လူငယ်ကို ကာကွယ်ခြင်း
Vol. 98 Ch. 1512
ဤအခိုက်အတန့်မှာ အနက်ရောင်မီးတောက်များက ငြိမ်းသတ်ခံလိုက်ရသည်။
မဟာလောကခုနစ်ခု၏ ပေါင်းစပ်မှုမှ ဖန်တီးထားသော ကောင်းကင်မိစ္ဆာအကျဉ်းထောင်သည်လည်း ပြိုကွဲပျက်စီးသွားသည်။ ကောင်းကင်နှင့် မြေပြင်က ပုံမှန်ပြန်ဖြစ်သွားသည်။ တောင်တန်းများနှင့် မြစ်ချောင်းများက မူလနေရာမှာ တည်ရှိနေကြဆဲပင်။
ရွှီချင်းက ယခင်နေရာမှာ ထိုင်နေသည်။ သူ၏ မျက်နှာက ဖြူဖျော့နေပြီး သူ၏ ဝိညာဉ်က အားနည်းနေသည်။ သူ၏ အရှေ့တွင် အစောနက သူအန်ထားခဲ့သော သွေးများ ရှိသည်။ မြေကြီးသော်လည်းကောင်း သို့မဟုတ် သူ၏ အဝတ်အစားများသော်လည်းကောင်း သွေးဖြင့် ရွှဲစိုနေပြီး အလွန်ထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို ဖြစ်ပေါ်စေသည်။
အမှန်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ ကမောက်ကမာဖြစ်နေသော သွေးကို ယခုထိ သူမဖိနှိပ်နိုင်သေးပေ။ သူက မတ်တတ်ရပ်လိုက်သည်နှင့်ချက်ချင်း သွေးက သူ၏ ပါးစပ်ထောင်မှ စီးကျလာသည်။
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။ ဤသည်မှာ ကံကြမ္မာနတ်ဘုရားအခွင့်အာဏာကို ပထမဆုံးအကြိမ် သူအသုံးပြုဖူးခြင်း ဖြစ်သည်။ ဤအတွေ့အကြုံမှတဆင့် သူက ဤအထွတ်အမြတ် နတ်ဘုရားအခွင့်အာဏာကို ပိုပြီးကောင်းမွန်စွာ နားလည်သွားသည်။
သူက ယင်းကို ပိုပြီးနားလည်လေ ပိုပြီးနှလုံးတုန်လာလေ ဖြစ်သည်။
ဤနတ်ဘုရားအခွင့်အာဏာသည် အလွန်ကြောက်စရာကောင်းသည်။
ပြန်ပေးဆပ်ရသည့် တန်ကြေးသည်လည်း အလွန်အံ့ဖွယ်ကောင်းသည်။
အကယ်၍ သူသာ တတိယစိတ်ဆန္ဒကို မထည့်သွင်းခဲ့လျှင် သူရေးထွင်းခဲ့သော ထိုကံကြမ္မာကို အမှန်တကယ်ဖြစ်လာစေရန် သူက ကြီးမားသော တန်ပြန်ဆိုးကျိုးကို ခံစားရလိမ့်မည်။ ထိုတန်ပြန်ဆိုးကျိုးက အလွန်ကြီးမားလေရာ သူက အမြစ်ဖြတ်သုတ်သင်ခံရရန် ရာခိုင်နှုန်းများသည်။
သူက တတိယစိတ်ဆန္ဒအပေါ် မှီခိုအားထားခဲ့သည့်တိုင် ကောင်းကင်မိစ္ဆာ၏ သစ္စာဖောက်မှုအတွက် သူပေးဆပ်လိုက်ရသော တန်ကြေးကလည်း မသေးပေ။
သူ၏ ဝိညာဉ်က အားနည်းသွားသည်။
သူ၏ ခန္ဓာကိုယ်ပေါ်မှာလည်း အက်ကွဲရာများဖြင့် ပြည့်နှက်နေသည်။
သူ၏ ခန္ဓာကိုယ်ထဲမှ ကျင့်ကြံခြင်းစွမ်းအင်အများစုက ကုန်ခမ်းသွားသည်။ သူ၏ နတ်ဘုရားအခွင့်အာဏာများနှင့် အင်မော်တယ်အခွင့်အာဏာများပင် မှေးမှိန်လာကြသည်။
