← Chapters

စိတ္တဇ ၇

Vol. 2 Ch. 67

စိတ္တဇ ၇

Vol. 2 Ch. 67

ကျွန်မအခြေအနေတည်ငြိမ်သွားပြီးတဲ့ နောက်တစ်နေ့ မနက်ရောက်တော့ ဟိုတယ်အခန်းထဲမှာပဲ လေးယောက် ပြန်စုမိကြပြန်တယ်။ နက်ဆန်က နာတာရှာကို မကျေမနပ် ဖြစ်နေပုံရပြီး ခုံပေါ်မှာလက်ပိုက်ထိုင်နေပါတယ်။

“ဒီကိစ္စတွေက ရော့ဝဲလ်လက်ချက်ဆိုတာ မင်းသိနေပြီးသား မဟုတ်လား။”

ပြန်စဥ်းစားကြည့်တော့ မနေ့က ရင်ဆိုင်ခဲ့ရတဲ့ သရဲနှစ်ကောင်လုံးမှာ ရော့ဝဲလ်ရဲ့လမ်းလျှောက်တုတ်မှာ ပါတဲ့ တံဆိပ်မျိုးရှိနေတာ ကျွန်မသတိထားမိတယ်။ နာတာရှာက သူ့ဆံပင်ကို လက်နဲ့ထိုးဆွကစားနေရင်းက အခုလိုဖြေလိုက်တယ်။

“ကျွန်မရှင့်ကို အစောကြီးကတည်းက ပြောခဲ့သားပဲ။ ကျွန်မကို ကူညီရင် ရော့ဝဲလ်နဲ့ပတ်သက်ပြီးတော့ သိရမယ် လို့ပေါ့။”

ဆီးနိတ်တာရော့ဝဲလ်က အယ်ဒါရာထူးကိုချင်နေပြီးတော့ နက်ဆန်ကိုသတ်ဖို့ကြိုးစားတာ ကျွန်မမြင်ဖူးတယ်။ ဒီလူက အခုထိလည်း အငြိမ်နေမယ့်ပုံမပေါ်သေးဘူးရယ်။ ခဏတာ ငြိမ်သက်ပြီးတဲ့နောက်မှာ နက်ဆန်က နောက်တစ်ကြိမ် ထပ်ပြီးတော့ မေးလိုက်ပြန်တယ်။

“အဲဒီတုန်းက တိုက်ပွဲမှာ မင်းက ငါလာပြီးကူညီမယ်ဆိုတာ သေချာပေါက်သိထားပုံပဲ။ အဲဒါကြောင့် ငါတို့ရှာရ လွယ်မယ့်နေရာကို ရွေးခဲ့တာမဟုတ်လား။”

“ရှင်က ကျွန်မကိုမထားခဲ့ဘူးဆိုတာ သေချာပေါက် သိတာပေါ့။ ထားခဲ့ပြီးကိုယ်လွတ်ရုန်းပြေးသွားရင်တော့... အင်း၊ လူကဲခတ်မှားခဲ့တယ်လို့ ပြောရမှာပဲ။”

ဒီတော့ မနေ့က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေအားလုံးက နာတာရှာရဲ့ထိန်းချုပ်မှုအောက်မှာပဲရှိနေတာလို့ ဆိုလိုတာလား။ နက်ဆန်က သက်ပြင်းရှည်ကြီး ချခဲ့ပေမဲ့ အဲဒီအကြောင်းတွေကို ဆက်မပြောတော့ပါဘူး။ အဲဒီအစား သူက နာတာရှာဆီကနေ သူရသင့်တယ်လို့ထင်တဲ့အရာကို တောင်းလိုက်တယ်။

“ဒီတော့ မင်းတို့တွေရော့ဝဲလ်ကိစ္စ စုံစမ်းနေတာ ကြာပြီပေါ့။ ငါက အခုကိစ္စမှာကူညီပေးပြီးပြီဆိုတော့ သဘောတူထားတဲ့ အတိုင်းပဲ ငါ့ကိုရော့ဝဲလ်အကြောင်းသိထားသမျှ မင်းပြောပေးရမယ်။ ဒီလိုမှမဟုတ်ရင်တော့....”

