ချန်ပီယံကို ခန့်မှန်းခြင်း
Vol. 75 Ch. 1123
ထိုစကားကို တခြားသူသာ ပြောခဲ့လျှင် ကျောင်းအုပ်ကြီးချန်းသည် ဟာသအဖြစ် မှတ်ယူလိမ့်မည်ဖြစ်သည်။
သို့သော်လည်း စန်းယွမ်ထံမှဖြစ်၍ ကျောင်းအုပ်ကြီးချန်းသည် ရလဒ်ကို အတော်လေး မျှော်လင့်နေမိခဲ့သည်။
တကယ်ပဲ အမှတ် ၆၀ အထက်တန်းကျောင်းသည် စန်းယွမ် ခန့်မှန်းသလို ထိပ်တန်းရှစ်ကျောင်းစာရင်းတွင် ရပ်တည်နိုင်ခဲ့လျှင် သူ့အတွက် အပျော်ရွှင်ဆုံးနေ့ရက်များ ရောက်ရှိလာလိမ့်မည် မဟုတ်ပါလော။
"စန်းယွမ် မင်းရဲ့ခန့်မှန်းချက်တွေက အမြဲတမ်း တိကျမှု ရှိတယ်.. ဒါနဲ့ ငါမင်းကို မေးခွန်းတစ်ခုမေးချင်တယ်..ဘယ်ကျောင်းက ချန်ပီယံဖြစ်မယ်လို့ မင်းထင်လဲ.. မိစ္ဆာနှိမ်နှင်းရေးအထက်တန်းကျောင်းလား ဒါမှမဟုတ် တိုင်တန် အထက်တန်းကျောင်းလား ဒါမှမဟုတ် တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်းလား"
ကျောင်းအုပ်ကြီးချန်းက မေးမြန်းလိုက်သည်။
ထိုကျောင်းသုံးကျောင်းသည် သူသတိထားရသော ကျောင်းသုံးကျောင်းဖြစ်ပြီး သူ၏ကျောင်းသားများကို စစ်မြေပြင်သို့ ၀င်သောအခါတွင် အတတ်နိုင်ဆုံး ရှောင်ရှားစေလိုသော ကျောင်းများလည်း ဖြစ်သည်။
မိစ္ဆာနှိမ်နှင်းရေး အထက်တန်းကျောင်းသည် ထိန်းချုပ်ရေးမှော်အတတ်ကို ကျွမ်းကျင်ပြီး တိုင်တန်အထက်တန်းကျောင်းသည် ကာကွယ်ရေးနှင့် ခွန်အားသန်မာမှုအပိုင်းတွင် အလွန်အမင်း အားကောင်းသည်။
တောင်ပင်လယ်အထက်တန်းကျောင်းကမူ ကြောက်မက်ဖွယ်ကောင်းသော အာရုံခံနိုင်စွမ်း ရှိကြသည်။
ထိုကျောင်းသုံးကျောင်းသည် သူတို့ဘာသာသူတို့ သီးသန့်ရှိလျှင်ပင် ပြိုင်ပွဲတွင် ဒုက္ခအပေးနိုင်ဆုံးသော ကျောင်းများ ဖြစ်ကြသည်။
အကယ်၍သာ မဟာမိတ်ဖွဲ့သွားခဲ့လျှင် ကျန်အထက်တန်းကျောင်းများ အနေဖြင့် ဒုက္ခရောက်သွားလိမ့်မည်ဖြစ်သည်။
အဆိုပါ ကျောင်းသုံးကျောင်းမှ ကျောင်းသားများသည် ချန်ပီယံဆုမရရှိခဲ့လျှင်ပင် အနည်းဆုံး ထိပ်ဆုံးလေးနေရာသို့ ၀င်ရောက်နိုင်လိမ့်မည်ဟု ကျောင်းအုပ်ကြီးချန်းက တွက်ချက်ခဲ့သည်။
ထို့အပြင် ထိုကျောင်းများသည် အတော်လေး နာမည်ကြီးပြီး မကြာသေးမီ နှစ်ပိုင်းအတွင်း ထိုကျောင်းမှ ကျောင်းသားများ၏ တိုက်ပွဲ၀င်စွမ်းဆောင်ရည်များသည် အလွန်အမင်း အထင်ကြီးစရာ ကောင်းခဲ့သည်။
