← Chapters

ကောင်းကင်သတ်ဖြတ်ခြင်း၊ ကမ္ဘာမြေသတ်ဖြတ်ခြင်း

Vol. 134 Ch. 1996

ကောင်းကင်သတ်ဖြတ်ခြင်း၊ ကမ္ဘာမြေသတ်ဖြတ်ခြင်း

Vol. 134 Ch. 1996

ဖန်းရွှမ်သည် နီရဲနေသော မျက်လုံးများနှင့် ထျန်ကျစ်ရီကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်နေ၏။

သူသည် ယခုအချိန်မှာ အားနည်းနေသော်လည်း သူ၏ သွေးချီကို တစ်ခါတည်း ကုန်ဆုံးစေမည်ဆိုလျှင်တောင် ထျန်ကျစ်ရီ ရှေ့သို့ တိုးလာပါက သူက သူ၏ နောက်ဆုံးတန်ပြန်တိုက်ခိုက်မှုကို ထုတ်ဖော်မည်ဖြစ်၏။

သို့သော်လည်း ထိပ်တန်းလုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် ထျန်ကျစ်ရီက သတိကြီးမားလေသည်။

သူမက ဖန်းရွှမ်၏ သေကွင်းသေကွက်ကို တိုက်ခိုက်ပြီးနောက် ဘေးကင်းလုံခြုံမှုရှိအောင် လူချင်းခွာထားလေသည်။

သူမက တခြား မည်သည့်အရာကိုမှ ထပ်မံ၍ ပြုလုပ်စရာ မလိုတော့ပေ။ သူမက ဖန်းရွှမ်ကို တိတ်တဆိတ် စောင့်ကြည့်ပြီး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်နှင့် ထိုသူက သေချာပေါက် သေရပေလိမ့်မည်။

သူမ၏ လက်သည်းချွန်များက ထက်ရှပြီး သူတို့ကြားမှာ မိုကြိုးလျှပ်စီးကို ဖုံးကွယ်ထား၏။ ဖန်းရွှမ်၏ လှီးဖြတ်ခံလိုက်ရသော လည်ပင်းကို လုံးဝ ကုသနိုင်တော့မည် မဟုတ်ပေ။

ဖန်းရွှမ်က သေခြင်းတရားကို စောင့်ဆိုင်းနေဖို့သာ ရှိတော့၏။

ဆူဇီမိုသည် ထိုသည်ကို တွေ့မြင်သောအခါ စိတ်ခံစားချက်တချို့ ရရှိလိုက်၏။

ယခင်က ဖန်းရွှမ်သည် ထျန်ကျစ်ရီကို အရင်စ၍ တိုက်ခိုက်ခဲ့ပြီး ရလဒ်က မပြတ်သားခဲ့ပေ။

ယခု နောက်ဆုံးမှာတော့ ဖန်းရွှမ်သည် ထျန်ကျစ်ရီလက်ချက်ဖြင့် သေဆုံးရတော့မည်ဖြစ်၏။

အဲဒါသည် ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်၏ ကြောက်မက်ဖွယ်ရာကောင်းမှုဖြစ်၏။

တကယ်တော့ ဖန်းရွှမ်၏ သေဆုံးမှုက တရားမျှတမှု မရှိပေ။

အဲဒါသည် ဆူဇီမို၊ ယွင်ထင်နှင့် ထျန်ကျစ်ရီတို့လို ထိပ်တန်းအဆင့် ပြန်ဝင်စား မွန်းစတား သုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် တူညီလေသည်။

ဤလူသုံးယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကနေ အသက်ရှင်နိုင်မည့် မဟူရာအင်မော်တယ်များ ဤလောကမှာ မရှိလောက်တော့ပေ။

အချိန်တိုအတွင်းမှာပင် ဖန်းရွှမ်၏ မျက်လုံးများက မှေးမှိန်လာပြီး သူ၏ မျက်နှာက ဖြူဖျော့လာခဲ့၏။ သူ၏ ခန္ဓာကိုယ်က စတင်ယိမ်းထိုးလာပြီး သူက ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။