နက်ဆန်က အေးစက်စက်နဲ့သွားကြားထဲက ထွက်လာတဲ့ လေသံနဲ့ နာတာရှာကို ခြိမ်းခြောက်တယ်။ မနက်ခင်းပိုင်း ဖြစ်တာတောင် ကျွန်မတို့ဟိုတယ်အခန်းက မှောင်လာတယ် ခံစားရပြီး အေးစိမ့်လာသလိုပဲ။

“ဟုတ်ပါပြီ၊ ရှင့်တန်ကြေးကို ရှင်ရစေရပါမယ်။”

နာတာရှာကလည်း သဘောတူလိုက်ပြီး လက်နှစ်ဖက်ကို ဒူးပေါ်ပြောင်းတင်ကာ လည်ချောင်းရှင်းလိုက်တယ်။

“ကျွန်မတို့တွေရော့ဝဲလ်ကို စပြီးသတိထားမိလာတာက ဥရောပမှာရှိတဲ့ ကွင်းဆက်လူသတ်သမားတွေရဲ့ရုပ်ခန္ဓာ အကြွင်းအကျန်တွေနဲ့ ကျိန်စာသင့်ပစ္စည်းတွေကို လိုက်ပြီး စုစည်းနေတာကြောင့်ပဲ။ အမှောင်မှော်ဆရာတစ်ယောက်က ဒီလိုပစ္စည်းတွေကိုလိုက်စုတာ မထူးဆန်းပေမဲ့ သူက သည်းကြီးမည်းကြီးပဲ။ စစ်ပွဲတစ်ခုကိုပြင်ဆင်ဖို့အတွက် လက်နက်တွေစုဆောင်းနေသလား အောင့်မေ့ရတယ်။”

နက်ဆန်ကတော့ ခြေကိုဆောင့်ရင်း “တခြား ဆီးနိတ်တာတွေကို ဖိနှိပ်ဖို့အတွက် စစ်ပွဲကြီးတစ်ခုကို စချင်နေတာဖြစ်မှာပေါ့။”

ကျွန်မလည်းဒါကိုဖြစ်နိုင်တယ်လို့ ယူဆမိတယ်။ ရော့ဝဲလ်က တခြား ဆီးနိတ်တာတွေကိုအနိုင်ယူပြီးရင် အဲလ်ဒါဖြစ်လာ ပါလိမ့်မယ်။ ဆက်ခံပိုင်ခွင့်ရှိနေတဲ့ နက်ဆန်ကို ကျော်ပြီးတော့ပေါ့။ နက်ဆန်က တော်ဝင်မိသားစုက ဆိုပေမဲ့ နောက်ဆုံးမှာတော့ ခွန်အားကပဲ စကားပြောတာလေ။

“ဒီတော့ ရှင်ဘာလုပ်မယ်လို့စဥ်းစားထားလဲ။” နာတာရှာက နက်ဆန်ကို မေးလိုက်တယ်။ နက်ဆန်က လေးလေးနက်နက် စဥ်းစားပြီးမှ...

“ငါတို့အမှောင်ကျောင်းတော်မှာ အရင်က ဆီးနိတ်တာ ခုနစ်ယောက်ရှိတယ်။ ဒါပေမဲ့စစ်ပွဲတွင်းမှာ သုံးယောက် ဆုံးသွားပြီး ကသောင်းကနင်းဖြစ်ရပ်တွေကြောင့် အဖိုးက နောက်ထပ်အသစ်မခန့်နိုင်ခဲ့ဘူး။ ဒါကြောင့် အခုလောလောဆယ် ရော့ဝဲလ်အပါအဝင် ဆီးနိတ်တာ လေးယောက်ရှိတယ်။”

