ငါစိတ်မကောင်းပါ့ဘူး... ငါအနိုင်ရချင်တယ်
Vol. 134 Ch. 2000
အပြာရောင်ဝတ်အမျိုးသမီးကို သတ်ဖြတ်ပြီးနောက် ထျန်ကျစ်ရီသည် သူမ၏ နောက်ဘက်ရှိ မိုးကြိုးလေပြေတောင်ပံများကို အရူးအမူးခတ်ကာ သူမ၏ ခန္ဓာကိုယ်ပေါ်မှာ လျှပ်စီးများက တဖျောက်ဖျောက်မြည်၍ ဘေးဘက်သို့ ရှောင်တိမ်းလိုက်၏။
သူမက မြန်ဆန်သော်လည်း သက်လတ်ပိုင်းအရွယ်တာအိုပညာရှင်ကလည်း နှေးကွေးမနေပေ။
ထျန်ကျစ်ရီက အပြာရောင်ဝတ်အမျိုးသမီးကို သတ်ဖြတ်လိုက်သည့်ခဏမှာပင် သက်လတ်ပိုင်အရွယ် တာအိုပညာရှင်က သူ၏ အင်္ကျီလက်စနှစ်ဖက်ကို လွှဲယမ်းလိုက်၏။
အင်္ကျီလက်စများက ကြော့ရှင်း၍ ပျော့ပြောင်းသည့်ရှိသော်လည်း သူတို့သည် ရုတ်တရက်တင်းကျပ်သွားပြီး မာကျောတုတ်ခိုင်သော သံတုတ်နှစ်ချောင်းကဲ့သို့ လေထဲကနေဆင်းသက်လာခဲ့၏။
ထျန်ကျစ်ရီသည် သူမ၏ ဦးခေါင်းနောက်ဘက်မှလာသော သေကွင်းသေကွက်ရိုက်ချက်ကို ရှောင်လွှဲလိုက်နိုင်သော်လည်း သူမသည် သူမ၏ နောက်ကျော်ဆီသို့ ဆင်းသက်လာသော သတ်ဖြတ်ကွက်ကို မရှောင်တိမ်းနိုင်တော့ပေ။
ဘန်း...
အင်္ကျီလက်စနှစ်ဖက်က မိုးကြိုးလေပြေတောင်ပံများကို အရင်ဆုံးထိခတ်ပြီး သူတို့ကိုခြေမွှကာ ထုံထိုင်းထိုင်းအသံတစ်သံနှင့်အတူ ထျန်ကျစ်ရီ၏ ကျောပေါ်သို့ ပြင်းထန်စွာကျဆင်းသွား၏။
ထျန်ကျစ်ရီက ဆတ်ခနဲတုန်ယင်သွားပြီး ဒယီးဒယိုင်ဖြစ်သွား၏။ သူမ၏ ပါးစပ်ကိုဖွင့်ဟပြီး သွေးများစွာကို အန်ထုတ်ကာ သူမ၏ မျက်နှာက အရမ်းကိုဖြူဖျော့သွား၏။
ထိုသို့ဆိုလျှင်တောင် သူမသည် မည်သည့်နာကျင်မှုကိုမှ မခံစားရသည့်အလား သူမ၏ အမူအရာက အလွန်တရာတည်ငြိမ်နေ၏။
နှစ်ဖက်စလုံးက ထိပ်သီးပညာရှင်များဖြစ်ပြီး အစကတည်းက သူတို့ကြား တိုက်ခိုက်ရည်ခွန်အားကွာဟချက်က အရမ်းမကြီးမားပေ။
သူမသည် သူတို့ထဲမှတစ်ယောက်ကို မရမကလိုက်လံသတ်ဖြတ်ပြီးနောက် သူတို့၏ ပိတ်ဆို့တိုက်ခိုက်မှုကနေ မထိမခိုက်ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။
သက်လတ်ပိုင်းအရွယ် တာအိုပညာရှင်က လျှို့ဝှက်အတတ် နှလုံးထိုးဖောက်ကို အသုံးပြုခဲ့၏။ ထိုတိုက်ခိုက်မှု၏ စွမ်းအားက အရမ်းကိုကြောက်စရာကောင်းပြီး ထျန်ကျစ်ရီ၏ နောက်ကျောကိုပင် ထိုးဖောက်နိုင်ခဲ့၏။
ထျန်ကျစ်ရီ၏ တုံ့ပြန်မှုကလည်း အရမ်းကိုပြောင်မြောက်လေသည်။ သူမက မိုးကြိုးလေပြေတောင်ပံများကို အရှိန်မြှင့်တင်ဖို့အတွက် ဆင့်ခေါ်ခဲ့သလို... ထိုတောင်ပံတစ်စုံက သူမအပေါ်ကျဆင်းလာသည့် စွမ်းအားအများစုကို ပိတ်ဆို့တားဆီးပေးကာ သူမအပေါ်ပျက်စီးထိခိုက်မှုကို အနည်းဆုံးအထိ လျှော့ချပေးနိုင်၏။
“ဟမ့်...”
