အဲ့ဒါက ငါ့အရိုး(ခ)
Vol. 98 Ch. 1517
အကယ်၍ သူကျရှုံးသွားလျှင် သူ့ကို ခွင့်ပြုချက်မရှိဘဲ အထွတ်အမြတ် ရတနာအား ခိုးယူသွားခဲ့သည်ဟု သတ်မှတ်လိမ့်မည်။ ယွင်မိသားစုသည် ဤကိစ္စမှာ သူတို့ဘာသာ အနောက်ဆုတ်သွားလိမ့်မည်။
သို့ဖြစ်၍ သူက အုပ်ချုပ်သူတောင်များ၏ ကိုယ်စားလှယ်များကို ကြည့်လိုက်သည်။ အထူးသဖြင့် စတုတ္ထအုပ်ချုပ်သူတောင်နှင့် ဆဌမအုပ်ချုပ်သူတောင်မှ ကိုယ်စားလှယ်များ ဖြစ်ကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုကိုယ်စားလှယ်နှစ်ယောက်က ယွဲ့တုန်ကို ထောက်ခံသူများ ဖြစ်ကြသည်။
စတုတ္ထအုပ်ချုပ်သူတောင်နှင့် ဆဌမအုပ်ချုပ်တောင်မှ ကိုယ်စားလှယ်များသည်လည်း ဤအခိုက်အတန့်မှာ တွေးတောနေကြသည်။ သူတို့က တတိယအုပ်ချုပ်သူတောင်နှင့် သတ္တမအုပ်ချုပ်သူတောင်မှ ကိုယ်စားလှယ်များကို တားဆီးရန် အကောင်းဆုံး ကြိုးစားပေးပြီးပြီ ဖြစ်သည်။ အကယ်၍ အခု သူတို့က စကားပြောလိုက်မည်ဆိုလျှင် ယင်းက သူတို့၏ လုပ်ပိုင်ခွင့်ထက် ကျော်လွန်သွားလိမ့်မည်။
သို့ဖြစ်၍ အင်အားစုနှစ်ခုကြားတွင် ဘက်မညီမှုဖြစ်ပေါ်လာသည်။
လူတိုင်းက တွေးတောစဉ်းစားနေကြစဉ် နက်ရှိုင်းသော အသံက ပထမအုပ်ချုပ်သူတောင်၏ ကိုယ်စားလှယ်ထံမှ ထွက်ပေါ်လာသည်။
“ တာအိုရောင်းရင်းယွင်… ယွင်မိသားစုက အင်မော်တယ်အတတ်ပညာခန်းမရဲ့ အတွင်းရေးမှာ ဘယ်တုန်းက ဝင်ပါနိုင်သွားတာလဲ ”
ပထမအုပ်ချုပ်သူတောင်၏ ထိုင်ခုံပေါ်တွင် အဖိုးအိုတစ်ယောက်က ထိုင်နေသည်။ အဖိုးအိုက မျက်လုံးမှိတ်ထားသည်။ ဤအခိုက်အတန့်မှာ သူက စကားပြောလိုက်သည့်တိုင် မျက်လုံးမှိတ်ထားဆဲပင်။ သို့သော်လည်း သူ၏ အသံက အလေးချိန်တစ်ခုကို သယ်ဆောင်ထားသည့်အလား လေဟာနယ်ကို ဝုန်းခနဲ မြည်သွားစေသည်။
“ ရှေးခေတ်သဘောတူညီမှုအရ အင်မော်တယ်အတတ်ပညာခန်းမရဲ့ ကိစ္စတွေကို အုပ်ချုပ်သူတောင်တွေက ဝိုင်းဝန်းဆုံးဖြတ်ပေးနိုင်ကြတယ်… အတိတ်မှာ ငါတို့ ဝင်မပါခဲ့တာက အင်မော်တယ်အတတ်ပညာခန်းမကို ရိုသေလေးစားလို့ပဲ… ဒါပေမဲ့ အဲ့ဒါက အင်မော်တယ်အတတ်ပညာခန်းမကို လျစ်လျူရှုထားတယ်လို့ မဆိုလိုဘူး ”
“ အခု အချိန်ကျပြီ… အားလုံးပဲ… ဆေးမီးဖိုအဖုံးကို ဖွင့်ပြီး မဟာအကြီးအကဲကို ကူညီဖို့ ငါအကြံပေးချင်တယ်… အဲ့ဒါက ဒီပရမ်းပတာအခြေအနေကို ငြိမ်သက်သွားစေလိမ့်မယ် ”
