ဝမ်းနည်းစရာကောင်းတဲ့ နွား
Vol. 98 Ch. 1514
သူ၏ စီနီယာအကိုကြီးကို စိုးရိမ်ရန် မလိုကြောင်း ရွှီချင်း ခံစားမိသည်။
သူတို့နှစ်ယောက် လက်တွဲလုပ်ဆောင်ခဲ့သော ခရီးတစ်လျှောက်တွင် သူ၏ စီနီယာအကိုကြီးက ဆိုးဆိုးဝါးဝါး ခံစားခဲ့ရခြင်း သိပ်မရှိပေ။ အခြေခံအားဖြင့် တခြားလူများကသာ ဆိုးဝါးစွာ ခံစားခဲ့ကြရသည်။
ထိုဒုက္ခသည်များထဲတွင် တားမြစ်ပင်လယ်ထဲမှ နတ်ဘုရားသက်ရှိများ၊ ကောင်းကင်ဘုံသုံးခု၊ ကမ္ဘာမြေနှင့် လူသားဝိညာဉ်များ ပါဝင်ခဲ့ကြသည်။ အစွမ်းထက်သူများထဲတွင်တော့ နီလာနတ်သမီးက ပါဝင်ခဲ့သည်။ နတ်ဘုရားမျက်နှာပျက်ကြီးသည်ပင် အားညို၏ အကိုက်ခံခဲ့ရသည် မဟုတ်ပါလော။
သို့ဖြစ်၍ ရွှီချင်း၏ အမြင်တွင် ထိုသို့ရူးမိုက်သော လူတစ်ယောက်က အရှေ့မိစ္ဆာငှက်မွှေး၏ အင်မော်တယ်အတတ်ပညာခန်းမထဲတွင် မတော်တဆမှုတစ်ခုဖြင့် တွေ့ကြုံခဲ့ခြင်းက လုံးဝမဖြစ်နိုင်သောအရာ ဖြစ်သည်။
မည်သို့ဖြစ်ပါစေ စီနီယာအကိုကြီးက အင်မော်တယ်အတတ်ပညာခန်းမဆီသို့ သွားရောက်ရန် ကိုယ်တိုင်ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူက မထွက်သွားခင် ကိုယ့်ကိုယ်ကိုယ် အလွန်ယုံကြည်မှုရှိခဲ့သည်။
သို့ဖြစ်၍ ဒသမအုပ်ချုပ်သူကိုယ်စား ရွှီချင်းက အလည်ရောက်လာခြင်းမှာ ပြပွဲကို ဘေးမှ လေ့လာကြည့်ရှုရန်သာ ဖြစ်သည်။
အတိတ်တွင် သူက စီနီယာအကိုကြီးနှင့်အတူ လက်တွဲညီစွာ ကိစ္စကြီးများကို အတူတကွ လုပ်ဆောင်ခဲ့သည်။ သို့သော်လည်း ဤသည်မှာ ပထမဆုံးအကြိမ်အဖြစ် မြင့်မားသော နေရာမှတဆင့် ပြပွဲကို သူကြည့်ရှုဖူးခြင်း ဖြစ်လောက်သည်။
“ ဒါပေမဲ့ အခြေအနေကို ထိန်းချုပ်ဖို့ အကောင်းဆုံး ငါကြိုးစားရမယ် ”
ဧကရီက ဆူဆူညံညံမဖြစ်စေရန် တောင်းဆိုထားမှတော့ အခြေအနေကို ပရမ်းပတာ မဖြစ်သွားစေရန် သူချုပ်ထိန်းပေးရလိမ့်မည်ဟု ရွှီချင်း ခံစားမိသည်။
သို့သော်လည်း စီနီယာအကိုကြီး၏ ပြဿနာရှာတတ်ပုံကို စဉ်းစားမိသွားသောအခါ ထိုကိစ္စနှင့်ပတ်သက်ပြီး ရွှီချင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုသိပ်မရှိပေ။
“ သူ့ကို ငါနားချကြည့်မယ် ”
ထိုသို့တွေးမိသောအခါ ရွှီချင်းက အနည်းငယ် စိတ်သက်သာရာရသွားသည်။ ထို့နောက် သူက ကောင်းကင်ပေါ်မှာ အရှိန်မြှင့်တင်လိုက်သည်။
လေးနာရီကြာပြီးနောက် စီနီယာအကိုကြီးနှင့် သူခွဲခွာခဲ့သော မြို့ကို ရွှီချင်း မြင်တွေ့သွားသည်။
အရှေ့မိစ္ဆာငှက်မွှေး၏ အင်မော်တယ်အတတ်ပညာခန်းမသည် ထိုမြို့၏ မြောက်ဘက် ကီလိုမီတာငါးရာအဝေးမှာ တည်ရှိသည်။