ဖန်းရွှမ်၏ ဦးခေါင်းထက်ကနေ အလင်းတစ်ခု တောက်ပလာပြီး အမြုတေစိတ်ဝိညာဉ်တစ်ခုက သူ၏ ခန္ဓာကိုယ်ကနေ ထွက်ခွာလာ၏။

သူက သူ၏ ခန္ဓာကိုယ်ကို စွန့်လွှတ်ရတော့မည် ဖြစ်၏။ သို့သော်လည်း သူ၏ အမြုတေစိတ်ဝိညာဉ်က သိပ်ဝေးဝေး မပြေးနိုင်ခင်မှာပင် အဲဒါသည် ဧကရာဇ်ဂူသင်္ချိုင်း၏ ကျိန်စာဖြင့် စွန်းထင်းခံလိုက်ရ၏။ ၎င်း၏ အော်ရာက အားနည်း၍ မှေးမှိန်ကာ တဖြည်းဖြည်း ပျက်ပြယ်သွားလေသည်။

ဖန်းရွှမ်သည်​ အောက်ဘုံလောကများမှာ ပြိုင်ဘက်ကင်းခဲ့ပြီး ကောင်းကင်ဘုံကပ်ဘေးလေးခုကို ဖြတ်ကျော်လာခဲ့၏။ ပါရမီ အရည်အချင်းနှင့် အလားအလာမှာ သူသည် ဆူဇီမိုထက် များစွာ နိမ့်ကျနေခြင်း မရှိပေ။

သို့သော်လည်း သူသည် ဤနေရာမှာ သေဆုံးသွားရဆဲဖြစ်ပြီး နောင်တစ်ချိန်မှာ သူ့ကို မည်သူကမှ အမှတ်ရနေတော့မည် မဟုတ်ပေ။

အဲဒါသည် အထက်ဘုံလောက၏ ရက်စက်ကြမ်းကြုတ်မှုဖြစ်၏။

ဖန်းရွှမ်၏ နောက်ခံအကြောင်း ဆူဇီမိုသည် သူ့ဘာသာသူတွေးပြီး စိတ်ခံစားချက်တချို့ဖြစ်ပေါ်နေ၏။

သို့သော်လည်း ယွင်ထင်၏ အမူအရာကတော့ တည်ငြိမ်နေ၏။

အထက်ဘုံမှ မင်းသားတစ်ပါးအနေဖြင့် သူသည် ငယ်ရွယ်လွန်းသော်လည်း ဤကဲ့သို့သော ကိစ္စများနှင့် ပတ်သက်၍ သူက ရိုးအီနေပြီဖြစ်၏။

သမိုင်းတစ်လျှောက်မှာ သေဆုံးသွားသော ဖန်းရွှမ်ကဲ့သို့ ပြန်ဝင်စား မွန်းစတားပေါင်းများစွာ ရှိခဲ့လေသည်။

ယွင်ထင်အတွက်တော့ စောလျင်စွာ သေဆုံးသွားသော ထိုသူများက ဘာမှ မဟုတ်ပေ။

တကယ့် အစစ်အမှန် ပညာရှင်များကသာလျှင် အဆက်မပြတ် မြင့်တက်ပြီး မားမားမတ်မတ် ရပ်တည်နိုင်မည်ဖြစ်၏။

ယွင်ထင်က ဆူဇီမိုကို ကြည့်ပြီး ရုတ်တရက် မေးလိုက်၏။

“မင်း စောစောက ဘာလို့ ရပ်တန့်ခဲ့တာလဲ”

သူသည် ပျက်ပြယ်မသွားခင် ဆူဇီမို စုဖွဲ့ထားခဲ့သည့် ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ တစ်သိန်းရှစ်ထောင်အကြောင်း မေးမြန်းနေခြင်း ဖြစ်၏။

ဆူဇီမိုက ပြောလိုက်၏။

“မင်းက လှုပ်ရှားမှုကို ပြောင်းလဲဖို့ ရွေးချယ်ခဲ့မှတော့ ငါကလည်း မင်းအားနည်းနေတဲ့အချိန်မှာ တိုက်ခိုက်မှာ မဟုတ်ဘူး”

