လူသားသတ်ဖြတ်ခြင်းဓားစိတ်ဆန္ဒ
Vol. 134 Ch. 1997
ယွင်ထင်က အမှန်တကယ်ပင် သဘောကျနေ၏။
ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်နှစ်ခုစလုံးက လူတစ်ယောက်တည်း၏ လက်ထဲမှာ ရှိနေ၏။
ဒါ့အပြင် ထိုသူက သူ့ရှေ့မှာရောက်ရှိနေလေသည်။ အဲ့ဒါက သူ့ကိုကောင်းကင်ဘုံကပေးသည့် လက်ဆောင်တစ်ခုဖြစ်၏။ အဲ့ဒါက ဘယ်လိုအခွင့်အလမ်းမျိုးလဲ။
သူသည် ဆူဇီမိုကို အနိုင်ယူနိုင်သည်နှင့်အမျှ သူသည် ဓားပညာရပ်နှစ်ခုကိုရယူကာ မဟာဓားပညာရပ်သုံးခုကို အတူတကွပေါင်းစည်းနိုင်တော့မည်ဖြစ်၏။
“ကောင်းတယ်ကွာ... သိပ်ကောင်းတယ်”
ရယ်မောပြီးနောက် ယွင်ထင်က ထပ်တလဲလဲခေါင်းညိတ်လိုက်၏။
“မင်းက ကောင်းကင်သတ်ဖြတ်ခြင်းနဲ့ ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်နှစ်ခုကို ကျွမ်းကျင်တတ်မြောက်ထားတာ တော်တော်ကောင်းတယ်”
“ဒီလိုဆိုရင်တော့... ငါကလည်း ထိန်ချန်မထားတော့ဘူး... လူသားဓားပညာရပ်ရဲ့ အစစ်အမှန်စွမ်းပကားက ဘာလဲဆိုတာ မင်းကိုငါပြပေးမယ်”
ဆူဇီမိုက ပိုမိုသန်မာလေ ယွင်ထင်က ပို၍စိတ်လှုပ်ရှားတက်ကြွလေဖြစ်၏။
သူ၏ မျက်လုံးထဲမှာ သူ၏ ပြိုင်ဘက်များအားလုံးသည် သူ၏ ဓားသွေးကျောက်များဖြစ်ပြီး သူ၏ ဓားတာအိုကို ပိုမိုထက်ရှလာအောင် ရပ်တန့်၍ မရနိုင်အောင် ပြုလုပ်ပေးပေလိမ့်မည်။
“မင်းက... မဟာဓားပညာရပ်သုံးခုထဲက တစ်ခုကိုပဲ တတ်မြောက်ထားတာ... လူသားသတ်ဖြတ်ခြင်းဓားပညာရပ်က ဘယ်လောက်ပဲသန်မာသန်မာ အဲ့ဒါက ကမ္ဘာမြေနဲ့ကောင်းကင်ကို ဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ”
ဆူဇီမိုက ကောင်းကင်သတ်ဖြတ်ခြင်းနဲ့ ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်များကို သူ၏ လက်နှစ်ဖက်ဖြင့်ဆင့်ခေါ်ပြီး အားမာန်တက်ကြွနေသော ယွင်ထင်ကိုကြည့်ကာ လှောင်ရယ်လိုက်၏။
“ဟားဟားဟားဟား...”