ရွှီချင်း၏ အကြည့်က မြို့ပေါ်သို့ ကျရောက်သွားသည်။ သို့သော်လည်း သူက မရပ်တန့်ခဲ့ပေ။ သူက မြို့ပေါ်မှ ပျံသန်းသွားပြီး မကြာမီ ကီလိုမီတာငါးရာကို ဖြတ်ကျော်သွားသည်။ ထိုနေရာတွင် သူက အဖြူရောင်ရေကန်ကို မြင်တွေ့သွားသည်။
အနောက်မိစ္ဆာငှက်မွှေး၏ အင်မော်တယ်အတတ်ပညာခန်းမကဲ့သို့ပင် အရှေ့မိစ္ဆာငှက်မွှေး၏ အင်မော်တယ်အတတ်ပညာခန်းမကိုလည်း ရေကန်ပေါ်မှာ တည်ဆောက်ထားသည်။ ခြားနားချက်အနေဖြင့် အနောက်မိစ္ဆာငှက်မွှေး၏ အင်မော်တယ်အတတ်ပညာခန်းမတည်ရှိသော ရေကန်က အနက်ရောင်ဖြစ်ပြီး အရှေ့မိစ္ဆာငှက်မွှေးတွင်တော့ ရေကန်က အဖြူရောင်ဖြစ်သည်။
ရေကန်၏ နာမည်ကို လှည့်စားခြင်းရေကန်ဟု ခေါ်သည်။
ရေကန်၏ အလယ်ဗဟိုတွင် အနက်ရောင်ကျောက်စိမ်းများဖြင့် တည်ဆောက်ထားသော အနက်ရောင်နန်းတော်တစ်ခု ရှိသည်။
ယင်းက ရေကန်၏ အရောင်နှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်သည်။
ဤရေကန်သည် အနောက်မိစ္ဆာငှက်မွှေးတွင် သူမြင်တွေ့ခဲ့သော ရေကန်နှင့် အတော်လေး ခြားနားသည်။ အနောက်မိစ္ဆာငှက်မွှေး၏ ရေကန်ပေါ်တွင် တရားထိုင်နေကြသော အင်မော်တယ်သခင်များဖြင့် ပြည့်နှက်နေသည်။ သို့သော်လည်း ဤနေရာက တိတ်ဆိတ်ခြောက်ကပ်နေသည်။
ဖြစ်နိုင်သည်မှာ ဝမ်းနည်းဖွယ်ကောင်းသော လေထုကြောင့် သို့မဟုတ် ယနေ့ ကျင်းပမည့် ပွဲအခမ်းအနားကြောင့် မည်သည့်အင်မော်တယ်သခင်မှ ဤနေရာမှာ တရားထိုင်မနေကြပေ။ သို့ဖြစ်၍ အလွန်ကျယ်ပြောသော ရေကန်က ဟာလာဟင်းလင်းဖြစ်နေသည်။
အမှန်မှာ အနက်ရောင် အင်မော်တယ်အတတ်ပညာခန်းမထဲတွင် ထိခိုက်ပျက်စီးထားသော လက္ခဏာတချို့ပင် ရှိသည်။ ဤသည်မှာ အင်မော်တယ်အတတ်ပညာခန်းမက လက်တလောမှာ မန္တန်များဖြင့် ရင်ဆိုင်ခဲ့ရသည့်အလားပင်။
နန်းတော်ကို ကြည့်ပြီးနောက် ရွှီချင်းက နက်နဲစွာ တွေးတောလိုက်သည်။ သူ၏ ပုံရိပ်က ရေကန်ကို ဖြတ်ကျော်သွားပြီး အင်မော်တယ်အတတ်ပညာခန်းမ၏ အပေါ်မှာ ထွက်ပေါ်လာသည်။ သူက ထိုနေရာမှာ ရပ်လိုက်ပြီး လက်နောက်ပစ်လျက် တည်ငြိမ်စွာ ပြောသည်။
“ အင်မော်တယ်အတတ်ပညာခန်းမကို တာဝန်ယူတဲ့လူ… အပြင်ထွက်လာပြီး ငါ့ကို လာတွေ့ပါ ”
ထိုစကားများက မိုးခြိမ်းသံပမာ အရပ်မျက်နှာအဘက်ဘက်တွင် ပေါက်ကွဲသွားသည်။ ယင်းက ဤနေရာမှ ဟင်းလင်းပြင်ကို ပရမ်းပတာဖြစ်စေပြီး ရေကန်ပေါ်တွင် လှိုင်းလုံးများကို ထွက်ပေါ်လာစေသည်။
ပုံရိပ်ခုနစ်ခု ရှစ်ခုသည် အင်မော်တယ်အတတ်ပညာခန်းမထဲမှ ချက်ချင်း ပျံသန်းထွက်လာကြပြီး ရွှီချင်းဆီသို့ ဦးတည်သွားကြသည်။
