ကြံမိကြံရာ အခြေအနေ
Vol. 134 Ch. 2009
ဆူဇီမိုရှေ့သို့ ရောက်ရှိလာပြီးနောက် အနက်ရောင်ဝတ်အဘိုးအိုက ထူးဆန်းသော အသံနှင့်အတူ သူ၏ တောင်ဝှေးကို ညင်သာစွာ တောက်လိုက်၏။
ဆူဇီမိုက ဆတ်ခနဲ တုန်ယင်သွားပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က သူ၏ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာတော့မည့်အလား တဆတ်ဆတ် တုန်ယင်လာ၏။
ဖန်တီးခြင်းကြာခုံက ဖြည်းဖြည်းချင်း လည်ပတ်လာပြီး အစိမ်းရောင် အလင်းရောင်ခြည်များကို ဖြာထုတ်ပေးကာ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်ကို အားဖြည့်၍ ဆူဇီမိုကို အလျင်အမြန် နိုးထလာစေ၏။
အနက်ရောင်ဝတ်အဘိုးအိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
အစကတော့ သူ၏ တိုက်ခိုက်မှုသည် ဆူဇီမို၏ ဝိညာဉ်ကို သေချာပေါက် လွင့်ပြယ်စေမည်ဟု သူက တွေးထင်ထား၏။ မထင်မှတ်ထားစွာပင် ဆူဇီမိုသည် ခဏမျှသာ ငေးငိုင်ပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်လာကာ ဝင်ပေါက်ဝဆီသို့ ဆက်လက်၍ ပြေးလွှားသွား၏။
“ဟမ့်”
အနက်ရောင်ဝတ်အဘိုးအိုက အေးစက်နေသော အကြည့်နှင့်အတူ နှာတစ်ချက်မှုတ်လိုက်၏။ သူက ရှေ့သို့ အနည်းငယ် စောင်းငဲ့ပြီး ဆူဇီမို ရှိရာဘက်သို့ အသက်ပြင်းပြင်း တစ်ချက်ရှိုက်လိုက်၏။
ဝှစ်..
အနက်ရောင်ဝတ်အဘိုးအို၏ ပါးစပ်ကနေ ကလေးငယ်တစ်ယောက် ငိုနေသလို အလွန်တရာ ကြောက်စရာကောင်းသော ငိုကြွေးသံတစ်သံက ထွက်ပေါ်လာ၏။
နောက်ခဏ၌ ဆူဇီမို၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး သူ၏ အသိစိတ်က ဝေဝါးသွား၏။ သူ၏ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်သည် ဝေဝါး၍ လဲပြိုကျတော့မည့် လက္ခဏာများ ပြသလာ၏။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်သည် ဆူဇီမို၏ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘဲ စွမ်းအားတချို့ဖြင့် ဆွဲယူခြင်းခံရသည့်အလား အပြင်ဘက်သို့ ထွက်သွားချင်နေ၏။
“ဥုံ.. မာ… ဏီ.. ပါ …..”
