← Chapters

ထွက်သွား

Vol. 1-4 Ch. 26

ထွက်သွား

Vol. 1-4 Ch. 26

ရဲ့လင်းချန်သည် နေ့တိုင်း ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့နှင့် အချိန်ကုန်နေ၏။ နွေရာသီအားလပ်ရက်က မကုန်ဆုံးသေးသော်လည်း သူ့နေ့ရက်များ နှေးကွေးစွာ ကုန်ဆုံးနေ၏။

ပုံမှန်အားဖြင့် ဇာတ်ကွက်၏ လိုအပ်ချက်များအရ သူသည် သရုပ်ဆောင်များနှင့် အပိုဇာတ်ကောင်တစ်ချို့ကို နေရာချခြင်း၌ စီမံပေးရသည်။ တစ်ခါတစ်ရံ၌ သူသည် ဖန်သားပြင်၌ ထပ်ပေါ်လာပြီး ရှောင်ဖေးဖေးနှင့် အတူတူ တွဲရိုက်ရသည်။

ရဲ့လင်းချန်၏ ဆွဲဆောင်မှုရှိမှုနှင့် သရုပ်ဆောင် ကောင်းမှုတို့ကြောင့် ဒါရိုက်တာလီက ရုတ်တရက် မူရင်း ဇာတ်ညွှန်းကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်ပြီး ရဲ့လင်းချန်အတွက် ဇာတ်ကွက်များ ထပ်ထည့်လေသည်။

မူလဇာတ်ညွှန်းမှာ ဗီလိန်သည် တတိယမြောက် အရံဇာတ်လိုက်ဖြစ်သော်လည်း ယခု ဒုတိယဇာတ်လိုက်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ အခန်းကလည်း ရှောင်ဖေးဖေးနှင့် အပြိုင်ပင်။

ရှောင်ဖေးဖေးက ဤသည်ကို တက်ကြွစွာ ထောက်ခံအားပေးလေသည်။ ထို့ကြောင့် အခြားသူများက ဝင်၍ ဆန့်ကျင်ကြောင်း မပြောရဲတော့ချေ။

သာယာသော မွန်းလွဲပိုင်းအချိန်တစ်ခု၌ ရဲ့လင်းချန်သည် ရုပ်ရှင်အဖွဲ့သားများ သူ့အတွက် ပြင်ပေးထားသည့် ခုံ၌ ကျောမှီထိုင်၍ အခွံခွာထားသော လိမ္မော်သီးအား ထိုင်စားနေသည်။

“နင့်ကိုယ်နင် ဘယ်လို အနားယူရမလဲတော့ သိသားပဲ”

ရှောင်ဖေးဖေးက သူ့ထံ လျှောက်လာပြီး ပြုံး၍ ပြောလာသည်။

“သရုပ်ဆောင်တွေအားလုံးထဲမှာ နင်က စိတ်အအေးဆုံးပဲ”

“မတတ်နိုင်ဘူးလေ၊ ကျွန်တော့ကို ရီဟာဇယ် မလုပ်ဘဲ တန်းသရုပ်ဆောင်ဖို့ ဘယ်သူ ပြောတာလဲ”

ရဲ့လင်းချန် လက်ဖြန့်၍ ဆက်ပြောလိုက်သည်။

“ကျွန်တော့်အပေါ် ဒါရိုက်တာလီက ကောင်းကောင်း ဆက်ဆံတာပဲဗျ၊ ဒီလိမ္မော်သီးတွေက စားလို့ကောင်းတယ်၊ စားပါဦးလား”

ရှောင်ဖေးဖေးက တစ်လုံးယူ၍ ရဲ့လင်းချန်ကို သိချင်ဟန်ဖြင့် ကြည့်လာသည်။

“နင့်သရုပ်ဆောင် စွမ်းရည်ကို ဘယ်သူ သင်ပေးထားတာလဲ”