အရှေ့ဆုံးမှ ဦးဆောင်လာသူသည် သက်လတ်ပိုင်းအရွယ် အင်မော်တယ်သခင်တစ်ပါး ဖြစ်သည်။ သူက ရွှီချင်းကို ရှင်းလင်းစွာ မြင်တွေ့သွားသည့်အခိုက် သူ၏ မျက်လုံးက မှေးကျဉ်းသွားပြီး သူ၏ အမူအရာက ယခင်ထက် ပိုပြီးရိုသေလေးစားလာသည်။ သူက အမြန်ချဉ်းကပ်လာပြီး ရွှီချင်းနှင့် ပေပေါင်းဒါဇင်ခန့်အကွာမှာ ရပ်လိုက်သည်။ ထို့နောက် သူက လေးနက်စွာ အရိုအသေပေးလိုက်သည်။
“ နှုတ်ဆက်ပါတယ်…. တာအိုရောင်းရင်းရွှယ်ချန်းဇီ ”
“ အင်မော်တယ်အတတ်ပညာခန်းမကနေ ကြိုဆိုပါတယ် တာအိုရောင်းရင်း… စောစောက ကျုပ်တို့က အရင်ဧည့်သည်တွေကို လက်ခံကြိုဆိုနေတာကြောင့် တာအိုရောင်းရင်းအပေါ် ဧည့်ဝတ်မကျေပွန်သလို ဖြစ်သွားပါတယ်… အဲ့ဒီအတွက် ကျုပ်တို့ တောင်းပန်ပါတယ် ”
သက်လတ်ပိုင်းအရွယ် အင်မော်တယ်သခင်က ရိုးသားစွာ ပြောသည်။ သူ၏ အနောက်မှ အင်မော်တယ်သခင်များသည်လည်း တည်ကြည်လေးနက်သော အမူအရာဖြင့် ခေါင်းငုံ့လိုက်ကြပြီး ရွှီချင်းကို နှုတ်ဆက်လိုက်ကြသည်။
ဤသို့လုပ်ဆောင်ရသည့် အကြောင်းအရင်းမှာ ရွှယ်ချန်းဇီ၏ နာမည်က လက်တလောမှာ မိစ္ဆာငှက်မွှေးသူတော်စင်ကုန်းမြေတစ်ခုလုံး၌ တစ်ဟုန်ထိုး မြင့်တတ်သွားသောကြောင့် ဖြစ်သည်။
သူက အနောက်မိစ္ဆာငှက်မွှေးကို စိန်ခေါ်ခဲ့ပြီး သူ၏ နောက်ဆုံးတိုက်ပွဲမှာ အနောက်မိစ္ဆာကလေးကို အနိုင်ရရှိခဲ့ကြောင်း လူတိုင်းသိထားကြသည်။
ယင်းက သူ၏ နာမည်ကို တစ်ဟုန်ထိုး ကျော်ကြားသွားစေသည်။ အထူးသဖြင့် အရှေ့မိစ္ဆာငှက်မွှေးမှာ ဖြစ်သည်။
ထို့ပြင် သူ့အနောက်မှာ ဒသမအုပ်ချုပ်သူရှိလေရာ အဆင့်နိမ့်ကျသွားပြီဖြစ်သော သူတို့၏ အင်မော်တယ်အတတ်ပညာခန်းမက နည်းနည်းမှ မလေးမစား မလုပ်ဝံ့ချေ။
ရွှီချင်းက အမူအရာကင်းမဲ့စွာ ခေါင်းညိတ်လိုက်သည်။
“ တာအိုရောင်းရင်းရွှယ်ချန်းဇီ… ကျေးဇူးပြုပြီးတော့ အထဲကြွပါ ”
ရွှီချင်းက ယင်းကို စိတ်ထဲမထားကြောင်း မြင်သွားသောအခါ သက်လတ်ပိုင်းအင်မော်တယ်သခင်က စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်သွားသည်။ ရွှယ်ချန်းဇီက မောက်မာထောင်လွှားသော အကျင့်စရိုက်ရှိပြီး သွေးနှင့်ဆက်စပ်သော နတ်ဘုရားစွမ်းရည်များကို ပိုင်ဆိုင်ထားကြောင်း သူကြားထားသည်။
ဤအခိုက်အတန့်မှာ သူက သတိကြီးစွာထား၍ ရွှီချင်းကို လမ်းပြပေးရန် ပြင်လိုက်သည်။
သို့သော်လည်း လေထဲမှ ရွှီချင်းက ရုတ်တရက် ခေါင်းလှည့်လိုက်ပြီး မိုးကုပ်စက်ဝိုင်းဆီသို့ ကြည့်လိုက်သည်။
သက်လတ်ပိုင်းအင်မော်တယ်သခင်က အံ့ဩသွားသည်။ သူက အဝေးသို့ လှမ်းကြည့်လိုက်သည့်အခါ ရယ်မောသံက မိုးကုပ်စက်ဝိုင်းထံမှ ပျံ့လွင့်လာသည်။
“ အရှေ့က လူက တာအိုရောင်းရင်းရွှယ်ချန်းဇီမလား ”