ရုတ်တရက် ဆူဇီမို၏ အသိစိတ်ထဲတွင် ဗုဒ္ဓပုံရိပ်များက ပေါ်ထွက်လာပြီး ရှေးဟောင်း သက္ကတဘာသာစကားကို ရွတ်ဆိုလိုက်၏။ သူ၏ အသိစိတ်ထဲမှာ ရွှေရောင်အလင်းတစ်ခုက ဝင်းလက်တောက်ပလာပြီး ခံ့ညားထည်ဝါသော စွမ်းပကားတစ်ခုနှင့်အတူ ကျယ်လောင်စွာ ပဲ့တင်ထပ်လာခဲ့၏။
အဲဒါသည် ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ကျင့်ကြံထားခြင်း၏ အကျိုးကျေးဇူးဖြစ်၏။
ဗုဒ္ဓကျောင်းတော်များ၏ ဤကျင့်ကြံရေးနည်းစနစ်သည် တဗူးဂမ္ဘီရကျင့်စဉ်တစ်ခု ဖြစ်၏။ အဲဒါသည် အမြုတေစိတ်ဝိညာဉ်ကို သန့်စင်ဖို့အတွက် အန္တိမ ဓမ္မအစီအရင်တစ်ခုဖြစ်ပြီး မမျှော်မှန်းနိုင်သော စွမ်းပကားတစ်ခုကို ပိုင်ဆိုင်ထားလေသည်။
သူ့ကျင့်ကြံမှု၏ ဤအဆင့်အထိ ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားမှာ တိုးတက်မှုက သိသာထင်ရှားမှု မရှိခဲ့ပေ။ သို့သော်လည်း အဲဒါသည် သူ၏ အမြုတေစိတ်ဝိညာဉ်ကို ကြိမ်ဖန်များစွာ ကာကွယ်ပေးခဲ့၏။
အရင်တုန်းက နဂါးဖီးနစ် အမြုတေစိတ်ဝိညာဉ်နှင့် အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်ကို ပေါင်းစည်းခဲ့စဉ်က ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်၏ စွမ်းပကားက သိသာထင်ရှားခဲ့၏။
သို့သော် ယခုအချိန်မှာ ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်သည် ပြီးပြည့်စုံမှု မရှိသေးဘဲ မီးဖို၏ နံရံနှစ်ဖက်ပေါ်ရှိ သုတ္တန်များကလည်း ယခုအချိန်ထိ ပေါ်ထွက်မလာသေးပေ။
ဤတဗူးဂမ္ဘီရကျင့်စဉ်ကနေ ထုတ်ဖော်နိုင်သည့် လက်ရှိစွမ်းအားသည် ရေခဲတောင်၏ ထိပ်ဖျားမျှသာဖြစ်၏။
အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်က ရွှေရောင်အလင်းဖြင့် လွှမ်းခြုံခံရပြီးနောက် တည်ငြိမ်မှု ရရှိလာကာ တစ်ဖန်ပြန်လည်၍ သန့်စင်လာခဲ့၏။
သို့သော်လည်း ဗုဒ္ဓအလင်းရောင်သည် သူ၏ အသိစိတ်ထဲရှိ ထူးဆန်းသော စုပ်ယူအားကို တွန်းဖယ်မထုတ်နိုင်ပေ။
အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်က ထိုစွမ်းအားဖြင့် ဆွဲယူခံနေရဆဲဖြစ်၏။
ရုတ်တရက်ဆိုသလို…
ဖန်တီးခြင်းကြာခုံက ပြိုးပြိုးပြက်ပြက် အရောင်အဝါတစ်ခုနှင့်အတူ ဝင်းလက်တောက်ပလာပြီး လေထဲသို့ ပျံတက်သွား၏။
ပွင့်ချပ် ၈၁ချပ်၏ ပွင့်ချပ်အလွှာ ၉လွှာက လျင်မြန်စွာ ပိတ်ဆို့၍ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဉ်ကို အုပ်မိုးကာ စုပ်ယူအားကို လုံးဝ ဖြတ်တောက်ပစ်လိုက်၏။
