အရှေ့မိစ္ဆာငှက်မွှေးဆီသို့ ပြန်ခြင်း
Vol. 98 Ch. 1513
မြေပြင်က ဆက်လက် တုန်လှုပ်နေဆဲပင်။
အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူက မည်မျှရုန်းကန်ပါစေ သူက လုံးဝပြန်မတိုက်နိုင်ပေ။ အခွင့်အာဏာအပေါ် နားလည်သဘောပေါက်မှုတွင် အမှတ်တစ်ဆယ်ခုနစ် အုပ်ချုပ်သူက လုလင်းဇီထက် အများကြီး နိမ့်ကျကြောင်း ထင်ရှားသည်။
မရေမတွက်နိုင်သော ဒဏ်ရာများက သူ၏ ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာကြသည်။ ကီလိုမီတာငါးသန်းဧရိယာထဲမှ လေက အရာအားလုံးထံသို့ စိမ့်ဝင်ပျံ့နှံ့သွားသည်။ ဤသည်မှာ သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို လေဖြင့် ပြည့်နှက်သွားအောင် ပြုလုပ်ချင်နေသည့်အလားပင်။
ယင်းက ပြီးမြောက်သွားသည်နှင့် အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်က ဖျက်ဆီးခံရလိမ့်မည်။
ထိုမြင်ကွင်းကြောင့် ဖြစ်ပေါ်လာသော ဆူပူအုံကြွမှုသည် အလွန်အံ့ဖွယ်ကောင်းသည်။ သို့ဖြစ်၍ ပုံရိပ်အများအပြားက တစ်ယောက်ပြီးတစ်ယောက် ဆင်းသက်လာကြသည်။
တချို့က မျက်နှာမည်းမှောင်နေကြပြီး တချို့က အံ့ဩနေကြသည်။ နက်နဲစွာ တွေးတောနေသော လူတချို့လည်း ရှိသည်။ သူတို့၏ အတွေးများက တစ်ယောက်နှင့်တစ်ယောက် မတူညီသော်လည်း သူတို့၏ နှလုံးသားထဲတွင် တူညီသော လှိုင်းလုံးများ ရှိကြသည်။
“ လေအခွင့်အာဏာအပေါ် လုလင်းဇီရဲ့ နားလည်သဘောပေါက်မှုက ဒီအဆင့်ထိတောင် ရောက်နေပြီလား ”
“ ဒါကြောင့် သူက မဟာဧကရာဇ်ငရဲမီးတောက်ရဲ့ တန်ဖိုးထားခံရတာကို… လန်မိသားစုရဲ့ မကောင်းကြံစည်မှုက ကျရှုံးသွားခဲ့တာ မထူးဆန်းတော့ပါဘူး ”
“ ပြီးတော့ ရွှယ်ချန်းဇီကလည်း သာမန်မဟုတ်ဘူး… သူ့မှာ ငရဲမီးတောက်လျှို့ဝှက်အတတ်ပညာအပြင် တခြားလျှို့ဝှက်ချက်တွေလည်း သေချာပေါက် ရှိရမယ်… သူနဲ့ အနောက်မိစ္ဆာကလေးကြားက တိုက်ပွဲကို လုလင်းဇီက ဖုံးကွယ်ခဲ့တာ စိတ်မကောင်းစရာပဲ ”
“ ဒါပေမဲ့ ကောင်းကင်မိစ္ဆာ အလောတကြီး ထွက်ပြေးသွားတာကို ကြည့်ပြီးတော့ ခန့်မှန်းမှုတစ်ခုကို ငါပြုလုပ်နိုင်တယ်… ရွှယ်ချန်းဇီက ကောင်းကင်မိစ္ဆာကို ပုန်ကန်စေဖို့ အမည်မသိနည်းလမ်းတစ်ခုကို အသုံးပြုခဲ့တာ ဖြစ်ရမယ် ”
