မင်း ငယ်ပါသေးတယ်ကွာ
Vol. 134 Ch. 1999
အစကတော့ ယွင်ထင်သည် ဆူဇီမိုကို ဖိနှိမ်ပြီးနောက် ထိုသူကို သူ၏ လက်အောက်သို့ သွတ်သွင်းချင်စိတ် ရှိနေခဲ့၏။ ထိုသို့ဖြင့် ဆူဇီမိုက သူ့အတွက် ကြီးမားသော အကူအညီတစ်ခု ဖြစ်လာပေလိမ့်မည်။
သို့သော် ယခု ဆူဇီမို၏ အစွမ်းအစနှင့် ပါရမီအရည်အချင်းအရ ထိုသူသည် အခြားသူများထံ သေချာပေါက် အညံ့ခံမည် မဟုတ်ကြောင်း သူက နားလည်သဘောပေါက်လိုက်၏။
“တိုက်ခိုက်ကြတာပေါ့”
ယွင်ထင်၏ သွေးချီက တလိပ်လိပ် ထိုးတက်လာပြီး သူ၏ ဓားချီက တဇီဇီအော်မြည်ကာ သူက ပြောလိုက်၏။
“မင်း ငါ့ရဲ့ တိုက်ခိုက်မှုတွေကနေ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
သူ၏ ဓားလက်ချောင်းက ဆူဇီမို၏ ခံစစ်ကို ထိုးဖောက်နိုင်၏။
အနည်းဆုံးတော့ သူသည် ဤတိုက်ခိုက်မှုမှာ ပကတိအသာစီးရရှိထားလေသည်။
ဒါ့အပြင် သူ့မှာ ယခုအချိန်ထိ အသုံးမပြုရသေးသော ပိုမိုသန်မာသည့် ဝှက်ဖဲများ ရှိနေသေး၏။
အဲဒါကို ထုတ်ဖော်လိုက်သည်နှင့် ထိုနည်းလမ်းများသည် ကမ္ဘာတုန်လောက်ဖွယ်ရာကောင်းပြီး သူပင်လျှင် အဲဒါကို ထိန်းချုပ်နိုင်တော့မည် မဟုတ်ပေ။
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် ယွင်ထင်က ဆူဇီမိုထံသို့ သူ၏ ဓားလက်ချောင်းများကို ဝှေ့ယမ်းပြီး နောက်တစ်ဖန် တိုက်ခိုက်လိုက်၏။
ဆူဇီမိုက အကြောက်အလန့်ကင်းမဲ့လေသည်။ အစွယ်ခြောက်ချောင်း နတ်ဆင်ခွန်အား၏ မြှင့်တင်မှုအပေါ် မှီခိုပြီး သူက ရှေ့သို့ ခုန်တက်ကာ ယွင်ထင်နှင့် ဆန့်ကျင်တိုက်ခိုက်လိုက်၏။
ဆူဇီမိုသည် အနီးကပ်တိုက်ခိုက်ရည်မှာ အဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းသလောက်နီးပါးဖြစ်၏။
အဲဒါသည် အစိမ်းရောင်ကြာပန်း အစစ်အမှန်ခန္ဓာက သန်မာသောကြောင့်သာလျှင် မဟုတ်ဘဲ သူ၏ အနီးကပ်တိုက်ခိုက်ရေး နည်းစနစ်များကြောင့်လည်း ဖြစ်၏။
အဲဒါသည် နဂါးများ၊ ဆင်များကဲ့သို့ မာကြောလိုက်… ကျားများ၊ ကျားသစ်များကဲ့သို့ ကြမ်းကြုတ်ခက်ထန်မှု ရှိလိုက်.. မျောက်ဝံနှင့် မြွေများကဲ့သို့ ပေါ့ပါးဖျတ်လတ်မှု ရှိလိုက်… လူဝံနှင့် လိပ်တို့ကဲ့သို့ တည်ကြည်ခိုင်မာမှု ရှိလိုက်နှင့် အဆက်မပြတ် ပြောင်းလဲနိုင်၏။
