အနောက်မိစ္ဆာကလေး
Vol. 98 Ch. 1508
ရွှီချင်းက အင်မော်တယ်အရိပ်ရေကန်ထဲမှ ထွက်သွားစဉ် အားလှိုင်းအတတ်အကျများက အနောက်ပိုင်းမိစ္ဆာငှက်မွှေး၏ အစွန်အဖျားရှိ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်တစ်ခုထံမှ ပျံ့နှံ့ထွက်လာသည်။
ဤနေရာမှ တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်များ၏ အရေအတွက်က အနည်းအကျဉ်းသာရှိပြီး ယင်းတို့က သီးခြားတည်ရှိနေကြသည်။ စည်းချအစီအရင်တစ်ခုစီက ဝမ်ကူးကုန်းမြေ၏ အမျိုးမျိုးသော ဒေသကြီးများဆီသို့ ပို့ဆောင်ပေးလိမ့်မည်။ စစ်ပွဲကာလအတွင်းမှာ ယင်းတို့က မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေ၏ ဂိတ်ပေါက်များ ဖြစ်ကြသည်။
သို့ဖြစ်၍ ဤနေရာကို အနောက်ပိုင်းမိစ္ဆာငှက်မွှေး၏ အင်အားစုအသီးသီးက အမြဲတမ်း စောင့်ကြပ်နေကြသည်။
ဤအခိုက်အတန့်မှာ အမှတ်တစ်ဆယ့်ခုနစ် တည်နေရာပြောင်းရွှေ့ခြင်းစည်းချအစီအရင်၏ အပြင်ဘက်တွင် အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်တောင်ပေါ်မှ ကျင့်ကြံသူတစ်ရာကျော်က ရိုသေလေးစားစွာ စောင့်ဆိုင်းနေကြသည်။
အရှေ့ဆုံးမှ ဦးဆောင်သူက တာအိုဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ဖြစ်သည်။
သူတို့က မည်သည့်စကားမှမပြောဘဲ အမှတ်တစ်ဆယ့်ခုနစ် တည်နေရာပြောင်းရွှေ့ခြင်းအစီအရင်ကိုသာ စိုက်ကြည့်နေကြသည်။
တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအင်က ပြင်းထန်စွာ ထွက်ပေါ်လာသည့်အခါ စည်းချအစီအရင်က တဖြည်းဖြည်း တုန်လှုပ်လာသည်။ နောက်ဆုံးမှာတော့ ထွန်းလင်းတောက်ပသော အလင်းရောင်က ထွက်ပေါ်လာသည်။ အလင်းရောင်က စည်းချအစီအရင်တစ်ခုလုံးကို လွှမ်းခြုံသွားသည့်အခါ ရှည်လျားသော ပုံရိပ်တစ်ခုက အလင်းရောင်ထဲမှာ ထွက်ပေါ်လာသည်။
ယင်းက အကြမ်းဖျဉ်းမျှသာဖြစ်သော်လည်း အလွန်ပြင်းထန်သော သွေးအရှိန်အဝါက ထိုလူထံမှ အရင်ဦးဆုံး ထွက်ပေါ်လာသည်။ ယင်းက ဤနေရာမှာ စောင့်ဆိုင်းနေကြသော လူတိုင်းကို နှလုံးတုန်သွားစေသည်။
သူတို့က သွေးနံ့ကိုပင် ခံစားမိသွားကြဟန် ရ၏။
တစ်ခဏကြာပြီးနောက် စည်းချအစီအရင်ပေါ်မှ အလင်းရောင်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး အထဲမှ ပုံရိပ်က ပိုပြီးထင်ရှားလာသည်။ နောက်ဆုံးမှာတော့ အလင်းရောင်က လုံးဝပျောက်ကွယ်သွားသည့်အခါ လူတိုင်း၏ အရှေ့တွင် အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက် ထွက်ပေါ်လာသည်။