“ ကောင်းကင်မိစ္ဆာရဲ့ အခွင့်အာဏာက သတ်ဖြတ်ခြင်းကို ကိုယ်စားပြုပြီး အဲ့ဒါကို ဆင်ခြင်နားလည်ထားတဲ့လူတွေကို ကြောက်မက်ဖွယ်ရာစွမ်းအားကို အပ်နှင်းပေးတယ်… ဒါပေမဲ့ အဲ့ဒါရဲ့ တန်ပြန်ဆိုးကျိုးက ဖြေရှင်းဖို့ အရမ်းခက်ခဲတယ်… ကောင်းကင်မိစ္ဆာရဲ့ သစ္စာဖောက်မှုနဲ့ ပုန်ကန်မှုက ကြီးမားတဲ့ အန္တရာယ်ပဲ ”
လူတိုင်းက အံ့ဩထိတ်လန့်သွားကြစဉ် ရွှီချင်းက တွေးတောလိုက်သည်။
ဧကရီ၏ ရောက်လာမှုက သူ့ကို စိတ်သက်သာရာရသွားစေသည်။ တစ်ချိန်တည်းမှာ သူ၏ ယခင်ခန့်မှန်းမှုက မှန်ကန်ကြောင်း အတည်ပြုနိုင်သွားသည်။ ဧကရီက အနောက်မိစ္ဆာငှက်မွှေးဆီသို့ ရောက်လာခြင်းမှာ လက်ဦးမှုရယူနိုင်ရန် ဖြစ်သည်။
ယခု သူက ဦးဆောင်မှုရရှိသွားကြောင်း ထင်ရှားပေသည်။ သို့ဖြစ်၍ သူက လက်မြှောက်လိုက်သည့်အခါ ကီလိုမီတာငါးသန်းဧရိယာထဲမှ လေက အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူပေါ်သို့ ကျဆင်းလာသည်။
ဤသည်မှာ သူ၏ ဩဇာအာဏာကို တည်ဆောက်ခြင်း ဖြစ်သည်။
ယင်းက သူ၏ ရပ်တည်မှုကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။
ရွှီချင်းက ယင်းကို နားလည်သည်။ ဤကိစ္စမှတဆင့် သူက ပြဿနာဖြေရှင်းနည်းတချို့ကို သင်ယူခဲ့ရသည်။
ဤအသိပညာသည် သတ္တမသခင်ကြီးထံမှ သူမသင်ယူရသေးသောအရာ ဖြစ်သည်။
သူ၏ အကြည့်က အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူပေါ်သို့ ကျရောက်သွားသည်။ တစ်ဖက်လူ၏ ရုန်းကန်မှုနှင့် ရှုံ့မဲ့နေသော မျက်နှာကို ကြည့်ခြင်းအားဖြင့် သူက မည်မျှပြင်းထန်သော အလေးချိန်ကို ခံစားနေရကြောင်း သူစိတ်ကူးကြည့်နိုင်သည်။
ဧကရီသည် အစမှအဆုံးထိ တည်ငြိမ်သည်။ သူက သတ်ဖြတ်ရန် မရွေးချယ်ခဲ့ပေ။ ယင်းအစား အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူက လေ၏ အလေးချိန်ကို မတောင့်ခံနိုင်တော့သည့်အချိန် သူ၏ နဖူးပေါ်မှ သွေးမျက်လုံးက ပြန်မှိတ်သွားသည်။
သူက အခွင့်အာဏာကို ပြန်ရုပ်သိမ်းလိုက်သည်။
သူက ပြန်ရုပ်သိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ပေါ်မှ အနီရောင်နေလုံးက ပျောက်ကွယ်သွားသည်။
အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူ၏ ခန္ဓာကိုယ်ပေါ်မှ လေသည်လည်း ပျောက်ကွယ်သွားသည်။
လေ၏ အလေးချိန်မရှိတော့သည့်အခါ အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက မြန်ဆန်စွာ ပြန်သက်သာလာသည်။ သူ၏ ခန္ဓာကိုယ်က ဝေဝါးသွားပြီး နေရာမှ ပျောက်ကွယ်သွားသည်။ သူက ပြန်ပေါ်လာသည့်အခါ လေထဲသို့ ရောက်ရှိသွားသည်။ သူက ဧကရီကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။ သို့သော်လည်း သူက မည်သည့်စကားမှ မပြောပေ။