ထိုနည်းစနစ်များသည် မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ပါး၏ ဂမ္ဘီရကျင့်စဉ်မှ ဆင်းသက်လာခဲ့ပြီး သေခြင်း ရှင်ခြင်း အတွေ့အကြုံပေါင်းများစွာကို ဖြတ်ကျော်ခဲ့ဖူး၏။ အဲဒါကို နားလည်ဆင်ခြင်၍ အနှစ်ထုတ်ပြီးနောက် ဆူဇီမိုသည် သူတို့ကို ပြန်လည်ဖွဲ့စည်းကာ အခြားသော ပြောင်မြောက်သည့် တိုက်ခိုက်ရေးအတတ်များနှင့် ထပ်မံပေါင်းစည်းပြီး သူ့ကိုယ်ပိုင် တစ်မူထူးခြားသော တိုက်ကွက်များကို ဖြစ်ပေါ်လာစေ၏။
ထိုတိုက်ကွက်များသည် သားရဲဘုရင် ၁၂ပါး၏ ဂမ္ဘီရကျင့်စဉ်မှ ဆင်းသက်လာခဲ့သော်လည်း သူတို့က ဆူဇီမိုအတွက် နဂိုမူလ ဂမ္ဘီရကျင့်စဉ်ထက် ပို၍ပင် သင့်လျော်လာခဲ့၏။
သို့သော်လည်း ယွင်ထင်နှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုသည် အနီးကပ်တိုက်ခိုက်ခြင်းတွင် မည်သည့်အသာစီးမှ မရရှိပေ။
ယွင်ထင်သည် ဤနေရာမှာ အစစ်အမှန် ဓားတစ်လက်အစား သူ၏ လက်ချောင်းများကိုသာ အသုံးပြုရသော်လည်း သူက အလွန်တရာ ပြောင်မြောက်သည့် ဓားနည်းစနစ်များစွာကို ထုတ်ဖော်နိုင်ဆဲဖြစ်၏။
သူ၏ ဓားလက်ချောင်းများ၏ ထက်ရှမှုနှင့်အတူ ယွင်ထင်သည် အခြေအနေကို ထိန်းချုပ်၍ အသာစီးရယူထားနိုင်ဆဲဖြစ်၏။
ထိုသို့ဆိုလျှင်တောင် ယွင်ထင်သည် ပို၍ ပို၍ မချင့်မရဲဖြစ်လာခဲ့၏။
သူ ကျင့်ကြံထားသော ဓားနည်းစနစ်များက ဘယ်လောက်တောင် စွမ်းအားကြီးမားသလဲ။
ထိုဓားနည်းစနစ်များကို အထက်ဘုံလောက၏ စီနီယာများနှင့် ဓားကျင့်ကြံသူများစွာက နှစ်ပေါင်း မရေမတွက်နိုင်အောင် နားလည်ဆင်ခြင်ပြီးမှသာ ဖန်တီးနိုင်ခဲ့လေသည်။
သူ၏ ဓားသွေးနှင့် ဓားတာအိုမှာ သူ၏ ပါရမီအရည်အချင်းနှင့် ပေါင်းစပ်လိုက်သောအခါ ထိုဓားနည်းစနစ်တစ်ခုချင်းစီ၏ စွမ်းအားသည် သူထုတ်ဖော်သည့်အခါ ပို၍ပင် သန်မာအားကောင်းလာခဲ့၏။
သို့သော်လည်း သူ၏ တိုက်ခိုက်မှုများက ဘယ်လောက်ပင် ကြမ်းကြုတ်ခက်ထန်သည်ဖြစ်စေ.. သူတို့ကို ဆူဇီမို၏ အနီးကပ်တိုက်ခိုက်ခြင်း နည်းစနစ်များက တစ်ခုပြီးတစ်ခု ချေဖျက်နေ၏။
သူသည် ဆူဇီမို၏ တိုက်ခိုက်ခြင်း နည်းစနစ်များကို အရင်က တစ်ခါမှ မတွေ့မြင်ဖူးခဲ့ပေ။
တစ်ခါတစ်ရံမှာ ဆူဇီမို တိုက်ခိုက်သည့်အခါ သူသည် အစစ်အမှန် နဂါးတစ်ကောင်၏ ခွန်အားကို ပိုင်ဆိုင်ထားသည့်အလား သူ၏ ခွန်အားက ပြိုင်ဘက်ကင်းနေ၏။