ထိုစကားများ ထွက်ပေါ်လာသည့်အခါ ယွင်သခင်လေး၏ အမူအရာက ပျက်ယွင်းသွားသည်။ မဟာအကြီးအကဲ၏ လက်အောက်မှ အင်မော်တယ်သခင်များသည်တော့ စိတ်လှုပ်ရှားသွားကြသည်။ ပထမအုပ်ချုပ်သူတောင်၏ ဩဇာအာဏာက အလွန်မြင့်မားကြောင်း သူတို့သိသည်။
တခြားကိုယ်စားလှယ်များက နက်နဲစွာ တွေးတောလိုက်ကြသည်။ ယွဲ့တုန်ကို ထောက်ခံကြသော စတုတ္ထအုပ်ချုပ်သူတောင်နှင့် ဆဌမအုပ်ချုပ်သူတောင်မှ ကိုယ်စားလှယ်များသည်ပင် တုံ့ဆိုင်းသွားကြသည်။ ယင်းက ချိန်ခွင်လျှာကို စတင်တိမ်းစောင်းသွားစေသည်။ အရာအားလုံးက အဆုံးအဖြတ်ပေးခံရတော့မည့်ဟန် ရ၏။
ထိုအခိုက်အတန့်မှာ ရွှီချင်း၏ အသံက အေးစက်စက်လေနှင့်အတူ အခန်းထဲမှာ ပျံ့လွင့်သွားသည်။
“ ငါကန့်ကွက်တယ် ”
သူ၏ အသံက လူတိုင်း၏ စိတ်အာရုံကို ဆွဲဆောင်သွားသည်။
မျက်လုံးမှိတ်ထားသော အဖိုးအိုက ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ရွှီချင်းကို ကြည့်လိုက်သည်။
ရွှယ်ချန်းဇီ၏ စကားထဲမှာ အလေးချိန်အများကြီး ပါဝင်သည်။
သူ့အနောက်မှ ဒသမအုပ်ချုပ်သူ၏ စွမ်းအားက ထိုအလေးချိန်ကို ပိုပြီးလေးလံသွားစေသည်။
သို့ဖြစ်၍ ပထမအုပ်ချုပ်သူတောင်မှ အဖိုးအိုသည်ပင် နှလုံးတုန်သွားသည်။
လူတိုင်း၏ စိုက်ကြည့်ခံနေရသော်လည်း ရွှီချင်းက တည်ငြိမ်နေဆဲပင်။ စီနီယာအကိုကြီးက စတင်လှုပ်ရှားလိုက်ကြောင်း သူမြင်သွားသောအခါ သူ၏ ခန့်မှန်းမှုက မှန်ကန်ကြောင်း အတည်ပြုနိုင်သွားသည်။ ယင်းကို စီနီယာအကိုကြီးက တမင်လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။
ထုံးစံအားဖြင့် သူက စီနီယာအကိုကြီး၏ အစီအစဉ်ကို မည်သူ့ကိုမှ ဖျက်ဆီးခွင့်မပြုနိုင်ပေ။
“ ဒီကို ငါမလာခင်… ဒသမအုပ်ချုပ်သူက အင်မော်တယ်အတတ်ပညာခန်းမရဲ့ အတွင်းရေးကိစ္စတွေမှာ ဝင်မပါဖို့ မှာကြားခဲ့တယ်… ငါ့ရဲ့ အုပ်ချုပ်သူတောင်က အနိုင်ရတဲ့လူကိုပဲ ထောက်ပံ့မယ် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ ထို့နောက် သူ၏ အကြည့်က လွှမ်းမိုးဖိနှိပ်သော အရှိန်အဝါနှင့်အတူ ပထမအုပ်ချုပ်သူတောင်မှ အဖိုးအိုပေါ်သို့ ကျရောက်သွားသည်။