ယွင်ထင်က လေထဲမှာမတ်တတ်ရပ်ပြီး သူ့ကို မရေမတွက်နိုင်သော ဓားချီများက လွှမ်းခြုံလာ၏။ သူ၏ အနက်ရောင်ဆံပင်များက ကခုန်နေပြီး ရယ်မောလိုက်၏။
“ဒီနေ့... လူသားသတ်ဖြတ်ခြင်းဓားပညာရပ်က မဟာဓားပညာရပ်သုံးခုထဲမှာ ထိပ်ဆုံးကနေ ဘာလို့ရပ်တည်နေလဲ မင်းကိုငါပြမယ်”
ကောင်းကင်သတ်ဖြတ်ခြင်းဓားက သူ၏ ဦးခေါင်းထက်မှာ ရစ်ဝဲလာတာတောင် ယွင်ထင်၏ အော်ရာက ပြိုင်ဘက်ကင်း၍ မိုးပျံမြွေနဂါးနှင့် အပြာရောင်နဂါး၏ ဖိနှိမ်ခြင်းကို မခံရပေ။
သူစကားတစ်ခွန်းပြောပြီးတိုင်း ယွင်ထင်၏ ခန္ဓာကိုယ်ထဲရှိ ထက်ရှမှုက ပိုမိုသိပ်သည်းစုဖွဲ့လာပြီး သူက လောကကို ချိုးဖျက်ကာ လေဟာနယ်ကို ဖြတ်တောက်ပစ်ချင်နေသည့်အလားပင်။
ယွင်ထင်၏ ပုံရိပ်က တဖြည်းဖြည်းဝေဝါးလာပြီး လေထဲမှာ သူ့ကို ခပ်ရေးရေးသာမြင်နိုင်တော့၏။
ထိုနေရာမှာ သိပ်သည်းပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုနှင့်အတူ ထက်ရှသောဓားတစ်လက်က ပေါ်ထွက်လာ၏။
လက်ရှိယွင်ထင်ကိုကြည့်ပြီး ဆူဇီမိုက တဖြည််းဖြည်းနားလည်သဘောပေါက်သွား၏။
လူသားသတ်ဖြတ်ခြင်းဓားပညာရပ်သည် မဟာဓားပညာရပ်သုံးခုးထိပ်ဆုံးမှာ ဘာ့ကြောင့်ရပ်တည်နေသလဲ နောက်ဆုံးမှာ သူနားလည်သဘောပေါက်သွား၏။
ထိုစဥ်မှာပင် ယွင်ထင်၏ အသံက တစ်ဖန်ထွက်ပေါ်လာ၏။
“ဒီဓားပညာရပ်ကို ဖန်တီးခဲ့တဲ့ပညာရှင်က ကောင်းကင်ဘုံကမ္ဘာက မဟုတ်ပေမဲ့... သူကလူသားတစ်ယောက်ပဲ”
“ကောင်းကင်ရဲ့သတ်ဖြတ်ခြင်းစိတ်ဆန္ဒထွက်ပေါ်လာတဲ့အခါ... ကြယ်တွေက နဂိုနေရာကနေ ရွေ့လျားကုန်လိမ့်မယ်”
“ကမ္ဘာမြေရဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒထွက်ပေါ်လာတဲ့အခါ နဂါးမြွေတို့က ထွက်ပေါ်လာလိမ့်မယ်”
“လူသားရဲ့ သတ်ဖြတ်ခြင်းစိတ်ဆန္ဒထွက်ပေါ်လာတဲ့အခါ ကောင်းကင်နဲ့မြေကြီးက ပြိုကျရလိမ့်မယ်”
“ဒီဓားပညာရပ်ရဲ့ စိတ်ဆန္ဒက လူသားတစ်ယောက်ရဲ့ခန္ဓာကိုယ်နဲ့ ကောင်းကင်နဲ့မြေကြီးကို ဆန့်ကျင်တိုက်ခိုက်ဖို့ပဲ... အဲ့ဒါကို ထိုးညွှန်တဲ့ နေရာတိုင်းမှာ ကောင်းကင်နဲ့မြေကြီးက ပြိုကျပြီးတော့ လမ်းဖယ်ပေးရလိမ့်မယ်”
ထိုသို့ပြောပြီးနောက် ယွင်ထင်၏ ပုံရိပ်က လုံးဝပျောက်ကွယ်သွားပြီး ထိုနေရာမှာ အဆုံးစွန်သတ်ဖြတ်ခြင်းစွမ်းအားနှင့်အတူ ကောင်းကင်နှင့် မြေကြီးကိုဆုတ်ဖြဲတော့မည့် ဓားတစ်လက်က ပေါ်ထွက်လာ၏။
၎င်း၏ သတ်ဖြတ်ခြင်းစွမ်းအားအပြင် လူသားသတ်ဖြတ်ခြင်းဓားပညာရပ်မှာ ဒီရေလှိုင်းများကို ဆန်တက်၍ ကောင်းကင်နှင့်မြေကြီးက ဖိနှိမ်၍မရနိုင်သော မယိမ်းမယိုင်သည့် လူသားသတ်ဖြတ်ခြင်းစိတ်ဆန္ဒတစ်ခုပါရှိ၏။
ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်များက သန်မာသော်လည်း သူတို့သည် စိတ်ဆန္ဒမှာ များစွာနိမ့်ကျနေပြီး လူသားသတ်ဖြတ်ခြင်းဓားပညာရပ်၏ တန်ပြန်ဖိနှိမ်ခြင်းကိုခံနေရ၏။
လူသားသတ်ဖြတ်ခြင်းဓားပညာရပ်က ရှေ့သို့ခုတ်ပိုင်းကျဆင်းလာ၏။
ဘုန်း...