သူမသည် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးမှ ယခုအချိန်မှသာ ခေါင်းဆောင်မင်းသမီး ဖြစ်လာခဲ့သည်။ သူမ၏ သရုပ်ဆောင် စွမ်းရည်သည် မရေတွက်နိုင်သော သင်ခန်းစာများမှတစ်ဆင့် ပြုပြင်ပြောင်းလဲရင်း ယခုကဲ့သို့ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် ရဲ့လင်းချန်နှင့်ယှဉ်လျင် သူမအရည်အချင်းက နိမ့်နေသေးသည်။

ရဲ့လင်းချန်က စားပွဲပေါ်မှ သူ၏ “သရုပ်ဆောင်တစ်ယောက် ပြင်ဆင်ထားသင့်သော အရာများ” ဟူသည့် မိတ္တူစာအုပ်ကို လက်ညှိုးထိုးပြလိုက်သည်။

“အဲ့ဒါလေးကိုပဲ အခြေခံပြီးတော့ပေါ့လေ”

“ဘယ်သူက ကျွန်တော့်ကို ဒီလောက် ပါရမီပါဖို့ ပြောထားမိလဲ မသိပါဘူးဗျာ”

ရဲ့လင်းချန်က ပခုံးတွန့်၍ ပြောလိုက်သည်။

“ဗရူး ဗရူး ဗရူး”

ထိုအခိုက်တွင် ပြိုင်ကားတစ်စီး၏ လီဗာဖိနင်းသံက ဟမ်တန်း စတူဒီယိုအနှံ့ ပျံ့လွင့်လာပြီး နောက်ဆုံး၌ ရဲ့လင်းချန်တို့ ရိုက်ကူးရေး အလယ်၌ ရပ်သွားသည်။

ဟမ်တန်း စတူဒီယိုအတွင်း၌ ကားများမောင်းနှင်းခြင်းအား တားမြစ်ထားသည်။ သို့သော် မည်သူမှ ဤကားကို မတားရဲချေ။ အဘယ်ကြောင့်ဆိုသော် ထိုကားက သခင်လေးလု၏ ကားဖြစ်နေသောကြောင့်ပင်။

ကားထဲမှနေ၍ လူနှစ်ယောက် ဆင်းလာသည်။ တစ်ယောက်မှ လူမည်းဖြစ်ပြီး နောက်တစ်ယောက်က လူဖြူ ဖြစ်လေသည်။ တစ်ယောက်က အရပ်ရှည်ပြီး ကျန်တစ်ယောက်က အရပ်ပုသည်။ တစ်ယောက်မှာ ခန္ဓာကိုယ် ကြံ့ခိုင်၍ ကျန်တစ်ယောက်က ပိန်ပါးလေ၏။

*နိုင်ငံခြားသားလား*

ရဲ့လင်းချန် မသိမသာ မျက်မှောင်ကြုတ်သွားသည်။ ဤလူနှစ်ယောက်ကို အသာလေး ခွဲခြား၍ ရနိုင်ပေသည်။ တစ်ယောက်က အရှေ့တောင်အာရှသား ဖြစ်ပြီး နောက်တစ်ယောက်က ဥရောပသား ဖြစ်လေသည်။

“မမလေးရှောင်၊ ဒါ ခင်ဗျားအတွက် သခင်လေးလု ပေးလိုက်တဲ့ လက်ဆောင်ပါ”

အရှေ့တောင်အာရှသားက ရှောင်ဖေးဖေးကို ထိုသို့ပြောပြီး ကားနောက်ခန်းကို ဆွဲဖွင့်လိုက်သည်။ ကားထဲမှနေ၍ မွှေးပျံ့သော ရနံ့တစ်ခု ပျံ့လွင့်လာ၏။ ကားနောက်ခန်းတစ်ခုလုံး၌ ပန်းများနှင့် ပြည့်နှက်နေ၏။

နှင်းဆီပန်းများအား အလယ်၌ ထားထားပြီး အသည်းပုံဖော်ကာ ဘေးနားမှ အရောင်စုံသော ကျူးလစ်ပန်းများ၊ လီလီပန်းများနှင့် လာဗင်ဒါပန်းများ ရံထားသည်။