ဆူဇီမိုက အားမာန်တက်ကြွသွားပြီး သူ၏ နောက်ဘက်မှာ ရှိသော ဧရာမ ရွှေငှက်တောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်၏။ သူက ရွှေရောင်အလင်းတန်းတစ်ခုအသွင်ပြောင်းလဲပြီး ခန်းမ၏ အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။
“ဟမ်”
အနက်ရောင်ဝတ်အဘိုးအိုက မျက်မှောင်ကြုတ်လိုက်၏။
အစကတော့ သူ၏ ထိုအသက်ရှိုက်မှုနှင့်အတူ ဆူဇီမို၏ ဝိညာဉ်ကို သေချာပေါက် စုပ်ယူနိုင်မည်ဟု တွေးထင်ထားခဲ့၏။
မထင်မှတ်ထားစွာပင် ဆူဇီမိုသည် ခဏမျှ ရပ်တန့်ပြီးနောက် သက်ရောက်ခြင်းမခံရတော့သည့်ပုံဖြင့် သူအငိုက်မိစဉ် ထွက်ပြေးလွတ်မြောက်သွား၏။
ဆူဇီမိုက အဝေးသို့ ပြေးထွက်သွားသည်ကို တွေ့မြင်သောအခါ အနက်ရောင်ဝတ်အဘိုးအိုက ခဏမျှ တွေးတောပြီးနောက် သူ့နောက်သို့ ပြေးလိုက်မသွားပေ။ ထိုအစား သူက ခန်းမထဲရှိ ထျန်ကျစ်ရီဘက်သို့ လှည့်ကာ ပြုံးပြလိုက်၏။
သူတို့ထဲမှ တစ်ယောက်က ထွက်ပြေးလွတ်မြောက်သွားသော်လည်း ဤနေရာမှာ နောက်တစ်ယောက် ကျန်ရှိနေသေး၏။
တမလွန်စစ်သားများ၏ ဝိညာဉ်များက သန်မာသော်လည်း သူတို့က ထျန်ကျစ်ရီ၏ လတ်ဆတ်မှုနှင့် မယှဉ်နိုင်ပေ။
တစ္ဆေအင်မော်တယ်အတွက်တော့ ထျန်ကျစ်ရီ၏ ဝိညာဉ်က စစ်မှန်သော ရသာမွန်တစ်ခုဖြစ်၏။
“ဟီးဟီးဟီးဟီး”
အနက်ရောင်ဝတ်အဘိုးအိုက မကောင်းဆိုးရွားဆန်ဆန် ရယ်မော၍ ထျန်ကျစ်ရီ ရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာ၏။
ထျန်ကျစ်ရီသည် ပြိုင်စံရှားလေးဦးနှင့် တိုက်ခိုက်ပြီးနောက် ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့၏။ သူမသည် ခဏမျှ ရပ်တန့်ပြီးနောက် လှုပ်ရှားသွားလာနိုင်ပြီဖြစ်သော်လည်း သူမအနေဖြင့် အနက်ရောင်ဝတ်အဘိုးအိုနှင့် ယှဉ်ပြိုင်တိုက်ခိုက်ဖို့ မဖြစ်နိုင်ပေ။
သူမ ယခုအချိန်မှာ ဒဏ်ရာရရှိထားသည့်အချက်ကို မပြောနှင့်.. သူမ၏ အထွတ်အထိပ် အခြေအနေမှာ ရှိနေလျှင်ပင် သူမသည် တစ္ဆေအင်မော်တယ်ကို ယှဉ်နိုင်လိမ့်မည် မဟုတ်ပေ။
ဧကရာဇ်ဂူသင်္ချိုင်းထဲရှိ တစ္ဆေအင်မော်တယ်များသည် ကျိန်စာစွမ်းအားများဖြင့် စွန်းထင်းခံထားရပြီး သူတို့ကို ထိလို့ပင် မရပေ။ သူတို့ကို ဘယ်သူကများ ယှဉ်ပြိုင်တိုက်ခိုက်နိုင်ပါ့မလဲ။