နာတာရှာက ခေါင်းညိတ်လိုက်ရင်း “လေးယောက်ဆိုတာ မှောင်ကျောင်းခြောက်ကျောင်းထဲမှာ အတော်နည်းပါးတဲ့ အရေအတွက်လို့ပြောနိုင်တာပဲ။ ဒီဆီးနိတ်တာတွေက သူတို့ဘာသာသူတို့ လှုပ်ရှားနေတာကို ထည့်မတွက်ရသေးဘူး။”

ကျွန်မမှန်းမိသလိုသာဆို အဲလ်ဒါမရှိတာကြာပြီဖြစ်တဲ့နောက် ဆီးနိတ်တာတိုင်းလိုလိုက ရာထူးအတွက် တိုက်ခိုက်နေကြပြီး ရော့ဝဲလ်လိုပဲ အာဏာကိုဆာလောင်တဲ့ မိစ္ဆာကောင်တွေ ဖြစ်နေကြလောက်ပြီ။

“ငါ့ရဲ့အစီအစဥ်ကတော့ ရော့ဝဲလ်က သူတို့တွေကို သူ့ဘက်ပါလာအောက် မစည်းရုံးရသေးခင် လိုက်ပြီး စည်းရုံးရေးဆင်းဖို့ပဲ။ အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ပေါ့။”

နာတာရှာက ပြုံးလိုက်တယ်။ နက်ဆန်က လမ်းမှန်ပေါ်ကို ရောက်လာပြီလို့ တွေးတဲ့ပုံပဲ။ ဒါပေမဲ့ သူ့မှာလည်း မေးခွန်းတွေ ရှိနေသေးပုံပါ။

“ဒါဆိုရင် ရှင့်ရဲ့ကျိန်စာကိစ္စကိုရော ဘယ်လိုလုပ်မှာလဲ။ ပြိုင်ဘက်ဆီက ကျိန်စာကိုမဖြေရှင်းနိုင်သေးဘဲနဲ့ သူတို့ကို လိုက်စည်းရုံးတာ ကောင်းလိမ့်မယ်လို့မထင်ဘူး။ အထူးသဖြင့် အဲဒီကျိန်စာက ရှင့်ကံကို ဆိုးစေတဲ့ ကျိန်စာလေ။”

နက်ဆန်က ခပ်ဟဟရယ်လိုက်ပြီး... “နှစ်ခုလုံး တစ်ပြိုင်နက်တည်း လုပ်ရမှာပေါ့။ ငါတို့ရဲ့နောက်ထပ် ခရီးပန်းတိုင်က ကွန်စတန်တီနိုဘယ် ခေါ် အစ္စတန်ဘူပဲ။ ကျောင်းခြောက်ကျောင်းရဲ့အဖွဲ့တိုင်းက မြို့တော်ဟောင်းမှာ ရှိနေတဲ့ ရိုမြူလက်ချက်ကျောင်းကို စောင့်ကြည့်ဖို့အတွက် မြို့ထဲမှာ ကိုယ်စားလှယ်တစ်ယောက်စီထားတတ်ကြတယ်။ အဲဒီမှာ ငါတို့ရဲ့ဆီးနိတ်တာအဆင့် ကိုယ်စားလှယ်လည်း ရှိနေပြီးတော့ ကျိန်စာဖြေရင်း သူ့ဆီကို အလည်သွားတာပေါ့။”

နာတာရှာကလည်း နက်ဆန်ရဲ့စကားကိုနားထောင်ရင်း ခေါင်းကိုအကြိမ်ကြိမ်ညွတ်တယ်။ ဒါပေမဲ့ သူက နက်ဆန်ရဲ့ ခါးမှာရှိနေတဲ့ဒဏ်ရာကို ကြည့်လိုက်ပြီး

