← Chapters

အနန္တခေတ်

Vol. 134 Ch. 2007

အနန္တခေတ်

Vol. 134 Ch. 2007

ယွင်ထင်၏ တိုက်ခိုက်ရည်ခွန်အားကို အမျိုးသမီးက ကောင်းကောင်းသိလေသည်။

ကျင့်ကြံမှုအဆင့်တူခြင်းမှာ သူမ၏ မောင်လေးကို ယှဥ်နိုင်သည့်သူ မရှိသလောက်နီးပါးပင်။

ယွင်ထင်က ငယ်ရွယ်သော်လည်း သူသည် ပြီးခဲ့သည့်နှစ်များအတွင်း တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့၏။

သူမသည် တစ်ခါက ယွင်ထင်ကို ဂမ္ဘီရမိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေတစ်ဝှမ်း ကိုယ်တိုင်ခေါ်သွားခဲ့ဖူး၏။ သူသည်တောင်တန်းများ၊ မြစ်များနှင့် ကြယ်တာရာကောင်းကင်ကိုကြည့်ပြီး ကောင်းကင်နှင့်မြေကြီးကို နားလည်ဆင်ခြင်ကာ ရှေးတော်ဝင်မိသားစုများမှ ပြိုင်စံရှားများ၊ ဂိုဏ်းများနှင့် တော်ဝင်မျိုးနွယ်များမှ တပည့်ဂိုဏ်းသားများနှင့် တစ်ကြိမ်မျှ ရှုံးနိမ့်ခြင်းမရှိဘဲ နှစ်နှစ်ဆယ်ကြာအောင် တိုက်ခိုက်ခဲ့လေသည်။

ယွင်ထင်က အသက်မကြီးသေးသော်လည်း သူသည် လောကတစ်ဝှမ်းကျော်ကြားနေခဲ့လေပြီ။

ယွင်ထင်သည် တစ်ယောက်တစ်ယောက်ချင်းတိုက်ခိုက်ရာမှာ အဆင့်-၉ မဟူရာအင်မော်တယ်တစ်ယောက်ကို ရှုံးနိမ့်ခဲ့ရလိမ့်မည်ဟု သူမက ထင်မှတ်မထားပေ။

ဆူဇီမိုအကြောင်းတွေးမိချိန်မှာ ယွင်ထင်က မချင့်မရဲဖြစ်လာဆဲဖြစ်ပြီး မကျေမချမ်း အမူအရာဖြင့် ပြောလိုက်လေသည်။

“သူက... အောက်ဘုံကနေ တက်လှမ်းလာတဲ့သူပဲ... သူ့ရဲ့မျိုးဆက်သွေးကလည်း သာမန်ပဲ... ကျုပ်က ဝင်္ကပါကိုချေဖျက်ဖို့အတွက် ကျုပ်ရဲ့ အမြုတေစိတ်ဝိညာဥ်စွမ်းအားတော်တော်များများကို သုံးစွဲခဲ့ရတာကြောင့်မဟုတ်ရင် ကျုပ်က သူ့ကိုသေချာပေါက်နိုင်မှာ”

အမျိုးသမီး၏ အမူအရာက တည်တံ့လာပြီး လေးနက်သောအသံဖြင် ပြောလိုက်၏။

“မောင်လေး... အောက်ဘုံကတက်လှမ်းလာတဲ့ ဘယ်သူ့ကိုမဆို နင်အထင်မသေးရဘူး”

“တစ်ခါတုန်းက အောက်ဘုံကနေတက်လှမ်းလာပြီး ဂမ္ဘီရမိုးကောင်းကင်မှာ ပြိုင်ဘက်ကင်းပြီးတော့ ကြီးကြီးမားမားဂယက်ရိုက်သွားစေတဲ့ လူတစ်ယောက်ရှိခဲ့ဖူးတယ်ဆိုတာ နင်သိရမယ်”

“ဖုန့်စန်းထျန်ကိုပြောတာလား”

ယွင်ထင်က မေးလိုက်၏။

အမျိုးသမီးက ခေါင်းညိတ်ပြလိုက်၏။

“သူက အရင်တုန်းက ဘုရင်ဘွဲ့ကို ခံယူနိုင်ခဲ့မယ်ဆိုရင် ငါတို့အဖေရဲ့ နာမည်ဂုဏ်သတင်းကတောင် သူ့ကိုယှဥ်နိုင်မှာ မဟုတ်လောက်ဘူး”

“နောက်ပြီး... အခု ဖုန့်စန်းထျန် ပြန်ပေါ်လာပြီဆိုတဲ့သတင်းထွက်လာတယ်”

“အာ..”