တခြားအုပ်ချုပ်သူတောင်များမှ ကိုယ်စားလှယ်များက နှုတ်ဆိတ်သွားကြသည်။ သူတို့၏ အကြည့်က ရွှီချင်းနှင့် အဖိုးအိုထံသို့ ကျရောက်သွားသည်။
ပထမအုပ်ချုပ်သူတောင်မှ အဖိုးအိုက ရွှီချင်းကို ကြည့်လိုက်ပြီး အက်ရှရှအသံဖြင့် ပြောသည်။
“ ငါတကယ်ပဲ နားမလည်နိုင်ဘူး… ရွှယ်ချန်းဇီ… မင်းနဲ့ ယွဲ့တုန်ကြားမှာ ရန်ငြိုးရှိတယ်မဟုတ်လား… ဘာလို့ မင်းက သူ့အတွက် ပြောပေးနေတာလဲ ”
“ ပုဂ္ဂိုလ်ရေး ရန်ငြိုးထက်စာရင် အုပ်ချုပ်သူရဲ့ အမိန့်ကို ပိုပြီးတော့ ငါအလေးထားတယ် ”
ရွှီချင်းက တည်ငြိမ်စွာ ပြောသည်။ ထို့နောက် သူ၏ အသံထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတချို့ ထွက်ပေါ်လာသည်။
“ ပြီးတော့ ယွဲ့တုန်က ကြီးမြတ်တဲ့ အင်မော်တယ်သခင်ဖြစ်လာဖို့ ငါမျှော်လင့်တယ်… ဒါမှ သူ့ကို ငါသတ်ရတာ စိတ်ကျေနပ်စရာကောင်းလိမ့်မယ် ”
ပထမအုပ်ချုပ်သူတောင်မှ အဖိုးအိုက မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက ရွှီချင်းကို အကြိမ်ရေအနည်းငယ် စုန်ချည်ဆန်ချည် စစ်ဆေးကြည့်ပြီးနောက် ရုတ်တရက် ပြောသည်။
“ တကယ်လို့ ငါက ခေါင်းမာနေမယ်ဆိုရင်ရော… မင်းဘာလုပ်မလဲ ”
ယင်းကို ရွှီချင်းကြားသောအခါ သူ၏ အမူအရာက လုံးဝမပြောင်းလဲသွားချေ။
“ မင်းကြိုးစားကြည့်နိုင်တယ် ”
ထိုစကားကို ပြောလိုက်သည်နှင့်ချက်ချင်း လွှမ်းမိုးဖိနှိပ်သော လေထုက ချက်ချင်း ဖွဲ့စည်းသွားသည်။ ဤသည်မှာ မုန်တိုင်းနှစ်ခုက ရွှီချင်းနှင့် ပထမအုပ်ချုပ်သူတောင်၏ အဖိုးအိုထံမှ ထွက်ပေါ်လာပြီး အချင်းချင်း ပွတ်တိုက်သွားနေသည့်အလားပင်။
သို့သော်လည်း အနောက်မိစ္ဆာငှက်မွှေးတွင် ရွှယ်ချန်းဇီ၏ အကျိုးဆောင်မှုများက အတော်လေး ထင်ပေါ်ကျော်ကြားကြောင်း ထင်ရှားသည်။ အထူးသဖြင့် အနောက်မိစ္ဆာကလေး၏ သေဆုံးမှုက လူအများအပြားကို အံ့ဩထိတ်လန့်စေခဲ့သည်။
သို့ဖြစ်၍ ရွှီချင်း၏ မောက်မာထောင်လွှားသော မျက်နှာဖြင့် ရင်ဆိုင်ရသောအခါ ပထမအုပ်ချုပ်သူတောင်မှ အဖိုးအိုသည်ပင် နှလုံးတုန်သွားသည်။
ထိုအခိုက်အတန့်မှာ ဆေးမီးဖိုထဲမှ အင်မော်တယ်အတတ်ပညာခန်းမ၏ မဟာအကြီးအကဲသည်လည်း နှလုံးတုန်သွားသည်။