မဟာဓားပညာရပ်သုံးခု ထိတွေ့ရိုက်ခတ်သောအခါ သတ္တုချင်းထိခတ်သံများက ထွက်ပေါ်မလာပေ။ ထိုအစား အဲ့ဒီမှာ ကျယ်လောင်သောပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာ၏။
ဖျောက်.... ဖျောက်... ဖျောက်...
ထို့နောက်ချက်ချင်း အက်ကွဲသံများကို ဆက်တိုက်ကြားလိုက်ရ၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓား၊ မိုးပျံမြွေနဂါးနှင့် အပြာရောင်နဂါးတို့ပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။
လူသားသတ်ဖြတ်ခြင်းဓားပေါ်ရှိအလင်းရောင်က သိသိသာသာ မှေးမှိန်သွားသော်လည်း အဲ့ဒါက လောကကို ဖျက်ဆီးပစ်နိုင်ပုံရသော အလွန်တရာ ထက်ရှသည့်အနားစောင်းတစ်ခုဖြင့် တောက်ပနေဆဲ ဖြစ်၏။
လူသားသတ်ဖြတ်ခြင်းဓားပညာရပ်က အရမ်းကိုသန်မာလွန်း၏။
ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားတို့ပင်လျှင် လူသားသတ်ဖြတ်ခြင်းဓား၏ စွမ်းပကားကို မခုခံနိုင်ပေ။
ရွှစ်....
လူသားသတ်ဖြတ်ခြင်းဓားက... ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်နှစ်ခု၏ ဝန်းရံပိတ်ဆို့မှုကို ထိုးဖောက်ပြီး ကောင်းကင်ထက်ကနေဆင်းသက်ကာ ဆူဇီမိုပေါ်သို့ ခုတ်ပိုင်းကျဆင်းလာ၏။
ဖြစ်စဥ်တစ်ခုလုံးက နှေးကွေးသည်ဟုထင်ရသော်လည်း တဒင်္ဂအတွင်းမှာ ဖြစ်ပွားခဲ့ခြင်းပင်။
ဓားပညာရပ်နှစ်ခုကို ဖျက်ဆီးပြီးနောက် လူသားသတ်ဖြတ်ခြင်းဓားက မည်သည့်ရပ်နားမှုမှမရှိဘဲ ဆူဇီမို၏ ဦးခေါင်းပေါ်သို့ ဆင်းသက်လာကာ သူ့ကို တုံ့ပြန်ချိန်လုံးဝမပေးပေ။ ထိုအခိုက်အတန့်မှာ ယွင်ထင်ကလည်း အနည်းငယ်မှင်တက်သွား၏။
မသိလိုက်မသိဘာသာနှင့်ပင် ဆူဇီမို၏ ရှေ့မှာ ဧရာမလိပ်ကျောခွံတစ်ခုက ပေါ်ထွက်လာခဲ့ပြီဖြစ်၏။ အဲ့ဒါက နတ်ဘုရားစွမ်းအားများဖြင့် ပြည့်နှက်နေပြီး ဝင်းလက်တောက်ပနေ၏။
လျှို့ဝှက်ဆန်းကြယ်စွာတောက်ပနေသော လိပ်ကျောခွံပေါ်မှာ ရှုပ်ထွေးပွေလီသော လမ်းကြောင်းများစွာ ရှိနေ၏။
ပင်ကိုနတ်ဘုရားစွမ်းအား.. စိတ်ဝိညာဥ်လိပ်ဒိုင်းကာ... ။