သူ၏ မျက်နှာပေါ်တွင် ကြက်ခြေခတ်ပုံစံဖြင့် အမာရွတ်နှစ်ခု ရှိသည်။ ယင်းတို့က အလွန်ထိတ်လန့်ချောက်ချားဖွယ်ကောင်းသည်။
ထိုသို့အမာရွတ်ကြောင့် သူက သေချာပေါက် အရုပ်ဆိုးသင့်သည်။ သို့သော်လည်း ဤလူငယ်၏ မျက်နှာပေါ်မှ အမာရွတ်က တမူထူးခြားသော ခံစားမှုကို ပေးပြီး သူ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ပိုပြီးအားကောင်းစေသည်။
သူ၏ အနီရောင်ဆံပင်ရှည်က လေထဲမှာ လွင့်မျောနေပြီး ယင်းက သူ့သွေးအရှိန်အဝါ၏ ဇစ်မြစ်ဖြစ်ဟန် ရသည်။
သူဝတ်ဆင်ထားသော စစ်ချပ်ဝတ်ပေါ်မှာ အရေအတွက်များပြားသော အပျက်အစီးလက္ခဏာများ ရှိသည်။ ယင်းတို့က မရေမတွက်နိုင်သော တိုက်ပွဲများကို သူတွေ့ကြုံခဲ့ကြောင်း ထင်ရှားစွာ ဖော်ပြနေကြသည်။
သူထွက်ပေါ်လာသည့်အခိုက် တည်နေရာပြောင်းရွှေ့ခြင်းစည်းချအစီအရင်၏ အပြင်ဘက်ရှိ အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်တောင်ပေါ်မှ လူတိုင်းသည် အရှေ့ဆုံးမှ လူငယ်၏ ဦးဆောင်မှုအောက်မှာ ချက်ချင်း ဒူးထောက်လိုက်ကြသည်။
“ နှုတ်ဆက်ပါတယ်… အရှင့်သား ”
ထိုလူသည် အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူ၏ တတိယမြောက်တပည့် ဖြစ်သည်။
သူက တတိယမြောက်တပည့်ဖြစ်သော်လည်း ယင်းက သူ၏ တိုက်ပွဲစွမ်းအားနှင့် အလားအလာကို ကိုယ်စားမပြုပေ။ အမှန်မှာ သူ၏ ဂုဏ်သတင်းက အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူတောင်မှာသာမက အနောက်ပိုင်းမိစ္ဆာငှက်မွှေးတစ်ခုလုံးမှာပင် ကျော်ကြားသည်။
သူ၏ ဂုဏ်သတင်းက အရှေ့ပိုင်းမိစ္ဆာငှက်မွှေးထိပင် ပျံ့နှံ့သွားခဲ့သည်။
သူ့ကို အနောက်မိစ္ဆာကလေးဟု ခေါ်ကြသည်။
အဘယ့်ကြောင့်ဆိုသော် သူ၏ ပါရမီကို မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက ချီးကျူးခဲ့သောကြောင့် ဖြစ်သည်။
သူက ဗလာနတ္ထိအဆင့်မှာ ရှိနေစဉ် အစောပိုင်း ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ကို ရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့သည်။ သူက ဗလာနတ္ထိအဆင့်ကို ချိုးဖြတ်ပြီး ဝိညာဉ်စုစည်းခြင်းအဆင့်သို့ တတ်လှမ်းသွားသည့်အခါ အခွင့်အာဏာကို ရရှိခဲ့သည်။
သူက အနောက်ပိုင်းမိစ္ဆာငှက်မွှေး၌ လွန်ခဲ့သော နှစ်တစ်ထောင်အတွင်းမှာ ဝိညာဉ်စုစည်းခြင်းအဆင့်ဖြင့် အခွင့်အာဏာကို ဒုတိယမြောက် ရရှိခဲ့သူ ဖြစ်သည်။
ထို့ပြင် သူ၏ အခွင့်အာဏာက တမူထူးခြားပြီး ကြောက်စရာကောင်းသည်။
ယင်းက သတ်ဖြတ်ခြင်းကို အဓိကအလေးထားသည်။