သူက ယွဲ့တုန်၏ အခြေအနေကို ကြိမ်ဖန်များစွာ စစ်ဆေးခဲ့သည့်အပြင် သူ၏ မရီဒျန်များကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ သူက တစ်ဖက်လူ၏ သွေးကို ခမ်းခြောက်စေပြီး မည်သည့်မတော်တဆမှုမှ မဖြစ်ပေါ်စေရန် သူ့ကိုယ်ပေါ်မှာ အချုပ်အနှောင်များစွာကို ခင်းကျင်းထားခဲ့သည်။
သို့သော်လည်း နောက်ဆုံးအခိုက်အတန့်မှာ တစ်ဖက်လူက ထူးဆန်းသော လျှို့ဝှက်အတတ်ပညာဖြင့် သူ့ကို အရိုးဆေးမီးဖိုထဲသို့ တည်နေရာပြောင်းရွှေ့လိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။ သို့ဖြစ်၍ ယခု သူက ဆေးမီးဖိုထဲမှာ ယွဲ့တုန်နှင့်အတူ သန့်စင်ခံနေရသည်။
သို့သော်လည်း သူ့မှာ အစီအစဉ်တချို့ ရှိသေးသည်။ အတိတ်မှာ သူက ပထမအုပ်ချုပ်သူတောင်ဖြင့် လျှို့ဝှက်စွာ ဆက်သွယ်ခဲ့ပြီး သူတို့၏ အထောက်အပံ့ကို ရယူနိုင်ခဲ့သည်။ သို့ဖြစ်၍ အပြင်ဘက်မှ လူများက မကြာမီ ဆေးမီးဖိုအဖုံးကို ဖွင့်ပြီး သူ့ကို ကယ်တင်လိမ့်မည်ဟု သူသေချာသည်။
သို့သော်လည်း ကယ်တင်ခံရလိမ့်မည်ဟု နားလည်ထားခြင်းနှင့် ကိုယ့်ဘာသာ လွတ်မြောက်ခြင်းသည် အဓိပ္ပာယ်မတူညီပေ။ ကိုယ့်ဘာသာ လွတ်မြောက်ရန်အတွက် ကြီးမားသော တန်ကြေးကို သူပေးဆပ်ရလိမ့်မည်။
သူက ကိုယ့်ဘာသာ လွတ်မြောက်နိုင်သည်ဟု အပြည့်အဝ ယုံကြည်ထားခြင်းမှာ ဤအရိုးဆေးမီးဖိုကို ကောင်းမွန်စွာ နားလည်ထားသောကြောင့် ဖြစ်သည်။
ဤဆေးမီးဖိုအပေါ် သူ၏ ဩဇာအာဏာက ကြီးမြတ်သော အင်မော်တယ်သခင်ကဲ့သို့ မမြင့်မားသော်လည်း ယွဲ့တုန်ထက် သာလွန်လိမ့်မည်ဟု သူ့ကိုယ်သူ ယုံကြည်သည်။
အင်မော်တယ်အတတ်ပညာခန်းမ၏ ပြဌာန်းထားသော စည်းမျဉ်းများအရ ကြီးမြတ်သော အင်မော်တယ်သခင်နှင့် မဟာအကြီးအကဲသာလျှင် ဤအရိုးဆေးမီးဖိုကို အသုံးပြုရန် အရည်အချင်းပြည့်မီသည်။
ကြီးမြတ်သော အင်မော်တယ်သခင်က သေဆုံးသွားပြီဖြစ်လေရာ မဟာအကြီးအကဲအနေဖြင့် သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်မှုရှိသည်မှာ သဘာဝကျ၏။
“ ယွဲ့တုန်… ဒီဆေးမီးဖိုအကြောင်းကို မင်းဘာမှမသိပါဘူး… ဒီနေရာကို မင်းဝင်သွားကတည်းက မင်းရဲ့ ကံကြမ္မာက သတ်မှတ်ခံလိုက်ရပြီ ”
“ ဒီတော့… မင်းရဲ့ အစီအစဉ်အားလုံးက အလဟဿဖြစ်ကုန်ပြီ ”
