဖြန်မှသာ သင်ကြားဖို့ ကနဦး ရည်ရွယ်ထားသည့် စစ်ဆေးရေးဂိတ် ၆ ဂိတ် လေ့ကျင့်မှုလည်း ပါ၀င်၏။
ထို့နောက်တွင် စန်းယွမ်သည် ၄င်းတို့ကို သင်ကြားပေးရန် မရှိတော့ဟု ထင်မြင်လာခဲ့သည်။
---------------
ကျောင်းအုပ်ကြီးချန်း၏ ရုံးခန်းရှိ ဆိုဖာပေါ်တွင် စန်းယွမ်သည် ခါးမတ်မတ် ထိုင်နေခဲ့သည်။
သူက စစ်တပ်မှ သင်ကြားပေးထားသော တင်းကြပ်သည့် အလေ့အထကို ဆက်လက်ထိန်းသိမ်းထားဆဲ ဖြစ်ပြီး ခါးကိုအလွန်ဖြောင့်မတ်စွာထား၍ ဆိုဖာပေါ် ထိုင်နေခဲ့သည်။
ထို့အပြင် သူ့လက်ဖ၀ါးကို ဒူးခေါင်းပေါ်တွင် တင်ကာအသာအယာလေး အုပ်ထားသည်။
ကျောင်းအုပ်ကြီးချန်းက စန်းယွမ်ကို အကြမ်းရည်တစ်ခွက် ကမ်းပေးလိုက်သည်။
စန်းယွမ်က သူ၏ သံမျက်နှာဖုံးကို ဂီယာလှည့်လိုက်ရာ မျက်နှာဖုံး၏ အလယ်ဗဟိုကနေ ပိုက်တစ်ချောင်း ထွက်လာခဲ့၏။
"ဒါက ဘယ်လိုဒီဇိုင်းမျိုးလဲ"
ကျောင်းအုပ်ကြီးချန်းက စိတ်၀င်တစား မေးလိုက်သည်။
စန်းယွမ် "ဒါက စစ်တပ်ထဲမှာ အသုံးပြုနေကျဖြစ်တဲ့ ဇကာပေါက်ပါတဲ့ ပိုက်ပါ.. တောထဲရေရှာတဲ့ အခါမှာလည်း အသုံး၀င်ပါတယ်"
စန်းယွမ်က တစ်နှစ်ပတ်လုံး မျက်နှာဖုံးကို ၀တ်ဆင်ထားသောကြောင့် မျက်နှာဖုံး၏ အမျိုးမျိုးသော အသုံးပြုမှုများကို ကျင့်သားရနေခဲ့ပြီ ဖြစ်သည်။
ယခုအကြမ်းရည် သောက်နေစဥ်မှာပင် သူက မျက်နှာဖုံးကို ၀တ်ဆင်ထားဆဲ ဖြစ်၏။
သူက အစာစားနေချိန်တွင်လည်း ချွေးပေါက်မှတဆင့် စုပ်ယူခြင်းမှော်စွမ်းရည်ကြောင့် မျက်နှာဖုံးကို ချွတ်စရာ မလိုအပ်ခဲ့ပေ။
တကယ်တမ်းတွင် အထူးတပ်ဖွဲ့ဝင်များ အတွက် ခမ်းနားသောအင်မော်တယ် အထူးတပ်ဖွဲ့မှ ထုတ်လုပ်ထားသော မျက်နှာဖုံးများသည် အမျိုးမျိုးအဖုံဖုံ အသုံး၀င်သော အံ့ဖွယ်မျက်နှာဖုံးများ ဖြစ်ကြသည်။
ကျောင်းအုပ်ကြီးချန်း ပင်လျှင် ထိုမျက်နှာဖုံး၏ လုပ်ဆောင်ချက်များကို ရှင်းရှင်းလင်းလင်း မသိခဲ့ပေ။
"စန်းယွမ်.. ငါတို့က နှစ်ပေါင်းများစွာ သူငယ်ချင်းဖြစ်ခဲ့တာပဲ.. ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ.. ငါတို့အမှတ် ၆၀ အထက်တန်းကျောင်းရဲ့ ဒီအသုတ် ကျောင်းသားတွေကို မင်းသင်ပြီးတဲ့နောက်မှာ သူတို့အပေါ် ဘယ်လိုသုံးသပ်မိလဲ"
ကျောင်းအုပ်ကြီးချန်းက စန်းယွမ်ထံမှ အကြံဥာဏ်ကို အလွန် စိတ်အားထက်သန်စွာ တောင်းဆိုခဲ့သည်။