သက်လတ်ပိုင်းအရွယ် တာအိုပညာရှင်က ထျန်ကျစ်ရီကို လှုပ်ရှားကွက်တစ်ကွက်တည်းဖြင့် မသတ်ဖြတ်နိုင်သည့်အခါ ဒေါသထွက်မသွားပေ။ သူက လှောင်ရယ်လိုက်၏။
“ငါ့ရဲ့နှလုံးထိုးဖောက်နဲ့ ထိခတ်ခံရပြီးရင် နင်ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ ကြည့်ရသေးတာပေါ့”
ထျန်ကျစ်ရီက ရိပ်ခနဲပြေးထွက်လာစဥ် ကတုံးပြောင်ကိုယ်တော်နှင့် သံမဏိမျှော်စင်လိုလူကလည်း ကြမ်းကြုတ်ခက်ထန်သော အော်ရာများနှင့်အတူ ချဥ်းကပ်လာပြီး သူမကို အသက်ရှုခွင့်ပင် မပေးလိုပေ။
သူမက အမူအရာကင်းမဲ့နေပြီး သူတို့သုံးယောက်၏ ဝန်းရံပိတ်ဆိုမှုကြားမှ လှည့်ထွက်လိုက်သော်လည်း သူမ၏ လှုပ်ရှားမှုနည်းစနစ်က သိသိသာသာ နှေးကွေးသွား၏။
အသက်ရှုချိန်အနည်းငယ်မှာပင် အန္တရာယ်များသော အခြေအနေများစွာရှိလာခဲ့ပြီး သူမသည် သူတို့သုံးယောက်ကြားမှာ သေလုမတတ်ပင်ဖြစ်ခဲ့ရလေသည်။
ပြိင်စံရှားလေးဦးထဲမှာ တစ်ယောက်က သေဆုံးသွားသော်လည်း ထျန်ကျစ်ရီ၏ အခြေအနေက ပို၍ပင်အန္တရာယ်များလာပြီး သူမသည်နေရာမှာပင် အချိန်မရွေးသေဆုံးသွားနိုင်၏။
ဆူဇီမိုက မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
သူက ဝင်ရောက်တိုက်ခိုက်မည်ဆိုလျှင် သူသည် ထျန်ကျစ်ရီကို သေချာပေါက်ကယ်တင်နိုင်ပေလိမ့်မည်။
သို့သော်လည်း အဲ့ဒါသည် ယွင်ထင်အား ကျောက်စိမ်းအဆောင်ကို ရယူခွင့်ပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
အသက်တစ်သက်နှင့် ဆုလာဘ်ကြားရွေးချယ်မှုဖြစ်၏။ ကျောက်စိမ်းအဆောင်က ဘယ်လောက််ပင်တန်ဖိုးကြီးမားသည်ဖြစ်စေ... အဲ့ဒါက သက်မဲ့ပစ္စည်းတစ်ခုမျှသာဖြစ်၏။ အဲ့ဒါကို ယွင်ထင်အား ပေးလိုက်ရမည်ဆိုလျှင်တောင် ကိစ္စမရှိပေ။