ယခု သူ၏ ကျင့်ကြံခြင်းအခြေခံက မဟာလောကခုနစ်ခု ဝိညာဉ်စုစည်းခြင်းအဆင့်ဖြစ်သော်လည်း သူ၏ တိုက်ပွဲစွမ်းအားက မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့်၏ အထက်မှာ ရှိသည်။ အမှန်မှာ အကယ်၍ သူသာ အစွမ်းကုန်ထုတ်သုံးပြီး တိုက်ခိုက်မည်ဆိုလျှင် အုပ်ချုပ်သူတစ်ပါးနှင့် အလွန်နီးကပ်သော စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်။
လူသားမျိုးနွယ်နှင့် စစ်မြေပြင်ပေါ်တွင် သူ၏ တိုက်ပွဲစွမ်းအားကြောင့် အလွန်များပြားသော တိုက်ပွဲအကျိုးဆောင်မှုအမှတ်များကို ရရှိခဲ့သည်။ အမှန်မှာ လူသားမျိုးနွယ်၏ သတ်ဖြတ်ခြင်းစာရင်းထဲတွင် သူက တခြားကောင်းကင်အရွေးချယ်ခံသုံးယောက်နှင့် တန်းတူသတ်မှတ်ခံထားရသည်။ သူက အုပ်ချုပ်သူများပြီးနောက် ဒုတိယဖြစ်သည်။
အစက သူသည် စစ်မြေပြင်မှာ ရှိနေခဲ့သည်။ သို့သော်လည်း မကြာသေးမီက သူသည် သူ၏ တာအိုရောင်းရင်းများထံမှ စာတစ်ဆောင်ကို ရရှိခဲ့သည်။
သို့ဖြစ်၍ သူက ပြန်ရောက်လာရန် ရွေးချယ်ခဲ့သည်။
ဤအခိုက်အတန့်မှာ သွေးနံ့နှင့် သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ပျံ့နှံ့ထွက်လာသည့်အခါ အနောက်မိစ္ဆာကလေး၏ အမူအရာက အေးစက်သွားသည်။ သူက စည်းချအစီအရင်၏ အပြင်ဘက်သို့ ခြေချလိုက်ပြီးနောက် ဒူးထောက်နေကြသော လူများ၏ အရှေ့မှာ ရပ်လိုက်သည်။
“ အခု သူဘယ်မှာလဲ ”
အနောက်မိစ္ဆာကလေးက တည်ငြိမ်စွာ ပြောသည်။
သူ၏ ရောက်ရှိလာမှုက ဒူးထောက်နေကြသော ကျင့်ကြံသူအများစုကို နှလုံးတုန်သွားစေသည်။ အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူတောင်မှ ကျင့်ကြံသူများအနေဖြင့် ထိုလူက သတ်ဖြတ်ခြင်းကို ဝါသနာတစ်ခုသဖွယ် အလွန်နှစ်သက်ကြောင်း သူတို့နားလည်ထားကြသည်။
ရက်စက်ကြမ်းကြုတ်ခြင်းက သူ၏ အကျင့်စရိုက်ဖြစ်သည်။
သို့သော်လည်း သူက မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေတစ်ခုလုံး၏ အာရုံစိုက်ခြင်းခံထားရသော ကောင်းကင်အရွေးချယ်ခံတစ်ယောက် ဖြစ်သည်။ သူက မဟာဧကရာဇ်မိစ္ဆာငှက်မွှေး၏ အသိအမှတ်ပြုမှုကို ရရှိထားပြီး သူ၏ ဆရာက အုပ်ချုပ်သူတစ်ပါး ဖြစ်သည်။ ထိုသို့လူက သူတို့နယ်ပယ်အတွင်းမှာ အကြွင်းမဲ့သော ဩဇာအာဏာကို ပိုင်ဆိုင်ထားသည်။
သို့ဖြစ်၍ သူတို့က ခေါင်းငုံ့ထားရလိမ့်မည်။
မဟာဧကရာဇ်မိစ္ဆာငှက်မွှေး၏ လက်အောက်ငယ်သားတစ်ဦးဖြစ်သည့် အရှေ့ဆုံးမှ လူငယ်သည်ပင် ချွင်းချက်မဟုတ်ပေ။ လူငယ်က သူသိထားသမျှ အရာအားလုံးကို ရိုသေလေးစားစွာ ပြောသည်။