ပန်းပွင့်များအားလုံး၏ အရောင်က ပလဲနံပသင့်လှပြီး အသည်းပုံဖော်ထားသည်။ မွှေးပျံ့သော ရနံ့ပါ ထပ်ပေါင်းလိုက်လျင် မည်သည့်မိန်းမမဆို အရူးအမူး ဖြစ်သွားလောက်သည်။ ရှောင်ဖေးဖေး ရင်မခုန်သည်ကတော့ စိတ်မကောင်းစရာပင်။

သူမက မှုန်ပြေပြေဖြင့် ပြန်ပြောလိုက်သည်။

“သခင်လေးလုကို ကျွန်မ ကျေးဇူးတင်ပါတယ်လို့ ပြန်ပြောလိုက်ပါ”

“မမလေးရှောင် ဒီလက်ဆောင်ကို လက်ခံလိုက်တာ ပိုကောင်းပါတယ်၊ ကျုပ်တို့သခင်လေးက ဒီလက်ဆောင် အတွက် အတော်လေး ပြင်ဆင်ထားရတာ၊ ပန်းတွေအားလုံးက နိုင်ငံခြားကနေ တင်သွင်းထားရတာ”

အရှေ့တောင်အာရှသားက ပြောလာသည်။

“ကျွန်မ မကြိုက်ဘူး၊ ကျေးဇူးပြုပြီး ပြန်ယူသွားလိုက်ပါ”

ရှောင်ဖေးဖေးက မျက်မှောင်ကြုတ်၍ အေးစက်စက် ပြောလိုက်သည်။

“မမလေးရှောင် ဒါကို မကြိုက်လည်း ရပါတယ်၊ သခင်လေးက နောက်လက်ဆောင် ပြင်ထားပြီးသားပါ”

အရှေ့တောင်အာရှသားက ထိုသို့ပြောပြီး ရဲ့လင်းချန်အား သားကောင်သဖွယ် စူးစူးရဲရဲ စိုက်ကြည့်လေ၏။

“သခင်လေးက မမလေးရှောင်ကို တခြားယောက်ျားတွေနဲ့ အရမ်း ရင်းရင်းနှီးနှီးနေတာကို သဘောမကျဘူး”

“သူ့ခြေထောက်ကို ချိုးလိုက်”

သူ့အနောက်မှ ဥရောပသားက ရှေ့တက်လာသည်။ သူ့တစ်ကိုယ်လုံး၌ ကြွက်သားများက ကျောက်သားသဖွယ် ကျစ်လျစ် မာကြောလျက် ရှိသည်။ သူ၏ ခန္ဓာကိုယ်က သိုင်းသမားထက်ပင် ပိုကြည့်ကောင်းနေသည်။

သိုင်းသမားတစ်ယောက်သည် လူလတ်ပိုင်းအရွယ်သို့ ရောက်လာချိန်၌ လူ့ခန္ဓာကိုယ်၏ ဇီဝတွင်း ဖြစ်ပျက်မှုကြောင့် အဆီ နည်းနည်းတက်လာတတ်သော်လည်း ဤဥရောပသားက အဆီမရှိချေ။ သူသည် ရှပ်အောက်ခံ စွပ်ကျယ် လက်ပြတ်ကိုသာ ဝတ်ထားသဖြင့် ချည်သားအောက်မှ သူ၏ ကြွက်သားနှင့် ဝမ်းဗိုက်ကြွက်သားများကို လူတိုင်း မြင်နေရသည်။

“သူနဲ့ မိတ်ဆက်ပေးရဦးမယ်၊ သူက ပြည်ပ မြေအောက် ထိုးသတ်ပွဲတွေရဲ့ ချန်ပီယံ”

အရှေ့တောင်အာရှသားက အေးစက်စက် ပြောလိုက်သည်။ သူ့စကားအဆုံး၌ ဥရောပသားက အနားမှ သစ်ပင်ကို လျင်မြန်စွာ တိုက်ခိုက်လာသည်။ သူ၏ လက်သီးချက်များက လျှပ်စီးသဖွယ် လျင်မြန်လှပြီး ခွန်အားက ဒေါသထွက် နေသော နွားရိုင်းလိုပင်။