ယွင်ထင်က တုန်လှုပ်သွားပြီး အလောတကြီးမေးလိုက်၏။

“ဖုန့်စန်းထျန်ရဲ့တာအိုသစ်သီးက ပျက်စီးသွားပြီမလား... သူက အခုထိ မသေသေးဘူးလား”

အမျိုးသမီးက ပြောလိုက်၏။

“ဖုန့်စန်းထျန်ရဲ့တာအိုသစ်သီးက ကြေမွသွား​ပြီးတော့ သူ့ရဲ့ခန္ဓာကိုယ်ကို နှစ်ပေါင်းသိန်းချီကြာအောင် ကွပ်မျက်ဆေဘာနဲ့ ထိုးစိုက်ပြီးတော့ ဖိနှိမ်ခံထားခဲ့ရတယ်လို့ပြောတယ်... ဒါပေမဲ့... သူလွတ်မြောက်လာတဲ့အချိန်မှာပဲ သူက သူ့ရဲ့စွမ်းပကားကို ပြသခဲ့တယ်... သူက ပကတိမိုးကြိုးမြို့တော်ကိုဖျက်ဆီးပြီးတော့ ထွက်မသွားခင်မှာ ပကတိအင်မော်တယ်ဆယ်ယောက်ကို သတ်ဖြတ်သွားခဲ့တယ်”

ဖုန့်စန်းထျန်အကြောင်း ပြောချိန်တွင်... သူမ၏ စကားလုံးများမှာ သို့မဟုတ် သူမ၏ မျက်လုံးထဲမှာ ထိုအမျိုးသမီးသည် ချီးကျူးလိုသောအရိပ်အယောင်တစ်ခုကို ထုတ်ဖော်ပြသနေ၏။

ယွင်ထင်ကဲ့သို့ ဂုဏ်ယူဝင့်ကြွား၍ စိတ်ကြီးဝင်နေသောသူပင်လျှင် ထိုအကြောင်းကိုကြားရသောအခါ တုန်လှုပ်သွားပြီး တီးတိုးရေရွတ်လိုက်၏။

“ဒီလိုမျိုးနည်းလမ်းတွေကတော့... တကယ့်ကို…..”

ခဏမျှစဥ်းစားတွေးတော့ပြီးနောက် အမျိုးသမီးက ဆက်ပြောလိုက်၏။

“ဖုန့်စန်းထျန်အပြင် အစိမ်းရောင်တိမ်စိုင်တိုင်းပြည်မှာ နယ်မြေဒေသတစ်ခုကို အုပ်စိုးနေတဲ့ အင်မော်တယ်ဘုရင်တစ်ပါးရှိတယ်... သူကလည်း အောက်ဘုံကနေတက်လှမ်းလာတာပဲ”

ယွင်ထင်က ပြောလိုက်၏။

“ဒါပေမဲ့... သူတို့တွေက အနည်းအကျဥ်းပဲလေ... ဒီလောက်နှစ်တွေအများကြီးကြာတာတောင် သူတို့ရဲ့အရေအတွက်က အနည်းအကျဥ်းပဲရှိတယ်”

အမျိုးသမီးက ပြောလိုက်၏။

“အောက်ဘုံက တက်လှမ်းလာတဲ့သူတွေအတွက် ရှင်သန်ရာပတ်ဝန်းကျင်က ဘယ်လောက်ထိ ရက်စက်ကြမ်းကြုတ်လည်းဆိုတာ နင်သိထားရမယ်... သူတို့မှာ ကျင့်ကြံရေးအရင်းအမြစ်တွေ... ဒါမှမဟုတ် သူတို့ကိုကာကွယ်ပေးမယ့် ပညာရှင်တွေမရှိဘူး... သူတို့မှာ နေစရာနေရာတစ်ခုတောင်မရှိကြဘူး”

“အောက်ဘုံကတက်လှမ်းလာတဲ့ အဲ့ဒီသူတွေက ကျင့်ကြံဖို့ကိုမပြောနဲ့ ရှင်သန်နိုင်ဖို့ကိုတောင်မှ အရမ်းခက်ခဲတယ်”