“ အဲ့ဒီရွှယ်ချန်းဇီက အင်မော်တယ်အရိပ်ရေကန်ဆီ ဦးတည်သွားပြီး လေးနာရီကြာပြီးနောက် ပြန်ထွက်သွားခဲ့ပါတယ်… အဲ့ဒီနောက် သူက အရှေ့အရပ်ဆီ ဦးတည်သွားပြီး အရှေ့ကောင်းကင်တောင်ပေါ်မှာ ရပ်လိုက်ပါတယ် ”
အနောက်မိစ္ဆာကလေးက ခေါင်းညိတ်လိုက်သည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကောင်းကင်ပေါ်မှာ ပြန်ပေါ်လာသည့်အခါ ဦးတည်ရာတစ်ခုကို ပစ်မှတ်ထားလိုက်သည်။ အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ အရေအတွက်များပြားသော အနက်ရောင်တိမ်တိုက်များက ကီလိုမီတာငါးရာဧရိယာကို လွှမ်းခြုံသွားကြသည်။ နောက်အခိုက်အတန့်မှာ သူ၏ ပုံရိပ်က အဝေးသို့ ပျံသန်းသွားသည်။
သူဖြတ်သန်းသွားသည့်နေရာတိုင်း လောကက တုန်လှုပ်သွားလိမ့်မည်။ အနက်ရောင်တိမ်တိုက်များထဲတွင် သူက ကောင်းကင်ဘုံမိစ္ဆာတစ်ကောင်နှင့် ဆင်တူသည်။
ဤတစ်ကြိမ်တွင် သူက ရွှယ်ချန်းဇီအတွက် ပြန်ရောက်လာခြင်း ဖြစ်သည်။
ရွှယ်ချန်းဇီက သူ၏ အုပ်ချုပ်သူတောင်ကို စိန်ခေါ်ခဲ့ပြီး သူ့လူများက တစ်ဖက်လူကို ဘာမှမလုပ်နိုင်ခဲ့ကြောင်း သူသိလိုက်ရသည့်အခါ အနောက်မိစ္ဆာကလေးက ရွှယ်ချန်းဇီ၏ ဦးခေါင်းကို ဖြတ်ပြီး တစ်ဖက်လူ ထိုင်ခဲ့သော နေရာပေါ်မှာ ချထားမည်ဟု ဆုံးဖြတ်လိုက်သည်။
သူတို့က မျိုးနွယ်တစ်ခုတည်းဖြစ်ပြီး အရှေ့နှင့် အနောက်ကြားမှ တိုက်ပွဲတွင် သတ်ဖြတ်ခြင်းကို တားမြစ်ထားသော်လည်း ထိုစည်းမျဉ်းများက အနောက်မိစ္ဆာကလေးအတွက် ဘာမှမဟုတ်ပေ။
အနောက်မိစ္ဆာကလေးက အရှေ့ကောင်းကင်တောင်ဆီသို့ ဦးတည်သွားနေစဉ် ရွှီချင်းက ထိုတောင်ပေါ်မှာ အမှန်တကယ် ရပ်လိုက်သည်။
သူက အနောက်ပိုင်းမိစ္ဆာငှက်မွှေးမှာ သူလုပ်ဆောင်ရမည့် အရာအားလုံးကို ဆောင်ရွက်ပြီးပြီ ဖြစ်သည်။
ဧကရီက မဟာဧကရာဇ်မိစ္ဆာငှက်မွှေးဖြင့် တွေ့ဆုံနိုင်သွားပြီဖြစ်လေရာ သူက စိန်ခေါ်မှုများကို ဆက်ပြီး လုပ်ဆောင်နေရန် မလိုတော့ပေ။
အင်မော်တယ်အတတ်ပညာခန်းမဆီသို့ ရွှီချင်း၏ ခရီးစဉ်မှာ အကျိုးအမြတ်များဖြင့် ပြည့်နှက်နေသည်။
ယခု သူလုပ်ရမည်မှာ ဧကရီနှင့်အတူ အနောက်ပိုင်းမိစ္ဆာငှက်မွှေးမှ ပြန်မထွက်သွားခင် မဟာဧကရာဇ်မိစ္ဆာငှက်မွှေးနှင့် ဧကရီကြားမှ ဆွေးနွေးမှု ပြီးဆုံးသွားသည်ကို စောင့်ဆိုင်းရန် ဖြစ်သည်။
“ အရှေ့ပိုင်းမိစ္ဆာငှက်မွှေးဆီ ပြန်ရောက်တဲ့အခါ မဟာဧကရာဇ်ငရဲမီးတောက်ရဲ့ တံခါးပိတ်ကျင့်ကြံတဲ့ နေရာကို ဖွင့်လှစ်ဖို့ အချိန်ကျလာလိမ့်မယ် ”
ရွှီချင်းက တွေးတောစဉ်းစားလိုက်သည်။ ဤနေရာသို့ ဧကရီနှင့်အတူ သူလိုက်လာခဲ့စဉ် ဧကရီ၏ ရည်ရွယ်ချက်ကို သူစဉ်းစားကြည့်ခဲ့သည်။
ယင်းက မဟာဧကရာဇ်ငရဲမီးတောက်ဖြစ်သည်မှာ ထင်ရှားသည်။