ရယ်မောသံက ပဲ့တင်ထပ်သွားစဉ် လူထွားကြီးတစ်ယောက်က မိုးကုပ်စက်ဝိုင်းထဲမှ ထွက်လျှောက်လာသည်။
ထိုလူထွားကြီးက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ မျက်လုံးက ထွန်းလင်းတောက်ပပြီး လျှပ်စီးတန်းပမာ စူးရှသည်။ ဤအခိုက်အတန့်မှာ သူက လေထဲသို့ ခြေချလိုက်သည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့် ကျင့်ကြံခြင်းအားလှိုင်းများက ပျံ့လွင့်သွားသည်။ ယင်းက သူ၏ ဘေးပတ်ဝန်းကျင်တွင် ကြီးမားသော ဖိအားကို ဖြစ်ပေါ်စေသည်။
သက်လတ်ပိုင်းအင်မော်တယ်သခင်က အမြန်ခေါင်းငုံ့လိုက်ပြီး ရိုသေလေးစားစွာ နှုတ်ဆက်လိုက်သည်။
“ နှုတ်ဆက်ပါတယ်… သခင်လင်းခွန်း ”
ရွှီချင်းက တည်ငြိမ်သည်။ ရွှယ်ချန်းဇီ၏ မှတ်ဉာဏ်ထဲတွင် ထိုသို့ပုံရိပ်တစ်ခု ရှိသည်။ သို့ဖြစ်၍ တစ်ဖက်လူက ပဉ္စမအုပ်ချုပ်သူ၏ အကြီးဆုံးသား လင်းခွန်းဖြစ်ကြောင်း သူသိသည်။
သို့သော်လည်း သူတို့နှစ်ယောက်က မရင်းနှီးပေ။ အမှန်မှာ ရွှီချင်းရောက်မလာခင် လင်းခွန်းသည် ရွှယ်ချန်းဇီကို အထူးတလည် မှတ်ထားခြင်းမရှိပေ။ ရွှယ်ချန်းဇီက သူ၏ အာရုံစိုက်မှုကို ရရှိရန် မထိုက်တန်ပေ။
သို့သော်လည်း ယခုတော့ လုံးဝကွဲပြားခြားနားသွားသည်။
ရွှီချင်းက လက်သီးဆုပ်လိုက်ပြီး တုံ့ပြန်လိုက်သည်။ ယင်းက လင်းခွန်းကို ပိုပြီးကျယ်လောင်စွာ ရယ်မောသွားစေသည်။
“ တာအိုရောင်းရင်းရွှယ်ချန်းဇီ… ငါတို့ကြားမှာ ဓလေ့ထုံးစံတွေ လုပ်နေဖို့ မလိုပါဘူး… အနောက်မိစ္ဆာငှက်မွှေးမှာ မင်းရဲ့ စွမ်းဆောင်မှုတွေက ငါ့ကို အတော်လေး အံ့အားသင့်စေတယ်… မင်းကို မကြာခဏ ငါချီးကျူးခဲ့တယ် ”
လင်းခွန်းက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူ၏ မျက်လုံးထဲမှ ရိုးသားမှုက အစစ်အမှန် ဖြစ်သည်။ သူ၏ အမူအရာနှင့် စကားများက ရင်းနှီးကျွမ်းဝင်သော ခံစားမှုကို ပေးသည်။
“ အခု မင်းကို ငါမြင်လိုက်ရတော့ မင်းက တကယ်ပဲ ထူးချွန်ပြောင်မြောက်တဲ့ သူရဲကောင်းတစ်ယောက်ဆိုတာ ငါသိလိုက်ပြီ ”
သို့သော်လည်း လူသားသဘာဝကို အပေါ်ယံကြည့်ပြီး ကောင်းသည် ဆိုးသည် မဆုံးဖြတ်နိုင်ပေ။ သို့ဖြစ်၍ ရွှီချင်းမှာ တစ်ဖက်လူအပေါ် ကောင်းမွန်သော အမြင်မရှိပေ။ သူက ခေါင်းခါလိုက်ပြီး ပြောသည်။
“ အဲ့ဒါက အုပ်ချုပ်သူရဲ့ ကာကွယ်ပေးမှုကြောင့်ပါ… ကျွန်တော်က အုပ်ချုပ်သူနောက်ကို လိုက်သွားရုံပါပဲ… ကံကောင်းလို့ ဒီခရီးစဉ်မှာ ကျော်ကြားမှုနည်းနည်း ရခဲ့တာပါ… တကယ်လို့ တာအိုရောင်းရင်းလင်းသာ သွားမယ်ဆိုရင် အရှေ့မိစ္ဆာငှက်မွှေးရဲ့ ဂုဏ်သတင်းက ဒီထက်ပိုပြီး ကျော်ကြားသွားမှာပါ ”