“ ဒီနတ်ဘုရားအခွင့်အာဏာကို မဆင်မခြင် အသုံးပြုလို့ မဖြစ်ဘူး… ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဤနေရာမှ သူ၏ သွေးကို မည်သည့်သဲလွန်စမှ မကျန်စေရန် ဖယ်ရှားလိုက်သည်။ သူက ဤနေရာမှ အမြန်ထွက်သွားချင်သောကြောင့် သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။
အဘယ့်ကြောင့်ဆိုသော် အနောက်မိစ္ဆာကလေး၏ သေဆုံးမှုက ကြီးမားသော မုန်တိုင်းကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ကြောင်း သူသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် ဤနေရာမှာ ဆက်နေခြင်းက အလွန်အန္တရာယ်များသည်။
သို့သော်လည်း ရွှီချင်းက ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်က ရပ်တန့်သွားသည်။ သူက မျက်မှောင်ကြုတ်လိုက်သည်။
ဤအခိုက်အတန့်မှာ သူ၏ ကျောပေါ်မှ အနီရောင်ဖယောင်းတိုင်က ထွန်းလင်းလာသည်။ ပြင်းထန်သော အပူက သူ့အနောက်မှ ထွက်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ကို ပုံပျက်တွန့်လိမ်စေသည်။ အနီရောင်ဖယောင်းတိုင်ထံမှ ပြန်ရှင်သန်လာသော စိတ်ဆန္ဒသည် ဤအခြေအနေကို အခွင့်ကောင်းယူ၍ အရူးအမူး ထွန်းလင်းလာသည်။
အကယ်၍ ၎င်းက မီးထတောက်လာလျှင် မည်သည့်အန္တရာယ်ဖြင့် တွေ့ကြုံရမည်ဖြစ်ကြောင်း ရွှီချင်းက အသေးစိတ် မသိသော်လည်း ဤအခိုက်အတန့်မှာ အန္တရာယ်ခံစားမှုက သူ့နှလုံးသား၏ အနက်ပိုင်းထဲမှ ထွက်ပေါ်လာသည်။
ထိုအန္တရာယ်သည် မီးတောက်ပင်လယ်နှင့် ဆင်တူသည်။ ယင်းက ရွှီချင်းကို အတွင်းပိုင်းထဲမှ လောင်မြိုက်ပစ်ချင်နေသည်။
ယင်းက ရွှီချင်းကို ဤနေရာမှ ချက်ချင်း ထွက်မသွားနိုင်အောင် တားဆီးနေသည်။ ယခု သူ့အတွက် အရေးကြီးဆုံးမှာ အနီရောင်ဖယောင်းတိုင်တိုတမ်ကို ဖြေရှင်းရန် ဖြစ်သည်။
သို့ဖြစ်၍ သူက လုံးဝတုံ့ဆိုင်းမနေပေ။ သူက ဒဏ်ရာများကို လျစ်လျူရှုထားပြီး ပယ်ဖျက်ခြင်းနတ်ဘုရားအခွင့်အာဏာကို အတင်းအဓမ္မ အသုံးပြုလိုက်သည်။ တစ်ချိန်တည်းမှာ သူက အရိပ်လေးကို အမိန့်ပေးလိုက်သည်။
နောက်အခိုက်အတန့်မှာ သူ၏ ပယ်ဖျက်ခြင်းအခွင့်အာဏာက သူ၏ ကျောပေါ်မှ အနီရောင်ဖယောင်းတိုင်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။ အရိပ်လေးသည်လည်း တုန်ယင်သွားပြီး ဖယောင်းတိုင်ပေါ်သို့ ခုန်အုပ်လိုက်သည်။
အနီရောင်ဖယောင်းတိုင်၏ မီးစာပေါ်တွင် မှိတ်တုတ်မှိတ်တုတ်အလင်း ထွက်ပေါ်လာသည်။
ဤသည်မှာ ၎င်းက မီးထတောက်လာတော့မည့်အလားပင်။
ပယ်ဖျက်ခြင်းအခွင့်အာဏာနှင့် အရိပ်လေးသည် ထိုမီးတောက်ကို ဆက်လက် ဖိနှိပ်လိုက်ပြီး ၎င်းကို ငြိမ်းသတ်ပစ်ရန် ကြိုးစားလိုက်ကြသည်။