သို့သော်လည်း ထိုရည်ရွယ်ချက်ထဲမှာ လျှို့ဝှက်ချက်များ ပါဝင်နေကြောင်း သူသေချာပြောနိုင်သည်။ လောလောဆယ် ရွှီချင်းဆီမှာ သတင်းအချက်အလက် အလုံအလောက် မရှိသေးသဖြင့် ယင်းကို သူမသုံးသပ်နိုင်ပေ။
သို့သော်လည်း သူမှတ်မိသော တစ်စုံတစ်ခုရှိသည်။ မဟာဧကရာဇ်ငရဲမီးတောက်၏ တံခါးပိတ်ကျင့်ကြံသော သီးသန့်နေရာတွင် သူ၏ ကျင့်ကြံခြင်းကို တစ်ဟုန်ထိုး မြှင့်တင်ပေးနိုင်မည့် အခွင့်အရေးတစ်ခု ရှိသည်။
“ ဒါ့အပြင် ယွဲ့တုန်ရဲ့ အရင်အစီအစဉ်လည်း ရှိသေးတယ်… ”
“ စီနီယာအကိုကြီးက အခု ဘာလုပ်နေမလဲ ငါသိချင်မိသား… သူက အရှေ့ပိုင်းမိစ္ဆာငှက်မွှေးက အင်မော်တယ်အတတ်ပညာခန်းမထဲမှာ အကျိုးအမြတ်အများကြီး ရနေလောက်ပြီလို့ ငါထင်တယ် ”
ရွှီချင်း၏ အတွေးများက စီးဆင်းသွားနေသည်။ ထို့နောက် သူက အရာအားလုံးကို ဘေးဖယ်ထားလိုက်ပြီး ထိုအကြောင်း စဉ်းစားနေခြင်းကို ရပ်တန့်လိုက်သည်။ ယခု သူက စူးစမ်းလေ့လာရမည့် အရာများကိုသာ အာရုံစိုက်ထားလိုက်သည်။
ပထမဆုံးအရာက ဆန္ဒမျက်နှာဖုံးဖြစ်သည်။
ရွှီချင်းက မျက်နှာဖုံးကို အားလပ်သည့်အချိန်တိုင်းမှာ လေ့လာကြည့်ခဲ့သည်။ သို့သော်လည်း အကြိမ်တိုင်း သူက သူ့ကိုယ်သူ ချုပ်ထိန်းထားပြီး လုံးဝဆန္ဒမပြုခဲ့ပေ။ သို့သော်လည်း သူ၏ သုတေသနပြုလုပ်မှုများအရ ယင်းကို အကြမ်းဖျဉ်းအားဖြင့် သူသုံးသပ်နိုင်ခဲ့သည်။
“ ဒီပစ္စည်းရဲ့ ဆန္ဒဖြည့်ပေးမှုက နတ်ဘုရားအခွင့်အာဏာတစ်မျိုး ဖြစ်လောက်တယ် ”
“ ဒါ့အပြင် အဲ့ဒါရဲ့ အဆင့်က အလွန်မြင့်မားပြီး အရမ်းကြောက်စရာကောင်းရမယ်… ”
“ ဒါကြောင့် ဒီဟာကို ဝှက်ဖဲတစ်ခုအနေနဲ့ ငါအသုံးပြုနိုင်တယ်… မလွဲမသွေ အသုံးပြုရမယ့်အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ အဲ့ဒါကို အသုံးမပြုတာ ပိုကောင်းလိမ့်မယ် ”
“ အဖြူရောင်ဖုန်ကတော့… ဒီအတောအတွင်းမှာ နည်းနည်းပိုပြီး ထွက်ပေါ်လာတယ်… ဒါပေမဲ့ အဲ့ဒါရဲ့ ပမာဏက မလုံလောက်သေးဘူး… ”
ရွှီချင်းက သူ၏ ကံကြမ္မာနတ်ဘုရားအခွင့်အာဏာကို အာရုံခံလိုက်သည်။
“ ဒီနတ်ဘုရားအခွင့်အာဏာကို အသုံးပြုဖို့ လိုအပ်ချက်က သိပ်မကြီးမားဘူး… တကယ်တော့ နည်းလမ်းအများကြီးပဲ ရှိတယ်… ငါ့ကိုယ်ပိုင်ဝိညာဉ်ကို ဓားမြှောင်နဲ့ ဖုံးလွှမ်းတာပဲဖြစ်ဖြစ် ဒါမှမဟုတ် နတ်ဘုရားစွမ်းရည်တွေနဲ့ အဲ့ဒါကို အစွမ်းမြှင့်တင်ပေးတာပဲဖြစ်ဖြစ် နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးစားကြည့်နိုင်တယ် ”
“ ကံကြမ္မာကို ရေးထွင်းတဲ့ စွမ်းရည်မှာတော့ ဆိုးကျိုးတစ်ခုရှိတယ် ”