စန်းယွမ်က အလွန်ပွင့်လင်းပြီး အားမနာတမ်း ပြောဆိုတတ်သူ တစ်ဦးဖြစ်ကြောင်း သူကောင်းစွာသိသည်။
"အမှန်အတိုင်း ပြောရမှာလား"
စန်းယွမ်က ကျောင်းအုပ်ကြီးချန်းကို စေ့စေ့ကြည့်၍ ပြောလိုက်သည်။
"မင်းစိတ်ထဲမှာ ရှိတဲ့အတိုင်းပဲပြောပါ"
စန်းယွမ်ထံမှ ဝေဖန်မှုကို မျှော်လင့်ရင်း ကျောင်းအုပ်ကြီးချန်းက ပြုံးကာ ပြောလိုက်သည်။
အကယ်၍ စန်းယွမ်သာ ပြိုင်ပွဲမတိုင်မီ သူတို့ကျောင်းမှ ကျောင်းသားများ၏ ချို့ယွင်းချက်အချို့ကို ထောက်ပြနိုင်ခဲ့လျှင် သူတို့ကျောင်းသည် အနည်းဆုံး ပြိုင်ပွဲတွင် ထိပ်တန်းသုံးဆယ် စာရင်း၀င်ရန် မျှော်လင့်ချက်အချို့ ရှိနေပြီ ဖြစ်သည်။
အဆုံးသတ်တွင် ဤတစ်ကြိမ် ပြိုင်ပွဲ၌ ကြီးကျယ်ခမ်းနားသော ဂုဏ်ကျက်သရေ အမျိုးမျိုးရှိသည့် အထက်တန်းကျောင်းပေါင်း ၁၀၂ ကျောင်း ပါ၀င်မည် ဖြစ်၏။
ဆိုရလျှင် သူတို့ကျောင်းအနေဖြင့် ပြိုင်ပွဲ၏ ထိပ်တန်း ၃၀ စာရင်း၀င်ခဲ့မည် ဆိုလျှင်ပင် အတော်လေး အံ့သြစရာ ဖြစ်နေခဲ့ပြီ ဖြစ်သည်။
ကျောင်းအုပ်ကြီးချန်းသည် ထိုထက်ပို၍ မြင့်မြင့်မားမား မမျှော်မှန်းရဲပေ။
ထိပ်ဆုံး ၁၀ ကျောင်း စာရင်းကို ၀င်ရန်မှာ သူ၏ ကျောင်းသားများအတွက် အလွန်ပင် ခက်ခဲနေလိမ့်မည် မဟုတ်ပါလော။
ထိုအတွက်ကြောင့် သေးငယ်သည့် ပန်းတိုင်တစ်ခုကို ချမှတ်လိုက်သည်ကသာ အကောင်းဆုံး ဖြစ်၏။
သို့သော်လည်း စန်းယွမ်၏အဖြေသည် ကျောင်းအုပ်ကြီးချန်းကို လုံး၀ပင် အံ့အားသင့်စေခဲ့သည်။
စန်းယွမ် "သူတို့တွေအားလုံးက ထူးချွန်တဲ့ ကလေးတွေပဲ.. သူတို့ကို ငါသင်ကြားပြီးတဲ့နောက်မှာ သူတို့တွေရဲ့ ခွန်အားက နာမည်ကြီး အထက်တန်းကျောင်းက ကျောင်းသားတွေနဲ့ သိပ်မကွာခြားဘူးလို့ ခံစားရတယ်.. သူတို့က ဥာဏ်ကောင်းကြတဲ့အပြင် အလျင်အမြန်လည်း တုံ့ပြန်နိုင်ကြတယ်.. ဒါ့အပြင် ကျောင်းသားတွေ အချင်းချင်းကြားမှာလည်း ထူးခြားတဲ့ နားလည်မှုတွေ ရှိကြတယ်"
ထိုစကားကို ကြားလျှင် ကျောင်းအုပ်ကြီးချန်းက မှင်တက်သွားခဲ့သည်။
"ထူးခြားတဲ့နားလည်မှု.. ဟုတ်လား"