တိုင်တန်အထက်တန်းကျောင်း၏ ဘတ်စ်စကတ်ဘော အသင်းသည် နိုင်ငံအတွင်း နံပါတ်၁ နေရာကို နှစ်ပေါင်းသုံးဆယ်ကြာအောင် ထိန်းထားခဲ့ပြီး တစ်ကြိမ်တစ်ခါမှ မရှုံးနိမ့်ခဲ့ပေ။
အဓိကအကြောင်းရင်းမှာ တိုင်တန် အထက်တန်းကျောင်းမှ ကျောင်းသားများ၏ ကြောက်စရာကောင်းသော ခန္ဓာကိုယ် လှုပ်ရှားမှုများကို မည်သူကမှ မကာကွယ်နိုင်သောကြောင့်ပင်။
သူတို့ရွေ့လျားသောအခါတွင် သူတို့၏ပုံစံသည် လေယာဥ်တင်သင်္ဘော သို့မဟုတ် စစ်သင်္ဘောနှင့်ပင် အလားသဏ္ဍာန်တူကြသည်။
ဆိုရလျှင် သူတို့နှင့် ရင်ဆိုင်ရသည့် အသင်းအားလုံးသည် သူတို့အနားသို့ အနည်းငယ်မျှပင် မကပ်ရဲခဲ့ပေ။
မတော်တဆ တတ်နင်းမိလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိလိမ့်မည် မဟုတ်ပါလော။
ကျောင်းအုပ်ကြီးချန်း ပြောသည်ကို နားထောင်ရင်း
စန်းယွမ်သည် တစ်ခဏမျှ စဥ်းစားခန်း ၀င်နေခဲ့သည်။
ရှင်းလင်းစွာဆိုရလျှင် ဤပြိုင်ပွဲတွင် ပါ၀င်သောကျောင်းများ၌ အင်အားကြီးမားသော ပြိုင်ဘက်များစွာ ရှိသည်။
အမှတ် ၆၀ အထက်တန်းကျောင်းနှင့် နှိုင်းယှဥ်လျှင် မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း၊ တိုင်တန် အထက်တန်းကျောင်း နှင့် တောင်ပင်လယ် ကောင်းကင် အထက်တန်းကျောင်းတို့သည် အစွမ်းထက်သော ပြိုင်ဘက်များ ဖြစ်သည်မှာ သေချာသည်။
သို့သော် ထိုထိပ်တန်းကျောင်းများ အပြင် ထျန်းရှစ်အင်ပါယာ အထက်တန်းကျောင်း၊ နေရှင်းလိဂ် အမှတ် ၁ အထက်တန်းကျောင်း ကဲ့သို့သော အင်အားကြီးမားသည့် အလယ်တန်းကျောင်း အချို့လည်း ရှိပါသေးသည်။
မှန်ပါသည်၊ စန်းယွမ် ဒုက္ခအပေးနိုင်ဆုံးဟု တွေးထားသော ကျောင်းသည် ဤစာရင်းထဲတွင် မပါ၀င်ပေ။
ပြိုင်ပွဲ၀င်ကျောင်းများတွင် ကျောင်းအုပ်ကြီးချန်း လျှော့တွက်ထားမိသည့် အလယ်တန်းကျောင်း တစ်ကျောင်း ရှိပြီး ထိုကျောင်းသည် ယခုနှစ်တွင် ချန်ပီယံ ဖြစ်လာနိုင်သည်ဟု စန်းယွမ်က ယုံကြည်ခဲ့သည်။
"ကျောင်းအုပ်ကြီးချန်း.. မျှခြေမီးလျှံအလယ်တန်းကျောင်းကို ကြားဖူးလား..."
"မျှခြေမီးလျှံအလယ်တန်းကျောင်း ဟုတ်လား..."