ယွင်ထင်က အသံတိတ်သွား၏။

သူ့အစ်မပြောသည်မှာ မှန်ကန်သည်ကို သူသိလေသည်။

သူ့ကို ထိုကဲ့သို့ ရက်စက်ကြမ်းတမ်းသောပတ်ဝန်းကျင်သို့ ပို့ဆောင်လိုက်မည်ဆိုလျှင် သူသည် လက်ရှိသူ၏ အောင်မြင်ပေါက်မြောက်မှုများကို သေချာပေါက်ရရှိလိမ့်မည် မဟုတ်ပေ။

“အောက်ဘုံက တက်လှမ်းလာတဲ့ ဘယ်သူမဆို... ပြန်ဝင်စားမွန်းစတားတစ်ယောက်ပဲ”

အမျိုးသမီးက ဆက်ပြောလိုက်၏။

“ဥပမာ ကောင်းကင်ဘုံကပ်ဘေးလေးခုကို ဖြတ်ကျော်ပြီး တက်လှမ်းလာတဲ့ အဲ့ဒီသူတွေက ပါရမီအရည်အချင်းနဲ့အလားအလာမှာ နင့်ထက်ပိုပြီးမနိမ့်ကျဘူး... နင်တို့ရဲ့နောက်ခံတွေက ကွဲပြားခြားနားသွားရုံပဲ”

ခဏမျှရပ်တန့်ပြီးနောက် သူမက ဖြည်းဖြည်းချင်းပြောလိုက်၏။

“အဲ့ဒီမှာ နင်မှတ်ထားရမယ့် နောက်ထပ်အရေးကြီးတဲ့အချက်တစ်ချက်ရှိသေးတယ်”

“အဲ့ဒီအောက်ဘုံက တက်လှမ်းလာတဲ့သူတွေနဲ့ နင့်မှာ ကွဲပြားခြားနားတဲ့အရာတွေအများကြီးရှိတယ်... နင်တို့ရဲ့နောက်ခံတွေ... မျိုးဆက်သွေးတွေ... ပါရမီတွေ.. အလားအလာတွေ အဆင့်အတန်းတွေ... ဒါပေမဲ့ နင်တို့မှာ တူညီတဲ့အချက်တစ်ချက်ရှိတယ်”

“နင်ပဲဖြစ်ဖြစ်... သူတို့ပဲဖြစ်ဖြစ်... အားလုံးမှာ အသက်တစ်သက်စီပဲရှိကြတယ်”

သူ့အသက်ကိုဆုံးရှုံးရမည်ဆိုလျှင် သူ၏ အဆင့်အတန်း၊ နာမည်ဂုဏ်သတင်းနှင့် ကျော်ကြားမှုတို့က လေထဲသို့ပျောက်ကွယ်သွားပေလိမ့်မည်။

အမျိုးသမီး၏ မျက်နှာပေါ်ရှိ တည်ကြည်လေးနက်သောအမူအရာကို တွေ့မြင်သောအခါ ယွင်ထင်ကပြုံးလိုက်၏။

“အစ်မ... ကျုပ်အဲ့ဒီလူကို အထင်မသေးပါဘူး”

“အထင်မသေးရုံတင်မကဘူး... ကျုပ်သူ့ကိုအများကြီးချီးကျူးတယ်... အစကတော့ သူ့ကိုချိုးနှိမ်ပြီးတော့ ကျုပ်ရဲ့လက်အောက်ကို သွတ်သွင်းချင်ခဲ့တာ... ဒါပေမဲ့ နောက်ဆုံးမှာတော့....”

ထိုနေရာအရောက်တွင် ယွင်ထင်က အနည်းငယ်ရှက်ရွံ့သွားပြီး ဆက်မပြောဆိုတော့ပေ။

အမျိုးသမီးက ညင်သာစွာပြုံး၍ သူမ၏ ခေါင်းကိုခါပြလိုက်၏။

“အဲ့လိုမျိုးလူတစ်ယောက်က တခြားသူတွေထံမှာ ဘယ်လိုလုပ်ပြီးအလွယ်တကူဦးညွှတ်ပါ့မလဲ”

“ဒါနဲ့... ပြောရမယ်ဆိုရင် အဲ့ဒီလူက ကျုပ်နဲ့ရေစက်ပါတယ်လို့ဆိုရမယ်”

ယွင်ထင်သည် တစ်စုံတစ်ရာကို အမှတ်ရသွားပုံရ၏။ သူကပြောတော့မည့်ဆဲဆဲမှာပင် ရပ်တန့်လိုက်ပြီး သူ၏ မျက်လုံးကိုစွေကြည့်ကာ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် မေးလိုက်၏။

“အစ်မ… အဲ့ဒါကိုခန့်မှန်းမိလား”