“သောက်အဘိုးကြီး.. ဘာလို့ ရူးတူးတူး ပေါတောတောနဲ့ သူများတွေကို လိုက်ပြုံးပြနေတာလဲ”
ထိုစဉ်မှာပင် အနက်ရောင်ဝတ်အဘိုးအို၏ နောက်ဘက်ကနေ လှောင်ပြောင်ထေ့ငေါ့လိုက်သော အသံက ထွက်ပေါ်လာ၏။
အနက်ရောင်ဝတ်အဘိုးအိုက လှည့်ကြည့်လိုက်ပြီး ဆူဇီမိုက ပြန်လည်ရောက်ရှိလာကာ ပင်မခန်းမ၏ အပြင်ဘက်မှာ မတ်တတ်ရပ်နေသည်ကို တွေ့မြင်လိုက်ရ၏။ ထိုသူက လှောင်ပြောင်သရော်လိုသော ရန်စလိုသော အမူအရာတစ်ခုဖြင့် သူ့ကို ကြည့်နေ၏။
အနက်ရောင်ဝတ်အဘိုးအိုက ဒေါသချောင်းချောင်းထွက်သွား၏။
တစ်ချိန်တည်းမှာပင် ထျန်ကျစ်ရီသည် ဆူဇီမို၏ ရည်ရွယ်ချက်ကို နားလည်သဘောပေါက်သွား၏။
ဆူဇီမိုသည် ခန်းမထဲကနေ အရင်ဆုံး ထွက်ခွာသွားသည်မှာ သူသည် ဤနေရာကနေ ကိုယ်လွတ်ရုန်းပြေးချင်သောကြောင့် မဟုတ်ပေ။
ဆူဇီမိုသည် အနက်ရောင်ဝတ်အဘိုးအိုကို မျှားခေါ်ထုတ်ချင်သောကြောင့် ဖြစ်၏။
အနက်ရောင်ဝတ်အဘိုးအိုက သူ့နောက်သို့ ဆက်လက်၍ လိုက်မလာခဲ့သည်ကို တွေ့မြင်သောအခါ ဆူဇီမိုက ပြန်လည်ရောက်ရှိလာပြီး ထိုသူကို တမင်သက်သက် ရန်စလိုက်ခြင်းဖြစ်၏။
အနက်ရောင်ဝတ်အဘိုးအိုက အသိစိတ်ရှိသော်လည်း သူသည် အတွေ့အကြုံရှိ ပညာရှင်များ၏ ရင့်ကျက်မှုကို မယှဉ်နိုင်ပေ။ သူသည် ဆူဇီမို၏ ရန်စမှုမှာ အမှန်တကယ်ပင် ဒေါသထွက်သွား၏။
“မိုက်မဲတဲ့ ပုရွက်ဆိတ်… မင်းကို ငါ မသတ်နိုင်ဘူးလို့ တကယ်ပဲ ထင်နေလို့လား”
အနက်ရောင်ဝတ်အဘိုးအိုက မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် ဆူဇီမိုကို စိုက်ကြည့်လိုက်၏။ သူ၏ အနက်ရောင်ဝတ်ရုံပေါ်မှာ ကြောက်စရာကောင်းသော မျက်နှာပေါင်းများစွာက ပေါ်ထွက်လာပြီး ဆူဇီမိုဘက်သို့လှည့်၍ ဟိန်းဟောက်လိုက်၏။
ထျန်ကျစ်ရီက အော်ဂလီဆန်လာခဲ့၏။
သူမသည် လူသားအချင်းချင်း သတ်ဖြတ်ခံရပြီး သူမ၏ ဝိညာဉ်က ပျက်ပြယ်သွားမည်ဆိုလျှင် အနည်းဆုံးတော့ သူမသည် ရှင်းရှင်းလင်းလင်း သေဆုံးရမည်ဖြစ်၏။
သို့သော်လည်း သူမသည် အနက်ရောင်ဝတ်အဘိုးအို၏ ဝါးမျိုခြင်း ခံရမည်ဆိုလျှင် သူမ၏ မျက်နှာက ဤတစ္ဆေအင်မော်တယ်၏ ဝတ်ရုံပေါ်မှာ ပေါ်ထွက်လာမည်ဖြစ်ပြီး သူမသည်လည်းပဲ ကြောက်စရာကောင်းသော ထိုမျက်နှာများထဲမှ တစ်ခုဖြစ်လာမည်ဖြစ်၏။
ထျန်ကျစ်ရီကို လျစ်လျူရှုပြီး အနက်ရောင်ဝတ်အဘိုးအိုက သူ၏ တောင်ဝှေးကို မြေပြင်ပေါ် ဆောင့်ချကာ လေထဲသို့ ခုန်တက်၍ ဆူဇီမိုနောက်သို့ ပြေးလိုက်သွား၏။