ယင်းတို့က အနီရောင်ဖယောင်း၏ ပြန်နိုးထလာနေသော အရှိန်အဝါကိုလည်း ဖိနှိပ်လိုက်ကြသည်။
ကံကောင်းစွာဖြင့် ရွှီချင်းက ကောင်းကင်မိစ္ဆာအကျဉ်းထောင်ကို မြန်ဆန်စွာ ချိုးဖြတ်နိုင်ခဲ့သောကြောင့် အနီရောင်ဖယောင်းတိုင်က မိစ္ဆာမီးတောက်များကို အများကြီး မစုပ်ယူနိုင်ခဲ့ပေ။ သို့ဖြစ်၍ ဖယောင်းတိုင်က စုပ်ယူခဲ့သော မိစ္ဆာမီးတောက်များမှာ အကန့်အသတ်ရှိသည်။
သို့ဖြစ်၍ ၎င်းက ဤအခွင့်အရေးကို အသုံးပြု၍ ပြန်ရှင်သန်ရန် ကြိုးစားလိုက်သော်လည်း ပယ်ဖျက်ခြင်းအခွင့်အာဏာနှင့် အရိပ်လေး၏ အစွမ်းကုန် ကြိုးစားမှုအောက်မှာ ဖယောင်းတိုင်၏ ပြန်ရှင်သန်နေသော အရှိန်အဟုန်က တဖြည်းဖြည်း အားနည်းသွားသည်။
နောက်ဆုံးမှာတော့ မီးတောက်များက ပျောက်ကွယ်သွားသည့်အခါ ဆန္ဒမရှိသော ဟိန်းသံက ရွှီချင်း၏ နားထဲမှာ ပဲ့တင်ထပ်သွားသည်။ ပြန်ရှင်သန်နေသော အားလှိုင်းအတတ်အကျများက အပြည့်အဝ ဖိနှိပ်ခံလိုက်ရသည်။
သို့သော်လည်း အန္တရာယ်ခံစားမှုက မလွင့်ပြယ်သွားသေးပေ။ ယင်းက ကောင်းကင်နှင့် အဝေးရှိ ခြောက်သွေ့သွားသော အနောက်မိစ္ဆာကလေး၏ အလောင်းထံမှ ထွက်ပေါ်လာနေသည်။
အလောင်းက လုံးဝခြောက်သွေ့သွားသည့်အခါ အနက်ရောင်မြူခိုးက အပေါ်သို့ မြှောက်တတ်လာသည်။
ထိုမြူခိုးက မြန်ဆန်စွာ စုဝေးသွားပြီး ကောင်းကင်မိစ္ဆာပုံရိပ်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းက ရွှီချင်းကို မကြည့်ပေ။ ယင်းအစား ၎င်းက မိုးကုပ်စက်ဝိုင်းဆီသို့ ကြည့်လိုက်သည်။
ထို့နောက် ၎င်းက ချက်ချင်း ပျောက်ကွယ်သွားပြီး လေထဲမှာ စကားတချို့ကို ချန်ထားခဲ့သည်။
“ အနောက်မိစ္ဆာကလေးက မမှည့်သေးတဲ့ သစ်သီးပဲ… ဒါပေမဲ့ မင်းက သူ့ရဲ့ ကံကြမ္မာကို ကြားဝင်နှောင့်ယှက်လိုက်တာကြောင့် သူ့ကို အချိန်မတန်သေးဘဲ ငါစားလိုက်ရတယ်… အဲ့ဒီအတွက် နောက်ဆက်တွဲ အကျိုးဆက်ကို မင်းအလျော်ပေးရလိမ့်မယ်… လာမယ့် အန္တရာယ်ကပ်ဘေးကို မင်းကျော်လွှားနိုင်ဖို့ ငါမျှော်လင့်တယ်… တကယ်လို့ မင်းမသေခဲ့ဘူးဆိုရင်… အနာဂတ်မှာ မင်းကို ငါလာရှာမယ် ”
အကယ်၍ တခြားအချိန်မှာသာဆိုလျှင် ရွှီချင်းက ထိုကောင်းကင်မိစ္ဆာ၏ စကားများကို လေးနက်စွာ စဉ်းစားလိမ့်မည်။ သို့သော်လည်း ထိုကောင်းကင်မိစ္ဆာနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်ပေါ်မှ ဆင်းသက်လာနေသော အန္တရာယ်ကို သူက ပိုပြီးစိုးရိမ်သည်။