“ဒုန်း”

မီတာဝက်မျှ ထူထဲသော သစ်ပင်၏ ပင်စည် ယိမ်းယိုင်သွားပြီးနောက် လက်သီးရာတစ်ခု ထင်ကျန်လာသည်။ ရှောင်ဖေးဖေး မသိမသာ တုန်ယင်သွားပြီး မျက်နှာ ဖြူရော်သွားသည်။

ရဲ့လင်းချန်သည် ရှောင်ဖေးဖေး၌ ရပ်လိုက်ပြီး မျက်နှာထား တည်နေ၏။ သူသည် လက်နှစ်ဖက်ကို ဆုပ်၍ ထိုနိုင်ငံခြားသား နှစ်ယောက်ကို ကြည့်နေသည်။

“တော်လောက်ပြီ၊ ငါ ဒီပန်းတွေကို လက်ခံလိုက်မယ်၊ သွားတော့”

ရှောင်ဖေးဖေးက အလွန် မကျေမနပ်ဟန်ဖြင့် ပြောလိုက်သည်။ နိုင်ငံခြားသား နှစ်ယောက်က ပြုံးလိုက်ပြီး ကားပေါ် ပြန်မတက်ခင် ရဲ့လင်းချန်ကို အေးစက်စွာ စူးစိုက်ကြည့်လေသည်။

“ဒီနေ့ မင်းကိုယ်မင်း ကံကောင်းသွားတယ် မှတ်ပါ၊ နောက်တစ်ခါဆိုရင်တော့ …”

အရှေ့တောင်အာရှသားက ရဲ့လင်းချန်ကို လက်ညှိုးထိုးလိုက်ပြီးနောက် လည်ပင်းကို လက်မဖြင့် ဆွဲ၍ သတ်ပစ်မည့်ဟန် လုပ်ပြလာသည်။

“သူတို့က ဘယ်သူတွေလဲ”

ကျယ်လောင်သော အင်ဂျင်သံနှင့်အတူ ထိုကားက မြင်ကွင်းထဲမှ ပျောက်သွားသည်အထိ လိုက်ကြည့်နေရင်း ရဲ့လင်းချန် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“သူတို့က လုဟောင်ရဲ့ ခိုင်းဖက်တွေ၊ လုလုပ်ငန်းစုကပေါ့”

ရှောင်ဖေးဖေးက မတတ်သာဟန်ဖြင့် ပြောလိုက်ပြီး သူမမျက်လုံး၌ ပင်ပန်းရိပ်များ သန်းလာသည်။

“ငါ နင့်ကို ဒီကိစ္စထဲ ဆွဲထည့်မိလို့ တောင်းပန်ပါတယ်”

ရှောင်ဖေးဖေး တောင်းပန်စကား ပြောလိုက်သည်။

“အစ်မဖေးဖေး တောင်းပန်စရာ မလိုပါဘူး၊ အစ်မ ကျွန်တော့်ကို ကူညီနေတာ ဘယ်နှစ်ကြိမ်တောင် ရှိနေပြီလဲ”

ရဲ့လင်းချန်က စိတ်မပါ လက်မပါ ပြုံးပြလိုက်သည်။ ထို့နောက် သူ့မျက်နှာက အနည်းငယ် မာထန်လာ၏။

“အစ်မ ပြဿနာဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော့်ကိုပြော၊ ဘယ်သူမှ အစ်မကို အနိုင်ကျင့်ခွင့် မပေးနိုင်ဘူး”

ရှောင်ဖေးဖေး မချိပြုံးသာ ပြုံးလိုက်မိသည်။ လုလုပ်ငန်းစုသည် ကြီးမား၍ အင်အားကြီးသည်။ ရဲ့လင်းချန်က သူမကို မည်သို့ ကူညီနိုင်ပါမည်နည်း။