ခဏမျှစဥ်းစားပြီးနောက် အမျိုးသမီးက ပြုံးလိုက်၏။

“အဲ့ဒါက နင်နဲ့ပတ်သက်ဆက်နွယ်နေတာဆိုရင် ခန့်မှန်းဖို့သိပ်မခက်ပါဘူး... ဒဏ္ဍာရီအရဆို... ကောင်းကင်သတ်ဖြတ်ခြင်းနဲ့ ကမ္ဘာ​မြေသတ်ဖြတ်ခြင်းဓားပညာရပ်တွေက အောက်ဘုံမှာရှိတယ်လို့ပြောတယ်... အဲ့ဒီလူက အောက်ဘုံက တက်လှမ်းလာတာဆိုတော့... သူက ကောင်းကင်သတ်ဖြတ်ခြင်း ဒါမှမဟုတ် ကမ္ဘာမြေသတ်ဖြတ်ခြင်း ဓားပညာရပ်တစ်ခုခုကို သိရှထားတာဖြစ်ရမယ်”

“အစ်မဆီကနေ တကယ်ကို ဘာမှဖုံးကွယ်ထားလို့ မရဘူးပဲ”

ယွင်ထင်က ရယ်မောလိုက်၏။

“ဒါပေမဲ့....အစ်မပြောတာ အချက်တစ်ချက်မှားနေတယ်... အဲ့ဒီလူက ကောင်းကင်သတ်ဖြတ်ခြင်းနဲ့ ကမ္ဘာ​မြေသတ်ဖြတ်ခြင်းဓားပညာရပ်နှစ်ခုလုံးကို တတ်ကျွမ်းထားတာ”

အမျိုးသမီးက ယွင်ထင်ကိုကြည့်ပြီး သာမန်ကာလျှံကာပုံစံဖြင့်မေးလိုက်၏။

“နင်ကငါ့ကို အဲ့ဒီဓားပညာရပ်နှစ်ခုကို လုယူပေးစေချင်လား”

“အဲ့လိုလုပ်လို့ဘယ်ရပါ့မလဲ”

ယွင်ထင်က အလောတကြီးပြောလိုက်၏။

“တစ်နေ့မှာ ကျုပ်က သူ့ကိုသေချာပေါက်အနိုင်ယူပြီး အဲ့ဒီဓားပညာရပ်နှစ်ခုကို ကိုယ်တိုင်ရယူမယ်”

အမျိုးသမီးက ထိုစကားကိုကြားသောအခါ စိတ်ထဲကနေကြိတ်ပြီး ကျေနပ်သွား၏။

စောစောက သူမပြောခဲ့သည့်စကားက စမ်းသပ်ချက်တစ်ခုမျှသာဖြစ်၏။

ယွင်ထင်က အဲ့ဒါကိုသဘောတူလက်ခံလိုက်မည်ဆိုလျှင် သူက အပြတ်အသတ်ရှုံးနိမ့်သွားသည်ဟု အဓိပ္ပာယ်ရပြီး သူက ထိုလူကို နောက်တစ်ဖန်ပြန်လည်တိုက်ခိုက်ရဲတော့မည် မဟုတ်ပေ။

သို့သော် ယခု....ယွင်ထင်၏ မှတ်ချက်စကားက အမျိုးသမီးကို စိတ်သက်သာရာရသွားစေ၏။

ယွင်ထင်က ထက်ရှနေသည်နှင့်အမျှ ယနေ့ သူခံစားခဲ့ရသော ဆုတ်ဆိုင်းမှုက သူ့ကို ပို၍ပင်သန်မာလာစေပေလိမ့်မည်။

အမျိုးသမီးက သူမ၏ လက်ဖဝါးကိုဆန့်ထုတ်ပြီး ယွင်ထင်ရှိရာဘက်သို့ ညင်သာစွာဝေ့ယမ်းလိုက်၏။

ယွင်ထင်၏ အသိစိတ်က ရုတ်တရက်ပွင့်ဟသွားပြီး ကျိုးကြေမွနေသော ငွေရောင်ချပ်ဝတ်က လွင့်မျောထွက်လာခဲ့၏။ အဲ့ဒါသည် ဆူဇီမို၏.အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်သုံးခုဖြင့် ကြေမွပျက်စီးသွားသော ရေခဲဝိညာဥ်အတွင်းချပ်ဝတ်ဖြစ်၏။

“အစ်မ... အဲ့ဒီချပ်ဝတ်ကပျက်စီးနေပြီ... အဲ့ဒါကို အစ်မဘာလုပ်မလို့လဲ”