“ဒါပေမဲ့ လောလောဆယ် ရှင်ကဒဏ်ရာရထားပြီးတော့ မှော်စွမ်းအားတွေလည်း ပြန်ပြည့်မလာသေးဘူး။ ဆီးနိတ်တာတစ်ယောက်ကို ရင်ဆိုင်ဖို့ အသင့်မဖြစ်သေးဘူးလို့ ယူဆရမှာပဲ။ ရှင့်ရဲ့စစ်ရေး အကြံပေးအနေနဲ့ ဒီနေရာမှာခဏလောက်နားပြီးမှ ရှေ့ဆက်စေချင်တယ်။”

“ဟေး၊ ရှင်ဘာလို့ ကျွန်မပြောပုံဆိုပုံကို အတုခိုးပြီးတော့ ပြောနေတာလဲ။” ကျွန်မလည်း မကျေမနပ်နဲ့ ထပြီးပြောမိတာပေါ့။ သူက ကျွန်မအရင်ကပြောဖူးတဲ့ စကားအတိုင်း လိုက်ပြီးတော့ပြောနေတာ။

“ဘာလဲ၊ နင်ကရော ငါနဲ့သဘောထားမတိုက်ဆိုင်လို့လား။ နက်ဆန်ရဲ့အခြေအနေနဲ့ ထပ်ပြီးတော့ စွန့်စားခရီး ထွက်သင့်တယ်လို့ နင်ထင်လား ကျန်းမာရေးအကြံပေးလေး။”

“.....” ကျွန်မ ခေါင်းခါပြလိုက်တယ်။ ဒီလူသာ နောက်ထပ် မြို့တစ်မြို့ကိုသွားပြီး သဘာဝလွန်ပြဿနာတစ်ခုခုနဲ့ ထပ်ရင်ဆိုင်ရရင် တစ်ခါတည်း အသက်ပျောက်သွားလိမ့်မယ်လို့ ကျွန်မခံစားနေရတယ်။

“ကောင်းပြီလေ၊ ငြင်းဆန်မယ်လူမရှိရင် ရှင်တို့ဒီမှာ ရှိနေတုန်း ကျွန်မနဲ့EUOCကလူတွေက ရှင်တို့လုံခြုံရေးကို တာဝန်ယူပေးမယ်။ အဲဒီအချိန်အတွင်းတော့ ကောင်းကောင်း နားကြပေါ့။ ပြီးတော့....”

နာတာရှာက ကျွန်မကို စိတ်ဝင်တစားကြည့်လိုက်ပြီး “မနေ့က နင်လုပ်လိုက်တဲ့စွမ်းအားမျိုးက တော်တော် ချီးကျူးဖို့ကောင်းတယ်။ တိုက်ပွဲဝင်မှော်ပညာကို သင်ချင်လား။ ငါကိုယ်တိုင်သင်ပေးမယ်လေ။”

နာတာရှာက ကြောက်စရာကောင်းလောက်အောင် တောက်ပနေတဲ့ မျက်လုံးကြီးတွေနဲ့ ကျွန်မကိုကြည့်နေခဲ့တာ။ ကျွန်မလည်း ခေါင်းညိတ်ချင်ပေမဲ့ နက်ဆန်က ကျွန်မကို မျက်ထောက်နီကြီးနဲ့ ကြည့်နေတဲ့အတွက် ခေါင်းခါပြမိတယ်။

“လောလောဆယ်တော့ အစီအစဥ်မရှိသေးပါဘူး။”

ကျွန်မငြင်းလိုက်တော့ နာတာရှာက စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေရာကနေ ထလိုက်တယ်။ “ကောင်းပြီလေ၊ ဒါပေမဲ့ နင်စိတ်ပြောင်းသွားရင် ငါ့ဆီကို အချိန်မရွေးလာခဲ့လို့ရတယ်။”

တခြားပြောစရာမရှိတော့တဲ့နောက်မှာတော့ နာတာရှာက ကျွန်မတို့အခန်းထဲကနေ ထွက်သွားတယ်။ အဲဒီနောက် ကျွန်မက နက်ဆန်ကို မျက်စောင်းထိုးလိုက်ပြီး...