ထိုသို့အတွေးဖြင့် ဆူဇီမိုက သူ၏ စိတ်ကို ပိုင်းဖြတ်လိုက်ပြီး ကျောက်စိမ်းအဆောင်ကိုလက်လွှတ်ကာ ထျန်ကျစ်ရီကို ကူညီပေးဖို့ပြင်ဆင်လိုက်၏။
သို့သော်လည်း အဲ့ဒါကို သူစိတ်ကူးပြီး မည်သည့်အရာကိုမှ မလုပ်နိုင်ခင်မှာပင် သူ့အပေါ်သို့လွှမ်းခြုံလာသည့် အလွန်တရာကြောက်စရာကောင်းသော အော်ရာတစ်ခုကိုခံစားမိလိုက်၏။
သူက လှုပ်ရှားမှုတစ်ခုကိုပြုလုပ်မည်ဆိုလျှင် မနှိုင်းယှဥ်သာအောင်ကြောက်စရာကောင်းသော ထိုတိုက်ခိုက်မှုက သူ့အပေါ်သို့ သေချာပေါက်ကျဆင်းလာပေလိမ့်မည်။
ထိုအော်ရာနှင့် ရင်ဆိုင်ရချိန်မှာ ဆူဇီမိုသည် အချိန်မရွေး ဘာမှမကျန်အောင် ဆုတ်ဖြဲခံရနိုင်သည်ဟုပင် ထင်ယောင်ထင်မှားမြင်ယောင်မိလိုက်၏။
“မင်းက ငါ့ရှေ့မှာဘယ်လိုတောင် စိတ်အာရုံပျက်ယွင်းခံပြီး တခြားကိစ္စတွေကိုတွေးရဲတာလဲ”
ယွင်ထင်၏ အသံက ထွက်ပေါ်လာ၏။
ထိုအသံက တည်ငြိမ်၍ အဲ့ဒီမှာဖိနှိမ်ထားသော အမျက်ဒေါသပါဝင်နေ၏။
အဲ့ဒါသည် မုန်တိုင်းမလာခင် တည်ငြိမ်ခြင်းမျိုးဖြစ်ပြီး မှောင်မည်းနေသော တိမ်စိုင်များအောက်မှ အုံ့မှိုင်းမှုက မွန်းကျပ်ဖွယ်ရာကောင်းနေ၏။
ဆူဇီမိုက ယွင်ထင်ကိုကြည့်ပြီး တုန်လှုပ်သွားရ၏။
ထိုအခိုက်အတန်မှာ ယွင်ထင်၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်းလွင့်မျောလာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ သွေးချီက တလိပ်လိပ် ထိုးတက်လာ၏။ သူက အဲ့ဒါကို သူ၏ အကန့်အသတ်ထိ မြှင်တင်ထားပြီးသည်မှာ သိသာနေ၏။
သွေးချီက သူ၏ ခန္ဓာကိုယ်ကိုလှည့်ပတ်ပြီး သူ၏ နောက်ဘက်မှာ သိပ်သည်းစွာဖြင့်ယှက်ဖြာနေသော သွေးရောင်ဓားချီကိုဖြစ်ပေါ်လာစေ၏။
ချွင်... ချွင်...