ထိုအန္တရာယ်သည် ကောင်းကင်မိစ္ဆာနှင့် အနောက်မိစ္ဆာကလေးထက် သာလွန်သည်။ ယင်းက အတိတ်မှာ ရွှီချင်းတွေ့ဆုံခဲ့သော ရန်သူအားလုံးထက် အများကြီး သာလွန်သည်။
ယင်းက နတ်ဘုရားတစ်ပါးနှင့် သူရင်ဆိုင်နေရသည်ဟူသော ခံစားမှုကို ပေးသည်။
အဘယ့်ကြောင့်ဆိုသော် အုပ်ချုပ်သူတစ်ပါး၏ စွမ်းအားက နတ်ဘုရားများကို ဆန့်ကျင်တိုက်ခိုက်နိုင်သောကြောင့် ဖြစ်သည်။ ၎င်းက ရွှင်းထိုင်နတ်ဆိုးကဲ့သို့ အုပ်ချုပ်သူအသစ်တစ်ပါး မဟုတ်ပေ။ ၎င်းက အုပ်ချုပ်သူနယ်ပယ်ထဲမှာ အဆင့်တစ်ခုထိ ရောက်ရှိနေသော ပညာရှင်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။
သို့ဖြစ်၍ ရွှီချင်း၏ ဝိညာဉ်က ချက်ချင်း တုန်ယင်သွားသည်။ သူ၏ အသိစိတ်က ပရမ်းပတာဖြစ်သွားပြီး သူ၏ အခွင့်အာဏာများက ကမောက်ကမာဖြစ်သွားကြသည်။
အန္တရာယ်ခံစားမှုက အရူးအမူး မြင့်တတ်လာသည်။ သေမင်းအရိပ်က သူ၏ အသိစိတ်ကို ဖုံးလွှမ်းသွားပြီး အရာအားလုံးကို ဝါးမျိုသွားသည်။
သူက ထွက်ပြေးလွတ်မြောက်ချင်သော်လည်း ပြေးစရာနေရာ မရှိပေ။
အဘယ့်ကြောင့်ဆိုသော် ကောင်းကင်က ပုံပျက်တွန့်လိမ်သွားပြီး ဧရာမကြေးမုံတစ်ချပ်က တိတ်တဆိတ် ထွက်ပေါ်လာသောကြောင့် ဖြစ်သည်။ ဧရာမကြေးမုံသည် ကီလိုမီတာငါးသိန်းဧရိယာကို ချက်ချင်း လွှမ်းခြုံသွားသည်။ ဤသည်မှာ ကြေးမုံက ဤနေရာ၏ ကောင်းကင်ဖြစ်လာသည့်အလားပင်။
ကြေးမုံသည် အနက်ရောင်ဖြစ်ပြီး စက်ဝိုင်းပုံသဏ္ဍာန်ရှိသည်။
ကြေးမုံ၏ လွှမ်းခြုံမှုအောက်မှာ ဤနေရာက ညအချိန်သို့ ကျရောက်သွားဟန် ရ၏။
ထို့နောက် နှင်းပွင့်ချပ်များက ကြေးမုံထံမှ လွင့်မျောလာကြသည်။
နှင့်ပွင့်ချပ်များသည်လည်း အနက်ရောင်ဖြစ်သည်။
လောကထဲတွင် လေမတိုက်နေပေ။ သို့သော်လည်း အနက်ရောင်နှင်းက ဆက်လက် ကျဆင်းလာပြီး နိယာမများကို အစားထိုးသွားကာ ဥပဒေသများကို ခြယ်လှယ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်းမှာ ကီလိုမီတာငါးသိန်းဧရိယာက ကိုယ်ပိုင်လောကတစ်ခု ဖြစ်လာသည်။
ရွှီချင်းက ထိုလောကထဲမှာ ရှိနေသည်။
ဤလောကထဲမှ ကောင်းကင်ဖြစ်သော အနက်ရောင်ကြေးမုံက ဖြည်းညင်းစွာ ဆင်းသက်လာနေသည်။ ဤသည်မှာ ကောင်းကင်က ပြိုကျလာနေသည့်အလားပင်။
အနက်ရောင်ကြေးမုံက တစ်လက်မ နိမ့်ဆင်းသွားသည့်အခါတိုင်း ကီလိုမီတာငါးသိန်းဧရိယာထဲမှ တောင်တန်းများက ဝေဝါးသွားပြီး ပျောက်ကွယ်သွားလိမ့်မည်။
ပျောက်ကွယ်သွားသော ထိုတောင်တန်းများ၏ ပုံကြမ်းက အနက်ရောင်ကြေးမုံပေါ်တွင် ထွက်ပေါ်လာသည်။