ဆူဇီမိုက တုံ့ဆိုင်းခြင်း မရှိဘဲ လှည့်ထွက်ပြေးလိုက်၏။
သူ၏ လက်ရှိခွန်အားသည် ဤတစ္ဆေအင်မော်တယ်ကို ယှဉ်ပြိုင်တိုက်ခိုက်ဖို့ မလုံလောက်ပေ။
အူး… အူး…
အနက်ရောင်ဝတ်အဘိုးအိုပေါ်ရှိ ကြောက်စရာကောင်းသော မျက်နှာများက တစ်ခုပြီးတစ်ခု ကွာကျသွားပြီး ကြောက်မယ်ဖွယ်ရာကောင်းသော တစ္ဆေမျက်နှာများအဖြစ် ပြောင်းလဲကာ အငြိုးအတေးကြီး တစ္ဆေများကဲ့သို့ ဆူဇီမိုနောက်သို့ ပြေးလိုက်လာခဲ့၏။
တစ်ခဏချင်းမှာပင် ဆူဇီမိုနှင့် အနက်ရောင်ဝတ်အဘိုးအိုသည် အင်မော်တယ်ဧကရာဇ်နန်းတော်ထဲကနေ ပြေးထွက်သွားကြပြီဖြစ်၏။
“နင်…”
ထျန်ကျစ်ရီက စိုးရိမ်ကြောင့်ကြနေပြီး နောက်ထပ် ဆေးလုံးလက်တစ်ဆုပ်ကို မျိုချလိုက်၏။ ဆေးအာနိသင်က မပျက်ပြယ်ခင်မှာပင် သူမက ပြေးထွက်လာခဲ့၏။
သို့သော်လည်း သူမ အပြင်ဘက်သို့ ရောက်လာသည့်အချိန်မှာ ဆူဇီမိုနှင့် အနက်ရောင်ဝတ်အဘိုးအိုက မရှိတော့လေပြီ။
ထျန်ကျစ်ရီက တွေဝေရှုပ်ထွေးသော အမူအရာတစ်ခုနှင့်အတူ သူမ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်လိုက်၏။
ဆူဇီမိုသည် အစက ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည်ကို သူမက သိရှိထား၏။ သူသည် ပြန်လည်ရောက်ရှိလာပြီး အနက်ရောင်ဝတ်အဘိုးအိုကို မျှားခေါ်ထုတ်သွားသည်မှာ သူက သူမ၏ အသက်ကို ကယ်တင်ချင်သောကြောင့် ဖြစ်၏။
ဆူဇီမိုက သွားရှာပြီဆိုတာကို သူမက သိရှိလိုက်၏။
ဧကရာဇ်ဂူသင်္ချိုင်းထဲမှာ တစ္ဆေအင်မော်တယ်၏ လိုက်လံဖမ်းဆီးမှုကနေ ဘယ်သူကများ ထွက်ပြေးလွတ်မြောက်နိုင်ပါ့မလဲ။
ထျန်ကျစ်ရီသည် အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး သူတို့ ထွက်သွားရာ အရပ်ကို ခန့်မှန်းကာ ပြေးလိုက်သွား၏။
ဆူဇီမိုနှင့် အနက်ရောင်ဝတ်အဘိုးအိုက အလွန်တရာ မြန်ဆန်သော အလျင်အဟုန်ဖြင့် တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်သွားကြ၏။
သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆူဇီမိုက ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။
ဘာပဲပြောပြော သူသည် ယွင်ထင်နှင့် အခြားပြိုင်စံရှားလေးယောက်နှင့်အတူ တိုက်ခိုက်ခဲ့ရသော တိုက်ပွဲမှာ သူ၏ သက်လုံအား အများစုကို အသုံးပြုခဲ့ရ၏။
အဆုံးစွန် အလျင်အဟုန် နတ်ဘုရားစွမ်းအား၏ အကူအညီနှင့်ပင်လျှင် သူ၏ အလျင်အဟုန်က တဖြည်းဖြည်း လျော့ကျလာခဲ့၏။