“ဟဟား”

ယွင်ထင်က ရယ်မော၍ မျက်ခုံးပင့်ပြလိုက်၏။

“မင်းက အတွေးလွန်နေတာပဲ.. ငါက ငါ့ရဲ့ လှုပ်ရှားမှုကို ပြောင်းလဲရဲတယ်ဆိုမှတော့ မင်းရဲ့ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီကို ခုခံဖို့အတွက် ငါ့မှာ ယုံကြည်မှု ရှိနေလို့ပေါ့”

“ဒါပေမဲ့ မင်းက ငါနဲ့ မတူဘူး.. စောစောက ငါ့ရဲ့ လှုပ်ရှားကွက်ကို မပြောင်းလဲခဲ့ဘူးဆိုရင် မင်းက သေရလိမ့်မယ်”

ဆူဇီမိုကလည်း ပြုံးပြလိုက်၏။

“မလိုပါဘူး.. မင်းရဲ့ လှုပ်ရှားကွက်ကို မပြောင်းလဲခဲ့ဘူးဆိုရင်တောင် ငါက မင်းနဲ့ ဖန်းရွှမ်ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကနေ မထိမခိုက် ရုန်းထွက်နိုင်တယ်”

သူတို့နှစ်ယောက်သည် လောလောဆယ်မှာ တိုက်ခိုက်ခြင်း မရှိသော်လည်း သူတို့သည် စကားလုံးများဖြင့် ပြင်းထန်ကြမ်းတမ်းစွာ ယှဉ်ပြိုင်နေကြဆဲဖြစ်၏။

ဆူဇီမိုက လိမ်ညာ​ပြောဆိုနေခြင်း မဟုတ်ပေ။

တကယ်တော့ သူက မထိမခိုက် ထွက်ပြေးလွတ်မြောက်နိုင်မည်ဆိုလျှင်တောင် သူသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာ၏ လျှို့ဝှက်ချက်ကို သေချာပေါက် ပေါက်ကြားစေရတော့မည်ဖြစ်၏။

ယွင်ထင်က နှုတ်ခမ်းစူလိုက်၏။

“မင်းရဲ့ ဝှက်ဖဲက ပေါ်ထွက်သွားခဲ့ပြီပဲ.. အဲဒီ အချိန်နတ်ဘုရားစွမ်းအားက တကယ်ပဲ မဆိုးပါဘူး… ဒါပေမဲ့ ငါက အဲဒါကို တွေ့မြင်ထားပြီး ပြင်ဆင်ထားပြီးပြီဆိုတော့ အဲဒါက ငါ့ကို ခြိမ်းခြောက်နိုင်မှာ မဟုတ်တော့ဘူး”

ခဏမျှ ရပ်တန့်ပြီးနောက် ယွင်ထင်က မလှမ်းမကမ်းမှာ ရှိသော ထျန်ကျစ်ရီကို တစ်ချက်ကြည့်ကာ ဝင့်ကြွားစွာ ပြောလိုက်၏။

“မင်းတို့နှစ်ယောက် တစ်ခါတည်း လာတိုက်ကြ… ငါတစ်ယောက်တည်းက မင်းတို့ကို ဧည့်ခံပေးမယ်”

ယွင်ထင်က အရမ်းကို ယုံကြည်မှု ရှိလေသည်။

အခြားသူများက သူ့ကို ပူးပေါင်းတိုက်ခိုက်မည်ကို သူက လုံးဝ ဂရုမစိုက်ပေ။

ထျန်ကျစ်ရီက အမူအရာ ကင်းမဲ့နေ၏။

သူမအတွက်တော့ အရေအတွက်နှင့် အနိုင်ကျင့်ခြင်းနှင့်ပတ်သက်ပြီး သူမ၏ စိတ်ထဲမှာ စနိုးစနောင့်ဖြစ်နေလိမ့်မည် မဟုတ်ပေ။