ရွှီချင်း၏ နှိမ့်ချပြောမှုကို မြင်သွားသောအခါ လင်းခွန်း၏ အပြုံးက ပိုပြီးထင်ရှားလာသည်။ သူက ပျော်ရွှင်ဖွယ်ရာစကားများကို ပြန်ပြောလိုက်သည်။ နောက်ပိုင်းတွင် သူ၏ စကားများထဲမှာ သတင်းနှိုက်သော အရိပ်အမြွက်တချို့ ပါဝင်လာသည်။
အတွေ့အကြုံများစွာရှိသော ရွှီချင်းအတွက် ယင်းက အသေးအမွှားသာ ဖြစ်သည်။ သူက ဟာကွက်မရှိစွာ တုံ့ပြန်ခဲ့သည်။ သူက စကားမှားသွားခြင်းမရှိဘဲ တစ်ဖက်လူ၏ မေးခွန်းများကို လိမ္မာပါးနပ်စွာ ရှောင်ရှားခဲ့သည်။
သို့ဖြစ်၍ အပေါ်ယံတွင် သူတို့နှစ်ယောက်က လိုက်လျောညီထွေစွာ စကားပြောနေကြဟန် ရ၏။ ထို့နောက် သက်လတ်ပိုင်းအင်မော်တယ်သခင်၏ ဦးဆောင်မှုအောက်မှာ သူတို့နှစ်ယောက်က အင်မော်တယ်အတတ်ပညာခန်းမထဲသို့ အတူတကွ ဝင်ရောက်သွားကြသည်။
လမ်းတစ်လျှောက်တွင် အင်မော်တယ်အတတ်ပညာခန်းမပေါ်မှ မန္တန်အကြွင်းအကျန်များကို မြင်သွားသောအခါ လင်းခွန်းက ပြုံးလိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
“ အကိုရွှယ်ချန်းဇီ… အနောက်မိစ္ဆာငှက်မွှေးဆီ မင်းရောက်နေတဲ့အချိန် ဒီနေရာမှာ ကိစ္စကြီးတချို့ ဖြစ်ပွားခဲ့တယ် ”
“ အရင်မျိုးဆက်က ကြီးမြတ်တဲ့ အင်မော်တယ်သခင်ရဲ့ တပည့်ယွဲ့တုန်က ပြန်ရောက်လာပြီး ကြီးမြတ်တဲ့ အင်မော်တယ်သခင်ရာထူးအတွက် တိုက်ခိုက်ခဲ့တယ်… ဒါပေမဲ့ သူက အင်မော်တယ်အတတ်ပညာခန်းမထဲက အကြီးအကဲတွေရဲ့ တားဆီးခံခဲ့ရတယ်… အဲ့ဒါက နှစ်ဦးနှစ်ဖက်ရဲ့ အခြေအနေကို ပိုပြီးတင်းမာသွားစေတယ် ”
“ ယွဲ့တုန်က အရင်းအမြစ်ကြွယ်ဝပြီး အတော်လေး ဩဇာအာဏာရှိတယ်… သူက အင်မော်တယ်သခင်တချို့ရဲ့ ထောက်ပံ့မှုကို ရရှိခဲ့ရုံတင်မကဘူး အရေးကြီးအချိန်မှာ ပြင်ပအကူအညီကိုလည်း ခေါ်ဆောင်နိုင်ခဲ့တယ်… ယွင်မိသားစုရဲ့ လက်ရှိမျိုးဆက်က အကြီးဆုံးမြေးဟာ သူ့အတွက် အကြီးအကဲအများကြီးကို သတ်ပေးခဲ့တယ် ”
“ အစကတော့ အနိုင်ရလဒ်က ယွဲ့တုန်ဆီ ဦးတည်သွားနေတယ်လို့ အောက်မေ့ရတယ်… သူက ကြီးမြတ်တဲ့ အင်မော်တယ်သခင်အဖြစ် ရာထူးတိုးမြှင့်သွားဖို့ သိပ်မလိုတော့ဘူး… ဒါပေမဲ့ နောက်ဆုံးအခိုက်အတန့်မှာ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဖြစ်ပေါ်လာတယ်… အရေးကြီးအချိန်မှာ နှစ်အတော်ကြာအောင် တံခါးပိတ်ကျင့်ကြံနေတဲ့ အင်မော်တယ်အတတ်ပညာခန်းမရဲ့ မဟာအကြီးအကဲက ထွက်ပေါ်လာပြီး ဆုံးဖြတ်ချက်ပြတ်သားစွာ လုပ်ဆောင်ခဲ့တယ်… သူက အင်အားစုအားလုံးကို ဖိနှိပ်ပြီး ယွဲ့တုန်ကို ဖမ်းဆီးလိုက်တယ်… အဲ့ဒီလိုနဲ့ အခြေအနေက အဆုံးသတ်သွားခဲ့တယ် ”