ဤနှောင့်ယှက်မှုက ရိုက်ကွင်းအား တိတ်ဆိတ်သွားစေသည်။ လီထိုက် သက်ပြင်းချလိုက်မိသည်။ အခြေအနေက ဘာပဲ ဖြစ်နေပါစေ အစုရှယ်ယာရှင်များကသာ အရေးအကြီးဆုံး ဖြစ်ပြီး သူတို့၏ ရင်းနှီးမြှုပ်နှံမှုကသာ နံပါတ်တစ် ဖြစ်လေသည်။ သူတို့အောက်မှ မည်သူမဆိုသည် ဘာပဲဖြစ်နေပါစေ ရင်းနှီးမြှုပ်နှံသူများ၏ ကစားစရာ သာသာမျှသာ ဖြစ်သည်။

နောက်တစ်နေ့တွင် ရဲ့လင်းချန် ပုံမှန်ထက် စောစောနိုးလာ၏။ မနက်ပိုင်း အပြေးလေ့ကျင့်ပြီးနောက် အရဟာ လက်သီးနှင့် ရှစ်ဆပြင်းထန် လက်သီးသိုင်းကို သုံးကြိမ်စီ လေ့ကျင့်ပြီးမှ ရပ်လိုက်သည်။

လတ်တလော အဖြစ်ပျက်များက သူ့အား ခွန်အား၏ အရေးပါမှုကို သတိပြုမိသွားစေသည်။ သူ အသည်းအသန် သန်မာသထက် သန်မာလာချင်သည်။

“ရဲ့လင်းချန်”

ရုတ်တရက် ထွက်ပေါ်လာသော အသံ၌ အံ့ဩရိပ်များ ပါဝင်နေသည်။

“မင်းကိုး”

ရဲ့လင်းချန် နောက်လှည့်ကြည့်လိုက်ပြီးနောက် မလှမ်းမကမ်းမှ မိန်းမပျိုလေးကို မြင်သွားသည်။ လင်းရို့ရွှယ်သည် အဖြူရောင် တီရှပ်၊ ဂျင်းဘောင်းဘီ အဖျော့နှင့် အဖြူရောင် ရှူးဖိနပ်တို့ကို ဝတ်ဆင်ထားသည်။ သူမပုံစံက အလျင်အမြန် ထွက်လာပုံရသည်။ သူမမျက်နှာတွင် မျက်တွင်းကျ၍ စိုးရိမ်တကြီး ဖြစ်နေသော အမူအရာက မဖုံးဖိနိုင်လောက်အောင် ပေါ်လွင်နေ၏။

“အဲ့ညတုန်းက နင် မဟုတ်လား”

လင်းရို့ရွှယ် အနားသို့ ပြေးလာပြီး ရဲ့လင်းချန်ကို သေချာကြည့်နေပြီး သူမအသံ၌ အလျင်လိုဟန်များ ပြည့်နှက် နေလေသည်။

“မင်း ဘာပြောချင်တာလဲ”

ထိုစကား၌ အဓိပ္ပာယ်များ ပြည့်နှက်နေ၏။

“အဲ့နေ့က ငါ့အဘိုးကို ကယ်လိုက်တဲ့လူက နင် မဟုတ်လား”

လင်းရို့ရွှယ်က စိုးရိမ်လွန်နေသောကြောင့် အော်လုနီးပါး မေးလိုက်မိသည်။ သူမမျက်လုံးများ နီရဲလာလေသည်။

“ငါ့အဘိုးက အရမ်း နေမကောင်းဖြစ်နေပြီးတော့ အခြေအနေ ပိုဆိုးလာပြီ၊ အဲ့တော့ အဲ့လူက နင် မဟုတ်လား၊ ငါ့အဘိုးကို ကယ်ပါဦး …”

ရဲ့လင်းချန် ထိုအဘိုးအိုကို ပြန်သတိရသွားသည်။ သူတို့ တစ်ခဏမျှသာ ဆုံခဲ့သော်လည်း အဘိုးအို၏ ပုံပန်းသွင်ပြင်က သူ့စိတ်ထဲ၌ စွဲထင်နေသည်။