သွေးရောင်ဓားချီက အဆက်မပြတ်တုန်ခါ၍ ရောထွေးနေသော ဓားတေးသံများကို ထွက်ပေါ်လာစေ၏။
ဧရာမသွေးရောင်ဓားတစ်လက်က ယွင်ထင်၏ နောက်မှာ တဖြည်းဖြည်းပေါ်ထွက်လာပြီး လေထဲသို့ ထိုးတက်သွား၏။ ခန်းမ၏ အမိုးခုံးကပင်လျှင် ၎င်း၏ ထက်ရှမှုကို မဖိနှိမ်နိုင်ပ။
သွေးရောင်ဓားက အဖျက်စွမ်းအားအော်ရာတစ်ခုကို ဖြာထုတ်နေပြီး အဲ့ဒါက လုံးဝကို သိပ်သည်းကျစ်လစ်လာခဲ့၏။
ဤလောကမှာ သွေးနီရောင်ဓား၏ ခုတ်ချက်တစ်ချက်ကို ခုခံနိုင်သည့်အရာ ဘာမှမရှိတော့သည့်အလားပင်။
မျိုးဆက်သွေးနယ်မြေ..။
အဲ့ဒါသည် ယွင်ထင်၏ မျိုးဆက်သွေးနယ်မြေဖြစ်သော်လည်း သူက အဲ့ဒါကို လုံးလုံးကျွမ်းကျင်ပိုင်နိုင်မှုမရှိသေးသည်မှာ သိသာ၏။
ထိုစွမ်းအားက အရမ်းကိုသန်မာပြီး ကြောက်စရာကောင်းလွန်း၏။
ယွင်ထင်က အဲ့ဒါကို လုံးဝမထိန်းချုပ်နိုင်ပေ။
ဆူဇီမိုသည် ရင်တလှပ်လှပ်ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှာ အစိမ်းရောင်ကြာပန်း မျိုးဆက်သွေးက တလိပ်လိပ်ထိုးတက်လာ၏။
ယွင်ထင်၏ မျိုးဆက်သွေးနယ်မြေ ဖြစ်ပေါ်လာသည်နှင့် သူသည် ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးနယ်မြေကို ဆင့်ခေါ်မှသာ အဲ့ဒါနှင့် ထိပ်တိုက်ရင်ဆိုင်နိုင်မည်ဖြစ်၏။
ဆူဇီမို၏ အမူအရာက တည်ကြည်လေးနက်လာခဲ့၏။
ယွင်ထင်ဆင့်ခေါ်ထားသော မျိုးဆက်သွေးနယ်မြေက သူ့ကိုသတ်ဖြတ်ဖို့အတွက် လုံလောက်နေ၏။
အဲ့ဒါက သူ့ကို ဒဏ်ရာအပြင်းအထန် ရရှိစေမည်သာမဟုတ်ဘဲ တစ်ခါတည်းပင် သတ်ဖြတ်နိုင်မည်ဖြစ်၏။
ယွင်ထင်၏ မျက်နှာက နီမြန်းနေပြီး သူ၏ ခန္ဓာကိုယ်က အနည်းငယ်တုန်ယင်နေ၏။ သူသည်လည်းပဲ သူဆင့်ခေါ်ထားသော မျိုးဆက်သွေးနယ်မြေ၏ သိပ်သည်းပြင်းထန်သောဖိအားကို တောင့်ခံနေရလေသည်။
သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ အဆင့်တူခြင်းမှာ သူ၏ မျိုးဆက်သွေးနယ်မြေကို ထုတ်ဖော်ရလောက်အောင် ဖိအားပေးနိုင်သည့်သူ မရှိခဲ့ပေ။
“ဆူဇီမို.... ငါမင်းကို အများကြီးချီးကျူးခဲ့တယ်... ငါမင်းကို တကယ်ပဲမသတ်ရက်ဘူး”
ယွင်ထင်က ဆူဇီမိုကို မျက်ထောက်နီဖြင့် စိုက်ကြည့်ပြီး ဖြည်းဖြည်းချင်းပြောလိုက်၏။
“ဒါပေမဲ့... အခုအချိန်မှာတော့ တိုက်ပွဲရဲ့အနိုင်ရလဒ်ကို ဆုံးဖြတ်ပေးရတော့မယ်”
“ငါ... ယွင်ထင်က မရှုံးနိမ့်ချင်ဘူး”
“ငါက... သေချာပေါက်ရှုံးလို့ မရဘူး”
သည့်ယခင်ကသာဆိုလျှင် ယွင်ထင်သည် ဆူဇီမိုနှင့် မတိုက်ခိုက်ဘဲ ကျောက်စိမ်းအဆောင်ကို သေချာပေါက်ရယူပေလိမ့်မည်။