“ ရေးထွင်းလိုက်တဲ့ ကံကြမ္မာက မူလလမ်းကြောင်းမှာ အစားထိုးသွားလိမ့်မယ်… အဲ့ဒါကြောင့် အဲ့ဒီအတောအတွင်းမှာ ဖြစ်ပေါ်လာမယ့် အတားအဆီးတွေကို ငါက ခံစားရလိမ့်မယ် ”
ရွှီချင်းက ညာလက်ကို မြှောက်လိုက်သည့်အခါ ကံကြမ္မာနတ်ဘုရားအခွင့်အာဏာမှ ဖြစ်ပေါ်လာသော ဓားမြှောင်က သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ သူက ယင်းကို အချိန်တစ်ခဏကြာအောင် စိုက်ကြည့်ပြီးနောက် ပြန်သိမ်းဆည်းလိုက်သည်။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး သူ၏ နောက်ကျောကို အာရုံခံလိုက်သည်။
သူ၏ ကျောပေါ်မှာ တိုတမ်တစ်ခု ရှိသည်။
ယင်းက မီးငြိမ်းသတ်နေသော အနီရောင်ဖယောင်းတိုင် ဖြစ်သည်။
ထိုတိုတမ်ကို အာရုံခံလိုက်သည်နှင့် ရွှီချင်း၏ အမူအရာက အနည်းငယ် မည်းမှောင်သွားသည်။
လောကဇစ်မြစ်လျှို့ဝှက်နယ်မြေထဲမှ ဤဖယောင်းတိုင်သည် သူ၏ ထိန်းချုပ်မှုအောက်မှာ မရှိပေ။ အမှန်မှာ အဘယ့်ကြောင့် ဖယောင်းတိုင်တိုတမ်က သူ၏ ကျောပေါ်မှာ ထွက်ပေါ်လာကြောင်း သူသေချာမသိပေ။
ယင်းက ဖယောင်းတိုင်၏ ရွေးချယ်မှုကြောင့် ဖြစ်နိုင်သည်။ မည်သို့ဖြစ်ပါစေ ၎င်းမှာ ကိုယ်ပိုင်အသိစိတ်ရှိသည်။
သို့မဟုတ် သူ့ရုပ်ခန္ဓာကိုယ်၏ ထူးခြားမှုကြောင့် ဖြစ်နိုင်သည်။
သို့သော်လည်း မည်သို့ဖြစ်ပါစေ ရွှီချင်းက ဤတိုတမ်ကို သဘောမကျပေ။ သူ၏ အမြင်အရ ထိုတိုတမ်ထဲမှာ ပုန်းကွယ်နေသော အန္တရာယ်များရှိသည်။
ယခု ၎င်းက မီးငြိမ်းသတ်နေသော အခြေအနေမှာဖြစ်သော်လည်း ဖယောင်းတိုင်ထံမှ ပြန်လည်သက်သာလာနေသော အရှိန်အဝါကို မသဲမကွဲ သူအာရုံခံမိသည်။
အနီရောင်ဖယောင်းတိုင်၏ ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များကို သူပြန်စဉ်းစားမိသွားသောအခါ အနက်ရောင်အလင်းက ရွှီချင်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ ငါ့ထိန်းချုပ်မှုအောက်မှာမဟုတ်ရင် မင်းကို နောက်တစ်ကြိမ် မီးထွန်းတောက်လာဖို့ ငါခွင့်မပြုဘူး ”
ရွှီချင်းက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ မျက်လုံးထဲမှ ပယ်ဖျက်ခြင်းအခွင့်အာဏာက ထွန်းလင်းတောက်ပလာပြီး သူ၏ နောက်ကျောပေါ်သို့ ပျံ့နှံ့သွားသည်။ ယင်းက ဖယောင်းတိုင်၏ မီးစာကို လွှမ်းခြုံသွားသည်။
သူက အင်မော်တယ်အခွင့်အာဏာဖြင့် ထပ်ခါထပ်ခါ ဖယ်ရှားလိုက်သည့်အခါ ဖယောင်းတိုင်၏ ပြန်သက်သာလာနေသော အရှိန်အဝါက တဖြည်းဖြည်း အားနည်းသွားသည်။ သို့သော်လည်း ၎င်းက အပြည့်အဝ မပျောက်ကွယ်သေးပေ။ သို့ဖြစ်၍ ရွှီချင်းက အရိပ်လေးကို ဆင့်ခေါ်လိုက်သည်။