မဟာအကြီးအကဲက တည်ငြိမ်စွာ ပြောသည်။ ထို့နောက် သူက ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်သည်။ ချက်ချင်းဆိုသလို ဆေးမီးဖိုက တုန်ယင်သွားသည်။
ထို့နောက် သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး အပေါ်သို့ ပျံတတ်သွားသည်။ သူက ချိပ်တံဆိပ်လက်ဟန်များကို ဖွဲ့စည်းလိုက်ပြီး ဆေးမီးဖိုကို ထိန်းချုပ်ရန် အင်မော်တယ်အတတ်ပညာတစ်ခုကို အသက်သွင်းလိုက်သည်။ သူက ဆေးမီးဖိုကို ထိန်းချုပ်ပြီး အပြင်သို့ ပြန်ထွက်ချင်သည်။
ဆေးမီးဖိုသည် မဟာအကြီးအကဲ၏ ဩဇာအာဏာဖြင့် ထိန်းချုပ်ခံလိုက်ရသည့်အခါ အပြင်းအထန် တုန်ယင်လာသည်။ ဝေဝါးသော စိတ်ဆန္ဒတစ်ခုက သူ၏ အပေါ်မှာ ထွက်ပေါ်လာသည်။ ဤသည်မှာ သူက ဆေးမီးဖိုထဲမှ လွတ်မြောက်နိုင်တော့မည့်အလားပင်။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ဦးခေါင်းတစ်ခုသာ ကျန်ရှိတော့သော ယွဲ့တုန်က သရော်လှောင်ပြောင်သော အပြုံးကို ထုတ်ဖော်လိုက်သည်။
“ ငါက ဒီဆေးမီးဖိုအကြောင်းကို ဘာမှမသိဘူးဟုတ်လား ”
“ သေလိုက်စမ်း ”
အားညိုက ဟိန်းအော်လိုက်သည်။
လျှပ်တစ်ပြက်အတွင်းမှာ ဆေးမီးဖို၏ အပေါ်မှ ဝဲကတော့က ပျောက်ကွယ်သွားပြီး မရေမတွက်နိုင်သော အသွေးအသားများက ဒလဟော ထွက်ကျလာကြသည်။ တစ်ချိန်တည်းမှာ ယင်းတို့က ဆေးမီးဖို၏ ကိုယ်ထည်နှင့် အဖုံးဖြင့် အတူတကွ ပေါင်းစည်းသွားကြသည်။
ထို့ပြင် ယင်းတို့က ဇစ်မြစ်တစ်ခုတည်းမှ ဆင်းသက်လာသည့်အလား အပြည့်အဝ ပေါင်းစည်းသွားကြသည်။
မဟာအကြီးအကဲက အင်မော်တယ်အတတ်ပညာကို မည်မျှအသက်သွင်းပါစေ ယင်းက အချည်းနှီးသာ ဖြစ်သည်။ ဤသည်မှာ သူ၏ ထိန်းချုပ်နိုင်စွမ်းက အတုအယောင် ဖြစ်လာသည့်အလားပင်။
မဟာအကြီးအကဲက ချက်ချင်း အံ့ဩထိတ်လန့်သွားသည်။ အစောနက ဆေးမီးဖိုထဲသို့ သူစုပ်ယူခံလိုက်ရစဉ် အနည်းငယ်သာ နှလုံးတုန်သွားခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ် အပြောင်းအလဲက အလွန်ကြီးမားလေရာ သူ၏ နှလုံးသားထဲတွင် ကြီးမားသော လှိုင်းလုံးများက ထွက်ပေါ်လာကြသည်။
“ ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… မင်းက ယွဲ့တုန်မဟုတ်ဘူး… ယွဲ့တုန်က ဒီလိုမလုပ်နိုင်ဘူး… မင်း… မင်းဘယ်သူလဲ ”