ပုံမှန်အခြေအနေမှာဆိုလျှင် ဆူဇီမိုသည် ထိုပင်ကိုနတ်ဘုရားစွမ်းအားကို အသက်သွင်းဖို့ အချိန်မရပေ။
သို့သော်လည်း လူသားသတ်ဖြတ်ခြင်းဓားပညာရပ်တွင်ပါဝင်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို ကြိုတင်အာရုံခံမိပြီးနောက် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်တို့က အဲ့ဒါကို လုံးဝမခုခံနိုင်တော့ဘူးဆိုတာကို သူကနားလည်သဘောပေါက်သွားခဲ့၏။
အဲ့ဒါသည် ခွန်အား၊ အော်ရာနှင့် စိတ်ဆန္ဒမှာ ပကတိဖိနှိမ်ခြင်းဖြစ်၏။
ထို့ကြောင့် ဓားပညာရပ်နှစ်ခုကို ထုတ်ဖော်ပြီးနောက် ဆူဇီမိုသည် လုံးဝ ရပ်နားခဲ့ခြင်းမရှိဘဲ စိတ်ဝိညာဥ်လိပ်ဒိုင်းကာကိုပါ အတင်းအကျပ်အသက်သွင်းခဲ့၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓား၊ ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားနှင့် စိတ်ဝိညာဥ်လိပ်ဒိုင်းကာလို နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များသည် အမြုတေစိတ်ဝိညာဥ်အပေါ် အားအင်ကြီးမားစွာ ကုန်ခန်းစေ၏။
အခြားသောမဟူရာအင်မော်တယ်များသာဆိုလျှင် သူတို့၏ အမြုတေစိတ်ဝိညာဥ်များက ထိုနတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကို အချိန်တိုအတွင်း ဆက်တိုက်ထုတ်ဖော်ရသည့် ဖိအားဒဏ်ကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ဘဲ နေရာမှာပင် လဲပြိုကျသွားပေလိမ့်မည်။
ကံကောင်းစွာဖြင့် ဆူဇီမို၏ အမြုတေစိတ်ဝိညာဥ်က ကမ္ဘာမြေအမြုတေနယ်ပယ်သို့ ရောက်ရှိနေခဲ့လေပြီ။ ဒါ့အပြင် သူ့မှာ အစိမ်းရောင်ကြာပန်း အမြုတေစိတ်ဝိညာဥ်တစ်ခုရှိပြီး အချိန်တိုအတွင်းမှာ နတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များစွာကို ထုတ်ဖော်ရခြင်း၏ ဖိအားကို ခံနိုင်ရည်ရှိလေသည်။
စိတ်ဝိညာဥ်လိပ်ဒိုင်းကာသည် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ ဂမ္ဘီရကျင့်စဥ်မှ အသန်မာဆုံး ခုခံရေးနည်းစနစ်ဖြစ်၏။
လူသားသတ်ဖြတ်ခြင်းဓားပညာရပ်က သတ်ဖြတ်ခြင်းစွမ်းအား၏ အထွတ်အထိပ်မှာရှိ၏။
ဘုန်း...