သူတစ်ယောက်တည်း မဟုတ်ပေ။ ဤတိုက်ပွဲကို ကြည့်ရှုနေကြသော တခြားအုပ်ချုပ်သူများသည်လည်း နှုတ်ဆိတ်သွားကြသည်။
ဤနည်းလမ်းက အခွင့်အာဏာအပေါ် နားလည်သဘောပေါက်မှုနှင့် ပညာရှင်ကျင့်ကြံသူတစ်ယောက်၏ သဘောထားကို သိမ်မွေ့ညင်သာစွာ ဖော်ပြလိုက်ခြင်း ဖြစ်သည်။
“ မင်း လှုပ်ရှားနိုင်သေးလား ”
ဧကရီက ခေါင်းလှည့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းက အမြန်ခေါင်းညိတ်လိုက်သည်။
“ ဒါဆို သွားကြစို့… ငါတို့ အရှေ့မိစ္ဆာငှက်မွှေးဆီ ပြန်ကြမယ် ”
ဧကရီက စကားပြောပြီးနောက် မိုးကုပ်စက်ဝိုင်းဆီသို့ လျှောက်သွားသည်။
ရွှီချင်းက တုံ့ဆိုင်းမနေပေ။ သူက လေထဲသို့ အမြန်ပျံသန်းသွားပြီး အနောက်မှ လိုက်သွားသည်။
ထိုသို့ဖြင့် အနောက်မိစ္ဆာငှက်မွှေးမှ အုပ်ချုပ်သူများ၏ အကြည့်အောက်မှာ ဧကရီက ရွှီချင်းကို ခေါ်ဆောင်သွားပြီး ကောင်းကင်ပေါ်မှာ တည်ငြိမ်စွာ လျှောက်သွားသည်။ မကြာမီ သူတို့နှစ်ယောက်က မိုးကုပ်စက်ဝိုင်းထဲသို့ ဝင်ရောက်သွားကြပြီး ပျောက်ကွယ်သွားကြသည်။
အစမှအဆုံးအထိ မည်သူမှ သူတို့ကို မတားဆီးကြချေ။
အနောက်မိစ္ဆာကလေးသည်တော့ မေ့လျော့ခံလိုက်ရဟန် ရသည်။
သေဆုံးသွားသော လူသည် ပါရမီရှင်မဟုတ်တော့ပေ။
အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူသည် ကောင်းကင်မိစ္ဆာ၏ ပုန်ကန်မှုကြောင့် အလောင်းခြောက်ဖြစ်သွားသော အနောက်မိစ္ဆာကလေးကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှ စိတ်ရှုပ်ထွေးသော အမူအရာသည် ပိုပြီးထင်ရှားလာသည်။
နောက်ဆုံးမှာတော့ သူက အလောင်းခြောက်ကို သိမ်းဆည်းလိုက်ပြီး ထွက်သွားသည်။
အနောက်မိစ္ဆာငှက်မွှေးဆီသို့ ခရီးစဉ်က ဤနေရာမှာ အဆုံးသတ်သွားသည်။
လေက ပြန်ရောက်လာပြီး ကီလိုမီတာသန်းပေါင်းများစွာကို တိုက်ခတ်သွားသည်။ လေထဲမှာ ကိန်းဝပ်နေသော အကြည့်သည်လည်း ပိုင်ရှင်ဆီသို့ ပြန်ရောက်သွားသည်။
အနောက်မိစ္ဆာငှက်မွှေး၏ တာအိုယဇ်ပလ္လင်ပေါ်တွင် မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက အကြည့်ပြန်ရုပ်လိုက်သည်။
“ စိတ်ဝင်စားစရာပဲ ”
“ မင်းစိတ်ကြိုက် လုပ်ခွင့်ပေးထားမယ်လို့ မင်းက သေချာလို့လား ”
မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက လေးနက်သော အကြည့်ဖြင့် တီးတိုးရေရွတ်လိုက်သည်။
သူက စကားပြောလိုက်သည်နှင့် ချောက်ချားဖွယ်ကောင်းသော ရယ်သံက သူ၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာသည်။
ထိုရယ်သံက သံကြိုးများဖြင့် ချည်နှောင်ခံထားရသော ဝတ်ရုံနက်အမျိုးသားထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။
“ ဒါပေါ့… သူသေချာတယ် ”
ယင်းကို မဟာဧကရာဇ်မိစ္ဆာငှက်မွှေးကြားသောအခါ သူက ခေါင်းမော့လိုက်ပြီး ဝတ်ရုံနက်အမျိုးသားကို ကြည့်လိုက်သည်။ တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက ရုတ်တရက် ရယ်လိုက်သည်။
ထိုအခိုက်အတန့်မှာ အရှေ့ပိုင်းနှင့် အနောက်မိစ္ဆာငှက်မွှေးကြားမှ လမ်းဆုံတွင် ဧကရီက အရှေ့မှ လျှောက်နေပြီး ရွှီချင်းက အနောက်မှ လိုက်သွားသည်။
ဧကရီက စကားမပြောပေ။ ထို့ကြောင့် ရွှီချင်းက ဘာမှမပြောနိုင်ပေ။
သူက အနောက်မိစ္ဆာငှက်မွှေးဆီသို့ သွားရောက်ခဲ့သော ဤခရီးစဉ်ကို ပြန်စဉ်းစားလိုက်သည့်အခါ သူသင်ယူရမည့် အရာတချို့ကို ရှာတွေ့သွားသည်။
‘ ဧကရီက အနောက်မိစ္ဆာငှက်မွှေးဆီ ရောက်လာတဲ့အချိန် မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက အမိန့်တစ်ခုကို ထုတ်ပြန်လိုက်တယ်… ’
‘ အဲ့ဒီနောက် အုပ်ချုပ်သူအနည်းနဲ့အများက စိန်ခေါ်ဖို့ အတွေးရလာကြတယ် ’
ရွှီချင်းက တွေးတောလိုက်သည်။
အရှေ့ပိုင်းနှင့် အနောက်မိစ္ဆာငှက်မွှေးကြားမှ အခြေအနေဖြင့် ချင့်ချိန်ကြည့်မည်ဆိုလျှင် ယင်းကို နားလည်ရန် သူ့အတွက် မခက်ခဲပေ။ ယင်းက အရှေ့ပိုင်းနှင့် အနောက်မိစ္ဆာငှက်မွှေးကြားမှ တိုက်ပွဲဖြစ်သည်။
အထူးသဖြင့် လုလင်းဇီ၏ သရုပ်က အလွန်အရေးပါသည်။ သူက မဟာဧကရာဇ်ငရဲမီးတောက်၏ တပည့်ဖြစ်ရုံသာမက အရှေ့မိစ္ဆာငှက်မွှေး၏ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက်လည်း ဖြစ်သည်။ သူက လန်မိသားစု၏ အကြံအစည်ကို ဖျက်ဆီးပစ်နိုင်ရုံသာမက လန်မိသားစု၏ မျိုးဆက်သွေးကိုလည်း ရရှိခဲ့ပြီး အုပ်ချုပ်သူအဆင့်သို့ တတ်လှမ်းနိုင်ခဲ့သည်။
ထို့နောက် သူက ထူးချွန်ပြောင်မြောက်သော နည်းလမ်းများကို ဖော်ပြခဲ့ပြီး မဟာဧကရာဇ်ငရဲမီးတောက်၏ တံခါးပိတ်ကျင့်ကြံသော သီးသန့်နေရာကို လူတိုင်းဖြင့် မျှဝေခဲ့သည်။ သူက အရှေ့မိစ္ဆာငှက်မွှေးမှ တခြားအုပ်ချုပ်သူများနှင့် အင်အားပူးပေါင်းခဲ့ပြီး လန်မိသားစု၏ အရင်းအမြစ်အားလုံးကို အတားအဆီးမဲ့စွာ လက်ဝါးကြီးအုပ်လိုက်သည်။