“ အဲ့ဒါကို ဝါးမျိုစမ်း ”
ရွှီချင်းက အမိန့်ပေးလိုက်သည်။
အရိပ်လေးက ဆန္ဒမရှိသော်လည်း အမိန်မနာခံဘဲ မနေဝံ့ချေ။ သို့ဖြစ်၍ ၎င်းက ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်ပြီး တစ်ဟုန်ထိုး ထွက်ပေါ်လာသည်။ ၎င်းက ဖယောင်းတိုင်ကို လွှမ်းခြုံသွားပြီးနောက် ပါးစပ်အကြီးကြီးဖြင့် ဝါးမျိုလိုက်သည်။
အရိပ်လေး၏ ထူးခြားမှုကြောင့် ၎င်း၏ ဝါးမျိုမှုမှာ ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိသည်။ ဖယောင်းတိုင်၏ ပြန်သက်သာလာနေသော အရှိန်အဝါက သိသိသာသာ အားနည်းသွားသည်။
ထိုသို့ဖြင့် အချိန်က တရွေ့ရွေ့ စီးဆင်းသွားပြီး နေဝင်ရီတရောအချိန်သို့ ရောက်ရှိသွားသည်။
မိုးကုပ်စက်ဝိုင်းထဲမှ ဝင်လုဆဲဆဲ နေမင်း၏ အလင်းရောင်က ပြန့်ကျဲသွားသည့်အခါ ပယ်ဖျက်ခြင်းအခွင့်အာဏာနှင့် အရိပ်လေး၏ ပူးပေါင်းဆောင်ရွက်မှုအောက်မှာ နောက်ဆုံးမှာတော့ ဖယောင်းတိုင်၏ ပြန်သက်သာလာနေသော အရှိန်အဝါက မရှိတော့လုနီးပါး ပျောက်ကွယ်သွားသည်။
“ နည်းနည်းရှိသေးတယ်ဆိုပေမဲ့ အဲ့ဒါကို ငါထိန်းချုပ်လို့ရတယ် ”
ရွှီချင်းက သူ၏ စိတ်အာရုံကို အသုံးပြုပြီးနောက် ဖယောင်းတိုင်ပေါ်မှာ ချိပ်တံဆိပ်တစ်ခုကို ခင်းကျင်းလိုက်သည်။ ထို့နောက် သူက ဧကရီကို စောင့်ဆိုင်းနေရင်း ခွေးငါးကောင် အင်မော်တယ်ကာကွယ်ခြင်းကို လေ့လာလိုက်သည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ အန္တရာယ်အချက်ပေးသံက ရွှီချင်း၏ စိတ်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။
သူက မျက်လုံးမှေးကျဉ်းလိုက်ပြီး အနောက်ဆုတ်သွားသည့်အခါ သူ၏ ခန္ဓာကိုယ်က ချက်ချင်း ဝေဝါးသွားသည်။
တစ်ချိန်တည်းမှာ ကောင်းကင်က မိုးခြိမ်းသံနှင့်အတူ တုန်လှုပ်သွားပြီး နေဝင်ဆည်းဆာအလင်းက အတင်းအဓမ္မ ပြိုကွဲထွက်သွားသည်။
ဘေးပတ်ဝန်းကျင်က ချက်ချင်း ဖရိုဖရဲဖြစ်သွားသည်။
လောကကို ဖျက်ဆီးပစ်နိုင်သော အနက်ရောင်လှံတစ်ချောင်းသည် ကောင်းကင်နှင့် ဟင်းလင်းပြင်ကို တိုက်ရိုက် ချိုးဖောက်သွားပြီး ရွှီချင်းဆီသို့ တန်းမတ်စွာ ကျဆင်းလာသည်။
လှံသည် အလွန်ရှည်လျားပြီး လှံခေါင်းသည် တောင်ထွတ်တစ်ခုပမာ အံ့ဖွယ်ကောင်းသည်။
ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားနှင့်အတူ လှံသည် ပင်လယ်ကို မှောက်လှန်ပစ်နိုင်သော အရှိန်အဟုန်ကို သယ်ဆောင်လျက် ရွှီချင်း၏ အရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။