ဤသည်မှာ ယင်းတို့က ကြေးမုံထဲသို့ စုပ်ယူခံလိုက်ရသည့်အလား အစစ်အမှန်လောကထဲတွင် ဆက်ပြီး မတည်ရှိကြတော့ပေ။
ရွှီချင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး အက်ကွဲရာများက မြန်ဆန်စွာ ထွက်ပေါ်လာကြသည်။ သေခြင်းရှင်ခြင်းကပ်ဘေးကြောင့် သူ၏ မျက်လုံးက နီရဲလာသည်။ သူက ရုန်းကန်ချင်သော်လည်း ထိုသို့မလုပ်နိုင်ပေ။ သွေးသည်သာ ဒလဟော စီးကျလာသည်။
ယင်းက သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နေရာအားလုံးထံမှ စီးကျလာသည်။
မည်သို့ဖြစ်ပါစေ သူက အုပ်ချုပ်သူတစ်ပါး၏ ပြိုင်ဘက်မဟုတ်သေးပေ။
အုပ်ချုပ်သူတစ်ပါး၏ တိုက်ခိုက်မှုအောက်မှာ သူ၏ နတ်ဘုရားအခွင့်အာဏာများနှင့် အင်မော်တယ်အခွင့်အာဏာများက အချည်းနှီးဖြစ်သွားကြသည်။
ကောင်းကင်ကို အစားထိုးသွားသော အနက်ရောင်ကြေးမုံက နောက်ထပ် တစ်လက်မ နိမ့်ဆင်းလာသည်။
ကီလိုမီတာငါးသိန်းဧရိယာထဲတွင် တောင်တန်းများနှင့် ရေကန်များ ရှိကြသည်။ ယခု ၎င်းတို့က ပျောက်ကွယ်သွားကြပြီး ကြေးမုံထဲမှာ ပုံကြမ်းများအဖြစ် ပြန်ပေါ်လာကြသည်။
ထို့နောက် မြေပြင်ဖြစ်သည်။
မြေပြင်သည် ပုံပျက်တွန့်လိမ်သွားပြီး မြန်ဆန်စွာ ပျောက်ကွယ်သွားသည်။
ဤဧရိယာအတွင်းမှာရှိသော အရာအားလုံးက အနက်ရောင်ကြေးမုံထဲမှာ ထွက်ပေါ်လာကြသည်။ ရွှီချင်း၏ ပုံရိပ်သည်လည်း ကြေးမုံထဲမှာ မြန်ဆန်စွာ ဖြစ်ပေါ်လာနေသည်။
သေခြင်းတရားက ချဉ်းကပ်လာသည်။
သူပျောက်ကွယ်သွားရန် ကြေးမုံက နောက်ထပ် တစ်လက်မ နစ်မြုပ်သွားရန်သာ လိုအပ်သည်။
ရွှီချင်းက တုန်ယင်သွားပြီး သူ၏ တစ်ကိုယ်လုံးက သွေးဖြင့် ရွှဲစိုသွားသည်။ သို့သော်လည်း သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်မှာ စိတ်ပျက်အားလျော့ခြင်းမဟုတ်ဘဲ ရူးသွပ်မှုဖြစ်သည်။
သူက အုပ်ချုပ်သူတစ်ပါး၏ ပြိုင်ဘက်မဟုတ်ပေ။ အတိတ်တုန်းက ရွှင်းထိုင်နတ်ဆိုးသော်လည်းကောင်း သို့မဟုတ် ယခု လူကိုယ်တိုင် ထွက်မပြသေးသော ဤကျင့်ကြံသူသော်လည်းကောင်း ၎င်းတို့က သူ၏ ပြိုင်ဘက်မဟုတ်ကြပေ။ သူက ဤအတောအတွင်းမှာ အခွင့်အလမ်းများစွာကို ရရှိခဲ့ပြီး သူ၏ တိုက်ပွဲစွမ်းအားက သိသိသာသာ မြင့်တတ်သွားခဲ့သော်လည်း အုပ်ချုပ်သူတစ်ပါးကို သူမရင်ဆိုင်နိုင်သေးပေ။
သို့သော်လည်း ယင်းက တစ်ဖက်လူကို တန်ကြေးတစ်ခု ပေးဆပ်ရစေမည့် နည်းလမ်းတစ်ခု သူ့ဆီမှာ မရှိဘူးဟု မဆိုလိုပေ။