"ဟုတ်တယ်.. သူတို့တွေမှာ ထင်မှတ်မထားလောက်အောင် အချင်းချင်း နားလည်မှုတွေ ရှိကြတယ်.. စစ်ဆေးရေးဂိတ် ၆ ဂိတ်နဲ့ စစ်ဆေးတဲ့အချိန်တုန်းက အပြောင်းအရွှေ့ ကျောင်းသားတွေနဲ့ ကျောင်းသားဟောင်းတွေကြားမှာ တကယ်ပဲ ထူးခြားတဲ့ စိတ်ပိုင်းဆိုင်ရာ နားလည်မှုတွေ ရှိခဲ့ကြတယ်.. အထူးသဖြင့် ကျောင်းသား၀မ်လင်းပဲ.. အပြောင်းအရွှေ့ ကျောင်းသားတွေနဲ့ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာနားလည်မှုက စိတ်ကူးယဥ်လို့ မရလောက်တဲ့အထိပဲ"
ကျောင်းအုပ်ကြီးချန်း " ? ? ? "
စန်းယွမ် "၀မ်လင်းက စစ်ဆေးရေးဂိတ်တွေကို ဖြေရှင်းတဲ့အခါ အရမ်းမြန်ဆန်တယ်.. အပြောင်းအရွှေ့ကျောင်းသားတွေကလည်း သူနဲ့ တစ်ချိန်တည်းနီးပါး စစ်ဆေးရေးဂိတ်တွေကို ဖြေရှင်းနိုင်ခဲ့ကြတယ်.. ဒါ့အပြင် သူတို့တွေက နည်းလမ်းတွေကို တစ်ပုံစံထဲ အသုံးပြုခဲ့ကြတာပဲ.. စိတ်ပိုင်းဆိုင်ရာနေရာတွေကို အကန့်ခွဲထားတာကြောင့်သာ မဟုတ်ရင် သူတို့တွေရဲ့ ဦးနှောက်ဖွဲ့စည်းပုံက တစ်ပုံစံထဲ လို့တောင် ငါသံသယ ဖြစ်မိတယ်.. ဒီကလေးတွေက တူညီတဲ့အခြေအနေအောက်မှာ တူညီတဲ့ နည်းဗျူဟာတွေနဲ့ စစ်ဆေးရေးဂိတ်တွေကို တစ်ချိန်တည်းမှာ ရှင်းလင်းနိုင်ခဲ့ကြတယ်.. ဒီလိုကြောက်ဖို့ကောင်းတဲ့ စိတ်ပိုင်းဆိုင်ရာ နားလည်မှုမျိုးကို ငါတစ်သက်လုံး တစ်ခါမှမမြင်တွေ့ဖူးခဲ့ဘူး"
ကျောင်းအုပ်ကြီးချန်း"........"
စန်းယွမ် "ဒီနားလည်မှုကိုသာ ပြိုင်ပွဲမှာ အသုံးချနိုင်ရင် အမှတ် ၆၀ အထက်တန်းကျောင်းအနေနဲ့ ဒီတစ်ကြိမ်ပြိုင်ပွဲမှာ အဆင့်မြင့်မြင့်မားမားရမှာ အသေအချာပဲ"
ကျောင်းအုပ်ကြီးချန်း "မင်းဘယ်လောက်ထိ ခန့်မှန်းထားလဲ စန်းယွမ်"
စန်းယွမ်"အနိမ့်ဆုံးတော့ ထိပ်တန်းရှစ်ကျောင်း စာရင်းထဲ ၀င်မယ်လို့ ခန့်မှန်းထားတယ်"
ထိုစကားကို ကြားလျှင် ကျောင်းအုပ်ကြီးချန်းသည် သူ၏ ချွေးများကို သုတ်လိုက်သည်။
"မင်းက တကယ်စိတ်ကူးယဥ်နေတာပဲ.. သူတို့လေးတွေအနေနဲ့ ထိပ်တန်း သုံးဆယ် စာရင်း ၀င်နိုင်ရင်ပဲ ငါကျေနပ်လှပါပြီ"
စန်းယွမ်"ယုံကြည်မှုလေး နည်းနည်းလောက် ပိုရှိတာက ဘာမှအကျိုးမယုတ်ပါဘူး ကျောင်းအုပ်ကြီးချန်း.. အာဆင်နယ်တောင် ပရီးမီးယားလိဂ်ဖလားနားကို လက်တကမ်းအလိုလောက် ရောက်ခဲ့တာပါလေ.. နည်းနည်းလောက်တော့ ယုံကြည်မှု ထားသင့်ပါတယ်"
ကျောင်းအုပ်ကြီးချန်း"........."
အပိုင်း(၁၁၂၂) ပြီး၏