ထိုသို့အရေးကြီးအခိုက်အတန့်မှာ ရွှီချင်းက မြန်ဆန်စွာ တမ်းရှောင်လိုက်သည်နှင့် သူ၏ အလျင်က အဆုံးစွန်ထိ ပေါက်ကွဲထွက်သွားသည်။
လှံက သူ့ကို ဖြတ်ကျော်သွားသည်။ လှံက သူ့ဘေးမှ အလွန်နီးကပ်စွာ ဖြတ်ကျော်သွားစဉ် ရွှီချင်းက ပြင်းထန်စွာ နှလုံးတုန်သွားပြီး အန္တရာယ်ကို ခံစားမိသွားသည်။ ဤလှံပစ်လွှတ်မှုက အုပ်ချုပ်သူအဆင့်နှင့် အလွန်နီးကပ်နေသည်။
သူက လှံကို တိမ်းရှောင်လိုက်သည်နှင့်ချက်ချင်း လှံက အရှေ့ကောင်းကင်တောင်ပေါ်သို့ တိုက်ရိုက် ထိုးဖောက်သွားသည်။
လှံကျဆင်းသွားသည့်အခိုက် အရှေ့ကောင်းကင်တောင်က ပြိုကွဲသွားသည်။
တောင်က အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။
အနက်ရောင်လှံက တောင်ကို တိုက်ရိုက် ဖောက်သွားပြီး မြေပြင်ပေါ်မှာ စိုက်သွားသည်။
ဧရာမလှံခေါင်းက မြေကြီးထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး လှံ၏ ရှည်လျားသော ကိုယ်ထည်က တဝီဝီမြည်သံနှင့်အတူ လှုပ်ခါသွားသည်။
လှံ၏ ဘေးပတ်ပတ်လည်မှ ကီလိုမီတာ(၅၀၀၀)ဧရိယာသည် ချက်ချင်း အက်ကွဲသွားပြီး အထဲသို့ ချိုင့်ဝင်သွားသည်။ အနက်ရောင်မီးတောက်များက လှံခေါင်းထဲမှ ထွက်ပေါ်လာကြပြီး မြေကြီးထဲမှ အက်ကွဲကြောင်းများဆီသို့ စီးဆင်းသွားကြသည်။
လျှပ်တစ်ပြက်အတွင်းမှာ ကီလိုမီတာ(၅၀၀၀)ကျယ်ဝန်းသော ဤဧရိယာက မီးတောက်ပင်လယ်အဖြစ် ပြောင်းလဲသွားသည်။
မရေမတွက်နိုင်သော ဝိညာဉ်များက ထိုမီးတောက်ပင်လယ်ထဲမှာ ထွက်ပေါ်လာကြပြီး အော်ဟစ်ညည်းတွားလိုက်ကြသည်။
၎င်းတို့က လူသားကျင့်ကြံသူများ၏ ဝိညာဉ်များဖြစ်ကြသည်။ စစ်မြေပြင်ပေါ်တွင် သူတို့က ဤလှံအောက်မှာ သေဆုံးသွားခဲ့ကြပြီး သူတို့၏ ဝိညာဉ်က ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲသို့ မဝင်ရောက်နိုင်ခဲ့ကြောင်း ထင်ရှားသည်။ သူတို့က ဤလှံနှင့်အတူ အတင်းအဓမ္မ ပေါင်းစည်းခံလိုက်ရပြီး လှံ၏ စွမ်းအင်တစ်စိတ်တစ်ပိုင်း ဖြစ်လာကြသည်။
လှံ၏ လက်ကိုင်က ညွှန်ပြနေသော ကောင်းကင်ပေါ်တွင် မိစ္ဆာပုံရိပ်တစ်ခုက မတ်တတ်ရပ်နေသည်။
သူ၏ အနီရောင်ဆံပင်ရှည်က လေထဲမှာ တဖျပ်ဖျပ်လွင့်မျောနေပြီး သူ၏ အနက်ရောင်စစ်ချပ်ဝတ်က ရက်စက်ကြမ်းကြုတ်သော စိတ်ဆန္ဒကို ထုတ်လွှတ်နေသည်။ ကောင်းကင်မိစ္ဆာတစ်ပါး၏ ပုံရိပ်က သူ၏ အနောက်မှာ ထွက်ပေါ်နေသည်။ ထိုပုံရိပ်က ကြီးကျယ်မြင့်မြတ်ပြီး ကောင်းကင်၏ တစ်ဝက်နီးပါးကို သိမ်းပိုက်ထားသည်။ ဤအခိုက်အတန့်မှာ ထိုမိစ္ဆာက ရွှီချင်းကို ငုံ့ကြည့်လိုက်ပြီး ပြောသည်။
“ မင်းက ရွှယ်ချန်းဇီလား ”