သူတို့မြေးအဘိုး သိုင်းပညာ အတူတူ လေ့ကျင့်နေသည်ကို မမြင်တာ ကြာနေသည်က အံ့ဩစရာ မဟုတ်တော့ချေ။ အတိအကျ ပြောရမည်ဆိုလျင် သူ၏ ရှစ်ဆပြင်းထန် လက်သီးသိုင်းက သူတို့ထံမှ သူ ခိုးကြည့်ထားခြင်း ဖြစ်သည်။

“နင်ပဲ ဖြစ်လိမ့်မယ်၊ ငါ နင့်မျက်လုံးတွေကို မှတ်မိတယ်”

လင်းရို့ရွှယ်က စီးကျလာသော မျက်ရည်များကိုသုတ်နေပြီး ရဲ့လင်းချန်ကို ကြည့်လေလေ သူမ၏ စိုးရိမ်မှုက လျော့ပါးလာလေ ဖြစ်သည်။ နောက်ဆုံးတွင် ရဲ့လင်းချန် သက်ပြင်းချ၍ ပြန်ပြောလိုက်သည်။

“ငါပဲ”

“တကယ်ပဲ နင် ဖြစ်နေတာလား”

လင်းရို့ရွှယ် မျက်လုံးပြူးသွားပြီး အငိုရပ်ကာ ရဲ့လင်းချန်ကို မမှိတ်မသုန် ကြည့်နေမိသည်။

“ငါ့အဘိုးရဲ့ ရောဂါကို ကုပေးနိုင်တယ်လို့ နင် ပြောခဲ့တယ်နော်၊ အဲ့ဒါ တကယ်လား”

“အင်း”

ရဲ့လင်းချန် ခေါင်းညိတ်လိုက်သည်။

ဆေးပညာကို လေ့လာခြင်းမှ အကျိုးအမြတ်များစွာ ရရှိနိုင်သည်။ ရဲ့လင်းချန်သည် သူ့အားလပ်ချိန် တော်တော်များများကို ဆေးပညာ လေ့လာခြင်း၌ ကုန်ဆုံးထားပြီး နာမည်ကြီး ဆေးပညာဆိုင်ရာ ကျင့်ဝတ် နည်းလမ်း များကိုလည်း ဖတ်ပြီးသွားလေပြီ။ သူ၏ တရုတ် ဆေးပညာအပေါ် နားလည်သိမြင်သည့် စွမ်းရည်က ကိုးဆယ် ရာခိုင်နှုန်းသို့ ရောက်ရှိနေသည်။

“ဒါဆို ငါနဲ့လိုက်ခဲ့”

လင်းရို့ရွှယ်က သူမ၏ နောက်ဆုံးမျှော်လင့်ချက်ကို မြင်လိုက်ရသလို ဖြစ်သွားပြီး ရဲ့လင်းချန်အား သူမနှင့်အတူ ဆွဲခေါ်သွားသည်။ ရဲ့လင်းချန် ငြင်းဆန်မနေတော့ဘဲ ရှောင်ဖေးဖေးထံ ဖုန်းဆက်၍ တစ်နေ့လောက် ခွင့်ယူမည်ဟု ပြောလိုက်သည်။

ပန်းခြံ၏အလယ်၌ ရေကန်ကြီးတစ်ခု ရှိသည်။ ရေများက ကြည်လင်သန့်ရှင်းပြီး အောက်ခြေအထိ မြင်ရလေသည်။ ရေကန်တစ်လျှောက် ဖြတ်လာရင်းနှင့် ပန်းခြံအလယ်ရှိ ရေကန်အနီးအနားတွင် အဖြူရောင်တံတိုင်းနှင့် အမိုး အနီရောင်တို့ ရှိသည့် ခမ်းနားသပ်ရပ်သော အိမ်တော်တစ်လုံး ရှိလေသည်။ ၎င်းသည် တရုတ်ရိုးရာ ဗိသုကာပညာ၏ ထူးချွန်ပြောင်မြောက်မှုကို ပြသနေ၏။ ရိုးရာအလှပနှင့် တန်ဖိုးကြီးမှုကို တွဲဖက်ထားခြင်းပင်။