လင်းခွန်းက လမ်းလျှောက်နေရင်း စကားပြောသည်။ တစ်ချိန်တည်းမှာ သူက ရွှီချင်း၏ အမူအရာကို စစ်ဆေးလေ့လာလိုက်သည်။
ယွဲ့တုန်၏ နာမည်ကို ကြားသောအခါ ရွှီချင်း၏ အမူအရာက အေးစက်သွားသည်။
လင်းခွန်းက ရယ်မောလိုက်သည်။
“ မင်းနဲ့ ယွဲ့တုန်ကြားက ရန်ငြိုးကို ငါကြားမိပါတယ်… အဲ့ဒါကို မင်းကိုယ်တိုင် လုပ်ဆောင်တာမဟုတ်ပေမဲ့ သူ့ရဲ့ သေဆုံးမှုကို မျက်မြင်တွေ့ရတာကလည်း မင်းကို စိတ်ကျေနပ်စေမယ်လို့ ငါမျှော်လင့်ပါတယ် ”
ရွှီချင်းက ခေါင်းခါလိုက်သည်။
“ ယွဲ့တုန်အနိုင်ရဖို့ ငါမျှော်လင့်တယ်… ဒါမှ အနာဂတ်မှာ သူ့ကို ငါ့လက်နဲ့ ကိုယ်တိုင်သတ်ပစ်နိုင်မှာ… တခြားလူရဲ့ စွမ်းအားအပေါ် မှီခိုအားထားတာက ငါ့ရဲ့ နှလုံးသားကို စိတ်ကျေနပ်မှု မပေးနိုင်ဘူး ”
လင်းခွန်းက ခေါင်းညိတ်လိုက်သည်။ ရွှီချင်း၏ စကားကို သူနားလည်သည်။ အကယ်၍ သူသာဆိုလျှင်လည်း ထိုသို့ဖြစ်ချင်သည်။
အကယ်၍ သူ့မှာ ရန်သူအပေါ် လက်စားပြန်ချေရန် စွမ်းအားမရှိလျှင် ယင်းက ကိစ္စမရှိပေ။ သို့သော်လည်း သူ့မှာ လက်စားပြန်ချေရန် စွမ်းအားရှိနေမှတော့ သူ၏ ရန်သူများကို ကိုယ်တိုင်သုတ်သင်ပစ်လိမ့်မည်။ ယင်းက သူ့ကို ပိုပြီးစိတ်ကျေနပ်စေလိမ့်မည်။
သူတို့က စကားပြောနေရင်း သက်လတ်ပိုင်းအင်မော်တယ်၏ ဦးဆောင်မှုအောက်မှာ အင်မော်တယ်အတတ်ပညာခန်းမထဲမှ စင်္ကြံလမ်းပေါ် ဖြတ်လျှောက်သွားကြသည်။ ထို့နောက် သူတို့က စက်ဝိုင်းသဏ္ဍာန် အလွန်ကြီးမားကျယ်ပြောသော အခန်းလွတ်တစ်ခုဆီသို့ ရောက်ရှိသွားကြသည်။
အခန်းသည် ကြီးကျယ်ခမ်းနားသည်။ ဘေးပတ်ဝန်းကျင်တွင် မရေမတွက်နိုင်သော ရှေးဟောင်းသန္ဓေပြောင်းသားရဲပုံများကို နံရံပေါ်မှာ ထွင်းထုထားကြသည်။ ရှေးဘုရင်ရွှမ်ယုံခေတ်တွင် အင်မော်တယ်အတတ်ပညာများအပေါ် အကျိုးပြုခဲ့ကြသော သူရဲကောင်းများ၏ ပုံရိပ်များကိုလည်း နံရံပေါ်မှာ ပန်းချီဆွဲထားကြသည်။
အခန်း၏ အလယ်မှ လေထဲတွင် လူတစ်ယောက်က တန်းလန်းချိတ်ဆွဲခံထားရသည်။ သူ့ကို သံကြိုးခြောက်ကြိုးက ကြက်ခြေခတ်ပုံသဏ္ဍာန်ဖြင့် ချုပ်နှောင်ထားသည်။
သူက ယွဲ့တုန်ဖြစ်သည်။
သူ၏ ဆံပင်က ဖရိုဖရဲဖြစ်နေပြီး သူက လှုပ်ရှားမှုကင်းမဲ့နေသည်။ သူ၏ တစ်ကိုယ်လုံးက သွေးဖြင့် ရွှဲစိုနေပြီး သူက အလွန်အမင်း အခြေအနေဆိုးဝါးနေပုံပေါ်သည်။
ထို့ပြင် ယခုပုံစံအရ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးက ခမ်းခြောက်သွားတော့မည့်ဟန် ရ၏။
သူ၏ အရှိန်အဝါသည်လည်း အာရုံမခံနိုင်တော့လုနီးပါး မှေးမှိန်နေသည်။
သူ၏ ဘေးပတ်ပတ်လည်တွင် ဧရာမထိုင်ခုံဆယ်လုံးက လွင်မျောနေကြသည်။