တစ်ခဏချင်းမှာပင် လူသားသတ်ဖြတ်ခြင်းဓားက စိတ်ဝိညာဥ်လိပ်ဒိုင်းကာကို ခုတ်ပိုင်းချလိုက်ပြီး ကျယ်လောင်သောမြည်သံက ထွက်ပေါ်လာ၏။
ခန်းမတစ်ခုလုံးက တသိမ့်သိမ့်လှုပ်ခါသွား၏။
တိုက်ပွဲနယ်မြေ၏ အခြားတစ်ဘက်မှာ ပြိုင်စံရှားလေးယောက်နှင့် ထျန်ကျစ်ရီက ထိတ်လန့်သွားလေသည်။
ဓားနှင့် ဒိုင်းကာက ထိတွေ့ရိုက်ခတ်ပြီး ကျိန်းစပ်နေသောအလင်းရောင်တစ်ခုက ဖြာထွက်လာ၏။
သူတို့ငါးယောက်သည် အဝေးကနေ တစ်ချက်မျှကြည့်ရုံဖြင့် စူးရှသောနာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
ပြိုင်စံရှားလေးဦးက တုန်လှုပ်သွားပြီး တစ်ချိန်တည်းမှာပင် စိတ်သက်သာရာ ရသွားကြ၏။
ကံကောင်းထောက်မစွာဖြင့် သူတို့လေးယောက်သည် သူတို့နှစ်ယောက်ကြားတိုက်ပွဲမှာ မပါဝင်ခဲ့ကြပေ။ မဟုတ်ပါက သူတို့သည် ဤကဲ့သို့သော တိုက်ခိုက်မှုတစ်ရပ်ကို ခုခံနိုင်မည် မဟုတ်ပေ။
ဓားနှင့်ဒိုင်းကာ၏ ထိတွေ့ရိုက်ခတ်ခြင်းမှ ထွက်ပေါ်လာသောအလင်းရောင်က သူတို့နှစ်ယောက်ကို ချက်ချင်းပင် လွှမ်းခြုံသွား၏။
တကယ်ဆို... ဤထိတွေ့ရိုက်ခတ်မှုမှာ ဘယ်သူက အသာစီးရသလဲပင် သူတို့ငါးယောက်က မသိရှိပေ။
ခဏကြာပြီးနောက် အလင်းရောင်က တဖြည်းဖြည်း ပျက်ပြယ်သွားပြီး ဆူဇီမိုနှင့် ယွင်ထင်က ပြန်လည်ပေါ်ထွက်လာ၏။
သူတို့နှစ်ယောက်က သူတို့ရှိနေခဲ့သောနေရာမှာ မတ်တတ်ရပ်နေကြဆဲ ဖြစ်၏။ ဓားနှင့်ဒိုင်းကာက ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး သူတို့က လုံးဝမလှုပ်ရှားခဲ့သည့်ပုံပင်။
ခန်းမထဲမှာ အသက်ရှိနေဆဲဖြစ်သော ထိုသူများကသာလျှင် သူတို့နှစ်ယောက်ကြား တိုက်ခိုက်မှုက ဘယ်လောက်ထိကြောက်စရာကောင်းခဲ့သလဲ သိရှိနေကြ၏။
“အဲ့ဒါကသရေရလဒ်ဖြစ်မယ်ထင်တယ်”
ထျန်ကျစ်ရီက စိတ်သက်သာစွာ သက်ပြင်းချလိုက်၏။
သူမသည် သန်မာသောရန်သူလေးယောက်နှင့် ရင်ဆိုင်နေရသော်လည်း ဆူဇီမိုရင်ဆိုင်နေရသည့် တစ်ဦးတည်းသောသူက ပို၍ပင်ကြောက်စရာကောင်းနေသည်ကို သူမ၏ ရင်ထဲမှာ သိရှိထား၏။
ဆူဇီမိုက မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။
လူသားသတ်ဖြတ်ခြင်း ဓားပညာရပ်က သူတွေးထင်ထားသည်ထက်ကို များစွာပိုမိုသန်မာနေခဲ့၏။
ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းတို့ဖြင့် ခုခံပေးခဲ့ပြီးတာတောင် လူသားသတ်ဖြတ်ခြင်းဓားပညာရပ်က စိတ်ဝိညာဥ်လိပ်ဒိုင်းကာနှင့် ညီတူမျှတူယှဥ်နိုင်နေဆဲ ဖြစ်၏။