သို့သော်လည်း တစ်ခဏချင်းမှာပင် ဆူဇီမို၏ အော်ရာက ပြောင်းလဲသွားပြီး သူ၏ လှုပ်ရှားမှု နည်းစနစ်က မျောက်ဝံတစ်ကောင်ကဲ့သို့ ပေါ့ပါးဖျတ်လတ်လာ၏။
သူ မှီခိုအားအထားရဆုံးဖြစ်သော ထက်ရှသော ဓားလက်ချောင်းများပင်လျှင် ဆူဇီမိုအပေါ် များစွာသက်ရောက်စေနိုင်ခြင်း မရှိပေ။
တစ်ခဏချင်းမှာပင် သူတို့နှစ်ယောက်က တိုက်ကွက်ပေါင်းရာချီ ဖလှယ်ခဲ့ပြီးလေပြီ။
ဆူဇီမို၏ ခန္ဓာကိုယ်ပေါ်တွင် သူ၏ ဓားလက်ညှိုးကြောင့် ဒဏ်ရာများစွာ ပေါ်ထွက်လာ၏။ သို့သော်လည်း ဆူဇီမို၏ ပြန်လည်ကုသနိုင်စွမ်းက အရမ်းကို သန်မာလွန်း၏။
ဤကဲ့သို့ အကြိတ်အနယ် တိုက်ခိုက်ရသော တိုက်ပွဲမှာ ဆူဇီမို၏ ဒဏ်ရာများက သွေးချီကို များစွာဆုံးရှုံးရခြင်း မရှိစေဘဲ အလျင်အမြန် သက်သာပျောက်ကင်းလာနေ၏။
ဆန့်ကျင်ဘက်အနေဖြင့် သူ၏ တိုက်ခိုက်မှုများက အနည်းငယ် အားပျော့သွားသည့်အခါ ဆူဇီမိုသည် အခွင့်အလမ်းကို ချိန်ဆပြီး အလွန်တရာ ကြမ်းကြုတ်ခက်ထန်စွာဖြင့် တန်ပြန်တိုက်ခိုက်လာတတ်၏။
သူသည် ဆူဇီမို၏ လက်ဖဝါးဖြင့် ဖမ်းဆုပ်ခံရလုနီးပါး အချိန်တချို့ပင် ရှိခဲ့၏။
ဆူဇီမို၏ လက်သည်းများက ကျားတစ်ကောင်၏ လက်သည်းများကဲ့သို့ ထက်ရှနေ၏။
အဲဒါက သူ့အပေါ်ကို ဆင်းသက်မည်ဆိုလျှင် သွေးသံရဲရဲ အပေါက်ငါးပေါက် သေချာပေါက် ဖြစ်လာပေလိမ့်မည်။
အချိန်ကြာလာသည်နှင့်အမျှ ယွင်ထင်က ပို၍ပင် မချင့်မရဲဖြစ်လာခဲ့၏။
သူ့အသက်က နှစ်နှစ်ရာကျော်ဖြစ်သော်လည်း အထက်ဘုံမှာ သူက ငယ်ရွယ်လွန်းသေး၏။
သူ့မှာ ကြွယ်ဝသော ကျင့်ကြံရေး အရင်းအမြစ်များ၊ တုန်လှုပ်စရာကောင်းသော ပါရမီအရည်အချင်း၊ နက်ရှိုင်းသော နောက်ခံနှင့် မြင့်မြတ်သော အဆင့်အတန်း ရှိလေသည်။ သို့သော်လည်း သူက ငယ်ရွယ်လွန်းသေးပြီး သူ၏ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုက များစွာနိမ့်ကျနေသေး၏။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ ယွင်ထင်သည် တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့ပြီး ပြိုင်စံရှားများနှင့် ပြန်ဝင်စား မွန်းစတားများစွာကို တွေ့ကြုံခဲ့ဖူး၏။ သူသည် သူ့ကို ဤမျှအတိုင်းအတာထိ ဖိအားပေးနိုင်သောသူနှင့် တစ်ခါမှ မတွေ့ကြုံဖူးခဲ့ပေ။