“ရှင်က ဘာလို့ ကျွန်မကို သူ့လက်အောက်မှာ မလေ့ကျင့် စေချင်တာလဲ။ ရှင်က ကျွန်မကိုကာကွယ်ပေးရမယ့်အစား ကျွန်မက ရှင့်ကိုကာကွယ်ပေးနေမှာ မလိုချင်လို့လား။”

ကျွန်မက အခုလိုပြောလိုက်​တော့ သူတံထွေးတောင် သီးသွားတယ်။ ဒါပေမဲ့ သူက စိတ်ရှည်ရှည်ထားပြီးတော့ နာလပိန်းတုန်းဖြစ်နေတဲ့ကျွန်မကို ရှင်းပြပေးပါတယ်။

“နာတာရှာက တစ်ကိုယ်လုံးမှာအကြံအစည်တွေနဲ့ ပြည့်နေတဲ့ အစိုးရအေးဂျင့်တစ်​ယောက်ပဲ။ လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်လာရင် ယုံသင့်တဲ့သူမဟုတ်ဘူး။ အထူးသဖြင့် မင်းရဲ့အခြေအနေမှာပေါ့။”

နက်ဆန်က ကျွန်မနဖူးကို သူ့လက်ညိုးနဲ့ တောက်တယ်။ အားသိပ်မပါပေမဲ့ နာတာမလို့ ကိုယ့်နဖူးကိုယ်ဆုပ်ကိုင် ထားမိတာပေါ့။

“ရှင်ကလည်း၊ အကြောင်းမရှိဘဲနဲ့ သူများကိုနာအောင် မလုပ်နဲ့လေ။”

ကျွန်မက အထွန့်တက်ကြည့်ပေမဲ့ နက်ဆန်ကတော့ သူဒီလို ဆုံးဖြတ်ရတဲ့အကြောင်းအရင်းကို ပြောပါတယ်။ “အခုထိ ငါတို့တွေ မင်းရဲ့ခေါင်းကိုင်နတ်ဘုရားမိဘကို မသိရဘူး။ အရင်တစ်ခေါက်ဖြစ်ခဲ့တဲ့ ငါ့ရဲ့အတွေ့အကြုံအရ ကျောင်းကြီး ခြောက်ကျောင်းက ကိုးကွယ်နေတဲ့ နတ်ဘုရားတွေမှာပဲ နတ်တစ်ပိုင်းသားသမီးတွေရှိနေတာ မဟုတ်ဘူးလို့ သက်သေပြုလိုက်နိုင်တယ်။”

ကျွန်မမှာ ဒီလိုကိစ္စတွေကိုနားလည်ဖို့ လုံလောက်တဲ့ အသိပညာမျိုးမရှိတဲ့အတွက်ကြောင့် နက်ဆန်ပြောသမျှကို နားထောင်ရုံသာ နားထောင်နေနိုင်ခဲ့ပါတယ်။

“တကယ်လို့ မင်းရဲ့ခေါင်းကိုင်နတ်ဘုရားမိဘက အန္တရာယ် များတဲ့နတ်ဘုရားတစ်ပါးပါးဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ။ ဥပမာ ငရဲနတ်ဘုရား ဟေးဒီးစ်တို့၊ ပြုစားခြင်းနတ်ဘုရားမ ဟီကိတ်တို့လိုပေါ့။ အဲဒီလိုဆိုရင် မင်းရဲ့စွမ်းအားက ကပ်ဘေးတစ်ခုလို့ သတ်မှတ်ခံရနိုင်တယ်။ အဲဒီအခါကျရင် နာတာရှာက မင်းရဲ့အနီးကပ်ဆုံးရန်သူ ဖြစ်လာလိမ့်မယ်။”

“အနီးကပ်ဆုံးရန်သူ... ရှင်က ဘာကိုဆိုလိုတာလဲ။”