ယွင်ထင်က မေးမြန်းလိုက်၏။

“အဲ့ဒါက ပျက်စီးသွားတော့လည်းကောင်းတာပေါ့... နင်ကမကြာခင် ကမ္ဘာမြေအမြုတေနယ်ပယ်ကို တက်လှမ်းတော့မှာပဲ... ငါနင့်အတွက် နောက်ထပ်တစ်ခုသွန်းလုပ်ပေးမယ်”

အမျိုးသမီးက အတွင်းချပ်ဝတ်ကို လက်ခံယူရင်း ပြောလိုက်၏။

အမျိုးသမီး၏ လက်ချောင်းများက အတွင်းချပ်ဝတ်ကို ညင်သာစွာပွတ်သပ်လိုက်၏။ သူမက အတွင်းချပ်ဝတ်ပေါ်ရှိ လောင်ကျွမ်းရာတချို့ကို အာရုံစိုက်ကြည့်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“ဒါတွေက... စိတ်ဝိညာဥ်နှိမ်နှင်းကျာပွတ်ရဲ့ အမှတ်အသားတွေပဲ”

“ဟုတ်တယ်... အဲ့ဒီလူရဲ့ အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုက မိုးကြိုးလျှပ်စီးတွေနဲ့ပြည့်နှက်နေတဲ့ ကျာပွတ်တစ်ခုပဲ”

ယွင်ထင်က အလောတကြီးပြောလိုက်၏။

အမျိုးသမီးက တွေဝေသွား၏။

“အဲ့ဒါက... ဖုန့်စန်းထျန်ရဲ့ အန္တိမနည်းစနစ်ပဲ... အဲ့ဒါက သူ့ဆီကနေ ဘယ်လိုလုပ်ပေါ်ထွက်လာရတာလဲ”

အမျိုးသမီးသည် ကြေမွနေသော အတွင်းချပ်ဝတ်ပေါ်မှာ အကြွင်းအကျန်အော်ရာတစ်ခုကို အာရုံခံပြီး ​ပြောလိုက်၏။

“အဲ့ဒီမှာ ဗုဒ္ဓကျောင်းတော်တွေက အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်တစ်ခုလည်းရှိနေတယ်.... အဲ့ဒါက အတိအကျဘာလဲဆိုတာ ငါမခန့်မှန်းနိုင်ဘူး... အဲ့ဒီလျှို့ဝှက်အတတ်ရဲ့ပုံစံကို ပြန်ပြောပြဦး”

ယွင်ထင်က ထိုမြင်ကွင်းကို အတိုချုံးပြန်ပြောလိုက်၏။

“မဟာနေ့ရက်ရူလိုင်းသုတ္တန်နဲ့ ရူလိုင်းဓမ္မချိပ်စည်းလား”

အမျိုးသမီးက အနည်းငယ်မျက်မှောင်ကြုတ်လိုက်၏။

“အဲ့ဒီလူက ဗုဒ္ဓဝါဒမှာ အတော်လေးနက်ရှိုင်းတဲ့ အောင်မြင်ပေါက်မြောက်မှုရှိနေတာပဲ... ဒါပေမဲ့ အဲ့ဒါက ဘာပဲပြောပြောအောက်ဘုံကလာတဲ့ ကျင့်ကြံရေးနည်းစနစ်တစ်ခုပဲ... အဲ့ဒါက အဲ့လောက်ထိ ဘယ်လိုလုပ်ပြီး စွမ်းအားကြီးမားသွားရတာလဲ”

သူမသည် စာအုပ်အတော်များများကို ဖတ်ရှုထားပြီး ပညာရပ်တော်တော်များများကို သိရှိထားလေသည်။

ထို့ကြောင့် အတွင်းချပ်ဝတ်ပေါ်မှာ ကျန်ရစ်ခဲ့သော သဲလွန်စများကနေ ကိစ္စတော်တော်များများကို သူမကကောက်ချက်ချနိုင်၏။

သို့သော်လည်း ထိုအခိုက်အတန့်မှာ အောက်ဘုံလောက်မှလာသော အမြုတေစိတ်ဝိညာဥ်လျှို့ဝှက်အတတ်တစ်ခုက ထိုကဲ့သို့သောစွမ်းအားကို ဘယ်လိုလုပ်ပြီးထုတ်ဖော်နိုင်သလဲ သူမနားမလည်နိုင်ပေ။