အားညိုက ချောက်ချားဖွယ်ကောင်းစွာ ရယ်မောလိုက်သည်။
“ ဘာလို့ မဖြစ်နိုင်ရမှာလဲ ”
“ ဒီဆေးမီးဖိုကို ဖန်တီးခဲ့တဲ့ ပစ္စည်းက ငါ့ဟာပဲ ”
“ ငါဘယ်သူလဲဆိုတာကတော့… ဒီဆေးမီးဖိုကို သန့်စင်ခဲ့တဲ့ အရိုးတွေက ငါ့ဟာလို့ မင်းကို ပြောပြီးပြီပဲ… ငါဘယ်သူလို့ မင်းထင်လဲ ”
အားညို၏ ဦးခေါင်းပြတ်က မောက်မာထောင်လွှားသော အမူအရာဖြင့် လွင့်မျောနေသည်။
အတိတ်မှာ ဖုန်းဟိုင်ဒေသငယ်၏ မြေအောက်ထဲမှ အင်မော်တယ်အတတ်ပညာခန်းမထဲတွင် သတ္တမသခင်ကြီး၊ ရွှီချင်းနှင့် သူက အင်မော်တယ်အတတ်ပညာမဟာဧကရာဇ်၏ ရုပ်တုကို မြင်တွေ့ခဲ့ကြသည်။
ထိုအကြောင်းကို ပြန်စဉ်းစားမိသွားသောအခါ သူက စိတ်ခံစားချက်ဖြင့် သက်ပြင်းချလိုက်သည်။
“ အဲ့ဒီအချိန်တုန်းက အဖိုးကြီးက ငါ့ကို အင်မော်တယ်အတတ်ပညာမဟာဧကရာဇ်ကို အရိုအသေပေးခိုင်းခဲ့တယ်… ဘာလို့ ငါက အဲ့ဒီသက်ကျားအိုကြီးကို အရိုအသေပေးနိုင်မှာလဲ… သူကလွဲလို့ တခြားလူတွေကို ငါအရိုအသေပေးနိုင်တယ် ’
‘ အဲ့ဒီသက်ကျားအိုကြီးမဟာဧကရာဇ်က ငါ့ရဲ့ တတိယမြောက်ဘဝကို ဆေးမီးဖိုအဖြစ် သန့်စင်ပစ်ခဲ့တယ် ’
‘ အဲ့ဒါက ငါ့ရဲ့ တတိယမြောက်ဘဝပဲ ’
‘ အဲ့ဒီအချိန်တုန်းက ငါက အရမ်းရိုးသားခဲ့တာ… လူသားတွေရဲ့ နှလုံးသားက ဘယ်လောက်ရက်စက်ကြမ်းကြုတ်လဲဆိုတာ မသိခဲ့ဘူး… ငါက အသင်္ချေမျိုးနွယ်စုတွေဆီကနေ ရတနာတချို့ကို ငှားယူခဲ့ရုံပဲ မဟုတ်ဘူးလား… ငါက ရွှမ်ယုံရဲ့ သရဖူကို ကစားဖို့ ခဏငှားချင်ရုံပါပဲ… အဲ့ဒါက ကိစ္စကြီးမဟုတ်ဘူးလေ… ရွှမ်ယုံတောင် ဘာမှမပြောတဲ့ဟာ အဲ့ဒီသက်ကျားအိုကြီးက ငါ့ကို တကယ်ကြီး သတ်ပစ်ခဲ့တယ် ’
‘ သူက ငါ့ကို သတ်ပစ်ရုံပဲဆိုရင် ကိစ္စမရှိပါဘူး… ဒါပေမဲ့ သူက ငါ့အလောင်းကိုတောင် ဆေးမီးဖိုအဖြစ် သန့်စင်ပစ်ခဲ့တယ်… အဆိုးဆုံးကတော့ ငါ့ရဲ့ ဦးခေါင်းခွံကို ဆေးမီးဖိုပေါ်မှာ ထည့်သွင်းခဲ့တာပဲ… ဒါတော့ သူအရမ်းလွန်သွားပြီ ’
‘ ကံကောင်းစွာပဲ အဲ့ဒီဆေးမီးဖိုကို ယွဲ့တုန်ရဲ့ မှတ်ဉာဏ်ထဲမှာ ငါရှာတွေ့ခဲ့တယ်… မဟုတ်ရင် ရိုးသားပြီး သနားစရာကောင်းတဲ့ ငါ့ရဲ့ တတိယမြောက်ဘဝရဲ့ အရိုးစုကို ဒီတစ်သက် ပြန်ရှာတွေ့တော့မှာ မဟုတ်ဘူး ’
အားညိုက အံကြိတ်လိုက်ပြီး စိတ်ထဲမှာ အော်ပြောလိုက်သည်။