သို့သော်လည်း သူ၏ နောက်ဘက်မှာ ရှိသော တစ္ဆေမျက်နှာများစွာက ထပ်ကြပ်မကွာ လိုက်ပါလာဆဲဖြစ်ပြီး ချောက်ချားစရာကောင်းသော ညည်းတွားအော်ဟစ်သံများကို ထုတ်ဖော်နေ၏။
“ငါ မင်းကို ပြောပါတယ်.. မင်း မလွတ်ပါဘူးလို့”
သိပ်မကြာခင် အနက်ရောင်ဝတ်အဘိုးအို၏ အသံက ဆူဇီမို၏ နားထဲမှာ ပေါ်ထွက်လာ၏။
တစ်ယောက်ယောက်က သူ၏ နားထဲသို့ အေးစက်နေသော လေတစ်ချက်ကို မှုတ်ထည့်လိုက်သည့်အလားပင်။
ချက်ချင်းပင် ဆူဇီမိုက ခေါင်းမွေးများ ထောင်ထလာ၏။
တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူက ငရဲဖိနှိမ်မီးဖိုကို ဆင့်ခေါ်ကာ သူ၏ နောက်ဘက်ကို ကာလိုက်၏။
သို့သော်လည်း ကြောက်စရာကောင်းသော တစ္ဆေမျက်နှာတစ်ခုက ငရဲဖိနှိမ်မီးဖိုကို ထိုးဖောက်ပြီး သူ၏ ကျောပြင်ကို ပြင်းထန်စွာ ပစ်ဆောင့်ချလိုက်၏။
ငရဲဖိနှိမ်မီးဖိုကိုသည် သန်မာပြီး ဖျက်ဆီး၍ မရနိုင်သော်လည်း အဲဒါသည် အမြုတေစိတ်ဝိညာဉ်များနှင့် ဝိညာဉ်များကို မခုခံနိုင်ပေ။
သို့သော်လည်း တစ္ဆေအင်မော်တယ်ကို နဖူးကနေ ခြေဖျားအထိ ဝိညာဉ်များဖြင့် စုဖွဲ့ထား၏။
သူ ထုတ်ဖော်လိုက်သော တစ္ဆေမျက်နှာများသည်လည်း ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထား၏။
ဘန်း…
ဆူဇီမိုက ဆတ်ခနဲ တုန်ယင်သွားပြီး အနက်ရောင်သွေးများကို ထွေးထုတ်လိုက်ရ၏။
အလွန်တရာ ကြောက်စရာကောင်းသော စွမ်းအားတစ်ခုက တစ္ဆေမျက်နှာကနေ ပစ်လွင့်ထွက်ပေါ်လာပြီး ဆူဇီမို၏ ခန္ဓာကိုယ်ထဲသို့ တလိပ်လိပ် တိုးဝင်ကာ သူ၏ ခြေလက်များ၊ အရိုးများနှင့် ကိုယ်တွင်းအင်္ဂါများကို လွှမ်းခြုံသွား၏။
အအေးဓာတ်က အရိုးများထိတိုင် စိမ့်နေပြီး ဆူဇီမိုက တဆတ်ဆတ် တုန်ယင်လာခဲ့၏။
သူ၏ မျက်နှာက ဖြူဖျော့၍ သူ၏ နှုတ်ခမ်းများက ပြာနှမ်းကာ ရှေ့သို့ ဒယီးဒယိုင် လျှောက်လှမ်းနေ၏။ သူသည် လှုပ်ရှားခြင်း နည်းစနစ်များကို ထုတ်ဖော်ဖို့နေနေသာ လမ်းလျှောက်ဖို့ပင် ခက်ခဲလာခဲ့၏။
“ငါက ဒီနေ့မှာ ဒီနေရာမှာ သေရတော့မှာပါလား”
ဆူဇီမို၏ မျက်ခွံများက လေးလံလာပြီး သူ၏ အမြင်အာရုံက ဝေဝါးလာကာ ကြိတ်၍ သက်ပြင်းချလိုက်၏။
သူသည် သူ၏ ဝှက်ဖဲများ အားလုံးကို အသုံးပြုခဲ့ထားပြီး သေအံ့ဆဲဆဲ အခြေအနေသို့ ရောက်ရှိလာခဲ့လေပြီ။ ယခုအချိန်မှာ ငရဲဖိနှိမ်မီးဖိုကပင်လျှင် သူ့ကို ကယ်တင်မပေးနိုင်တော့ပေ။