ရူးသွပ်မှုအောက်မှာ ရွှီချင်းက ကောင်းကင်ကို ဟိန်းဟောက်လိုက်သည်။ သူက အစွမ်းကုန် ထုတ်လွှတ်တော့မည့်အချိန် ကောင်းကင်ပေါ်မှ အနက်ရောင်ကြေးမုံက နောက်တစ်ကြိမ် ကျဆင်းလာသည်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ထိတ်လန့်ဖွယ်ကောင်းသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်။
ရှည်လျားသော ပုံရိပ်တစ်ခုက ဟင်းလင်းပြင်ထဲမှ ထွက်လျှောက်လာပြီး ဤဧရိယာကို တိတ်တဆိတ် ဖြတ်ကျော်သွားသည်။ သူက အနက်ရောင်ကြေးမုံမှ ဖွဲ့စည်းထားသော လောကထဲသို့ လျှောက်သွားပြီး ရွှီချင်း၏ အရှေ့သို့ ရောက်လာသည်။
သူက မုန်တိုင်းအလယ်မှာ ထီးထီးမားမား ရပ်နေသော တောင်ကြီးတစ်တောင်နှယ် ကြီးကျယ်ခမ်းနားသည်။
ထိုသူက လုလင်းဇီမှလွဲ၍ တခြားမဟုတ်ပေ။ အတိအကျဆိုရလျှင် သူက လုလင်းဇီအသွင် ရုပ်ဖျက်ထားသော ဧကရီဖြစ်သည်။
ဧကရီသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ရွှီချင်း၏ အရှေ့မှ မုန်တိုင်းကို တားဆီးပေးလိုက်သည်။ ထိုအခါ ရွှီချင်းပေါ်သို့ ကျရောက်နေသော ဖိအားအားလုံးက ချက်ချင်း ပျောက်ကွယ်သွားကြသည်။
ရွှီချင်းက စိတ်သက်သာရာရသွားသည်။ သူက အသက်အန္တရာယ်မရှိတော့ကြောင်း နားလည်လိုက်သည်။
ရွှီချင်းက အရိုအသေပေးလိုက်သည်နှင့် ဧကရီက ခေါင်းမော့လိုက်ပြီး ကောင်းကင်ပေါ်မှ အနက်ရောင်ကြေးမုံကို စိုက်ကြည့်လိုက်သည်။
သူ၏ အကြည့်က ကျရောက်လာသည့်အခါ မြင်းအကောင်ရေတစ်ထောင်က ဒုန်းစိုင်းခုန်ပေါက်သွားသည့်အလား သို့မဟုတ် မီးတောင်များက အကြမ်းပတမ်း ပေါက်ကွဲသွားသည့်အလား ကြေးမုံထဲမှ တောင်တန်းများနှင့် မြစ်ချောင်းများက အက်ကွဲသွားကြသည်။ အရာအားလုံးက ကြေးမုံ၏ မျက်နှာပြင်ပေါ်မှ အလယ်မှာ စုဝေးသွားကြသည်။
ထိုအကြည့်ထဲမှာ ကိန်းဝပ်နေသော စွမ်းအားသည် ကောင်းကင်ပေါ်မှ အနက်ရောင်ကြေးမုံကို တုန်ယင်သွားစေသည်။ ဧကရီ၏ အကြည့်အောက်မှာ အနက်ရောင်ကြေးမုံ၏ အလယ်ဗဟို၌ အဖြူရောင်အစက်တစ်စက် ရုတ်တရက် ထွက်ပေါ်လာသည်။
ထိုအဖြူရောင်အစက်သည် အမှောင်ညထဲမှ နေလုံးနှင့် ဆင်တူသည်။
၎င်းက ထွက်ပေါ်လာသည့်အခိုက် အဆုံးမဲ့သော အဖြူရောင်အလင်းကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းက ဘေးပတ်ဝန်းကျင်ကို ပျံ့နှံ့သွားပြီး အမှောင်ညကို ဆုတ်ဖြဲပစ်လိုက်သည်။ ယင်းက မရပ်တန့်နိုင်သော အရှိန်အဟုန်နှင့်အတူ ကြေးမုံမျက်နှာပြင်တစ်လျှောက် ပျံ့နှံ့သွားသည်။
အလင်းရောင်ဖြတ်သန်းသွားသည့်နေရာတိုင်း မူလက တံဆိပ်ခတ်ခံထားရသော ပုံကြမ်းများက ချက်ချင်း လွင့်ပြယ်သွားကြသည်။