ဤအတောအတွင်းမှာ သူက မဟာဧကရာဇ်ငရဲမီးတောက်၏ တံခါးပိတ်ကျင့်ကြံသော နေရာအတွက် ဝင်ရောက်ခွင့်များကိုပင် ထုတ်ပြန်လိုက်သေးသည်။ ယင်းက ပဋိပက္ခမျိုးစေ့ကို စိုက်ပျိုးလိုက်ခြင်း ဖြစ်သည်။ ယင်းက အရှေ့နှင့် အနောက်မိစ္ဆာငှက်မွှေးကြားမှ အတားအဆီးများကို ဖယ်ရှားလိုက်ပြီး အနောက်မိစ္ဆာငှက်မွှေးကို နေရာတစ်နေရာစာအတွက် မျှော်လင့်ချက်ပေးလိုက်သည်။
ရွှီချင်းကို ယင်းကို ဂရုတစိုက် ပြန်စဉ်းစားလိုက်သည့်အခါ ဤကိစ္စထံမှ အနည်းငယ် သူသင်ယူနိုင်ခဲ့သည်။ တစ်ချိန်တည်းမှာ သူက အနောက်မိစ္ဆာငှက်မွှေး၏ သဘောထားကိုလည်း နားလည်သွားသည်။
နောက်ခံအင်အား၊ သရုပ်အဆင့်အတန်းနှင့် ပြောင်မြောက်သော နည်းလမ်းများအပြင် လုလင်းဇီ၏ လွှမ်းမိုးဖိနှိပ်သော အကျင့်စရိုက်ကြောင့် သူက မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေမှ လူအများအပြား၏ အာရုံစိုက်မှုကို ရရှိသွားသည်။
သို့သော်လည်း တချို့ကိစ္စများကို အလွယ်တကူ အကဲမဖြတ်သင့်ပေ။ သို့ဖြစ်၍ မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက အမိန့်ထုတ်ပြန်လိုက်ပြီးနောက် လုလင်းဇီကို ဖိနှိပ်ခြင်းက အနောက်မိစ္ဆာငှက်မွှေးအတွက် ပါးစပ်မှထုတ်ပြောရန် မလိုသည့် တာဝန်တစ်ရပ်ဖြစ်လာသည်။
‘ ဒါပေမဲ့ ဧကရီက စိန်ခေါ်မှုကို လက်မခံခဲ့ဘူး… အဲ့ဒီအစား သူက ငါ့ကို အနောက်မိစ္ဆာငှက်မွှေးက လူတွေကို ပြန်စိန်ခေါ်စေခဲ့တယ် ’
ရွှီချင်းက စိတ်ထဲမှာ ကောက်ချက်ချလိုက်သည်။ သူက ထိုတာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ခဲ့ကြောင်း သိသည်။
ထို့ကြောင့် အမှတ်တစ်ဆယ့်ခုနစ် အုပ်ချုပ်သူ ဆင်းသက်လာပြီးနောက် ဧကရီက လွှမ်းမိုးဖိနှိပ်စွာ တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။
‘ ဒီကိစ္စမှာ သော့ချက်တစ်ခု ရှိတယ်… မဟာဧကရာဇ်မိစ္ဆာငှက်မွှေးက အဲ့ဒါကို တကယ်ပဲ မမြင်တာလား… ဒါမှမဟုတ် သူက အမည်မသိ အကြောင်းအရင်းတချို့ကြောင့် အဲ့ဒါကို တမင်ခွင့်ပြုပေးထားတာလား ’
သူက ဧကရီ၏ နောက်ကျောကို ကြည့်လိုက်သည်။ တစ်ခဏတွေးတောပြီးနောက် ခန့်မှန်းမှုတစ်ခုကို သူပြုလုပ်နိုင်သွားသည်။