လုပ်ကြံသတ်ဖြတ်သူများအနေဖြင့်​ သူတို့သည် နောက်ဆုံးရလဒ်ကိုသာ အဓိကထားလေသည်။

သူမသည် အဲဒါအတွက် ဝန်လေးမှုကို ခံစားရလိမ့်မည် မဟုတ်ပေ။

ယွင်ထင်က အဲဒါကို ထုတ်ဖော်ပြောဆိုခြင်း မရှိလျှင်တောင် သူမသည် သူ့ကို ရှင်းထုတ်ဖို့အတွက် အခွင့်အလမ်းတစ်ခုကို ရှာဖွေနေပေလိမ့်မည်။

ထိုစဉ်မှာပင် ပုံရိပ်လေးခုက လျင်မြန်စွာ ချဉ်းကပ်လာပြီး ထျန်ကျစ်ရီကို ဝိုင်းပတ်လိုက်ကြ၏။

ဖန်းရွှမ် သေဆုံးသွားသည့် အချိန်မှာပင် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ ပြိုင်စံရှားလေးဦးက တမလွန်စစ်သားများ၏ ဝန်းရံပိတ်ဆို့မှုကနေ ဖောက်ထွက်လာနိုင်ခဲ့ပြီဖြစ်၏။

သူတို့လေးယောက်က အလွန်တရာ ပါးနပ်ပြီး အခြေအနေကို ကောင်းကောင်းအကဲဖြတ်လိုက်နိုင်၏။

ဆူဇီမိုနှင့် ယွင်ထင်က ကြမ်းကြုတ်ခက်ထန်သောကျားနှစ်ကောင်ကဲ့သို့ ဖြစ်၏။ သူတို့အတွက် ဉာဏ်အရှိဆုံး ရွေးချယ်စရာမှာ ထိုကြမ်းကြုတ်ကျားနှစ်ကောင်ကို တိုက်ခိုက်စေပြီး သူတို့က အခြားတစ်ယောက်ကို သတ်ဖြတ်ရမည် ဖြစ်၏။

သူတို့လေးယောက်အနေဖြင့် ထျန်ကျစ်ရီလို ငုပ်လျှိုးနေသည့် အန္တရာယ်ကို ရှင်းထုတ်ပစ်ထားနိုင်မည်ဆိုလျှင် ကျားနှစ်ကောင်၏ တိုက်ပွဲကို စောင့်ကြည့်နေရုံမျှနှင့် သူတို့သည် အခြေအနေကို ထိန်းချုပ်ပြီး နောက်ဆုံး အကျိုးအမြတ် ရရှိသူများ ဖြစ်လာနိုင်၏။

ဆူဇီမိုနှင့် ထျန်ကျစ်ရီက ယွင်ထင်ကို ပူးပေါင်းသတ်ဖြတ်ခဲ့မည်ဆိုလျှင် သူတို့လေးယောက်သည် ဆူဇီမိုနှင့် သူမကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပေတော့မည်။

သူတို့လေးယောက်က အပြန်အလှန် စကားပြောဆို၍ ထျန်ကျစ်ရီကို အရင်ဆုံး ပူးပေါင်းသတ်ဖြတ်ဖို့ ပြင်ဆင်လိုက်ကြ၏။

ထျန်ကျစ်ရီ၏ အမူအရာက ပြောင်းလဲသွားခြင်း မရှိသော်လည်း သူမက အနည်းငယ် တုန်လှုပ်သွား၏။

သူတို့လေးယောက်သည် ပကတိတစ်ဆယ်ငရဲမှ ကျင့်ကြံသူများနှင့် မတူပေ။ သူတို့သည် အင်မော်တယ်ဂိုဏ်းလေးဂိုဏ်းမှ လာပြီး သူတို့တစ်ယောက်ချင်းစီက အခြားသူများထက် ကိုင်တွယ်ရ ပိုမိုခက်ခဲလေသည်။

အဲဒါက တစ်ယောက် တစ်ယောက်ချင်း တိုက်ခိုက်ရမည်ဆိုလျှင် သူမသည် သူတို့ထဲမှ မည်သူ့ကိုမဆို သတ်ဖြတ်နိုင်သည်ဟု ယုံကြည်မှုရှိ၏။