သို့သော်လည်း ဆူဇီမိုက တစ်ချိန်လုံး တစ်မူထူးခြားစွာ တည်ငြိမ်နေ၏။ သူက အလောတကြီး မရှိဘဲ သူ၏ မျက်လုံးများက အမူအရာ ကင်းမဲ့နေဆဲဖြစ်၏။
သူ၏ အာရုံခံသတိစိတ်သည် ယွင်ထင်၏ ရင်ထဲရှိ ဂနာမငြိမ်ဖြစ်မှုကိုပင် အာရုံခံမိလိုက်၏။
လူတစ်ယောက်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက တည်ငြိမ်မှု မရှိလျှင် သူတို့သည် ဟာကွက်တချို့ကို သေချာပေါက် ထုတ်ဖော်မိပေလိမ့်မည်။
ယွင်ထင်က ရင်တစ်ချက်ထိတ်သွားပြီး သူ၏ ဓားလက်ချောင်း၏ ထက်ရှမှုက အနည်းငယ် တုန်ခါသွားရုံမျှသာ ဖြစ်၏။ ဆူဇီမိုက အဲဒါကို အာရုံခံမိသွားပြီး တောက်ပသော အကြည့်နှင့်အတူ တန်ပြန်တိုက်ခိုက်လိုက်၏။
“မင်း ငယ်ပါသေးတယ်ကွာ”
ဆူဇီမိုက မှင်သေသေဖြင့် ပြောလိုက်၏။
သူ၏ လေသံသည် ဂျူနီယာတစ်ယောက်ကို ဆုံးမနေသည်နှင့် တူနေ၏။ ယွင်ထင်က အဲဒါကို ကြားသောအခါ ဒေါသထွက်လွန်းသောကြောင့် သူက သွေးအန်လုမတတ် ဖြစ်သွားရ၏။
သူ၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုက သိသာထင်ရှားမှု မရှိသလောက်နီးပါးဖြစ်ပြီး အဲဒါကို ဟာကွက်တစ်ခုဟုပင် မဆိုနိုင်ပေ။
သို့သော်လည်း အဲဒါက ဆူဇီမိုအတွက် လုံလောက်နေ၏။
ချွင်…. ချွင်….
သတ္တုချင်း ထိခတ်သံများ ထွက်ပေါ်လာ၏။ အဲဒါသည် ယွင်ထင်၏ ဓားလက်ညှိုးနှင့် ထိခတ်သွားသော ဆူဇီမို၏ လက်သည်းများဖြစ်ပြီး မီးပွားများက စင်ထွက်လာ၏။
ဆူဇီမို၏ လက်သည်းများက ယွင်ထင်၏ ဓားလက်ချောင်းဖြင့် လှီးဖြတ်ခံလိုက်ရ၏။
ဆူဇီမို၏ အခြားသော လက်တစ်ဖက်က အခွင့်အလမ်းကို ချိန်ဆပြီး ဓားချီများကြားကနေ ဖြတ်ကျော်ကာ ယွင်ထင်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွား၏။
ဘန်း….
အဲဒါသည် မဟာကစဉ့်ကလျားအမြုတေလက်ဝါးဖြစ်ပြီး ဆူဇီမိုက လုံးဝ ထိန်ချန်ထားခြင်း မရှိပေ။
“ဟမ်”
ဆူဇီမိုက သူ၏ လက်ဝါးကို ဖိချလိုက်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။ သူ၏ လက်ဝါးသည် အသွေးအသားကို ထိခတ်မိခြင်း မဟုတ်ဘဲ အဲဒါက အေးစက်မာကြောနေ၏။
သူ၏ လက်ဝါး ဆင်းသက်သွားသည့်အချိန်မှာပင် ယွင်ထင်၏ ရင်ဘတ်ပေါ်ရှိ အဝတ်စက ကြေမွသွားပြီး တလက်လက်တောက်ပနေသော ငွေရောင်ကိုယ်ကျပ်ချပ်ဝတ်တစ်စုံက ပေါ်ထွက်လာ၏။
ဘုန်း.. ဘုန်း.. ဘုန်း..