ဆိုလိုသည်မှာ သူသည် စိတ်ဝိညာဥ်လိပ်ဒိုင်းကာ၏ စွမ်းအားကိုသာ ထုတ်ဖော်ခဲ့မည်ဆိုလျှင် သူသည် လူသားသတ်ဖြတ်ခြင်းဓားပညာရပ်၏ ထက်ရှမှုကို ခုခံနိုင်လိမ့်မည်မဟုတ်ဟု အဓိပ္ပါယ်ရ၏။
အခြားတစ်ဘက်မှာတော့ ယွင်ထင်က တည်ငြိမ်နေသည့်ပုံပေါ်သော်လည်း သူ၏ ရင်ထဲမှာ ဗလောင်ဆူနေပြီဖြစ်၏။
လူသားသတ်ဖြတ်ခြင်းဓားပညာရပ်က ပိတ်ဆို့ခံရပြီး အချည်းနှီးဖြစ်ခဲ့ရ၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ ကျင့်ကြံမှုအဆင့်တူခြင်းမှာ လူသားသတ်ဖြတ်ခြင်းဓားပညာရပ်၏ ထက်ရှမှုကို ခုခံနိုင်သည့်သူ တစ်ယောက်မှမရှိခဲ့ပေ။
သူ့ရှေ့မှာရှိသောလူက လူသားသတ်ဖြတ်ခြင်းဓားပညာရပ်နှင့် ရင်ဆိုင်ရချိန်မှာ လုံးဝမထိမခိုက်ရှိနေ၏။
“မင်းက... ငါ့ကို တကယ်အံ့အားသင့်စေတာပဲ”
ယွင်ထင်က သူ့ကိုယ်သူအလျင်အမြန် ဣန္ဒြေဆယ်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်၏။
“ဒါပေမဲ့လို့...”
ခဏမျှရပ်တန့်ပြီးနောက် ယွင်ထင်က စကားလမ်းကြောင်းပြောင်းလိုက်၏။
“မင်းမှာရှိတာ ဒါအကုန်ပဲဆိုရင် မင်းဒီနေ့သေချာပေါက် ရှုံးနိမ့်ရတော့မယ်”
ယွင်ထင်၏ မျက်လုံးထဲသို့ ယုံကြည်မှုက ပြန်လည်ရောက်ရှိလာပြီး သူက သူ၏ ခေါင်းကို ဝင့်ကြွားစွာ မော့လိုက်၏။
သူက လိမ်ညာပြောဆိုနေခြင်း မဟုတ်ပေ။
သူက လူသားသတ်ဖြတ်ခြင်း ဓားပညာရပ်ကို အချိန်တိုအတွင်းမှာ တစ်ဖန်ထပ်ပြီး မထုတ်ဖော်နိုင်ဘူးဆိုလျှင်တောင် သူ့မှာမှီခိုအားထားနိုင်မည့် စွမ်းအားကြီးမားသော ဝှက်ဖဲများကျန်ရှိနေဆဲ ဖြစ်၏။
သို့သော်လည်း ယွင်ထင်၏ ထင်မြင်ချက်အရ ဆူဇီမိုသည် သူ၏ လမ်းဆုံးသို့ ရောက်ရှိနေလေပြီ။
အင်မော်တယ်နိုင်ငံမှ မင်းသားတစ်ပါးအနေဖြင့် သူ့မှာမြင့်မြတ်သော အဆင့်အတန်းနှင့် အကန့်အသတ်မဲ့သောအရင်းအမြစ်များရှိလေသည်။ အဲ့ဒါကြောင့် သူ့မှာ စွမ်းအားကြီးမားသောနည်းလမ်းများစွာရှိနေ၏။
သို့သော်လည်း ဆူဇီမိုသည် အောက်ဘုံမှတက်လှမ်းလာသောလူတစ်ယောက်ဖြစ်၏။
ကောင်းကင်သတ်ဖြတ်ခြင်းဓားပညာရပ်၊ ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်နှင့် စိတ်ဝိညာဥ်လိပ်ဒိုင်းကာ သို့မဟုတ် ထူးဆန်းသောလှုပ်ရှားမှု နည်းစနစ်မရှိတော့လျှင် ထိုလူ့မှာ တခြားဘာများရှိနိုင်တော့မှာလဲ။