ကန်ဘေး၌ အိမ်တော်၏ ကြက်သွေးရောင် တံခါးနှင့် ဆက်ထားသည့် စကျင်ကျောက်ဖြင့် ပြုလုပ်ထားသည့် အဖြူရောင် လျှောက်လမ်းတစ်ခု ရှိသည်။

အိမ်တော်အပြင် ပို၍ အံ့ဩစရာကောင်းသော အချက်မှာ ကန်ဘေး၌ တန်ဖိုးကြီးကားများစွာ ရပ်ထားခြင်း ဖြစ်လေသည်။

“ရပ်လိုက်စမ်း”

ရုတ်တရက် အော်ဟစ်တားမြစ်သံကြောင့် ရဲ့လင်းချန်နှင့် လင်းရို့ရွှယ်တို့ အိမ်တော်အပြင်ဘက်၌ လမ်းလျှောက် လာနေရာမှ ရပ်သွားသည်။

“ရို့ရွှယ် သူက ဘယ်သူလြ”

ဝင်ပေါက်ရှေ့၌ လူငယ်တစ်ယောက်က ရဲ့လင်းချန်အား ခြိမ်းမောင်းဟန်ဖြင့် ကြည့်နေပြီး သူ့မျက်လုံး၌ မကျေနပ်ဟန်များ အထင်းသား ပေါ်နေ၏။

သူ့အပြင် အိမ်တော်တွင်း၌ ရဲ့လင်းချန်ကို ကြည့်နေသည့် အခြားသူများလည်း ရှိနေသည်။ သူတို့၏ အကြည့်များက ရန်လိုလှသည်။

“သူ့နာမည်က ရဲ့လင်းချန်၊ သူ့မှာ ဘိုးဘိုးကို ကယ်ပေးနိုင်မယ့် နည်းလမ်း ရှိတယ်”

လင်းရို့ရွှယ် မျက်ရည်များ မခမ်းခြောက်သေးသော်လည်း ပြန်ဖြေလိုက်သည်။ ထိုလူငယ်က ရှေ့တိုးလာပြီး ရဲ့လင်းချန်၏ ရှေ့တည့်တည့်၌ရပ်ကာ အေးစက်စက် ပြောလေသည်.

“မင်း ရို့ရွှယ်ကို ဘယ်လိုလှည့်စားလိုက်လဲ ငါ ဂရုမစိုက်ဘူး၊ ဒါပေမဲ့ လင်းအိမ်တော်က မင်းအလိမ်အညာတွေ ဖြန့်နိုင်မယ့် နေရာ မဟုတ်ဘူး၊ ငါ မင်းကို နောက်ဆုံး အခွင့်အရေး ပေးလိုက်မယ်၊ ထွက်သွား”

“အစ်ကို သူ ဘိုးဘိုးကို ကယ်နိုင်တယ်”

လင်းရို့ရွှယ် သနားစဖွယ် မျက်နှာထားနှင့် တောင်းပန်လေသည်။

“သူ့ကို တစ်ခါလောက်ပဲ အခွင့်အ‌ရေး ပေးပါ”

“ရို့ရွှယ် တိတ်လိုက်တော့”

အိမ်တော်တွင်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ထွက်လာပြီး တားမြစ်လေသည်။

“မင်းအသက် ဘယ်လောက်ရှိနေပြီလဲ၊ ဒါတောင် အဖေတို့ အိမ်ကို အပြင်လူတွေ ခေါ်လာနေတုန်းပဲလား၊ မင်း ဘယ်တော့မှ ရင့်ကျက်မှာလဲ”

“အဖေ သမီးကို ယုံကြည်ပေးပါ”

လင်းရို့ရွှယ် အသည်းအသန် တောင်းပန်လေသည်။

“ရို့ရွှယ် သမီးက ယုံလွယ်တတ်တဲ့ ကလေးပါလား၊ မင်း လူတွေကို တအား ယုံတာပဲ”