ကျောင်းအုပ်ကြီးက ထိုနာမည်ကို ထပ်ကာတလဲလဲ ရွတ်ဆိုရင်း စဥ်းစားခန်း ၀င်နေခဲ့သည်။
ဤကျောင်းက အလယ်တန်းကျောင်းသာ ဖြစ်၍ ကျောင်းအုပ်ကြီးချန်းက သတိထားရမည့် ပြိုင်ဘက်စာရင်းတွင် မထည့်သွင်းထားခဲ့ပေ။
"ကျောင်းအုပ်ကြီးချန်း.. ဒီကျောင်းနဲ့ပတ်သက်ပြီး ငါသိသလောက် ပြောပြရရင် ဒီကျောင်းက ကျင့်ကြံခြင်းကို လုံး၀ အဓိကဇောင်းပေးတဲ့ကျောင်း ဖြစ်တယ်.. ကျောင်းသားတွေက တစ်နေ့တာလုံးမှာ ၂ နာရီသာ အိပ်စက်ရပြီး ကျန်အချိန်တွေကို ကျင့်ကြံခြင်းမှာပဲ မြှုပ်နှံထားရတယ်.. စုပေါင်းဓားရေးလေ့ကျင့်ဖို့အတွက် နံနက် ၄ နာရီမှာ အိပ်ယာထကြရတယ်.. ကျောင်းကန်တင်းမှာ ပြင်ဆင်ပေးထားတဲ့ အစားအစာတွေကလည်း အဟာရဖြည့်တင်းဆေးတွေနဲ့ အစာရှောင်ဆေးတွေပဲ.. ပြောရရင် ငါ့အမြင်ရတော့ ဒီလိုပညာရေးမျိုးက သိပ်တော့ဟန်မကျဘူး.. ဒါပေမဲ့လည်း အဲ့ဒီကျောင်းရဲ့ ကျောင်းသား ၉၀ ရာခိုင်နှုန်းက အဓိကတက္ကသိုလ်တွေကို ၀င်ခွင့်ရကြတယ်.. အဲဒီထဲက ၉၀ ရာခိုင်နှုန်းဆိုရင် ပထမတန်းစား ကျင့်ကြံခြင်း တက္ကသိုလ်တွေကိုတောင် ၀င်ခွင့်ရကြတယ်.. အညံဆုံးကျောင်းသားတွေတောင် ဒုတိယတန်းစား တက္ကသိုလ်ကို တက်ရောက်နိုင်ကြတယ်"
စန်းယွမ်က သူသိထားသလောက်ကို ရှင်းပြလိုက်သည်။
"ဒီကျောင်းရဲ့သင်ကြားရေးစနစ်က တကယ်ပဲ အံ့သြစရာကောင်းပေမဲ့ ကျောင်းသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတတ်မှုကို ထိခိုက်စေမယ်လို့ ငါထင်တယ်"
ကျောင်းအုပ်ကြီးချန်းက ပြောလိုက်သည်။
"စန်းယွမ်.. ဒီကျောင်းက ချန်ပီယံဖြစ်နိုင်မယ်လို့ မင်းထင်နေလို့လား.. ငါတော့မထင်ဘူး.. ဘာလို့လဲဆိုတော့ ဒီကျောင်းရဲ့ ကျောင်းသားတွေက တိုက်ခိုက်ရေးစက်တွေလို ဖြစ်လာဖို့ လေ့ကျင့်သင်ကြားမှု ခံထားရတယ်.. သူတို့တွေက မှန်ကန်တဲ့သင်ကြားရေးကို မခံယူထားတဲ့အတွက် ခေါင်းမာတဲ့သူတွေဖြစ်ဖို့ အရမ်းလွယ်ကူတယ်.. ဒီလို အမျိုးသားအဆင့်ပြိုင်ပွဲမှာ လိုက်လျောညီထွေ ဖြစ်ဖို့က အရမ်း အရေးကြီးတယ်.. ဒါတင်မကသေးဘူး.. ဒီတစ်ကြိမ်ပြိုင်ပွဲ၀င်မဲ့ ကျောင်းသားတွေက အထက်တန်း ပထမနှစ်ကျောင်းသားတွေ ဖြစ်ကြတယ်.. အလယ်တန်း ကျောင်းတစ်ကျောင်းက အလယ်တန်းကျောင်းသားလေးတွေက ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ငါမထင်ဘူး"