ထိုသို့ဖြင့် အချိန်က ကုန်ဆုံးသွားသည်။
နေဝင်ဆည်းဆာ၏ အလင်းရောင်က ဒသမအုပ်ချုပ်သူတောင်ပေါ်မှာ ပြန့်ကျဲသွားစဉ် တောင်၏ ဘေးပတ်ပတ်လည်မှ လေလွင့်ကျင့်ကြံသူများက အနောက်မိစ္ဆာငှက်မွှေးမှ ပြန်ရောက်လာကြသော ကောင်းကင်ပေါ်မှ ဧကရီနှင့် ရွှီချင်းကို မြင်သွားကြသည်။
သူတို့အားလုံးက စိတ်လှုပ်ရှားမှု၊ ရိုသေလေးစားမှုနှင့်အတူ ဦးညွတ်လိုက်ကြသည်။ ရွှီချင်းသည် ဧကရီနောက်သို့ လိုက်သွားပြီး ဒသမအုပ်ချုပ်သူတောင်ပေါ်သို့ ပြန်ရောက်သွားသည်။
ခန်းမဆောင်ထဲသို့ ခြေချလိုက်ပြီးနောက် ရွှီချင်းက ဧကရီကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက တစ်ခဏကြာ တုံ့ဆိုင်းသွားပြီးနောက် သူ၏ ကျောပေါ်မှ အနီရောင်ဖယောင်းတိုင်အကြောင်းကို ပြောပြလိုက်သည်။
ယင်းကို ဧကရီကြားသောအခါ သူက တည်ငြိမ်စွာ ပြောသည်။
“ နင်က ဆက်ပြီး ဖုံးကွယ်ထားမယ်လို့ ငါထင်ထားတာ ”
“ အနောက်လှည့်ပြီး နင့်ရဲ့ အဝတ်အစားတွေကို ချွတ်လိုက်ပါ ”
ရွှီချင်းက သူ၏ အဝတ်အစားများကို ချက်ချင်း ချွတ်လိုက်သည်။ သူက ဧကရီကို ကျောပေးလိုက်ပြီး သူ၏ ကျောပေါ်မှ အနီရောင်ဖယောင်းတိုင်ကို ထုတ်ပြလိုက်သည်။
ဧကရီ၏ အကြည့်က အနီရောင်ဖယောင်းတိုင်ပေါ်သို့ ကျရောက်သွားသည်။ အကြိမ်ရေအနည်းငယ် မျက်တောင်ခတ်လိုက်ပြီးနောက် အံ့ဩမှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
အချိန်အတော်ကြာပြီးနောက် သူက တည်ငြိမ်စွာ ပြောသည်။
“ ဒီဖယောင်းတိုင်ရဲ့ ဇစ်မြစ်က ဝမ်ကူးကုန်းမြေက မဟုတ်ဘူး… အဲ့ဒါက အမှတ်ကိုးကြယ်တာရာစက်ဝန်းထဲက ရှေးဟောင်းအဖွဲ့အစည်းတစ်ခုဆီကပဲ ”
“ ဒီမတိုင်ခင် အဲ့ဒါကို ကျင့်ကြံသူတစ်ယောက်ဆီ လွှဲပြောင်းပေးနိုင်တယ်ဆိုတာ ငါမသိခဲ့ဘူး… တကယ်လို့ အဲ့ဒါက မီးတောက်သွားမယ်ဆိုရင် ဝိညာဉ်ကို လောင်ကျွမ်းပစ်နိုင်တယ် ”
“ အဲ့ဒါကို ချိပ်ပိတ်ဖို့ နင့်ကို ငါကူညီပေးနိုင်တယ်… ဒါပေမဲ့ အဲ့ဒါက နင့်အတွက် ကျိန်စာဖြစ်သလို ကံကောင်းခြင်းလည်း ဟုတ်တယ်”
“ အရာအားလုံးက အဲ့ဒါကို နင်ဘယ်လို အသုံးပြုမလဲဆိုတဲ့အပေါ်မှာ မူတည်တယ် ”
“ ဒီတော့ အဲ့ဒါကို ချိပ်ပိတ်မလား မချိပ်ပိတ်ဘူးလားဆိုတာ နင်ဆုံးဖြတ်ပါ ”
ဧကရီက စကားပြောပြီးနောက် အကြည့်ပြန်ရုပ်လိုက်သည်။