အမျိုးသမီးတစ်ယောက်က ခေါင်းခါ၍ ပြောလာသည်။

“သူက လူလိမ်ဆိုတာ သိသာနေတာပဲ၊ လူအိုကြီးရဲ့ ခန္ဓာကိုယ်က အရေးမပါတဲ့ အားစိုက်မှုတွေကို ခံနိုင်ရည် မရှိဘူးလေ”

“ဒီကောင်လေးရဲ့ အသက်က မင်းနဲ့လည်း သိပ်မကွာဘူး၊ သူ အဲ့လောက် မတော်နိုင်လောက်ဘူးလို့ မင်း မတွေးမိဘူးလား”

လူလတ်ပိုင်းအရွယ် နောက်အမျိုးသားတစ်ယောက်က ဝင်ပြောလေသည်။ နောက်လူတစ်ယောက်က လင်းရို့ရွှယ်၏ ဖခင်ကိုကြည့်ကာ ပြောလိုက်သည်။

“ရှန်ဟဲ မင်းက အမြဲ အပြင်မှာ အလုပ်များနေတာပဲ၊ ရို့ရွယ်ကို သင့်တော်တဲ့ သင်ပြမှုမျိုး ပေးဖို့ အချိန်ပေး သင့်တယ်လေ၊ ငါတို့လင်းမျိုးနွယ်က ကြီးမားတဲ့ လုပ်ငန်းတွေရှိတဲ့ မိသားစုကြီးတစ်ခု၊ ပြီးတော့ ငါတို့က အမြဲ စေ့စေ့စပ်စပ် စစ်ဆေးနေရတာ၊ သူသာ ဒီလိုဆက်လုပ်နေရင် အလွယ်တကူ အသုံးချခံရလိမ့်မယ်”

“ရှင်တို့အားလုံး ဘာလို့ ကျွန်မကို တစ်ခါလေးတောင် မယုံပေးနိုင်ရတာလဲ၊ သူ တကယ် ဘိုးဘိုးကို ကယ်နိုင်ပါတယ်”

လင်းရို့ရွှယ်၏ မျက်နှာလေးက နီမြန်းလာပြီး တစ်ကိုယ်လုံး တုန်ယင်လာ၏။

“ဒီလောက် ရက်တွေ ကြာနေပြီကို၊ ရှင်တို့ထဲက ဘယ်သူကများ ထိုင်စောင့်နေရုံကလွဲပြီး ဘာလုပ်သေးလို့လဲ၊ ရှင်တို့ ဘာလို့ သူ့ကို ကြိုးစားခွင့် မပေးရတာလဲ”

“ရဲ့လင်းချန် သူတို့ကို အာရုံစိုက်မနေနဲ့၊ ငါ နင့်ကို အပေါ်ထပ် ခေါ်သွားမယ်”

ရုတ်ချည်းဆိုသလိုပင် လူငယ်တစ်ယောက်က ရှေ့တိုး၍ တံခါးရှေ့၌ ပိတ်ရပ်လေသည်။ သူ့အကြည့်များက အေးစက်၍ ဓားသဖွယ် စူးရှလှသည်။

“လင်းမိသားစုရဲ့ တံခါးက လူတိုင်း အလွယ်တကူ ဝင်ထွက်နိုင်တဲ့ နေရာ မဟုတ်ဘူး”

ထိုလူငယ်က အော်ဟစ်ပြောဆိုလေသည်။

“မင်း ဒီတံခါးကနေ ခြေတစ်ဖက် ချရဲလို့ကတော့ ငါ မင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်”

ရဲ့လင်းချန်၏ အမူအရာက မပြောင်းလဲပေ။ သူသည် ထိုလူငယ်အား သုံးစက္ကန့်မျှ တည်ငြိမ်စွာ ကြည့်နေပြီးနောက် ပြုံးလိုက်ကာ ညာခြေထောက်ကို မြှောက်၍ ဝင်ပေါက်ထံသို့ လှမ်းလိုက်သည်။ သူခြေဖဝါးက မြေကြီးနှင့် ထိသွား လေသည်။

All Chapters