နှစ်ယောက် တစ်ယောက် ရင်ဆိုင်ရလျှင်တောင် သူမသည် မရှုံးနိမ့်ဖို့ အာမခံနိုင်၏။

သို့သော်လည်း ထိုပညာရှင်လေးဦး ပူးပေါင်းတိုက်ခိုက်လာမည်ဆိုလျှင် သူမသည် ယွင်ထင်ကို လုပ်ကြံသတ်ဖြတ်ဖို့နေနေသာ.. သူမကိုယ်သူမပင် အနိုင်နိုင် ကာကွယ်ရတော့မည်ဖြစ်၏။

“ဒကာမ.. လျှောက်ပြေးမနေနဲ့တော့.. ငါတို့နဲ့ လာပြီးတိုက်ခိုက်လိုက်”

ကတုံးပြောင်ကိုယ်တော်က ပြုံး၍ ပြောကာ သူ၏ ကျယ်ပြန့်သော အင်္ကျီလက်စကို ဝှေ့ယမ်းပြီး အရင်စ၍ တိုက်ခိုက်လိုက်၏။

ထို့နောက် သံမဏိမျှော်စင်လူ၊ သက်လတ်ပိုင်းအရွယ် တာအိုပညာရှင်နှင့် အပြာရောင်ဝတ်အမျိုးသမီးတို့ကလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်တိုက်ခိုက်လာကြ၏။

သူတို့လေးယောက်က ပူးပေါင်းတိုက်ခိုက်လိုက်ကြပြီး မွန်းကျပ်ဖွယ်ရာကောင်းသော တိုက်ခိုက်မှု လှိုင်းလုံးတစ်လုံးကို ထုတ်ဖော်လိုက်၏။

အခြေအနေက သေရေး ရှင်ရေး ဖြစ်လာသော်လည်း ထျန်ကျစ်ရီ၏ မျက်နှာပေါ်မှာ မည်သည့် စိုးရိမ်ထိတ်လန့်မှုမှ မရှိပေ။ တည်ငြိမ်သော အမူအရာနှင့်အတူ သူမက ဘယ်ညာရွေ့လျားပြီး ပြိုင်စံရှားလေးဦးနှင့် ဆန့်ကျင်တိုက်ခိုက်နေ၏။

အခြားတစ်ဖက်မှာတော့ ယွင်ထင်က သူ၏ ခေါင်းကို ညင်သာစွာ ခါလိုက်၏။

“ကံဆိုးတာကတော့ အဲဒီအမျိုးသမီးက သူ့ကိုယ်သူတောင် အနိုင်နိုင်ကာကွယ်နေရပြီ… သူက မင်းကို ထပ်ပြီးကူညီပေးနိုင်မှာ မဟုတ်တော့ဘူး”

“မင်းကို အနိုင်ယူဖို့ ငါတစ်ယောက်တည်းက လုံလောက်ပါတယ်”

ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ အော်ရာကလည်း စတင်မြင့်တက်လာ၏။

“ဟုတ်ပြီလေ”

ယွင်ထင်၏ အော်ရာကလည်း သိပ်သည်းစုဖွဲ့လာပြီး သူက ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မင်းမှာ တခြားဘာရှိဦးမလဲ ကြည့်ရသေးတာပေါ့”

ဆူဇီမိုသည် လက်နှစ်ဖက်နှင့်အတူ သူ၏ ဓားလက်ချောင်းများကို ပူးကပ်ပြီး ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုဖြင့် ပြည့်နှက်နေသည့် လုံးဝ မတူညီသော ဓားကွက်နှစ်ခုကို လှည့်ပတ်လိုက်၏။

အစကတော့ ဆူဇီမိုသည် နောက်ချန်အစီအစဉ်တစ်ခုအနေဖြင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်ကို ကွယ်ဝှက်ထားခဲ့ချင်၏။

သို့သော်လည်း လူသားသတ်ဖြတ်ခြင်း ဓားချီက ဘယ်လောက် ကြောက်စရာကောင်းသလဲ တွေ့မြင်ခဲ့သောအခါ သူသည် ထိန်ချန်ရဲခြင်း မရှိတော့ဘဲ ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်နှစ်ခုကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်၏။