ရွှီချင်းက သူ၏ အဝတ်အစားများကို ပြန်ဝတ်လိုက်ပြီး တွေးတောလိုက်သည်။ ဧကရီ၏ စကားကို သုံးသပ်ပြီးနောက် သူက ၎င်းကို ချိပ်ပိတ်ပစ်ရန် ချက်ချင်း မတောင်းဆိုတော့ပေ။ ယင်းအစား ၎င်းကို သူ့ဘာသာ စူးစမ်းလေ့လာရန် စီစဉ်ထားသည်။ သို့ဖြစ်၍ သူက ကျေးဇူးတင်ကြောင်း ဖော်ပြရန် လက်သီးဆုပ်၍ ဧကရီကို အရိုအသေပေးလိုက်သည်။ ထို့နောက် သူက အနောက်လှည့်လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။
ထိုစဉ် ဧကရီ၏ စကားသံက ထပ်မံ ပဲ့တင်ထပ်လာသည်။
“ ဒီတောင်ကနေ နင်မထွက်သွားရဘူး ”
“ ငါးရက်ကြာပြီးရင် ငါ့ရဲ့ တုံကင်ကို ယူပြီး အရှေ့မိစ္ဆာငှက်မွှေးက အင်မော်တယ်အတတ်ပညာခန်းမဆီ ခရီးထွက်ပါ ”
ယင်းကို ရွှီချင်းကြားသောအခါ သူက မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်သည်။ စီနီယာအကိုကြီး၏ ပုံရိပ်က သူ၏ စိတ်ထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။ သို့ဖြစ်၍ သူက ခေါင်းလှည့်လိုက်ပြီး ဧကရီကို ကြည့်လိုက်သည်။
“ အရှင်မ… အရှေ့မိစ္ဆာငှက်မွှေးရဲ့ အင်မော်တယ်အတတ်ပညာခန်းမက… ”
ဧကရီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
“ မနေ့က အရှေ့မိစ္ဆာငှက်မွှေးရဲ့ အင်မော်တယ်အတတ်ပညာခန်းမက သူတို့ရဲ့ ကြီးမြတ်တဲ့ အင်မော်တယ်သခင်ကို ကြိုဆိုဧည့်ခံပွဲအတွက် အရှေ့မိစ္ဆာငှက်မွှေးက အင်အားစုအားလုံးဆီ ဖိတ်ကြားခဲ့တယ် ”
“ ပြီးတော့ အရင်မျိုးဆက်က ကြီးမြတ်တဲ့ အင်မော်တယ်သခင်ရဲ့ တပည့်ဖြစ်တဲ့ ယွဲ့တုန်က လက်ရှိမျိုးဆက်ရဲ့ ကြီးမြတ်တဲ့ အင်မော်တယ်သခင်ရာထူးအတွက် မဟာအကြီးအကဲနဲ့ ယှဉ်ပြိုင်ရာမှာ ကျရှုံးသွားတဲ့အကြောင်း လူတိုင်းကို အသိပေးခဲ့တယ်… အခု ယွဲ့တုန်က မဟာအကြီးအကဲရဲ့ လက်ထဲမှာ အရှင်ဖမ်းဆီးခံထားရတယ် ”
“ နောက်ငါးရက်ကြာပြီးရင် အင်မော်တယ်အတတ်ပညာခန်းမရဲ့ ပွဲအခမ်းအနားမှာ မဟာအကြီးအကဲက သူခိုးခြောက်ယောက်လှည့်စားခြင်း အင်မော်တယ်အတတ်ပညာကို ဆွဲထုတ်ဖို့ ယွဲ့တုန်ကို သန့်စင်လိမ့်မယ် ”
“ အဲ့ဒီရိုးရာဓလေ့ကို လုပ်ဆောင်ဖို့ အုပ်ချုပ်သူတောင်အားလုံးရဲ့ အသိအမှတ်ပြုမှုကို လိုအပ်တယ်… အဲ့ဒါကြောင့် ငါက ဖိတ်ခေါ်မှုကို ရရှိခဲ့တာ ”
ဧကရီ၏ စကားကို ကြားသောအခါ ရွှီချင်း၏ အမူအရာက ချက်ချင်း ထူးဆန်းသွားသည်။
ဧကရီက ယွဲ့တုန်၏ သရုပ်ကို သေချာပေါက် သိထားကြောင်း သူသိသည်။