“EUOCက မင်းကိုအန္တရာယ်တစ်ခုလို့ သတ်မှတ်လိုက်ရင် မင်းကိုယ်တိုင်က မကောင်းတဲ့သူမဟုတ်ရင်တောင်မှ သူတို့က မင်းကိုထောင်ထဲထည့်ပြီး ထိန်းသိမ်းဖို့ ကြိုးစားလိမ့်မယ်။ ဒီလိုမှမဟုတ်လည်း အမည်မသိဖြစ်နေတဲ့ မင်းအစွမ်းကိုလေ့လာဖို့အတွက် မင်းကို စမ်းသပ်ခန်းထဲက ယုန်လေးတစ်ကောင်လို အသုံးချလိမ့်မယ်။”

“အောင်မလေး...” ကျွန်မ ကြောက်လန့်ပြီး ကိုယ့်ကိုယ်ကိုယ် ဖက်ထားမိတယ်။ နောက်ဆုံးတော့ သူကျွန်မကို ဘာလို့ သူတို့နဲ့ ဝေးဝေးနေခိုင်းချင်တာလဲ နားလည်သွားပြီ။

“ပြီးတော့ နဂိုတုန်းက ဘာမှော်စွမ်းအားမှမရှိတဲ့မင်းက ဘယ်လိုလုပ်ပြီး ဒီလောက်စွမ်းအားတွေအများကြီး ရှိလာရတာလဲ။ အိုလီရာနာ၊ အဲဒီညက သူထူးဆန်းတာ တစ်ခုခုနဲ့ ကြုံခဲ့ရသေးလား။”

နက်ဆန်က အိုလီရာနာကို မေးလိုက်တယ်။ ကျွန်မမပြောဘဲ ထားထားတဲ့ဟိုကိစ္စကို အိုလီရာနာပြောလိုက်တော့မယ်လို့ ထင်ထားခဲ့ပေမဲ့ အိုလီရာနာက...

“ဘာမှ ထူးထူးခြားခြားမရှိပါဘူး။”လို့ပဲ ဖြေလိုက်တယ်။

တခြားမေးစရာမရှိတော့တဲ့နောက်မှာတော့ နက်ဆန်က သူကိုယ်တိုင်စားပွဲကနေ ထလိုက်တယ်။ “ဒါဆိုရင် ငါ့အခန်း ငါပြန်ပြီးတော့ အိပ်တော့မယ်။ ငါ့ကိိုမပြောဘဲ လျှောက်ပြီး သွားမနေနဲ့ဦး။”

သူက ကျွန်မတို့ကိုသတိပေးပြီးနောက် သူ့အခန်းသူ ပြန်တယ်။ ကျွန်မလည်း အိုလီရာနာကို ကြည့်လိုက်တာပေါ့။

“နင်ဘာလို့ အဲဒီကိစ္စကို မပြောတာလဲ။”

အိုလီရာနာက ကျွန်မကို ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်ရင်း လေသံနိမ့်နိမ့်နဲ့ ပြောလိုက်ပါတယ်။ “ငါက သခင့်ကို ဒီထက် ပိုပြီးတော့ စိတ်မပူစေချင်တော့လို့ပါ။”

အိုလီရာနာကိုကြည့်ရတာ ကျွန်မထင်ထားတာထက် ပိုပြီး ဒီကိစ္စကို သိထားသလိုပဲ။ သူက ကျွန်မမျက်လုံးတွေထဲကို တည့်တည့်ကြည့်နေရင်းကနေ တိုးညှင်းလွန်းလို့ လေသံလို့ ထင်ရတဲ့ စကားသံမျိုးနဲ့မေးလာတယ်။

“ဟဲ့... ဆယ်ဗီ.... နင်အဲဒီတုန်းက တကယ်သေသွားတာ မဟုတ်လား။”