ယွင်ထင်က နောက်သို့ အဆက်မပြတ် ဆုတ်သွားရပြီး သူ၏ ခြေတစ်လှမ်းချင်းစီက မြေပြင်ပေါ်မှာ နက်ရှိုင်းသော ခြေရာတစ်ခုချင်းစီကို ကျန်ရစ်ခဲ့စေ၏။
ဖျောက်.. ဖျောက်…
ယွင်ထင်၏ ရင်ဘတ်မှာ အက်ကွဲသံ တဖျောက်ဖျောက်က ထွက်ပေါ်လာ၏။
သူက ခေါင်းငုံ့ကြည့်လိုက်ပြီး တုန်လှုပ်ချောက်ချားသွားရလေသည်။
သူ့ကိုယ်ကျပ်ချပ်ဝတ်၏ မျက်နှာပြင်ပေါ်မှာ ရေခဲအလွှာတစ်လွှာ ရှိနေ၏။
ထိုအခိုက်အတန့်မှာ ရေခဲအလွှာပေါ်တွင် ဧရာမ လက်ဝါးရာတစ်ခု ပေါ်ထွက်နေ၏။
လက်ဝါးရာ၏ ဘေးပတ်လည်ရှိ ရေခဲအလွှာပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်နေပြီး တဖြည်းဖြည်း ဖြန့်ကြက်လာခဲ့၏။
ယွင်ထင်၏ ခန္ဓာကိုယ်ပေါ်ရှိ ထိုကိုယ်ကျပ်ချပ်ဝတ်သည် ယွင်ထင်၏ အစ်မကိုယ်တိုင် လက်ဆောင်အဖြစ် သွန်းလုပ်ပေးထားသော ရေခဲဝိညာဉ်ငွေချပ်ဝတ်ဖြစ်၏။
ရေခဲဝိညာဉ်ငွေချပ်ဝတ်ပေါ်ရှိ ရေခဲအလွှာမှာ သန်မာသော ခံစစ်စွမ်းအားတစ်ခု ရှိလေသည်။ သာမန်အဆင့်နိမ့် ကမ္ဘာမြေအင်မော်တယ်တစ်ယောက်ပင်လျှင် သူ၏ ခွန်အားအပြည့်အဝနှင့်အတူ အဲဒါကို ခြေမွှဖျက်ဆီးနိုင်ချင်မှ ဖျက်ဆီးနိုင်ပေလိမ့်မည်။
ယခု အဲဒါသည် ဆူဇီမို၏ လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ကြေမွသွားခဲ့ပြီဖြစ်၏။
ယွင်ထင်သည် ရေခဲဝိညာဉ်ငွေချပ်ဝတ်၏ ကာကွယ်မှုနှင့်အတူ ထိခိုက်မှု မရှိသော်လည်း သူ၏ ရင်ထဲမှာ အနည်းငယ် မွန်းကျပ်ဖွယ်ရာ ခံစားလိုက်ရဆဲဖြစ်၏။ ဆူဇီမို၏ လက်ဝါးရိုက်ချက်က ဘယ်လောက်တောင် ကြောက်စရာကောင်းသလဲ သိသာနေ၏။
အဲဒါကို တွေ့မြင်ပြီး ဆူဇီမိုက စိတ်ထဲကနေ သက်ပြင်းချလိုက်၏။
တကယ့်ကို နှမျောစရာပဲ…။
ထိုငွေရောင်ကိုယ်ကျပ်ချပ်ဝတ်ကြောင့်သာ မဟုတ်လျှင် သူသည် ယွင်ထင်ကို ဒဏ်ရာအပြင်းအထန် ရရှိစေနိုင်မည်ဖြစ်၏။
ယွင်ထင်လို အဆင့်အတန်းမျိုးနှင့်လူအတွက် သူ့မှာ ရတနာများနှင့် အသက်ကယ်နည်းလမ်းများ မြောက်များစွာ ရှိလေသည်။
“ခွေးမ.. နင် ဘယ်လိုတောင် လုပ်ရဲတာလဲ”
ရုတ်တရက် တိုက်ပွဲနယ်မြေ၏ အခြားတစ်ဖက်ကနေ ထိတ်လန့်တကြား စူးစူးဝါးဝါး အော်သံတစ်သံ ထွက်ပေါ်လာ၏။
ဆူဇီမိုသည် ယွင်ထင်အပေါ်ကို အပြည့်အဝ အာရုံစိုက်ထားရ၏။ ထိုအချိန်မှာ သူက အသံလာရာဘက်သို့ သူ၏ ခေါင်းကို အနည်းငယ်လှည့်ကာ ကြည့်လိုက်၏။
တိုက်ပွဲနယ်မြေ၏ အခြားတစ်ဖက်တွင် အခြေအနေက ရုတ်ချည်းပြောင်းလဲသွား၏။