တောင်တန်းများ၊ မြစ်ချောင်းများ၊ ရေကန်များနှင့် မြေပြင်သည် ဤအခိုက်အတန့်မှာ ချက်ချင်း ဖယ်ရှားခံလိုက်ရကြသည်။ ကြေးမုံထဲမှ ရွှီချင်း၏ ဝေဝါးသော ပုံရိပ်သည်လည်း ဖယ်ရှားခံလိုက်ရသည်။
လျှပ်တစ်ပြက်အတွင်းမှာ အနက်ရောင်ကြေးမုံက အဖြူရောင်သို့ ပြောင်းလဲသွားသည်။
ပုံကြမ်းအားလုံး ပျောက်ကွယ်သွားသည့်အခါ ကီလိုမီတာငါးသိန်းဧရိယာထဲမှ တောင်တန်းများနှင့် မြစ်ချောင်းများက ပြန်ရောက်လာကြသည်။
ဤသည်မှာ လုလင်းဇီနှင့် အမည်မသိအုပ်ချုပ်သူကြားမှ တိုက်ပွဲဖြစ်သည်။
မည်သူမှ ရှင်းပြချက်ကို မေးမနေပေ။
ကြေးမုံက အဖြူရောင်သို့ ပြောင်းလဲသွားသည်နှင့်ချက်ချင်း အေးစက်စက် နှာခေါင်းရှုံ့သံက ကောင်းကင်ပေါ်မှာ ပဲ့တင်ထပ်သွားသည်။ ဧရာမကြေးမုံက အပိုင်းပိုင်းအစစ အက်ကွဲသွားသည်။ ကြေးမုံအပိုင်းအစတစ်ခုစီမှ အဖြူရောင်က ပျောက်ကွယ်သွားပြီး ချက်ချင်း အနက်ရောင်သို့ ပြန်ပြောင်းလဲသွားသည်။ တစ်ချိန်တည်းမှာ သက်လတ်ပိုင်းအမျိုးသားတစ်ဦးက ကြေးမုံအပိုင်းအစတစ်ခုစီမှာ ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော ကြေးမုံအပိုင်းအစများ၏ အလင်းပြန်မှုအောက်မှာ ထိုပုံရိပ်က ကောင်းကင်ပေါ်မှာ စုဝေးသွားသည်။
သူက အနောက်မိစ္ဆာငှက်မွှေး၏ အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူ ဖြစ်သည်။
သူက အနောက်မိစ္ဆာကလေး၏ ဆရာလည်း ဖြစ်သည်။
သူက ဧကရီကို စူးစိုက်ကြည့်လိုက်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်သည့်အခါ အဆုံးမဲ့သော အနက်ရောင်နှင်းက သူ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။
ဧကရီ၏ အမူအရာက မပြောင်းလဲသွားပေ။ သူ၏ နဖူးက ဒေါင်လိုက်အက်ကွဲသွားပြီး သွေးမျက်လုံးတစ်လုံး ထွက်ပေါ်လာသည်။
ထိုသွေးမျက်လုံး ထွက်ပေါ်လာသည်နှင့်ချက်ချင်း ကောင်းကင်က ပရမ်းပတာ လှုပ်ခတ်သွားပြီး သွေးနီရောင်နေတစ်စင်းက အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူ၏ အနောက်မှာ မြှောက်တတ်လာသည်။
ထို့နောက် ဧကရီက တည်ငြိမ်စွာ ပြောသည်။
“ ရွှယ်ချန်းဇီ… ငါ့ရဲ့ အခွင့်အာဏာက လေပဲ… လေအခွင့်အာဏာရဲ့ နောက်တစ်ဆင့်က ဘာလဲ မင်းသိလား ”
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ခေါင်းခါလိုက်သည်။
ဧကရီက တည်ငြိမ်စွာ ပြန်ဖြေသည်။
“ ချီမှာ အလေးချိန်ရှိတယ်… လေမှာလည်း အဲ့ဒီအတိုင်းပဲ ”
“ ဒီမှာကြည့် ”
ဧကရီက လက်မြှောက်လိုက်ပြီး ဖိချလိုက်သည်။