မိုးကောင်းကင်ထက်မှာ ကြယ်များသည် နဂိုနေရာကနေ ရွေ့လျားကုန်၏။

ဆူဇီမို၏ ညာဘက်လက်ထိပ်မှာ ကောင်းကင်သတ်ဖြတ်ခြင်းဓားချီ တစ်သိန်းရှစ်ထောင်က အဆက်မပြတ် စုစည်းလာပြီး ဓားချီများနှင့်အတူ ယှက်ဖြာနေသော ကောင်းကင်သတ်ဖြတ်ခြင်း ဓားတစ်လက် ဖြစ်ပေါ်လာစေ၏။

ဆူဇီမို၏ ဘယ်ဘက်ဓားလက်ချောင်းက လှုပ်ရှားသွားပြီး​ မြေပြင်က တုန်ခါ၍ အဆက်မပြတ် အက်ကွဲလာ၏။ ဓားချီကနေ စုဖွဲ့ထားသော ဧရာမ မိုးပျံမြွေနဂါးတစ်ကောင်က မြေကြီးထဲကနေ တိုးထွက်လာခဲ့၏။

ကောင်းကင်က ကွဲထွက်သွားပြီး ဧရာမ အပြာရောင်နဂါးတစ်ကောင်က သူ၏ ဦးခေါင်းကို ထောင်မတ်ကာ ယွင်ထင်ကို ရန်လိုခက်ထန်စွာဖြင့် စိုက်ကြည့်နေ၏။

ကမ္ဘာမြေ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ထွက်ပေါ်လာသည့်အခါ နဂါးမြွေတို့က ပေါ်ထွက်လာပေလိမ့်မည်။

ကမ္ဘာမြေသတ်ဖြတ်ခြင်းနှင့် ကောင်းကင်သတ်ဖြတ်ခြင်း ဓားပညာရပ်များကို တစ်ချိန်တည်းမှာ ဆင့်ခေါ်လိုက်ပြီး ဆူဇီမိုက သူတို့ကို သူတို့၏ အကန့်အသတ်အထိ မြှင့်တင်လိုက်၏။

ခန်းမတစ်ခုလုံးသည် လောကကို ဖျက်ဆီးပစ်နိုင်ပုံရသော အဆုံးမဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ခံစားမိလိုက်ကြ၏။

ထျန်ကျစ်ရီကို ဝန်းရံထားသော ပြိုင်စံရှားလေးဦးသည် အဲဒါကို တွေ့မြင်သောအခါ တိတ်တဆိတ် ထိတ်လန့်သွားကြ၏။

ထိုမဟာဓားပညာရပ်နှစ်ခု၏ အော်ရာများက အရမ်းကို ကြောက်စရာကောင်းလွန်း၏။

အဆုံးစွန် သတ်ဖြတ်ခြင်းစွမ်းအား…။

တိုက်ပွဲနယ်မြေ၏ အပြင်ဘက်မှာ ရှိသော ပြိုင်စံရှားလေးဦးပင် ထိုသို့ဆိုလျှင် ယွင်ထင်အပေါ် သက်ရောက်နေသည့် ဖိအားကို စဉ်းစားကြည့်ဖို့ ခက်ခဲ၏။

သူတို့လေးယောက်သည် ယွင်ထင်၏ မျက်နှာကို တွေ့မြင်သောအခါ ပို၍ပင် တုန်လှုပ်သွား၏။

ယွင်ထင်က အမှန်တကယ်ပင် ပြုံးနေ၏။

သူသည် သူ၏ မျက်လုံးထဲရှိ ဝမ်းသာပျော်ရွှင်မှုနှင့် ရွှင်မြူးအားရမှုကို ဖုံးကွယ်မထားနိုင်ပေ။

နောက်ဆုံးမှာတော့ ယွင်ထင်သည် ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ စိတ်လှုပ်ရှားတက်ကြွသော အမူအရာတစ်ခုနှင့်အတူ သူ၏ ခေါင်းကို မော့ကာ ဟားတိုက်ရယ်မောလိုက်တော့၏။

All Chapters