ပြိုင်စံရှားလေးဦးထဲမှ တစ်ဦးဖြစ်သော အပြာရောင်ဝတ်အမျိုးသမီးသည် သိပ်သည်းပြင်းထန်သော အန္တရာယ်တစ်ခုကို ခံစားလာရ၏။ သူမက တိုက်ပွဲနယ်မြေကနေ ထွက်ခွာချင်သည့်အလား အလျင်အမြန် နောက်သို့ ဆုတ်လိုက်၏။
သို့သော်လည်း ထျန်ကျစ်ရီ၏ ပုံရိပ်က သူမ၏ နောက်ဘက်ကနေ ပေါ်ထွက်လာခဲ့၏။ ထျန်ကျစ်ရီက သူမ၏ လက်ကို ဆန့်ထုတ်ပြီး အပြာရောင်ဝတ်အမျိုးသမီး၏ ဦးခေါင်းကို ဖမ်းဆွဲလိုက်၏။ သူမ၏ အလျင်အဟုန်က အရမ်းကို မြန်ဆန်ပြီး အပြာရောင်ဝတ်အမျိုးသမီးက ရှောင်တိမ်းဖို့အတွက် အချိန်မရတော့ပေ။
ထိုအခိုက်အတန့်မှာ ကတုံးပြောင်ကိုယ်တော်နှင့် သံမဏိမျှော်စင်လိုလူက အကူအညီပေးဖို့အတွက် ခပ်လှမ်းလှမ်းမှာ ရောက်ရှိနေကြ၏။
အကူအညီပေးနိုင်သည့် တစ်ဦးတည်းသောသူမှာ သက်လတ်ပိုင်းအရွယ် တာအိုပညာရှင်ဖြစ်၏။
သက်လတ်ပိုင်းအရွယ် တာအိုပညာရှင်၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတစ်ချက်က ဖျပ်ခနဲလက်သွား၏။ တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ သူက သူ၏ အင်္ကျီလက်စ နှစ်ဖက်ကို လွှဲယမ်းပြီး ထျန်ကျစ်ရီ၏ ဦးခေါင်းနောက်နှင့် ကျောကို ပစ်ရိုက်ချလိုက်၏။
ထျန်ကျစ်ရီသည် သူမ၏ နောက်ဘက်မှ ဝင်ရောက်လာသော တိုက်ခိုက်မှုကို ခံစားမိနိုင်၏။ သို့သော်လည်း သူမက အမူအရာကင်းမဲ့၍ သူမ၏ လှုပ်ရှားမှုကို မရပ်တန့်ပေ။
သူမသည် အပြာရောင်ဝတ်အမျိုးသမီးကို သတ်ဖြတ်ရမည်ဖြစ်၏။
သူမသည် ဤအခွင့်အလမ်းကို စောင့်ဆိုင်းနေခဲ့သည်မှာ အရမ်းကြာသွားခဲ့လေပြီ။
ဤအတိုင်းသာ ဆက်သွားလျှင် သူမသည် ပြိုင်စံရှားလေးဦး၏ တိုက်ခိုက်မှုဖြင့် ခြေကုန်လက်ပန်းကျကာ သေဆုံးရပေလိမ့်မည်။
ယခု သက်လတ်ပိုင်းအရွယ် တာအိုပညာရှင်ကသာ သူမကို တိုက်ခိုက်လာနိုင်ပြီး သူမသည် ထိုတိုက်ခိုက်မှုကနေ ရှင်သန်နိုင်သည်ဟု ယုံကြည်မှု ရှိနေ၏။
ရွှစ်…
ထျန်ကျစ်ရီ၏ လက်ရှသော လက်သည်းချွန်များက အပြာရောင်ဝတ်အမျိုးသမီး၏ ဦးခေါင်းပေါ်သို့ ဆင်းသက်သွား၏။ အဲဒါက ခဏမျှသာ ရပ်တန့်ပြီးနောက် အပြာရောင်ဝတ်အမျိုးသမီး၏ ဦးခေါင်းခွံကို ထိုးဖောက်လိုက်လေသည်။
သူမ၏ လက်ချောင်းထိပ်ဖျားရှိ မိုးကြိုးလျှပ်စီးက အပြာရောင်ဝတ်အမျိုးသမီး၏ အမြုတေစိတ်ဝိညာဉ်ကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်၏။
ထိပ်တန်းအဆင့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေဖြင့် ထျန်ကျစ်ရီ တကယ်တမ်း တိုက်ခိုက်သည့်အခါ တစ်ယောက်ယောက်က သေရပေလိမ့်မည်။