“သေတယ်... မဖြစ်နိုင်တာ... ငါနင့်ရှေ့မှာ အကောင်းအတိုင်းကြီး ရှိနေတာပဲလေ။” သူဘာကို ဆိုလိုတာလဲ ကျွန်မ နားမလည်ဘူး။ ဒါပေမဲ့ ဆယ်ဗီကတော့ သူ့မျက်လုံးတွေကို မှေးပြီးတော့ ကျွန်မကိုကြည့်နေတယ်။ သူ့ပုံစံက ကျွန်မကို ကမ္ဘာပေါ်မှာ စက်ဆုပ်စရာအကောင်းဆုံး အရာတစ်ခုကိုကြည့်နေသလိုပဲ။

“မဟုတ်ဘူး.... နင်က တကယ်သေသွားပြီး... ဘာမှမဖြစ်ခဲ့သလိုမျိုး... ပြန်ရှင်လာခဲ့တာ....”

ကျွန်မ ကျောချမ်းလာတယ်။ သူက အဖြေကို ကျိန်းသေ သိထားခဲ့သလိုမျိုး ပြောနေတာပါ။ ကျွန်မ နှုတ်ဆိတ် နေမိတယ်။ အမှောင်ထုထဲမှာ ဓားနဲ့အခုတ်ခံခဲ့ရတာကို ကျွန်မ မှတ်မိတယ်။ နိုးလာတော့ ဓားဒဏ်ရာက ရှိမနေတော့ဘူး ဆိုပေမဲ့ပေါ့။

“ငါက... ငါ့အနားမှာရှိနေတဲ့ သဘာဝလွန်အရာတွေရော သာမန်သက်ရှိတွေရဲ့အသက်ဓာတ်ကိုပါ အာရုံခံနိုင်တယ်။ အဲဒီညက ငါမကောင်းတဲ့တစ်ခု နင်နဲ့အတူ ရှိနေတာကိုအာရုံခံမိပြီး လမ်းကြားထဲပြေးလာခဲ့တာ။ နင့်ဆီ မရောက်ခင်မှာပဲ နင့်ရဲ့အသက်ဓာတ်ကို ငါအာရုံခံလို့ မရတော့ဘူး။ တစ်နည်းအားဖြင့် သေသွားတာပဲ။ ငါနင့်ဆီကိုရောက်တော့မှ နင့်အသက်ဓာတ်က ပြန်ပေါ်လာတာ။ မှော်စွမ်းအားတွေ အများကြီးနဲ့အတူတူပေါ့။”

“.....” ကျွန်မဆက်ပြီး နှုတ်ဆက်နေမိတယ်။ အဲဒီညက အေးစိမ့်နေခဲ့တဲ့ လမ်းမျက်နှာပြင်ကို မှတ်မိနေတုန်းပဲ။ တဖြည်းဖြည်းအားအင်တွေဆုတ်ယုတ်သွားပြီး သေခြင်းတရားက နီးကပ်လာတဲ့ ခံစားချက်ကိုလည်း မှတ်မိနေခဲ့တယ်။

“သခင်နဲ့အတူ ရန်သူတွေကိုတိုက်ပြီးတဲ့နောက် ငါပိုပြီး သေချာသွားတယ်။ အဲဒီတုန်းက နင်ရင်ဆိုင်ခဲ့ရတာက ရော့ဝဲလ်ရဲ့စိတ္တဇသရဲပဲ။ နင့်လိုလူမျိုးက ပုံမှန်ထက် ပိုအားကောင်းတဲ့ တစ္ဆေနီဆီကနေ အသက်ရှင်လျက် လွတ်လာစရာအကြောင်းမရှိဘူး။”

ကျွန်မ သူ့စကားအဆုံးမှာ ကိုယ့်မျက်နှာကိုယ် လက်ဖဝါးနဲ့ အုပ်ထားလိုက်တယ်။ ကျွန်မအသက်ရှင်နေသေးတာ သေချာတယ်။ မော်လီလိုမျိုးသေပြီးတော့ ဖုတ်ကောင် ဖြစ်လာတာမျိုးမဟုတ်ဘူး။ အဲဒီအစား သေပြီးတော့မှ လုံးဝပြန်အသက်ရှင်လာတာ။