သို့သော်ယခု... သူသည် ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် ထိခိုက်ခံစားခဲ့ရပြီး ရေခဲဝိညာဥ်ငွေချပ်ဝတ်၏ ကာကွယ်မှုကြောင့်သာမဟုတ်လျှင် သူက ရှုံးနိမ့်ခဲ့ရပေလိမ့်မည်။
သူ၏ မာန်မာနနှင့် ယုံကြည်မှုအရ သူသည် ဤကဲ့သို့သောရလဒ်ကို လက်မခံနိုင်ပေ။ သူသည် ကျောက်စိမ်းအဆောင် သို့မဟုတ် ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာမြေသတ်ဖြတ်ခြင်းဓားပညာရပ်တို့ကို မေ့လျော့သွားခဲ့ပြီဖြစ်၏။
ယခုအချိန်မှာ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာရှိတော့၏။ အဲ့ဒါသည် သူ၏ အစွမ်းကုန်ကိုထုတ်ဖော်ပြီး ဆူဇီမိုကို အနိုင်ယူဖို့ဖြစ်၏။ အဆုံးမဲ့ဓားချီစီးကြောင်းတစ်ခုက စုစည်းလာပြီး သွေးရောင်ဓားက ပို၍ပင်သိပ်သည်းကျစ်လစ်လာခဲ့၏။
ယွင်ထင်၏ ဆံပင်ရှည်များက ကခုန်နေပြီး သွေးရောင်ဓား၏ လင်းထိန်မှုအောက်မှာ သူ၏ ခန္ဓာကိုယ်က နီမြန်းလာခဲ့၏။
“ငါက... အဲ့ဒီမျိုးဆက်သွေးနယ်မြေရဲ့စွမ်းအားကို အခုချိန်ထိ အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး... အဲ့ဒါကို ထုတ်ဖော်ပြီးရင် အဲ့ဒါကိုငါလည်း ထိန်းချုပ်နိုင်မှာ မဟုတ်တော့ဘူး”
ယွင်ထင်က သူ၏ ခေါင်းကိုအနည်းငယ်ငုံ့ပြီး ခပ်တိုးတိုးပြောလိုက်၏။
“မင်းက သေရတော့မယ်နဲ့တူတယ်”
ယွင်ထင်၏ လေသံမှာ ဝန်လေးသည့်အရိပ်အယောင်တစ်ခုပါဝင်နေ၏။
သူ့အနေဖြင့် ဆူဇီမိုကဲ့သို့ ပြိုင်ဘက်ကောင်းတစ်ယောက်နှင့် တွေ့ဆုံရသည်မှာ ရှားရှားပါးပါးဖြစ်ပြီး ထိုသူကို တကယ်ပင် မသတ်ဖြတ်လိုပေ။
သူက ထိုသူကို မဖိနှိမ်နိုင်ဘူးဆိုလျှင်တောင် သူသည် ထိုသူနှင့်မိတ်ဆွေဖွဲ့လိုလေသည်။
သို့သော်ယခု... သူ့မှာ တခြားရွေးချယ်စရာမရှိတော့ပေ။
ခဏမျှရပ်တန့်ပြီးနောက် ယွင်ထင်က စိတ်ပိုင်းဖြတ်လိုက်ပုံရ၏။ သူ၏ ခေါင်းကိုမော့ပြီး ဆူဇီမိုကိုကြည့်ကာ ခိုင်မာစွာပြောလိုက်၏။
“ငါစိတ်မကောင်းပါဘူး... ငါအနိုင်ရချင်တယ်”
“ငါ့ကိုစိုးရိမ်မနေနဲ့”
ထိုစဥ်မှာပင် ထျန်ကျစ်ရီ၏ အသံက ဆူဇီမို၏ စိတ်ထဲသို့ ဝင်ရောက်လာ၏။
သူမသည် အန္တရာယ်ကြားထဲမှာရောက်ရှိနေသော်လည်း ဆူဇီမိုဘက်မှအခြေအနေကို အာရုံခံမိလိုက်၏။
ဆူဇီမိုက သူမအတွက်တွေးပေးပြီး စိတ်အာရုံပျက်ယွင်းသွားမည်ဆိုလျှင် သူ၏ ခွန်အားအပြည့်အဝကို မထုတ်ဖော်နိုင်ပါက သူက သေချာပေါက် သေရတော့မည်ကို သူမက နားလည်သိရှိလိုက်၏။
“တိုက်...”