ထိုင်ခုံတစ်လုံးစီကို အင်မော်တယ်ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ယင်းတို့က နေဆယ်စင်းသဖွယ် ထွန်းလင်းတောက်ပကြသည်။
ဤအခိုက်အတန့်မှာ ထိုင်ခုံခြောက်လုံးတွင် ပိုင်ရှင်ရှိနေကြသည်။
သူတို့က ယောင်္ကျားမိန်းမများ ဖြစ်ကြသည်။ သူတို့အားလုံး၏ ကျင့်ကြံခြင်းအခြေခံက မဟာလောကကိုးခု ဝိညာဉ်စုစည်းခြင်းအဆင့်မှာ ဖြစ်ကြသည်။
သူတို့က အုပ်ချုပ်သူတောင်များ၏ ကိုယ်စားလှယ်အနေဖြင့် ရောက်ရှိလာကြခြင်း ဖြစ်သည်။
လင်းခွန်းနှင့် ရွှီချင်းက ရောက်ရှိလာသည့်အခါ ထိုလူခြောက်ယောက်၏ အကြည့်များက သူတို့အပေါ်သို့ ကျရောက်လာကြသည်။ သူတို့၏ အဓိကအာရုံစိုက်မှုက ရွှီချင်းပေါ်မှာ ဖြစ်သည်။
သူတို့က မည်သည့်အရာကို တွေးတောနေကြောင်း သူတို့သာလျှင် သိကြလိမ့်မည်။ အပေါ်ယံတွင် သူတို့ထုတ်ဖော်ထားခြင်းက အစစ်အမှန်လော သို့မဟုတ် အတုအယောင်လော မသိနိုင်ပေ။ ဤအခိုက်အတန့်မှာ သူတို့ထဲမှ တချို့က ယခင်အမူအရာအတိုင်း ဆက်ရှိနေကြပြီး တချို့က အသိအမှတ်ပြုစွာ ခေါင်းညိတ်လိုက်ကြသည်။
ရွှီချင်းသည်လည်း ခေါင်းညိတ်ပြလိုက်သည်။ လူခြောက်ယောက်၏ အာရုံစိုက်မှုကို ရရှိပြီးနောက် သူက လင်းခွန်းနှင့်အတူ လေထဲသို့ ပျံသန်းသွားပြီး သူ၏ ထိုင်ခုံမှာ ဝင်ထိုင်လိုက်သည်။
ရွှီချင်း၏ ထိုင်ခုံက ဒသမမြောက်ထိုင်ခုံ ဖြစ်သည်။
သူက ထိုင်ခုံပေါ်မှာ ဝင်ထိုင်လိုက်ပြီးနောက် လေထဲမှာ တန်းလန်းတည်ရှိနေသော ယွဲ့တုန်ကို ကြည့်လိုက်သည်။
အကြည့်တစ်ချက်ဖြင့် အားညိုက အဆင်ပြေကြောင်း ရွှီချင်းသိလိုက်သည်။
အဘယ့်ကြောင့်ဆိုသော် အားညို၏ သွေးက အဆုံးမဲ့ကြောင်း သူသိထားသောကြောင့် ဖြစ်သည်။
မည်သို့ကြောင့် သူ့သွေးက ထိုသို့ ခမ်းခြောက်နိုင်မည်နည်း။
‘ စီနီယာအကိုကြီးက အားနည်းချင်ယောင် တမင်ဟန်ဆောင်နေတာလား ’
‘ ဒါမှမဟုတ် သူက တစ်စုံတစ်ယောက်ရဲ့ စွမ်းအားကို ငှားယူချင်နေတာလား ’
‘ ဘာပဲဖြစ်ဖြစ် ဒီအခြေအနေရဲ့ ရည်ရွယ်ချက်က အရေးကြီးဆုံးအချိန်မှာ အားလုံးကို ပြောင်းပြန်လှန်ပစ်ဖို့ ဖြစ်နိုင်တယ် ’
‘ အဲ့လိုလုပ်ဖို့ဆိုရင် အင်မော်တယ်အတတ်ပညာခန်းမရဲ့ မဟာအကြီးအကဲကို အရာအားလုံးက သူ့ရဲ့ အစီအစဉ်အတိုင်း သွားနေတယ်လို့ သူယုံကြည်သွားအောင် အရင်လုပ်ရလိမ့်မယ် ’
‘ အစီအစဉ်ကို အသေးစိတ် ငါမသိထားတာ စိတ်မကောင်းစရာပဲ… စီနီယာအကိုကြီးက အဲ့ဒါကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲ ငါသိချင်မိတယ် ’