“ဒါဆိုရင် ငါက... သေရွာကနေ ပြန်လာတဲ့သူပေါ့။”

အိုလီရာနာက ခေါင်းညိတ်ပြလိုက်ပြီး “ သေသွားတဲ့ လူတစ်ယောက်ကို မရဏကမ္ဘာက အသက်ရှင်လျက် ပြန်လွှတ်ရိုးထုံးစံမရှိဘူး။ တကယ်ပဲ နင်က ဘယ်သူလဲ ဆယ်ဗီ။”

....

မှောင်မိုက်နေတဲ့ မြေအောက်ခန်းတစ်ခု။

အလင်းရောင်ဆိုလို့ မျက်နှာကျက်မှာတပ်ထားတဲ့ သေးငယ်တဲ့ ဖန်မီးသီးလေးဆီက ဝါကျင်ကျင် အလင်းရောင်သာ ရှိပါတယ်။

ဦးထုပ်ဝိုင်းကိုဆောင်းထားပြီး အနောက်တိုင်းဝတ်စုံကို စတိုင်ကျကျဝတ်ထားတဲ့ လူအိုကြီးရော့ဝဲလ်က တစ်ယောက်တည်း အလုပ်တွေရှုပ်နေတယ်။ သူ့ရှေ့မှာ ခေါင်းတလားတစ်လုံးရှိနေပြီး ခေါင်းတလားထဲမှာတော့ အာရပ်အမျိုးသားဝတ်စုံဝတ်ထားတဲ့သက်လတ်ပိုင်းလူကြီးတစ်ယောက်ရဲ့ရုပ်အလောင်းရှိနေပြန်တယ်။ ရော့ဝဲလ်က အဲဒီလူရဲ့ကိုယ်ပေါ်မှာ မှော်ဂါထာပေါင်းများစွာကိုစီရင်နေပြီး နဖူးပေါ်မှာ ဖ​ယောင်းတိုင်အနက်တစ်တိုင် တင်ပြီးထွန်းတယ်။ သူက တောင်ဝှေးကို မှော်နှင်တံအဖြစ် သုံးကာ ဂါထာရွတ်ဖို့ကြံနေချိန်မှာပဲ မြေအောက်ခန်းထဲ မြူထုတစ်ခုဖြစ်ပေါ်လာပြီး မြူတွေထဲက ဝတ်ရုံနက်ဝတ် မျက်နှာဖုံးနဲ့လူ အကောင်အထည်ပေါ်လာပါတယ်။

“မင်းပါလား၊ ငါမှော်အစီအရင်အလုပ်နေရင် မနှောင့်ယှက်ဖို့ ပြောထားတယ်လေ။”

ဝတ်ရုံနက်က အသံထွက်ပြီး ဘာမှမပြောပေမဲ့ လူကြီးက ပြန်စကားပြောနေတယ်။

“ဘာ အရေးကြီးသတင်း။ အန်တိုနီးယပ်ကို အဲဒီကောင်မလေးက သတ်လိုက်တယ်။ တစ္ဆေဘုရင်အဆင့် ဓားနဲ့ဟုတ်လား။”

အဖိုးကြီးက တခြားကိစ္စတွေကို ဂရုမစိုက်တော့ဘဲ ဖယောင်းတိုင်ကို မီးငြှိိမ်းလိုက်တယ်။ အဲဒီနောက် ဝတ်ရုံနက်ဆီကို ချဥ်းကပ်သွားပြီး...

“မင်းသူ့ရဲ့နတ်ဘုရားစွမ်းအားကို မြင်ခဲ့ရလား။ ငါ့ကို သေချာပြောပြစမ်း။”

All Chapters