ထိုစဥ်မှာပင် ကတုံးပြောင်ကိုယ်တော်က ရုတ်တရက်အော်ဟစ်လိုက်၏။
ဘန်း...
ထျန်ကျစ်ရီက အတတ်န်ိုင်ဆုံးကြိုးစား၍ ရှောင်တိမ်းလိုက်သော်လည်း ကတုံးပြောင်ကိုယ်တော်၏ ထိုးချက်က သူမ၏ ပခုံးပေါ်သို့ ကျဆင်းသွားဆဲ ဖြစ်၏။
ဖျောက်... ဖျောက်.... ဖျောက်...
အရိုးများကျိုးသံက အလွန်တရာချောက်ချားစရာကောင်းနေ၏။
ထျန်ကျစ်ရီ၏ ပခုံးက ကတုံးပြောင်ကိုယ်တော်ထံမှ ထိုးချက်တစ်ချက်ဖြင့် ကြေမွသွားပြီး သူမ၏ လက်တစ်ဖက်လုံးက မလှုပ်ရှားနိုင်တော့ပေ။
“ဟီးဟီး... ငါတို့ ပိတ်ဆို့ဝန်းရံထားတာတောင်မှ နင်က... နင့်ကောင်လေးဆီကို ဘယ်လိုတောင်အသံတစ်ခုပို့လွှတ်ရဲတာလဲ”
ကတုံးပြောင်ကိုယ်တော်က ထူးဆန်းစွာရယ်မော၍ သူ၏ တိုက်ခိုက်မှုများက ပို၍ပင်ထက်ရှလာ၏။
ထျန်ကျစ်ရီသည် စောစောက သက်လတ်ပိုင်းအရွယ် တာအိုပညာရှင်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့ပြီး သူမ၏ ခွန်အားက ကြီးမားစွာလျော့ကျနေခဲ့၏။ သူမသည် သူတို့သုံးယောက်၏ ဝန်းရံပိတ်ဆို့တိုက်ခိုက်မှုမှာ အသည်းအသန်ရုန်းကန်နေခဲ့ရ၏။
ယခု... သူမ၏ လက်က ကျိုးပဲ့သွားပြီး အခြေအနေက ပို၍ပင်အန္တရာယ်များလာကာ သူမ၏ အသက်က ကြိုးတစ်မျှင်ဖြင့် ချိတ်ဆွဲခြင်းခံထားရ၏။
ဆူဇီမိုက ထျန်ကျစ်ရီကို တစ်ချက်ကြည့်ပြီး သူ၏ အကြည့်ကို ပြန်လည်ရုပ်သိမ်းလိုက်၏။
ထို့နောက် သူက ယွင်ထင်ကိုကြည့်ပြီး မှင်သေသေဖြင့်ပြောလိုက်၏။
“ငါစိတ်မကောင်းပါဘူး... မင်းငါ့ကိုနိုင်မှာ မဟုတ်ဘူး”