စီနီယာအကိုကြီးက ကြီးမြတ်သော အင်မော်တယ်သခင်ရာထူးအတွက် ကျရှုံးသွားခဲ့သည်ဟူသော အချက်နှင့်ပတ်သက်ပြီး ရွှီချင်း၏ ပထမဆုံးအမြင်မှာ စီနီယာအကိုကြီးက ယင်းကို တမင်သက်သက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
စီနီယာအကိုကြီးက မည်မျှရူးမိုက်ကြောင်း သူနားလည်သည်။
“ ယွဲ့တုန်က သူ့ရဲ့ အင်မော်တယ်အတတ်ပညာကို ဘယ်လိုကာကွယ်မလဲ နင်သွားကြည့်ပါ ”
ဧကရီက ရွှီချင်းကို ကြည့်လိုက်သည်။
ရွှီချင်းက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သဘောတူလိုက်သည်။
ရွှီချင်းကို ထိုသို့မြင်လိုက်သောအခါ ဧကရီက သူ၏ လက်ကို မြှောက်လိုက်ပြီး နဖူးကို ပွတ်လိုက်သည်။ အတိတ်မှာ သူက မမျှော်လင့်ထားသော ပြဿနာများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် ရွှီချင်းနှင့် အားညိုကို အဝေးသို့ စေလွှတ်ခဲ့သည်။ သို့သော်လည်း သူတို့က ပြန်ရောက်လာဆဲပင်။
ထို့ပြင် သူတို့နှစ်ယောက်စလုံးက တစ်ယောက်တစ်မျိုး မရိုးရအောင် ပြဿနာရှာနိုင်ကြသည်။
“ အင်မော်တယ်အတတ်ပညာခန်းမအပေါ် အုပ်ချုပ်သူတောင်တွေရဲ့ သဘောထားက အနိုင်ရသွားတဲ့လူကို ထောက်ပံ့ဖို့ပဲ… သူတို့က အတွင်းရေးကိစ္စတွေမှာ ကြားဝင်ပတ်သက်မှာ မဟုတ်ဘူး… ဒါကြောင့် အဲ့ဒီကို နင်သွားတဲ့အခါ အခြေအနေတွေ ပိုဆိုးဝါးအောင် ဘာမှမလုပ်ပါနဲ့ ”
“ ပြီးတော့ နင့်ရဲ့ စီနီယာအကိုကြီးကို ပြောလိုက်ပါ… မီးလျှံလရဲ့ နေနတ်ဘုရားက သူ့ကို မီးလျှံလရဲ့ စစ်ပွဲထဲမှာ စစ်မှုထမ်းစေချင်တယ်တဲ့… ဒါပေမဲ့ အဲ့ဒါကို ငါက သူ့ကိုယ်စား ငြင်းပယ်ခဲ့တယ် ”
ဧကရီက ထပ်ပေါင်းပြောသည်။
ရွှီချင်းသည် ဧကရီ၏ စကားထဲမှ ခြိမ်းခြောက်မှုကို အာရုံခံမိသည်။ သူက အမြန်ဦးညွတ်လိုက်ပြီး ခန်းမထဲမှ ထွက်သွားသည်။
ရွှီချင်း၏ ထွက်သွားမှုကို ကြည့်ပြီးနောက် ဧကရီက ခေါင်းခါလိုက်သည်။
“ ဒါကြောင့် သူတို့ဆရာက သူတို့ကို အနားမှာ ခေါ်ထားမယ့်အစား ကိုယ်ပိုင်လွတ်လပ်ခွင့် ပေးထားတာကို… မထူးဆန်းတော့ပါဘူး… ”
ငါးရက်အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။
နံနက်ခင်းအချိန် အာရုဏ်ဦးအလင်းက ထွက်ပေါ်လာသည့်အခါ ရွှီချင်းက ဒသမအုပ်ချုပ်သူတောင်မှ ထွက်သွားပြီး အရှေ့ငှက်မွှေးမိစ္ဆာ၏ အင်မော်တယ်အတတ်ပညာခန်းမဆီသို့ ဦးတည်သွားသည်။
သူက စိုးရိမ်ကြောင့်ကြခြင်း မရှိပေ။ ယင်းအစား မျှော်လင့်မှုက သူ၏ နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။