ချက်ချင်းဆိုသလို အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူ၏ အနောက်မှ သွေးနီရောင်နေလုံးက ဝေဝါးလာသည်။ ထို့နောက် ကီလိုမီတာငါးသိန်းဧရိယာအတွင်းရှိ လေအားလုံးက ချက်ချင်း ထိန်းချုပ်ခံလိုက်ရပြီး အရပ်မျက်နှာပေါင်းစုံမှ ရောက်ရှိလာကြသည်။
ဧရိယာက ဆက်လက် ကျယ်ပြန့်နေဆဲပင်။ မျက်စိတစ်မှိတ်အတွင်းမှာ ယင်းက ကီလိုမီတာငါးသိန်းထက် ကျော်လွန်သွားပြီး ငါးသန်းထိ ရောက်ရှိသွားသည်။
ချက်ချင်းဆိုသလို ဧရိယာတစ်ခုလုံး ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းဖြင့် ပြည့်နှက်သွားသည်။ သို့သော်လည်း အစစ်အမှန် သတ်ဖြတ်ခြင်းစွမ်းအားက မုန်တိုင်းမဟုတ်ပေ။ လေ၏ အလေးချိန်သာ ဖြစ်သည်။ လေ၏ အလေးချိန်အားလုံးက အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူပေါ်သို့ ဖိချလိုက်သည်။
ထိုအခါ အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူက မျက်နှာပျက်ယွင်းသွားသည်။ ဤအခိုက်အတန့်မှာ သူက မရှောင်တိမ်းနိုင်သလို မခုခံနိုင်ပေ။ အကြွင်းမဲ့စွမ်းအားနှင့် အခွင့်အာဏာ၏ အဆင့်ကွာခြားမှုကြောင့် သူ၏ ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ ဖိချခံလိုက်ရသည်။
မြေပြင်က တုန်ယင်သွားသည့်အခါ သူ၏ ခန္ဓာကိုယ်က အောက်သို့ ပြုတ်ကျသွားသည်။ သူက မည်မျှရုန်းကန်ပါစေ လုံးဝမလှုပ်ရှားနိုင်ပေ။
ထိုအခိုက်အတန့်မှာ ပိုပြီးအံ့ဖွယ်ကောင်းသော မြင်ကွင်းက ထွက်ပေါ်လာသည်။
အကြွင်းမဲ့စွမ်းအားအောက်မှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် စုဝေးနေသော လေက သူ၏ ခုခံကာကွယ်မှုကို ချိုးဖြတ်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။ ယင်းက အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူကို နှလုံးကွဲကြေစွာ အော်ဟစ်ညည်းညူသွားစေသည်။
မရေမတွက်နိုင်သော ဒဏ်ရာများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ချက်ချင်း ထွက်ပေါ်လာကြသည်။ သို့သော်လည်း သွေးက မစီးကျလာပေ။ ယင်းအစား သွေးအားလုံးက သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော ပြန်စီးဝင်သွားသည်။
ယင်းက အလွန်ချောက်ချားဖွယ်ကောင်းသည်။
လုလင်းဇီက သူ၏ အံ့ဖွယ်ခွန်အားကို ထုတ်ဖော်ပြလိုက်သည်။
ဤသည်မှာ သူက အနောက်မိစ္ဆာငှက်မွှေးတွင် ပထမဆုံးအကြိမ် ခွန်အားပြခြင်း ဖြစ်သည်။
ယင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။