"မင်းအတွေးမှားနေပြီ ကျောင်းအုပ်ကြီးချန်း"
စန်းယွမ်က ခေါင်းကို ခါရမ်းလိုက်သည်။
"ငါသိသလောက်ပြောရရင် မျှခြေမီးလျှံ အလယ်တန်းကျောင်းမှာ သူတို့ရဲ့ကိုယ်ပိုင် တင်းကျပ်တဲ့ ၀င်ခွင့် သတ်မှတ်ချက်တွေ ရှိတယ်.. ကျောင်းသားတွေက ကျောင်း၀င်ခွင့်ရဖို့အတွက် မိမိကိုယ်ကို ဆုံးမပဲ့ပြင်မှုနဲ့ သင်ယူနိုင်စွမ်းမှာ အတိုင်းအတာတစ်ခုထိ ရှိဖို့လိုအပ်တယ်.. သူတို့ရဲ့ ကျောင်းသားတွေက သုတသနနဲ့ သင်ယူမှုတွေမှာ အလွန်ပဲ ထူးချွန်ကြပြီး ပြဌာန်းစာအုပ်တွေကနေ သင်ယူထားတဲ့အရာတွေကို လက်တွေ့ အသုံးချတဲ့နေရာမှာ ထူးချွန်ကြတယ်.. ပြောရရင် မျှခြေမီးလျှံအလယ်တန်းကျောင်းရဲ့ ကျောင်းသားတွေအနေနဲ့ ပထမဆုံးလေ့လာရတဲ့ ဘာသာရပ်က ကော်ပီကူးယူတဲ့ ပညာရပ်ပဲ.. သူတို့ရဲ့ကျောင်းသားတိုင်းက အခြားသူရဲ့ခွန်အားတွေကို ကော်ပီကူးတဲ့အပေါ်မှာ ထူးခြားတဲ့အမြင်တွေ ရှိကြတယ်.. ဒါကြောင့် သူတို့တွေက ပြိုင်ပွဲအတွင်းမှာ မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်း၊ တိုင်တန် အထက်တန်းကျောင်း နဲ့ တောင်ပင်လယ်ကောင်းကင် အထက်တန်းကျောင်းတွေလို အဆင့်မြင့် အထက်တန်းကျောင်းတွေက နည်းဗျူဟာပိုင်းတွေကို ကော်ပီကူးယူနိုင်မှာဖြစ်တယ်.. ဒါကြောင့် သူတို့တွေက ပြိုင်ပွဲအတွင်းမှာ ကြောက်စရာကောင်းတဲ့ မိစ္ဆာကြီးတွေ ဖြစ်လာနိုင်တယ်"
စန်းယွမ်က အသေးစိတ်သုံးသပ်ကာ ပြောဆိုလိုက်သည်။
သူ၏စကားများက ချဲ့ကားပြောဆိုသည်ဟု ထင်ရသော်လည်း ကျောင်းအုပ်ကြီးချန်းသည် မျှခြေမီးလျှံ အလယ်တန်းကျောင်းမှ ကျောင်းသားများအနေဖြင့် ထူးခြားသော သင်ယူနိုင်စွမ်းရှိသည်ကို အမှန်တကယ်ပင် ကောင်းစွာသိရှိခဲ့သည်။
စန်းယွမ်သာ သူ့ကို သတိမပေးခဲ့လျှင် ဤအချက်ကို သူက မေ့လျော့နေလိမ့်မည်သာ ဖြစ်၏။
"အခုမှပဲ မျှခြေမီးလျှံ အလယ်တန်းကျောင်းရဲ့ လက်ရှိကျောင်းအုပ်ကြီးကို ငါမှတ်မိတော့တယ်"
ကျောင်းအုပ်ကြီးချန်းက အနည်းငယ် လွမ်းဆွတ်နေပုံရသော လေသံဖြင့် ပြောလိုက်သည်။
"ကျောင်းအုပ်ကြီးက ကျိုးချင်ချိုးလေ"
စန်းယွမ်က ချက်ခြင်းဆိုသလို ပြောလိုက်သည်။
"ဟုတ်တယ် ဒီကောင်ပဲ"
ကျောင်းအုပ်ကြီးချန်းက ပြုံးလိုက်သည်။