ရွှီချင်းက လေးနက်စွာ စဉ်းစားတော့မည့်အချိန် ယွဲ့တုန်၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။ သူက တစ်စုံတစ်ရာကို အာရုံခံမိသွားလေရာ သတိမေ့နေခြင်းမှ ပြန်နိုးလာဟန် ရသည်။ သို့သော်လည်း သူ၏ ဒဏ်ရာများက အလွန်ဆိုးဝါးနေကြောင်း ထင်ရှားသည်။ သို့ဖြစ်၍ မျက်လုံးဖွင့်ရန်ပင် သူ့မှာ ခွန်အားမရှိပေ။
အချိန်က တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ နောက်ဆုံးကျန်ရှိသော အုပ်ချုပ်သူနှစ်ပါး၏ ကိုယ်စားလှယ်များက ထိုင်ခုံပေါ်မှာ ဝင်ထိုင်လိုက်ကြသည့်အခါ ဤပွဲအခမ်းအနား၏ အဓိကဇာတ်ကောင်က အခန်း၏ ဟင်းလင်းပြင်ထဲမှ တစ်လှမ်းချင်း ထွက်လျှောက်လာသည်။
ထိုလူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက် ဖြစ်သည်။ သူ၏ ဆံပင်အားလုံးက အဖြူရောင်ဖြစ်ပြီး သူ၏ ခန္ဓာကိုယ်က ပိန်ပါးသည်။ သူက အဝတ်အစား ဝတ်ထားသော အရိုးခြောက်နှင့် မခြားပေ။
အထူးခြားဆုံးမှာ သူ၏ အနောက်တွင် ပုံရိပ်အမျိုးမျိုး ရှိကြသည်။ ယင်းတို့က သူ၏ ကလေးဘဝ၊ လူငယ်ဘဝနှင့် လူရွယ်ဘဝကို ကိုယ်စားပြုကြသည်။
သူက တောင်ဝှေးတစ်ချောင်းကို ဆုပ်ကိုင်ထားပြီး သူ၏ ခန္ဓာကိုယ်မှ အံ့ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ယင်းက ပင်လယ်ကြီးတမျှ ကြီးမားကျယ်ပြောကြောင်း ရွှီချင်း ခံစားမိသည်။
ယခင်က ရွှီချင်းတွေ့ဆုံခဲ့ဖူးသော ဝိညာဉ်စုစည်းခြင်းအဆင့် ပညာရှင်ကျင့်ကြံသူများနှင့် ခြားနားသည်မှာ ဤအဖိုးအိုက အလွန်သိပ်သည်းသော အင်မော်တယ်အတတ်ပညာအားလှိုင်းများကို ထုတ်လွှတ်နေသည်။
သူ၏ ရောက်ရှိလာမှုက အခန်းတစ်ခုလုံးကို တိတ်ဆိတ်ငြိမ်သက်သွားစေသည်။ ရွှီချင်းအပါအဝင် လူတိုင်းက ထိုအဖိုးအိုကို စိုက်ကြည့်လိုက်ကြသည်။
“ ရှေးခေတ်သဘောတူညီမှုအရ ကြီးမြတ်တဲ့ အင်မော်တယ်သခင်တစ်ပါး ထွက်ပေါ်လာတဲ့အခါတိုင်း အုပ်ချုပ်သူတောင်အားလုံးက အဲ့ဒါကို မျက်မြင်သက်သေပြုပေးရတယ် ”
“ ဒါကြောင့် မင်းတို့အားလုံးကို ငါဖိတ်ခေါ်လိုက်တာပဲ ”
ဝတ်စုံနက်ဖြင့် အဖိုးအိုက အက်ရှရှအသံဖြင့် ပြောသည်။ သူက စကားဆုံးသွားသည်နှင့် တောင်ဝှေးကို မြှောက်လိုက်ပြီး လေထဲမှာ တန်းလန်းချိတ်ဆွဲခံထားရသော ယွဲ့တုန်ထံသို့ ညွှန်ပြလိုက်သည်။
“ ယွဲ့တုန်… ကြီးမြတ်တဲ့ အင်မော်တယ်သခင်ကို ကြိုဆိုပွဲနဲ့ သူခိုးခြောက်ယောက်လှည့်စားခြင်း အင်မော်တယ်အတတ်ပညာကို သန့်စင်ဖို့အတွက် အရှေ့မိစ္ဆာငှက်မွှေးက အင်အားစုအားလုံးကို ငါဖိတ်ကြားခဲ့တယ် ”
“ အားလုံးပဲ… အင်မော်တယ်အတတ်ပညာသန့်စင်ခြင်းကို စတင်နိုင်အောင်လို့ ကျေးဇူးပြုပြီး မင်းတို့ရဲ့ တုံကင်ကို ထုတ်လိုက်ကြပါ ”