အမျိုးသမီးက သူမ၏ ခေါင်းကိုခါပြီး ဆက်ပြောလိုက်၏။

“အဲ့ဒီလူက နဂါးမျိုးနွယ်က ဘက်ပြန်ကြေးခွံ လျှို့ဝှက်အတတ်ကိုတောင် ထုတ်ဖော်ခဲ့သေးတယ်.... အမြုတေစိတ်ဝိညာဥ် လျှို့ဝှက်အတတ်သုံးခုကို ဆက်တိုက်ထုတ်ဖော်နိုင်တယ်ဆိုတော့... သူ့ရဲ့ အမြုတေစိတ်ဝိညာဥ်က တကယ်ကို သေချာပေါက် ထူးဆန်းနေတာပဲ”

ယွင်ထင်၏ ဖော်ပြချက်အရ သူ့မှာ သန်မာသောကိုယ်ကာယရှိသော်လည်း မျိုးဆက်သွေးကတော့ သာမန်သာဖြစ်၏။ အကြီးမားဆုံးဖြစ်နိုင်ခြေမှာ လူရိုင်းမျိုးနွယ်ပင်။

သို့သော်လည်း လူရိုင်းမျိုးနွယ်၏ အမြုတေစိတ်ဝိညာဥ်က သူတို့၏ အားအနည်းဆုံး အစိတ်အပိုင်းဖြစ်၏။ အဲ့ဒါက ဤမျှအထိသန့်စင်ကျစ်လစ်မှု ဘယ်ရှိနိုင်ပါ့မလဲ။

အမျိုးသမီး၏ အတွေ့အကြုံအရပင် သူမသည် ဆူဇီမို၏ နောက်ခံကို ချက်ချင်းမခန့်မှန်းနိုင်ပေ။

ကောင်းကင်သတ်ဖြတ်ခြင်းနှင့် ကမ္ဘာ​မြေသတ်ဖြတ်ခြင်းတို့ကို ကျင့်ကြံထားပြီး စိတ်ဝိညာဥ်နှိမ်နှင်းကျာပွတ်ကို နားလည်ဆင်ခြင်ထားသည့်လူ... ဗုဒ္ဓဝါဒမှာ အလွန်တရာမြင့်မားသော အောင်မြင်ပေါက်မြောက်မှုရှိပြီး နဂါးမျိုးနွယ်၏ လျှို့ဝှက်အတတ်တစ်ခုကိုထုတ်ဖော်ကာ ယွင်ထင်နှင့် ကိုယ်ကာယချင်း ယှဥ်ပြိုင်တိုက်ခိုက်နိုင်သည့်သူ... အဲ့ဒါက ဘယ်သူဖြစ်နိုင်မလဲ။

ထူးဆန်းသောအရာမှာ ဤကဲ့သို့သော ပြန်ဝင်စားမွန်းစတားတစ်ယောက်တွင်... သာမန်မျိုးဆက်သွေးသာရှိသည်တဲ့လား။

“ဖြစ်နိုင်တာက...”

အမျိုးသမီးသည် ဖြစ်နိုင်ခြေတစ်ခုကို ခပ်ရေးရေးတွေးမိသွားပြီး ရင်တစ်ချက်ထိတ်သွား၏။

အမျိုးသမီးက တိတ်ဆိတ်ငြိမ်သက်နေသည်ကိုတွေ့မြင်သောအခါ ယွင်ထင်က ပျင်းရိလာခဲ့ပြီး ရှေ့သို့စောင်းငဲ့ကာ သူမ၏ လက်ထဲရှိ စာအုပ်ကို လက်ညှိုးထိုးလိုက်၏။

“အစ်မ... အစ်မကဘာတွေကိုကြည့်နေတာလဲ... ဘာလို့အဲ့လောက်ထိ ဈာန်ဝင်နေရတာလဲ”

အမျိုးသမီး၏ အတွေးများက ယွင်ထင်၏ စကားဖြင့် ဖြတ်တောက်ခံလိုက်ရပြီး သူမက အဲ့ဒါကို ထပ်မံ၍ မစဥ်းစားတော့ပေ။ သူမက စာအုပ်ကိုပိတ်ပြီး ယွင်ထင်ကိုပြုံးပြလိုက်၏။

“ဘာရယ်မဟုတ်ပါဘူး... အဲ့ဒါက ဒဏ္ဍာရီတချို့ပါပဲ”

စာလိပ်ပေါ်တွင် ခေါင်းစဥ်တစ်ခုကို ရေးထိုးထားလေသည်။

‘အနန္တခေတ်...။’

All Chapters