"ကျောင်းအုပ်ကြီးချန်းရဲ့အမူအရာကို ကြည့်ရတာကျောင်းအုပ်ကြီးကျိုးက ကျောင်းအုပ်ကြီးချန်းရဲ့ အသိ အကျွမ်းဟောင်း တစ်ယောက် ဖြစ်ပုံရတယ်"
စန်းယွမ်က ရယ်မော၍ ပြောလိုက်သည်။
ဆိုရလျှင် ကျောင်းအုပ်ကြီးချန်းနှင့် အတူ တက္ကသိုလ်မှ ဘွဲ့ရခဲ့သော ကျောင်းအုပ်ကြီးများအားလုံးသည် ယခင်က ကျောင်းအုပ်ကြီးချန်း၏ ကြောက်မက်ဖွယ် အထောက်အပံ့မှော်စွမ်းရည် နည်းစနစ်များဖြင့် ချေမှုန်းခြင်းကို ခံခဲ့ရဖူးသည်။
ထိုအထဲတွင် မိစ္ဆာနှိမ်နင်းရေး အထက်တန်းကျောင်းမှ
ကျောင်းအုပ်ကြီးလီချင်းရှီ နှင့် မျှခြေမီးလျှံအလယ်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ကျိုးချင်ချိုးတို့လည်း ပါ၀င်၏။
အတိတ်တုန်းက ၄င်းတို့သည် ကျောင်းအုပ်ကြီးချန်း၏ အထောက်အပံ့မှော်စွမ်းရည်များကြောင့် အကြီးအကျယ် ခံစားခဲ့ကြရသည်။
မျှခြေမီးလျှံ အလယ်တန်းကျောင်း၏ ကျောင်းအုပ်ကြီးက ကျိုးချင်ချိုးမှန်း မစဥ်းစားမိခင် ကျောင်းအုပ်ကြီးချန်းသည် ထိုအလယ်တန်းကျောင်းကို မည်ကဲ့သို့ ကိုင်တွယ်ရမည်နှင့် ပတ်သက်၍ ခေါင်းစားနေခဲ့သည်။
သို့သော် ထိုကျောင်း၏ ကျောင်းအုပ်ကြီးက ကျိုးချင်ချိုး မှန်း အမှတ်ရသည်နှင့် တစ်ပြိုင်နက် ချက်ချင်းဆိုသလိုပင် သူက ပြုံးရွှင်သွားခဲ့သည်။
"ကျိူးချင်ချိုး ဆိုတဲ့ကောင်က အမြဲတမ်း ရှေးရိုးဆန်တဲ့ကောင်ပဲ.. ဒီပြိုင်ပွဲမှာ သူ့ရဲ့ နည်းဗျူဟာက အဓိကအားနည်းချက် ဖြစ်လာနိုင်တယ်.. မျှခြေမီးလျှံ အလယ်တန်းကျောင်းက သူတို့ရဲ့ အားသာချက်အရ အစောပိုင်းအဆင့်တွေမှာ အသင်းဖော်တွေများစွာ ဆုံးရှုံးခြင်းကို ကင်းဝေးဖို့ ဦးစားပေးလုပ်ဆောင်မှာ သေချာတယ်.. ဘာလို့လဲဆိုတော့ သူတို့ရဲ့ ကော်ပီကူးနိုင်တဲ့ စွမ်းရည်ကြောင့် ပြိုင်ပွဲရဲ့ အလယ်နဲ့ နောက်ပိုင်းအဆင့်တွေမှာ အသာစီးရနိုင်လို့ပဲ
စန်းယွမ်"ဒါဆို ကျောင်းအုပ်ကြီးချန်းက သူတို့ကို ဘယ်လိုဖြေရှင်းမှာလဲ"
ကျောင်းအုပ်ကြီးချန်းက သူ့လက်ချောင်းများကို လေထဲတွင် တစ်စုံတစ်ရာအား ဖမ်းဆုပ်လိုက်သလို ပြုမူကာ ပြောလိုက်သည်။
"ဒီလိုဆိုမှတော့ ပြသနာကြီး မဖြစ်လာခင် စောစောစီးစီး ရှင်းထုတ်လိုက်ရင် ပြီးတာပဲ မဟုတ်လား"
အပိုင်း(၁၁၂၃) ပြီး၏